Sunday, October 19, 2014

မခံစားနိုင်တော့လို့ပါ .....

မခံစားနိုင်တော့လို့ပါ ....
* * * * * * * *
       * တစ်နေ့ ဒါယိကာမနှစ်ဦး စကားပြောရာဌာနသို့ အမှတ်မထင် ရောက်သွားတယ်။ ဒါယိကာမတစ်ဦးက ဒါယိကာမတစ်ဦးကို အကြွေးသံသရာကို ချပြနေတယ်။ * အစ်မ အစ်မယူတာ လေးသောင်းနော် ...၊ အခုဆိုရင် (၁၈) လရှိပြီ။ တစ်လ လေးထောင်ဆိုတော့ (၇၂၀၀၀ိ) ရှိသွားပြီ။ အစ်မတို့ နည်းနည်းတော့ လမ်းလွဲနေတယ် ထင်တယ်နော် ......

       * ဦးဇင်းလည်း မနေနိုင်တာနဲ့ ၀င်ပြီးတော့ ဆရာကြီးလုပ်လိုက်သေးတယ်။ ဟုတ်တယ်၊ ခင်ဗျားတို့ ဒါတော့ လမ်းစဉ်မှားနေတယ်။ တကယ်ဆိုရင် တစ်လကို အရင်းငါးထောင် ဆပ်လိုက်ရင် အတိုး
ငါးရာတော့ လျှော့သွားမယ်။ ဒီလိုဆိုရင် တစ်ဖြေးဖြေးနဲ့ အတိုးရော အရင်းပါ ပြတ်သွားလိမ့်မယ်။ အရေးကြီးတာက အရင်းပြတ်သွားဖို့ပဲ။ ကိုင်းဖျားခုတ်ရုံနဲ့တော့ သစ်တစ်ပင်လုံး မသေနိုင်ဘူး။ အမြစ်ကို ဖြတ်နိုင်ဘို့တယ် - စသည်ဖြင့်  ကြောင်းကျိုးပြပြီး ရှင်းပြလိုက်တယ်။


       * ကိုယ်ကလည်း အားနဲ့မာန်နဲ့ ရှင်းပြ၊ သူကလည်း ငြိမ်ပြီးနားထောင်နေ၊ ဟုတ်လှပြီ၊ နားဝင်သွားပြီလို့ ထင်နေတုန်းရှိသေး အဲဒီ အကြွေးယူထားတဲ့ ဒါယိကာမကြီးက ဆတ်ကနဲ့ လက်နှစ်ဖက်မြှောက်မြှောက်ပြီး ``ဘုန်းကြီးကများ အလကားနေရင်း ပူနေ သေးတယ်၊ ဘာပူစရာလိုလို့လဲ၊ လကုန်ရင် လေးထောင်ပေးလိုက်၊ ပြီးရော မဟုတ်လား´´ဆိုပြီး ထအော်ပါလေရော။

       * ဦးဇင်း ကိုယ့်ကိုယ်ကို ဘာဖြစ်သွားမှန်းကို မသိဘူး၊ ``ဟာ လောကကြီးက ပေါ့ပေါ့နေ၊ ပေါ့ပေါ့
စားနေတဲ့ လူတွေ အများကြီးပါလား၊ ဘ၀ကို ဘယ်လို ဆက်လက်ရှင်သန်ကြမလဲ၊ ဘယ်လို ရပ်တည်
ကြမလဲ၊ လူတွေဟာ ကိုင်းဖျား ခုတ်ရုံနဲ့ သစ်တစ်ပင်လုံး သေသွားလိမ့်မယ်လို့ ထင်နေကြပုံပေါ်တယ်´´စတဲ့ အတွေးဝန်ထုတ်ကြီး ထမ်းရင်း ထမ်းရင်းနဲ့ ဦးဇင်းလည်း အင်္ဂုတ္တရဓမ္မာရုံထဲကို ရောက်သွားပါတော့တယ်။


       * အင်္ဂုတ္တရဓမ္မာရုံထဲသို့ ခြေချလိုက်မိတာနဲ့ တပြိုင်နက် သန့်ရှင်းကြည်လင်သော အသံတစ်စုံ ထွက်လာပါသည်။ သေချာပါသည်။ ဒါဟာ ဗုဒ္ဓရဲ့ အသံပါ။ ဒီလောကမှာ တစ်ခွန်းတည်းသောစကားကို မူပိုင်သုံးလေ့ရှိတဲ့ စကားတစ်ခွန်း။ ``ဘိက္ခဝေ´´တဲ့။ မူပိုင်စကား၊ သန့်ရှင်းကြည်လင်သောအသံ၊ ဒါတွေကို ထောက်ဆသောအားဖြင့် ``ဗုဒ္ဓ´´ဆိုတာ အကျွန်ုပ် အတတ်သိလိုက်ပြီ။ အကျွန်ုပ်လည်း အတွေးဝန်ထုပ်ကြီးကို ခဏချပြီး အာရုံစိုက်လိုက်မိတယ်။
 
       * ရဟန်းတို့ ကာမဂုဏ်စည်းစိမ်ကို ခံစားနေတဲ့ ဟောဒီလောကကြီးထဲမှာ ပစ္စည်းဥစ္စာ မဲ့မွဲမှုဟာ ဆင်းရဲခြင်းရဲ့ အကြောင်းပါလို့ ငါဘုရားပြောမယ်ဆိုရင် သင်တို့ ဘယ်လို သဘောရသလဲတဲ့။ ရဟန်းတွေက ``ဧ၀ံ ဘန္တေ - ဒါ အမှန်ပါပဲဘုရား´´တဲ့။ အကျွန်ုပ် ဒူးတွေဟာ အလိုလိုနေရင်း ညွတ်ကျသွားတယ်။ အားနွဲ့သူရဲ့ ညွတ်ကျမှုမျိုးတော့ မဟုတ်ပါ။
 
