Wednesday, October 31, 2012

ဒါနနှင့် နည်းစနစ်


““ဒါနနှင့် နည်းနစ် . . . . . .””
       ၁၃၇၄-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁၄) ရက်၊ ရေနံ့သာပဋ္ဌာန်းသိမ်းပွဲ
       ဒီကနေ့ ပဋ္ဌာန်းသိမ်းပွဲမှုာလည်း ရေနံချောင်းဒီဂရီကောလိပ်က ဆရာမများကဘဲ နေ့ဆွမ်းဆက်ကပ်
ကြတယ်။ ဒီဆွမ်းကပ်ပွဲမှာ ဘုန်းကြီးက ရေစက်ချတရားချီးမြှင့်ပေးပါဆိုလို့ အင်္ဂုတ္တရိကနိကာယ်၊ သပ္ပုရိသ-
ဒါနသုတ်ကို အခြေခံပြီး ဒါနအကြောင်းလေး အနည်းငယ်ဟောပြောလိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါနမှ
ပြုလိုက်ကြပြီဆိုရင် ဒါနရဲ့ ၀ိပါကအနေဖြင့် အဍ္ဎ-ကြွယ်ဝချမ်းသာမှု၊ မဟဒ္ဓန-ပေါများပိုလျှံမှု (ဘဏ်အပ်မှု)၊
မဟာဘောဂ-အသုံးအဆောင်ပေါများမှု...ဆိုတဲ့ အကျိုးသုံးမျိုးကတော့ သေချာပေါက်ရကြမှာချည်းဘဲ။

       အဲဒီထဲမှာ “ယုံယုံကြည်ကြည်နဲ့ ပေးလှူမှု”ဆိုတဲ့ နည်းစနစ်ထည့်နိုင်မယ်ဆိုရင် ဒီထက်ပိုပြီး အကျိုးထူး
နိုင်ပါတယ်။ ဘယ်လိုထူးသလဲဆိုရင် (၁) အဘိရူပ-အလွန်အဆင်းလှခြင်း၊ (၂) ဒဿနီယ-ရှုခြင်စဖွယ်ရှိခြင်း

(မြင်ရသူအဖို့ နောက်ထပ်တဖန် ပြန်ကြည့်ခြင်မှု)၊ (၃) ပါသာဒိက-ကြည့်မြင်သူရဲ့ ရင်ကို အေးစေတဲ့အလှ-
ကို ပိုင်ဆိုင်မှု (ငြိမ်းချမ်းရေးအလှပိုင်)၊ (၄) ပရမာယ ၀ဏ္ဏပေါက္ခရတာယ-ဥပဓိရုပ်ကောင်းမွန်မှု...ဆိုတဲ့

အာနိသံသ-အကျိုးဆက်လေးမျိုး တိုးပြီးခံစားရပါတယ်။
       စိတ်ကြည်လင်တဲ့လုပ်ရပ်နဲ့ စိတ်မကြည်လင်တဲ့လုပ်ရပ်တို့ရဲ့ အကျိုးတရားခြားနားချက်တွေနဲ့ ယုတ္တိ
ရှာကြည့်၊ ချဲ့ကြည့်ကြပါတယ်။ ဒီနေရာမှာ ရှင်းပြချင်တာက ဒဿနီယ နဲ့ ပါသာဒိကတို့ရဲ့ ထူးခြားချက်ပါ။
ဘယ်လိုထူးခြားသလဲဆိုတော့ ဒဿနီယ-ကို အပူရုပ်...လို့ ပြောချင်ပါတယ်။ ပါသာဒိက-ကိုတော့ ငြိမ်းချမ်း
ရေးရုပ်...လို့ ပြောချင်ပါတယ်။ ဒါ...ဟုတ်ပါတယ်။ တစ်ချို့ချို့ရုပ်တွေက မြင်ရသူရဲ့ ရင်ကို ကိလေသာဆူ
စေပါတယ်။ ကိလေသာမီးထစေပါတယ်။ ဒါဟာ ဒဿနီယပါပဲ။ ပါသာဒိကကြတော့ အဲဒီလို မဟုတ်တော့
ဘူး။ မြင်ရသူရဲ့ရင်ကို အေးမြစေပါတယ်။ ဒါဟာ ဒဿနီယနဲ့ ပါသာဒိကရဲ့ ထူးခြားချက်တွေ့ပါ။ လက်တွေ့
စမ်းသတ်ကြည့်ပါ။

       ဒုတိယအနေနဲ့ “ရိုရိုသေသေ လှူမှု”ဆိုတဲ့ နည်းစနစ်ကို သုံးနိုင်မယ်ဆိုရင် အဲဒီအလှူရှင်ဟာ ပတ်ဝန်း
ကျင်ရဲ့ လေးစားမှု, ပတ်ဝန်းကျင်အပေါ်မှာ သြဇာညောင်းမှု...ဆိုတဲ့ အကျိုးဆက်များကို ခံစားရပါတတ်ပါ-
တယ်။ ဒါလဲ...ဟုတ်ပါတယ်။ တစ်ချို့ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာပေမဲ့ သြဇာမညောင်းတဲ့ပုဂ္ဂိုလ်တွေဟာ
ဒုနဲ့ဒေးပါ။ ပတ်ဝန်းကျင်ရဲ့ လေးစားမှု, ပတ်ဝန်းကျင်က မိမိအကျိုးလိုလားမှုတွေဟာ သက္ကစ္စဒါနကုသိုလ်
ရှင်များသာ ရရှိခံစားနိုင်တဲ့ ရလာဒ်တွေပါပဲ။

