Friday, October 5, 2012

ဟိတောပဒေသနိဒါန်း

              ယုံမှားသံသယအားလုံးကို ပယ်ဖျောက်ရှင်းလင်းနိုင်သော၊ မျက်ကွယ်အကျိုးကို ပြတတ်သော ကျမ်းဂန်စာပေသည်သာလျှင် လူသားအားလုံး၏ မျက်စိဖြစ်၏။ ကျမ်းဂန်စာပေ မျက်စိ မရှိသူသည် သူကန်းဖြစ်၏။
               အသက်အရွယ် ပျိုမျစ်ခြင်း၊ ဥစ္စာဓန ကြွယ်ဝခြင်း၊ အစိုးရခြင်း၊ အသိပညာမဲ့ခြင်း၊ ယင်းလေးမျိုးအနက်တစ်မျိုးမျိုးသည်ပင် အကျိုးမဲ့ပြုတတ်၏။ လေးမျိုးလုံးရှိသူ အတွက်မူ အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း...။
               ပညာမရှိသော တရားမသိသော သားမျိုးကို မွေးဖွားရသဖြင့် အကျိုးကျေးဇူး မရှိပေ။ ကန်းနေသော မျက်စိသည် ဘာမျှ အသုံးမ၀င်။ နာကျင်ကျိန်းစက်ရုံအတွက် သက်သက်သာ လျှင် ဖြစ်ပါသည်
              မမွေးရသေးသော သား၊ သေဆုံးသွားသော သား၊ မိုက်သော သား၊ ယင်းသားသုံးမျိုးအနက် ပထမနှင့် ဒုတိယနှစ်မျိုးသည် တတိယသားမျိုးထက် မြတ်၏။ ပထမနှင့် ဒုတိယသားနှစ်မျိုးးသည် တစ်ကြိမ်သာလျှင် ဒုက္ခပေး၏။ တတိယသားမျိုးကား အစဉ်တစိုက် ဒုက္ခပေးတတ်သည်။  
              အလှူဒါန၌လည်းကောင်း၊ အကျင့်သီလ၌လည်းကောင်း၊ သူရသတ္တိ၌လည်းကောင်း၊ အတတ်ပညာ၌လည်းကောင်း၊ ဥစ္စာဓန၌လည်းကောင်း စိတ်မ၀င်စားသော သားမျိုးသည် အမိ၏ အညစ်အကြေး အစုမျှသာလျှင်ဖြစ်၏။
               ကိုယ်ဝန် ပျက်ခြင်းသည်လည်းကောင်း၊ မယားနှင့် အတူ မနေခြင်းသည်လည်းကောင်း၊ သားမွေးပြီး သေဆုံးသွားခြင်းသည်လည်းကောင်း၊ သမီးမွေးလာခြင်းသည်လည်းကောင်း၊ မြုံနေခြင်း သည်လည်းကောင်း၊ ၀မ်းတိုက်ထဲ၌ပင် ပဋိသန္ဓေတည်နေခြင်းသည်လည်းကောင်း မြင့်မြတ်သေး၏။ သို့ရာတွင် ရုပ်ဆင်းလှပပြီး အဆင်တန်ဆာ ဆင်ယင်ထားသည့်သား ဖြစ်စေကာမူ ပညာမဲ့က မမြင့်မြတ်ပေ။
                သားဖျင်းသားမိုက် တစ်ရာထက် အရည်အချင်းနှင့် ပြည့်စုံသော သားတစ်ယောက်က မြတ်၏။ တစ်စင်းတည်းသော လသည် အမိုက်မှောင်ကို ပယ်ဖျောက် စွမ်းနိုင်သော်လည်း ကြယ်တာယာပေါင်းများ စွာသည် အမိုက်မှောင်ကို ပယ်ဖျောက်ခြင်းငှါ မစွမ်းနိုင်။
                ကြွေးတင်အောင် လုပ်သော အဖေသည် ရန်သူဖြစ်၏။ လင်ငယ်နေသော အမိသည် ရန်သူဖြစ်၏။ အဆင်းလှသော မယားသည် ရန်သူဖြစ်၏။ ပညာမဲ့သော သားသည် ရန်သူဖြစ်၏။
                စီးပွားဥစ္စာရခြင်း၊ အနာရောဂါကင်းခြင်း၊ ချစ်သူ၊ ချစ်ဖွယ်စကားပြောကြားတတ်သည့် မယား၊ စကားနာထောင်
သည့် သား၊ အကျိုးစီးပွားကို ပြုတတ်သည့် အတတ်ပညာ၊ ယင်းခြောက်ပါးသည် လောက၏ ချမ်းသာသုခဖြစ်၏။ 

No comments:

Post a Comment