    * ဗုဒ္ဓက ဆက်လက်ပြီး ``ရဟန်းတို့ ကိုယ်ပိုင်ဥစ္စာ သုံးစွဲစရာမရှိသောသူဟာ လတ်တလောပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ကြွေးမီယူရလေ့ရှိတယ်၊ ကာမဂုဏ်စည်းစိမ်းတွေနဲ့ နစ်မွန်းနေတဲ့ ဟောဒီလောကကြီးထဲမှာ အဲဒီလို ကြွေးမြီ ယူရခြင်းဟာလည်း ဆင်းရဲခြင်းရဲ့ အကြောင်းတရားပါ´´လို့ ငါဘုရားပြောရင်ရော သင်တို့ ဘယ်လို ဆန္ဒရှိသလဲ-တဲ့။ ရဟန်းတွေကလည်း ``ဧ၀ံ ဘန္တေ - အမှန်ပါဘုရား´´တဲ့။ အကျွန်ုပ်ရဲ့ တင်ပါးစုံဟာ ခြေဖနောင့် ဆွဲကပ်ခြင်းကို ခံလိုက်ရတယ်။
 
       * တတိယ ဗုဒ္ဓက ``ရဟန်းတို့ ကိုယ်ပိုင်ဥစ္စာ သုံးစွဲစရာမရှိလို့ ကြွေးမြီယူရတဲ့သူဟာ ကြွေးယူပြီးတဲ့အခါ အတိုးပေးပါမယ်-လို့ ၀န်ခံရတယ်၊ အဲဒီလို ၀န်ခံရတာဟာလည်း ဆင်းရဲခြင်းရဲ့ အကြောင်းတရားပါ´´လို့ ငါဘုရားပြောရင် သင်တို့ ဘယ်လို သဘောရသလဲ-တဲ့။ အကျွန်ုပ်ရဲ့ လက်ဖ၀ါးတွေဟာ အလိုလိုနေရင် ပူးကပ်သွားပြီး လက်အုပ်အသွင်
သဏ္ဍာန်ဖြစ်သွားတယ်။
 
       * စတုတ္ထစကားတစ်ခွန်း ``ရဟန်းတို့ ကိုယ်ပိုင်ဥစ္စာ သုံးစွဲစရာမရှိ၍ အကြွေးယူ, အတိုးပေးပါမည်-ဟု ၀န်ခံလေ့ရှိတဲ့ သူဟာ အကြွေးရှင်တွေရဲ့ အတိုးတောင်းမှုကို ခံရတတ်တယ်၊ အဲဒီလို အတိုးတောင်းခံရခြင်းဟာလည်း ဆင်းရဲခြင်းရဲ့ အကြောင်းတရားပါ´´လို့ ငါဘုရားပြောရင် သင်တို့ လက်ခံနိုင်ပါ့မလားတဲ့။ ရဟန်းတွေဟာလည်း ``ဧ၀ံ ဘန္တေ´´ပါ ဘုရားပေါ့။ ဒီအချိန်မှာပဲ အကျွန်ုပ်ရဲ့ လက်အုပ်အသွင်သဏ္ဍာန်ဖြစ်နေတဲ့ လက်နှစ်ဖက်ဟာ နဖူးရဲ့ ဆွဲတင်မှုကို ခံလိုက်
ရတယ်။
 
       * ပဉ္စမစကားတစ်ခွန်း ``ရဟန်းတို့ အကြွေး အတိုးတောင်းခံရတဲ့ သူတွေဟာ အကြွေး အတိုး မပေးနိုင်လို့ ရှောင်တိမ်းပေမဲ့ မရ၊ အကြွေးရှင်ရဲ့ လိုက်လန်တောင်းမှု အကြွေးရှင်လိုက်မှုကို ခံနေရတယ်။ အဲဒါဟာလည်း ဆင်းရဲခြင်းရဲ့ အကြောင်းတရားပါ´´လို့ ငါဘုရားပြောရင်ရော ဘယ်လို့သဘောရလဲဆိုတော့ ရဟန်းတွေက ``ဧ၀ံ ဘန္တေ´´ပါဘုရားတဲ့။ အကျွန်ုပ်ရဲ့ ဦးဏှောက်ထဲမှာ တစ်ချက်လင်းလက်ပြီးတော့ လာတယ်။ ``ဆင်းရဲမွဲတေမှုရဲ့ နောက်ဆက်တွဲများ´´၊ ဟုတ်တယ်။ ``ဆင်းရဲမွဲတေမှုရဲ့ နောက်ဆက်တွဲများ …….´´
 
       * ဗုဒ္ဓသည် ဆဋ္ဌစကားတစ်ခွန်း မိန့်လိုက်ပြန်ပါသည်။။ ``ရဟန်းတို့ ကိုယ်ပိုင်ဥစ္စာ သုံးစွဲစရာမရှိလို့ အကြွေးသံသရာ နစ်မွန်းနေတဲ့သူတွေဟာ အကြွေးမပေးနိုင်မှုကြောင့် ဖမ်းဆီးချုပ်နှောင်မှု ခံရတတ်တယ်။ အဲဒီလို ဖမ်းဆီးချုပ်နောင် ခံရခြင်းဟာလည်း ဆင်းရဲခြင်းရဲ့ အကြောင်းပါ´´လို့ ငါဘုရား ပြောမယ်ဆိုရင် ဗုဒ္ဓစကားတောင် ဆုံးဟန်မတူသေး။ ရဟန်းတွေက ``ဧ၀ံ ဘန္တေ - ဒါအမှန်တရားပါဘုရား´´လို့ ပြိုင်တူ လျှောက်ထားကြတယ်။ အကျွန်ုပ်ရဲ့ ပါးစပ်ကလည်း ``ဘုရား ဘုရား´´ဆိုပြီး ၀မ်းသားမှု, ၀မ်းနည်းမှု, အားမရမှု, အားတက်မှု အို … အံ့သြ၀မ်းသာမှုပေါင်း မြောက်များစွာနဲ့ အသံထွက်လာမိပါတယ်။