       တတိယအနေနဲ့ “အချိန်ကာလနဲ့ လိုက်လျှောညီထွေ လှူမှု”ဆိုတဲ့ နည်းစနစ်ကို သုံးနိုင်မယ်ဆိုရင်
အဲဒီအလှူရှင်ရဲ့ဘ၀မှာ အချိန်မီအကျိုးခံစားရခြင်း...ဆိုတဲ့ အကျိုးဆက်တစ်ခုတိုးလာပါတယ်။ အဲဒီလို
အချိန်ကာလနှင့် လိုက်လျှောညီထွေ မလှူတတ်, မတန်းတတ်ရင် အကျိုးတရားခံစားရတတ်ပေမဲ့ အချိန်မီ
အကျိုးတရားကို မခံစားရတတ်ပါဘူး။ ဒါကြောင့် တိုတောင်းလှတဲ့ ဘ၀တစ်ခုမှာ အချိန်မီ အကျိုးခံစားချင်
ကြတယ်ဆိုရင် “အချိန်ကာလနဲ့ လိုက်လျှောညီတဲ့ ကာလဒါန”ဖြစ်ဖို့ လိုပါတယ်။

       စတုတ္ထအနေနဲ့ “မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ လှူမှု”ဆိုတဲ့ နည်းစနစ်ကို သုံးနိုင်မယ်ဆိုရင်လည်း လွတ်
လပ်စွာ သုံးစွဲနိုင်ခြင်း...ဆိုတဲ့ အကျိုးဆက်ကို ခံစားရတတ်ပါတယ်။ တစ်ချို့တစ်ချို့ ရှိလျက်နဲ့ ငတ်နေကြ
တာတွေ အများကြီးတွေ့ဖူးပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုတောင် မသဒ္ဓါတဲ့ မစ္ဆရိယသူဋ္ဌေးနဲ့ ပုံထိုးကြည့်ပေါ့။

လက်တွေ့ဘ၀မှာလဲ ကိုယ့်ကိုယ်ကို မသဒ္ဓါတဲ့ပုဂ္ဂိုလ်တွေ အများကြီးတွေ့ဘူးပါလိမ့်မယ်။ ဒါကြောင့် လှူကြ
တန်းကြတဲ့အခါ “မျှော်လင့်ချက် ကင်းမဲ့စွာ“နဲ့ လှူတတ်, တန်းတတ်ဖို့ လိုပါတယ်။

       ပဉ္စမအနေနဲ့ “အစွန်းလွတ်အောင် လှူမှု”ဆိုတဲ့ နည်းစနစ်ကို သုံးနိုင်မယ်ဆိုရင် ရန်သူမျိုးငါးပါးမှ
ကင်းလွတ်ခြင်း...ဆိုတဲ့ အကျိုးဆက်ကို ခံစားရပါတယ်။ ဒီနေရာမှာ “အစွန်း”ဆိုတာက “အတ္တုက္ကန္တန-
မိမိကို ချီးမြှောက်မှု-၀ါကြွားမှုနဲ့ ပရ၀မ္ဘန-သူတစ်ကို ပုတ်ခတ်မှု”ဆိုတဲ့ အစွန်းနှစ်ပါးပါပဲ။ အဒီနှစ်ပါးထဲက
တစ်ပါးပါးနဲ့ ညိစွန်းလာရင် ရန်သူပေါများတတ်ပါတယ်။ ယုတ္တိရှာကြည့်လေ။ ကြွားတဲ့သူကို လူမကြည်ဖြူ
သလို ကဲ့ရဲ့အပြစ်တင်တတ်သူကိုလည်း ဘယ်သူမှ ချစ်ခင်မှာ မဟုတ်ပါဘူး။ ဒါဆိုရင် ရန်သူပေါပြီပေါ့။

       ဒီနည်းစနစ်ငါးချက်ဟာ ဒါနပြုတဲ့အခါမှ မဟုတ်ပါဘူး။ ဘယ်လိုလုပ်ငန်းမျိုးပဲလုပ်လုပ်၊ ဒီနည်းစနစ်
တွေနဲ့ ညီအောင်လုပ်နိုင်ရင် ဒီအကျိုးဆက်တွေကို ခံစားရမှာ သေချာပါတယ်။ ဒါကြောင့် အားလုံးကို
ပြောခြင်တာက ဒါနလုပ်ငန်းမှ မဟုတ်၊ ဘယ်လိုလုပ်ငန်းပဲလုပ်လုပ်....

   ၁။ ယုံယုံကြည်ကြည်နဲ့ အလုပ်လုပ်ပါ၊
   ၂။ ရိုရိုသေသေနဲ့ အလုပ်လုပ်ပါ၊
   ၃။ အချိန်နဲ့လိုက်လျှောညီထွေဖြစ်အောင် အလုပ်လုပ်ပါ၊
   ၄။ မျှော်လင့်ချက်ကင်းမဲ့စွာနဲ့ အလုပ်လုပ်ပါ၊ (ရည်မှန်းချက် မထားရဘူး-ဟု မဆိုလိုပါ)
   ၅။ အစွန်းနှစ်ဘက်လွတ်အောင် အလုပ်လုပ်ပါ-ဟု တိုက်တွန်းရင်း “ဒါနနှင့် နည်းစနစ်”ဆိုတဲ့ ဓမ္မကထာ -ကို ဤမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
                  အားလုံးဘဲ နည်းစနစ်မှန်စွာနဲ့ ဘ၀ကို လျှောက်လှမ်းနိုင်ကြပါစေ....
                  မောင်သီ (မြတောင်) သုခီ အတ္တာနံ ပရိဟရန္တု..........။ (၃၁.၁၀.၂၀၁၂) ဗုဒ္ဓဟူးနေ့နံနက်

No comments:

Post a Comment