        * ဗုဒ္ဓသည် စကားမဆုံးသေး ``ချစ်သားတို့ အဲဒီလိုပဲ´´။ ဟင် ဒီလိုဆို စောစောက ဗုဒ္ဓပြောတာတွေက
ဥပမာစကားတွေပေါ့။ ဥပမာစကားတောင် ဒီလောက် ထိတ်လန့်အံ့သြစရာကောင်းလျှင် ဥပမေယျစကား
သည် ဘယ်လောက်ထိ အံ့သြထိတ်လန့်ဘွယ် ကောင်းလိမ့်မလဲ...ဟူသော အတွေးဖြင့် အကျွန်ုပ်ဆက်လက်
နားစွင့်နေမိပါတော့တယ်။


       * ဗုဒ္ဓသည် ``ချစ်သားရဟန်းတို့ အဲဒီလိုပါပဲ တို့သာသနာလောကမှာလဲ ကုသိုလ်တရားတွေအပေါ်မှာ
ယုံကြည်မှု - သဒ္ဓါတရား၊ ဒုစရိုက်ကို ရှက်တတ်မှု - ဟိရီတရား၊ ကြောက်တတ်မှု - သြတ္တပ္ပတရား၊ ကုသိုလ်
တရားတို့၌ ကြိုးစားအားထုတ်မှု - ၀ီရိယတရား၊ ကုသိုလ်ပြုတဲ့အခါမှာ ကြောင်းကျိုးခွဲခြားဝေဘန်၍ ပြုတတ်မှု
- ပညာတရားတွေ မရှိတဲ့သူဟာ လူမွဲပဲ ကိုယ်ပိုင်ဥစ္စာမရှိသူပဲ ချစ်သားတို့ ........


       * သဒ္ဓါစတဲ့ ကိုယ်ပိုင်ဥစ္စာမရှိတဲ့ သူမွဲဟာ ကိုယ်, နှုတ်, စိတ်တို့ဖြင့် ဒုစရိုက်မှုတွေကို လွန်ကျူးကြတယ်၊
ဒါဟာ သံသရာကြွေးယူတာပဲ ချစ်သားတို့ရဲ့။ ဗုဒ္ဓရဲ့ အသံတော်သည် အေးစိမ့်၍ ၀င်ဝင်လာ၏။


       * ချစ်သားတို့ ကိုယ်, နှုတ်, စိတ်တို့ဖြင့် ဒုစရိုက်မှုကို ကျူးလွန်ထားတဲ့ ပုဂ္ဂိုလ်ဟာ မိမိရဲ့ ဒုစရိုက်မှုကို ဖုံးကွယ်လို့တဲ့ ယုတ်မာသောအလိုကို တောင့်တလာတယ်။ ``ငါ့ကို ငါ့အမှုကို တပါးသူတွေ မသိပါစေနဲ့´´
ဆိုတဲ့ အလိုဆန္ဒ, စိတ်အကြံတို့ဖြင့် စကားဖြင့်လည်း ဖုံးကွယ်ကြတယ်၊ ကိုယ်အမှုအရာဖြင့်လည်း ဖုံးကွယ်
ကြတယ်။ ဒါဟာ ဒုစရိုက်အတိုး တက်နေတာပဲပေါ့ ချစ်သားတို့ရယ်။ ``ဘုရား ဘုရား ဒုစရိုက်အတိုး´´ဆိုပါ
လား ။ အကျွန်ုပ်သည် ဗုဒ္ဓရဲ့ စကားတော်ကို နားထောင်ရင်းက ကြောချမ်းလာမိတယ်။ ငါရော အတိုး ဘယ်
လောက် တက်နေပြီလဲပေါ့ ......


       * ချစ်သားတို့ မိမိရဲ့ ဒုစရိုက်ကို မည်မျှပင် ဖုံးဖိစေကာမူ ``ဟုတ်ရင်ကျော် ၊ ပုတ်ရင်ပေါ်´´ဆိုသလို မကောင်းမှုဟာ စိတ်ကွယ်ရာမရှိတဲ့အတွက် ပေါ်မြဲ ပေါ်လာရတယ်လေ၊ ဒီတော့ သီလ - ဖြူ စင်မှုကို မြတ်နိုး
ကြတဲ့ သီတင်းသုံးဖော်တွေက (ပတ်ဝန်းကျင်က) ``ဤသူဟာ ဤသို့ ပြုလုပ်လေ့ရှိတယ်၊ ဤအကျင့်ရှိတယ်´´
စသည်ဖြင့် ကဲ့ရဲ့ပြစ်တင်ကြတယ်။ ဒါဟာ အကြွေးတောင်းခံရတာပါပဲ။


       * ဒီလို ဒုစရိုက်အကြွေးတောင်းခံရတဲ့အခါ လူသူမနီးတဲ့ တောမြိုင်ကြီးမှာဖြစ်စေ, အရိပ်ကောင်းတဲ့ သစ်ရိပ်ဝါးရိပ်မှာဖြစ်စေ, လူသူဆိတ်တဲ့ ဆိတ်ငြိမ်ရာအရပ်မှာဖြစ်စေ နေထိုင်ပြီး စိတ်နှလုံးမသာယာမှုနဲ့တကွ
ယုတ်မာတဲ့ အကုသိုလ်ဝိတက် ဖြစ်ပေါ်ပြီးတော့ နေတတ်ပါတယ်။ ဒါဟာ ဒုစရိုက်အကြွေးရှင် အလိုက်ခံနေရ
တာပဲ ချစ်သားတို့ ....။


       * ချစ်သားတို့ .... သဒ္ဓါစတဲ့ ကိုယ်ပိုင်ဥစ္စာ မရှိတဲ့ သူမွဲတွေဟာ ကိုယ်, နှုတ်, စိတ်တို့ဖြင့် ဒုစရိုက်အမှု
တွေကို လွန်ကျူးပြီး သေလွန်တဲ့အခါ ငရဲ, တိရစ္ဆာန်တည်းဟူသော နှောင်အိမ်မှာ ကျရောက်ဖမ်းဆီးခြင်း
ခံရတတ်တယ်။ ဒါဟာ အကြွေးမပေးနိုင်တော့လို့ ဖမ်းဆီးချုပ်နှောင်ခံရခြင်းမျိုးပါပဲ ချစ်သားတို့ရယ် .....ဟု
အပြီးသတ် မိန့်တော်မူပါတယ်။


       * ဗုဒ္ဓနဲ့ ရဟန်းတော်များရဲ့ အသံတွေဟာ ဆိတ်ငြိမ်သွားပေမဲ့ အကျွန်ုပ်ရဲ့ နားထဲမှာတော့ ``ဆင်းရဲ မွဲတေမှုရဲ့ နောက်ဆက်တွဲများ´´ဆိုတဲ့ အသံတွေဟာ လှိုင်းခတ်ကြံရစ်နေပါတော့တယ် ...........


       * ၁၃၇၆-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၄) ရက်၊ (12.10.2014) တနင်္ဂနွေနေ့ညတွင် ရေနံချောင်းမြို့၊
ဘိုကုန်အနောက်ရပ်၊ မြသိန်းတန်ဗုဒ္ဓပူဇနိယပွဲ၌ ``ဆင်းရဲမွဲတေမှု၏ နောက်ဆက်တွဲများ´´အမည်ဖြင့် ဟော
ကြားခဲ့သော အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊ ဓမ္မိက၀ဂ်၊ ဣဏသုတ် (၃၀၉.၃၁၁) ကို အခြေခံ၍ ရေးဖွဲ့ထား
ပါသည်။

      * ထိုပွဲ၌ ရရှိသော ဓမ္မပူဇာတစ်သိန်းထဲမှ မြသိန်းတန်ဗုဒ္ဓစေတီတော်ကြီးအတွက် (၄၅၀၀၀ိ) နှင့် ကျောင်း ကပ္ပိယ ဒါယကာ+ဒါယိကာမငါးယောက်အတွက် (၅၀၀၀ိ) လှူ ဒါန်းလိုက်ပါသည်။ ထိုအကြွေးယူသော ဒါယိကာမကြီးမှာ အဲဒီနေ့က နေမကောင်း၍ ကျောင်းကို မလာပါ။ ထို့ကြောင့် အကျွန်ုပ်ချီးမြှင့်သော မုန်းဘိုးကို သူမလိုက်ပါ။ ကံကြမ္မာဟာ သိပ်ပြီးတော့ ဆန်းကြယ်ပါတယ်။
      * ဓမ္မမိတ်ဆွေများအားလုံး ဣသ်သာ မစ္ဆရိယနှင့်တကွ လောကီ လောကုတ္တရာ အကြွေးသံသရာ ကင်းရှင်းနိုင်ကြပါစေ-ဟု ဆန္ဒပြုရင်း .......
                                                            (အရှင်သီလာစာရ၊ မြတောင်ကျောင်း၊ 20.10.2014)

“အဘိဓမ္မာတရား ဟောတော်မူပုံ”


“အဘိဓမ္မာတရား ဟောတော်မူပုံ”
•••••••••••••••••••••••••••••••••••••••
   မြတ်စွာဘုရား တာဝတိံသာ ရောက်တဲ့အခါကျတော့ သိကြားမင်းကြီးထိုင်တဲ့ ပင်လယ်ကသစ်ပင်အောက်မှာ
ခင်းထားတဲ့ ပဏ္ဍုကမ္ဗလာကျောက်နေရာမှာ ထိုင်တော်မူတယ်။
အဲဒီ ကျောက်နေရာကြီးက ကျောက်တော့ကျောက်ပဲ၊
ဒါပေမယ့် ကျောက်ပျော့ကြီး၊ အဲဒီပေါ် ထိုင်လိုက်လို့ရှိရင်
အိသွားတယ်၊ ထူးထူးဆန်းဆန်း ကျောက်ပျော့၊
ဘယ်မှာ ရှိလဲလို့ပြောရင် အဲဒီမှာ ရှိတယ်လို့ ပြောရမယ်၊
ဆိုဖာကြီးလိုပဲ၊ သိကြားမင်းကြီး အဲဒီပေါ် ထိုင်လိုက်လို့ရှိရင်
ချက်လောက်ထိအောင် မြုပ်သွားတယ်တဲ့။
အဲဒီလို မြတ်စွာဘုရားက ပဏ္ဍုကမ္ဗလာ
ကျောက်ဖျာပေါ်မှာ
သီတင်းသုံး ထိုင်နေစဉ် နတ်တွေ ဗြဟ္မာတွေ
ရောက်လာကြတဲ့အခါမှာ
ဘုရားဖြစ်ပြီး ၂၂-ရက်နေ့က နေပြီး ရက်သတ္တပတ်
ဆင်ခြင်ထားတဲ့ အဘိဓမ္မာတရားတွေကို
ခေါင်းစည်းတစ်ခုထဲအောက်မှာ
ထားပြီး အဘိဓမ္မာ ၇-ကျမ်းကို ဟောတယ်တဲ့၊
တစ်ဝါတွင်းလုံး ဒီ အဘိဓမ္မာတရားချည်းပဲ ဟောတယ်။
“မယ်တော် ကျေးဇူးဆပ်”
••••••••••••••••••••••••••••••••
အဲဒီလို မြတ်စွာဘုရားက ပဏ္ဍုကမ္ဗလာ ကျောက်ဖျာပေါ်မှာ
သီတင်းသုံး ထိုင်နေပြီး နတ်တွေ ဗြဟ္မာတွေ
ရောက်လာကြတဲ့အခါမှာ ဘုရားဖြစ်ပြီး
၂၂-ရက်နေ့ကနေပြီး ရက်သတ္တပတ် ဆင်ခြင်ထားတဲ့
အဘိဓမ္မာတရားတွေကို ခေါင်းစည်းတစ်ခုထဲ
အောက်မှာထားပြီး အဘိဓမ္မာ ၇-ကျမ်းကို ဟောတယ်တဲ့။
“ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ”
ဆိုပြီးတော့ ၃-စု၊ မာတိကာ ပေးတယ်။
“ဟေတူ ဓမ္မာ၊ န ဟေတူ ဓမ္မာ” စသည်ဖြင့် ၂-စု
မာတိကာလေးတွေ ခေါင်းစဉ်လေးတွေ ပေးပြီးတော့
မြတ်စွာဘုရားက ဟောသွားလိုက်တာ တစ်ဝါတွင်းလုံး
ဒီ အဘိဓမ္မာတရားချည်းပဲ ဟောတယ်။
အဲဒီလို အဘိဓမ္မာတရား ဟောကြားရာ တာဝတိံသာနတ်ပြည်
တရားနာပရိသတ်ထဲမှာ အလွန် ထူးခြားတဲ့ပုဂ္ဂိုလ် တစ်ဦး ပါလာတယ်။
ဘယ်သူတုန်းဆိုရင် တုသိတာနတ်ပြည်မှာ နတ်မင်းအဖြစ်ဖြင့်
ဖြစ်နေတဲ့ လူ့ဘ၀တုန်းက ဘုရားလောင်းရဲ့ မယ်တော် နတ်သားပဲ။
●သန္တုဿိတ နတ်သားဘ၀နဲ့ ဘုရားတရားပွဲမှာ
လာရောက်ပြီး ၊လက်ယာဘက်မှာ
ထိုင်ပြီးတော့ နာယူနေတယ်။
အဲဒီ မယ်တော်ကြီးကို ဦးတည်ပြီးတော့ မြတ်စွာဘုရားက
အဘိဓမ္မာတရားကို ဟောတာ။
မယ်တော်ကို ကျေးဇူးဆပ်တယ်လို့ ပြောကြတယ်ပေါ့။
●ကျေးဇူးဆပ်တယ်လို့ ပြောတဲ့အထဲမှာ ဘာတွေ အပို
ထည့်ပြောတုန်းဆိုရင် “အမိကျေးဇူးဟာ ဆပ်မကုန်နိုင်ဘူး၊
အဲဒါ ဘုရားသော်မှ အဘိဓမ္မာတရားဟောတာတောင်
နို့တစ်လုံးဖိုးသာ ကျေသေးတယ်တို့၊ ဘာတို့နော်”
တစ်လုံးက ဘယ်လောက်တန်လို့ တစ်လုံးဖိုးတို့၊
နှစ်လုံးဖိုးတို့ ပြောလို့ရမတုန်း၊ တစ်လုံးဖိုးပဲ ကျေသေးတယ်၊
နောက်တစ်လုံးဖိုး ကျန်နေသေးတယ်လို့
အဓိပ္ပာယ်မျိုး ပြောကြတယ်။
ဒါတွေက စာထဲမပါတဲ့ စကားတွေပါ၊ စာထဲမပါပေမယ့်
တချို့ဟာက ယုတ္တိရှိတယ်၊ အခုဟာက ယုတ္တိမရှိဘူး။
ဘာဖြစ်လို့တုန်းဆို တန်ဖိုးဖြတ်ထားမှသာ ပြောလို့ ရတော့မပေါ့၊
အဘိဓမ္မာတရားဟောရင် တစ်လုံးဖိုးပဲ ကျေသေးတယ်၊
နောက်တစ်လုံးဖိုးကို ကျေဖို့ရန်အတွက်
ထပ်ဟောရမယ့် ပုံစံမျိုး ဖြစ်နေတယ်။
မယ်တော်ကြီးကို ဦးတည်ပြီး တစ်သောင်းသော
စကြာဝဠာက ရောက်ရှိလာတဲ့ နတ်ဗြဟ္မာအပေါင်းရဲ့
အလယ်မှာ ရှင်တော်မြတ်ဘုရားဟာ ဒီ အဘိဓမ္မာ
မြတ်ဒေသနာကို တာဝတိံသာနတ်ပြည်မှာ ဟောကြားခဲ့တာ၊
လူ့ပြည်က အရေအတွက်အားဖြင့် ပြောမယ်ဆိုလို့ရှိရင်
“၃-လတိတိ၊ ရက်ပေါင်း ၉၀”-ကြာတယ်လို့ ပြောရမယ်။
ရက်ပေါင်း ၉၀-ကြာမှ ဟောဒီ အဘိဓမ္မာတရားဟာ
ပြီးဆုံးသွားတယ်။
နတ်တို့ရဲ့အချိန်နဲ့ ပြောမယ်ဆိုရင် မိနစ်ပိုင်းလောက်ပဲ ရှိပါတယ်၊
ဘာဖြစ်လို့တုန်းဆိုတော့ လူ့ပြည်က အနှစ် ၁၀၀-သည်
တာဝတိံသာနတ်ပြည်မှာ ၁-ရက်ပဲ ရှိပါသေးတယ်။
နေ့တာ ညတာ ဟိုက ပိုပြီးတော့ ရှည်တယ်။
လူ့ပြည်က တိုတယ်၊ လူ့ပြည် အနှစ် ၁၀၀-မှ
တာဝတိံသာနတ်ပြည် ၁-ရက်ဆိုတော့
မိနစ်ပိုင်းလောက်ပဲ ကြာတယ်ပေါ့။
၃-လဆိုတာ ဘာမှ မရှိဘူးပေါ့။
တရားပွဲက ဘာမှ မကြာလိုက်ဘူးပေါ့။
ခဏလေး ပြီးသွားတယ်။
မြတ်စွာဘုရားက တာဝတိံသာနတ်ပြည်ကို ကြွသွားတဲ့
အခါကျတော့ ဘုရားက လူသားဆိုတော့ ခပ်သေးသေးနေမှာပေါ့၊
လူ့အတောင်နဲ့ ပြောရင်တော့ ၁၈-တောင်ပေါ့၊
၁၈-တောင်ဆိုတာ ဘယ်လောက်မှ မရှိဘူးပေါ့။
၁၈-တောင်ကို တချို့က ၁၈-မိုက်လို့ ပြောကြတယ်။
ဘုရား ၁၈-တောင်ဆိုရင် ထိုခေတ်လူတွေကလည်း
အားလုံး ၁၈-တောင် တညီတည်း ဖြစ်ကြရမှာပေါ့၊
လျော့ရင် နည်းနည်းပဲပေါ့၊ နို့မို့ဆိုရင် ဘုရားတစ်ဆူတည်းကသာ
၁၈-တောင်ဖြစ်ပြီးတော့ ကျန်တဲ့လူတွေက ပုပုလေးတွေဆို
ဘယ်လိုလုပ်ပြီးတော့ ဆွမ်းလောင်းတာတို့၊
ဘုရားဖူးသွားတာတို့ ဖြစ်နိုင်ပါ့မတုန်း၊
မဖြစ်နိုင်ဘူး၊ သူ့ခေတ်သူ့လူတွေရဲ့
အရပ်အမောင်း ဒီလိုပဲ တညီတည်း ဖြစ်ရမှာပေါ့။
ဒီတော့ နတ်ပြည်ရောက်သွားတဲ့အခါ နတ်တွေက ကြီးတယ်။
သူတို့ခန္ဓာကိုယ်က အကြီးကြီးတွေ၊ အဲဒီတော့ မြတ်စွာဘုရားက
ပကတိကိုယ်နဲ့ သီတင်းသုံးမယ်ဆိုရင် နတ်တွေကလည်း
သူတို့ လူသားတွေရဲ့ ပုံစံပဲ ဖန်ဆင်းပြီး ထိုင်နေရမှာပဲ။
နတ်က ဖန်ဆင်းလို့ ရတာပဲ၊ လူ့ပြည်လာတဲ့အခါမှာ
အပ်ဖျားလေး ချလောက်တဲ့ နေရာလေးမှာတောင်
နတ်က ၁၀-ယောက်၊ အယောက်၂၀၊
ဒီလို စုထိုင်နေကြတာတဲ့။
နေရာ မရဘူးဆိုရင် အဲဒီလို သူတို့ ထိုင်ရတယ်၊
အပ်ဖျားလေး ထောက်လောက်တဲ့ နေရာလေးဆို သေးသေးလေး၊
အဲဒီလောက် သေးသေးလေးကို နတ်တွေက ၁၀-ယောက်၊
၁၅-ယောက် စုထိုင်နိုင်အောင် သူတို့ ဖန်တီးလို့ ရတယ်။
သို့သော် စာထဲအတိုင်း ပြောမယ်ဆိုရင် မြတ်စွာဘုရားက
ပါလာတဲ့ နှစ်ထပ်သင်္ကန်းကြီးကို ပဏ္ဍုကမ္ဗလာ
မြကျောက်ဖျာကြီးပေါ်မှာ လွှမ်းလိုက်တဲ့အခါ
နှစ်ထပ်သင်္ကန်းကြီး ပဏ္ဍုကမ္ဗလာ ကျောက်ဖျာကြီးတစ်ခုလုံး
ဖုံးသွားတယ်တဲ့။ကိုယ်တော်မြတ်ကလည်း
ထိုင်လိုက်တဲ့အခါ တင်ပလ္လ္လင်ခွေကြီး တစ်ခုလုံးဟာ
အဲဒီ ကျောက်ဖျာကြီးတစ်ခုလုံး ပြည့်သွားတယ်ဆိုတော့
ဘုရားကိုယ်တော်ကြီးဟာ ပြောင်းသွားတယ်ပေါ့။
ခန္ဓာကိုယ်တော်ကြီးကနေပြီးတော့ နတ်တွေရဲ့
အတိုင်းအတာလို ရုပ်ပွားတော်ကြီး အကြီးကြီး
ဖြစ်သွားတယ်လို့ ဒီလို ပြောရမှာ။
“လူ့ပြည် ကြွလာလေ့ရှိ”
••••••••••••••••••••••••••••
မြတ်စွာဘုရားက တရားဟောရင်း နေ့စဉ်နေ့စဉ်
ဆွမ်းဘုန်းပေးတဲ့အချိန်ကို လူ့ပြည် ကြွလာလေ့ ရှိတယ်၊
သို့သော်... မြတ်စွာဘုရားက တရားဟောရင်း
နေ့စဉ်နေ့စဉ် ဆွမ်းဘုဉ်းပေးတဲ့အချိန်ကို
လူ့ပြည် ကြွလာလေ့ ရှိတယ်၊
သို့သော် သာဝတ္ထိတို့ ရာဇဂြိုဟ်တို့ဆိုတဲ့ ဒေသကို
မကြွဘဲနဲ့ ဘယ်သူမှ မသိတဲ့ မြောက်ကျွန်းဘက်ကို ကြွတယ်၊
မြောက်ကျွန်း ကြွပြီးတော့ ဆွမ်းခံတယ်၊
ဆွမ်းခံပြီးတဲ့အခါ ဟိမ၀န္တာတောင် စန္ဒကူးတောထဲက
စန္ဒကူးပင်အောက် အနောတတ်ရေအိုင်
အနီးအနားမှာ ဆွမ်းဘုဉ်းပေးတယ်။
အဲဒီလို မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးတဲ့အခါ
ဘယ်သူက ၀တ်ကြီးဝတ်ငယ် ပြုတုန်းဆို
“ရှင်သာရိပုတ္တရာ” တစ်ပါးတည်းပဲ အဲဒီကို
ကြွလာပြီး ဘုရား ဆွမ်းဘုဉ်းပေးတဲ့အခါမှာ
ဝတ်ကြီးဝတ်ငယ် ပြုတယ်တဲ့။
အဋ္ဌကထာထဲမှာတော့ ဘယ်လို ရေးထားလဲဆိုတော့
လူ့ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း စားချိန်ကျရင် စားရမယ်။
နားချိန်ကျရင် နားရမယ်ပေါ့၊ ဒါကြောင့်မို့ မြတ်စွာဘုရားလည်း
ရုပ်သဘာဝအတိုင်းပေါ့၊ ဆွမ်းဘုဉ်းပေးဖို့
အချိန်ကျတဲ့အခါ လူ့ပြည်ကြွ ဘုဉ်းပေးတယ်။
အနားယူရမယ့်အချိန် အနားယူတယ်။
ပြီးတော့မှ တရားဆက်ဟောတယ်။
“နိမ္မိတရုပ်”
•••••••••••••••••
ဘုရားရှင် လူ့ပြည်ကြွတဲ့အခါ “နိမ္မိတရုပ်”ဖန်ဆင်းပြီးတော့
ထားခဲ့တယ်တဲ့၊ အဲဒီ နိမ္မိတ ရုပ်ပွားတော်ကနေ
ဆက်ပြီးတော့ ဟောနေရစ်တယ်လို့ ပြောတယ်။
ဘုရားအစစ်က ဘယ်ကနေ ဘယ်လောက်ထိ
ဟောမယ်ဆိုတာကို သတ်မှတ်ပေးထားတဲ့အတိုင်း
နိမ္မိတရုပ်ကနေ ဆက်ပြီးတော့ ဟောသွားတယ်။
ခုခေတ်လိုဆိုရင် TV ဖွင့်ထားခဲ့တဲ့သဘောပေါ့။
“လူ့ပြည်မှာ ဟောခဲ့”
••••••••••••••••••••••••••••••••
မြတ်စွာဘုရား ဘာဖြစ်လို့ လူ့ပြည်ကြွတာတုန်းဆိုတော့
ရှင်သာရိပုတ္တရာနဲ့ နေ့တိုင်း တွေ့ပြီးတော့ နတ်ပြည်မှာ
ဟောခဲ့တဲ့တရားကို ရှင်သာရိပုတ္တရာကို အကျဉ်းချုပ်
ပြန်ပြန်ပြီး နေ့တိုင်း ဟောခဲ့တာ။
ဘုန်းကြီး တစ်ခုတွေးမိတာကတော့ အဲဒါဟာ
အဓိက ဖြစ်လောက်တယ်။
လူ့ပြည်က လူတွေ တန်ရုံ မြတ်စွာဘုရားက
ရှင်သာရိပုတ္တရာကို ဟောခဲ့တယ်။
ရှင်သာရိပုတ္တရာက အမျိုးကောင်းသား တပည့်ရဟန်း
၅၀၀-ကို ထပ်ဆင့် သင်ပေးတယ်။
အဲဒီရဟန်းတွေဟာ ကဿပမြတ်စွာဘုရားရှင်ရဲ့
လက်ထက်တော်တုန်းက လင်းနို့တွေ ဖြစ်ခဲ့တယ်။
လင်းနို့ကနေ လူ့ဘ၀ ရောက်လာတယ်ပေါ့။
လင်းနို့သား ၅၀၀-ဘ၀တုန်းက အဘိဓမ္မာဆောင်
ရဟန်းတွေက သူတို့နေတဲ့ လိုဏ်ဂူထဲမှာ ရွတ်ဖတ်
သရဇ္ဈာယ်ကြတယ်၊ ဒီအခါ လင်းနို့တွေက
အဘိဓမ္မာတရားသံကို နားထောင်ရင်း သူတို့
နားထဲမှာ ကျက်မိနေကြတယ်။
ဒီလို မြတ်စွာဘုရားရှင်ဟာ ၃-လတိတိ ၊
ရက်ပေါင်း ၉၀- နေ့စဉ် လူ့ပြည်ကို ကြွပြီးတော့
ရှင်သာရိပုတ္တရာကို အဘိဓမ္မာတရား အကျဉ်းချုပ်ပြီး
ဟောခဲ့တာ၊ ရှင်သာရိပုတ္တရာဆိုတာက အင်မတန်မှ
ဉာဏ်ထက်မြက်တဲ့ ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်
မြတ်စွာဘုရားက အရိပ်အမြွက် အကျဉ်းချုပ်ကို
ဟောပြလိုက်တာနဲ့ အကုန်လုံး ရသွားတယ်။
အခု ဒီကနေ့ လူ့ပြည်မှာ ရောက်နေတဲ့ အဘိဓမ္မာတရားသည်
တာဝတိံသာနတ်ပြည်မှာ ဟောတဲ့ အလွန် ကျယ်ဝန်းလှတဲ့
အဘိဓမ္မာတရား မဟုတ်ဘူး၊ ရှင်သာရိပုတ္တရာမထေရ်မြတ်ကို
နေ့စဉ် နေ့စဉ် သင်ပေးခဲ့ပြီး ရှင်သာရိပုတ္တရာက
သူ့ဉာဏ်နဲ့ ဘုရားဟောတဲ့ အဘိဓမ္မာကို အကျဉ်ချုပ်ပြီး
လင်းနို့တစ်ဖြစ်လဲ ရဟန်းတော်တွေကို သင်ပေးခဲ့တဲ့
အဘိဓမ္မာလို့ နားလည်ရပါတယ်။
အဋ္ဌကထာမှာ ဘယ်လို မှတ်တမ်းတင်ထားတုန်းဆို
တာဝတိံသာနတ်ပြည်မှာ မြတ်စွာဘုရားက
အဘိဓမ္မာ ၇-ကျမ်းဟောလို့ နိဂုံးချုပ်တဲ့နေ့မှာပဲ
လူ့ပြည်က ရဟန်း ၅၀၀ လည်းပဲ အဘိဓမ္မာ ၇-ကျမ်းဆောင်
ပုဂ္ဂိုလ်တွေ ဖြစ်သွားတယ်တဲ့၊ တစ်ပြိုင်နက် ပြီးတယ်။
လူ့ပြည်က ရှင်သာရိပုတ္တရာရဲ့ အဘိဓမ္မာသင်တန်း၊
နတ်ပြည်က မြတ်စွာဘုရားရဲ့ အဘိဓမ္မာဒေသနာတော်ဟာ
တစ်ပြိုင်နက် ပြီးဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် “အဘိဓမ္မေ ၀ါစနာမဂ္ဂေါ နာမ
သာရိပုတ္တ္တထေရပ္ပဘဝေါ- ဒီကနေ့ခေတ်
လူ့ပြည်ရောက်နေတဲ့ အဘိဓမ္မာမြတ်ဒေသနာသည်
ရှင်သာရိပုတ္တရာက စ,တာပါ” လို့မှတ်တမ်းတင်ထားတယ်။
ရှင်သာရိပုတ္တရာ မထေရ်မြတ် စီစဉ်ပို့ချတဲ့ အဘိဓမ္မာဒေသနာ
သင်ရိုးသည် ဒီကနေ့ ထေရ၀ါဒ မြန်မာနိုင်ငံမှာ
အဘိဓမ္မာ ၇-ကျမ်းအဖြစ် သတ်မှတ်ပြီး စာအုပ်
ရိုက်နှိပ်ထားတာနော်။
ဓမ္မသင်္ဂဏီက တစ်အုပ် ရှိတယ်၊
ဝိဘင်းက တစ်အုပ် ရှိတယ်၊
စာမျက်နှာ ၄၀၀- ပတ်ဝန်းကျင် ရှိတယ်၊
ဓာတုကထာနဲ့ ပုဂ္ဂလပညတ် နှစ်အုပ်တွဲ
စာမျက်နှာ ၂၀၀- ၀န်းကျင် ရှိတယ်၊
ကထာဝတ္ထုကျမ်းက စာမျက်နှာ ၅၀၀-၀န်းကျင် ရှိတယ်၊
ယမိုက်ကျမ်းကျတော့ ၃-တွဲ၊ ပဋ္ဌာန်းကျမ်းက ၅-တွဲ ရှိတယ်တဲ့။
ဒါတောင် ပဋ္ဌာန်းမှာ အကျဉ်းချုံးပြီးတော့ ရိုက်ထားတာပါ။
ဒီတော့ ဒီကနေ့ သင်္ဂါယနာ ၆-တန် မှတ်တမ်း
တင်ထားတဲ့အတိုင်း အဘိဓမ္မာကိုပဲ ရွတ်ဖတ်မယ်ဆိုရင်
ပဋ္ဌာန်း တစ်ကျမ်းတည်းတောင်မှ
အနည်းဆုံး ၄-ရက်လောက် အသံမစဲ ရွတ်မှ ကုန်တယ်။
ဒီလောက် များပြားတယ်။
တာဝတိံသာနတ်ပြည်မှာ ဘုရားဟောတဲ့ အဘိဓမ္မာတရားဆိုရင်
ဒီထက် ကျယ်ဝန်း များပြားတော့မှာပေါ့။
ဒီကနေ့ လူ့ပြည်မှာ သင်္ဂါယနာတင်ထားတာက
ရှင်သာရိပုတ္တရာ ပို့ချပေးတဲ့ သင်ရိုးအတိုင်း တင်ထားတာမို့
မကျဉ်းမကျယ် ရှိတာပါ။ ဒါကို “အဘိဓမ္မာမြတ်ဒေသနာ”
လို့ ခေါ်ပါတယ်။
- ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာ မြတ်ဒေသနာ(ပထမတွဲ) နှာ၂၈ မှ-နှာ၃၅ မှ

Posted by

www.facebook.com/youngbuddhistassociation.mm


* အကျွန်ုပ်ကြိုက်သော ကထိန်အကြောင်း .......

* အကျွန်ုပ်ကြိုက်သော ကထိန်အကြောင်း (၁).......
* ကထိန်ဆိုတာ ကာလပရိယန္တဒါနဖြစ်လို့ ကြိုက်တယ်။
* ဟုတ်တယ်။ တစ်နှစ် (၁၂) လရှိပေမဲ့ (၁၂) လုံး လှူ ခွင့်မရှိဘူး။ တစ်လပဲ လှူ ခွင့်ရှိတယ်။ ဒီတစ်လဆိုတာမှာလဲ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိသာ။ ကျန်လများ လုံးဝမရ။ ဒီတစ်လမှာလည်း တစ်ကျောင်းလျှင် တစ်ရက်၊ တစ်ရက်လျှင် တစ်ကြိမ်သာလျှင် ခင်းခွင့်ရ၏။ ထို့ကြောင့် အကျွန်ုပ် ကြိုက်သည်။
* အဘယ်ကြောင့် ဒီအချိန် ဒီကာလကို ရွေးချယ်သွားသနည်း? ၊ ကျန်လများကို မရွေးချယ်သနည်း .....
* ဒီအချိန် ဒီကာလသည် ကာလ၀ိသုဒ္ဓိဟု ဆိုရမည်ဖြစ်၏။ အဘယ်ကြောင့်-ဆိုသော် .....
* လူဒါယကာ+ဒါယိကာမတို့သည် ၀ါတွင်းကာလ၌ သီတင်းသီလကို အထူးအလေးထား စောင့်ထိမ်းကြ၏။ သီတင်းကျွတ် ဒီကာလသည် လူဒါယကာ+ဒါယိကာမတို့၏ သီလအထူးစင်ကြယ်ရာ ကာလဖြစ်၏။ ထို့အတူ ရဟန်းသံဃာတို့သည်လည်း ၀ါတွင်းကာလမှာ သာမန်အချိန်ထက် ဓူရနှစ်ဖြာကို ပို၍ အားထုတ်ကြရ၏။ ၀ိနည်းဥပေဒကို အထူးအလေးထားပြီးရာ ကာလဖြစ်၏။ ယုတ်စွအဆုံး မြင့်မြတ်သော ကျေး ငှက် သာရကာ တို့သည်ပင် ၀ါတွင်းကာလကို အသိုက်သီးခြားဖွဲ့၍ ဖိုမကိစ္စကို ရှောင်လေ့ရှိကြ၏။
* ထို့ကြောင့် ၀ါကျွတ်ရာ ယခုကာလသည်ကား ဖြူစင်သော အကျင့်ရှိသူတို့၏ နိုးထရာကာလဖြစ်၍ ``သီလ၀ိသုဒ္ဓိကာလ´´ဟု ဆိုရခြင်းဖြစ်ပါသည်။
* သန့်ရှင်းသောလက်ဖြင့် ကိုင်သွယ်စားသုံးခြင်းသည် ရောဂါဘယကို ကာကွယ်နိုင်ခြင်း၊ ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်သကဲ့သို့ ``သီလေ ပတိဋ္ဌိတော ဒါနံ မဟပ္ဖလံ´´အရ စင်ကြယ်သောသူ၏ အလှူ ဒါနသည် ဘယ်မှာ အကျိုးမကြီးပဲ ရှိအံ့နည်း .....
* ထိုသို့ ကာလပရိယန္တ၀ိသုဒ္ဓိဒါနဖြစ်သောကြောင့် ကထိန်အလှူကို အကျွန်ုပ် ကြိုက်ပါသည်။
(ကာလပရိယန္တ၀ိသုဒ္ဓိဒါန-ဟူသည် အကျွန်ုပ်ပေးသော နာမည်ဖြစ်ပါသည်။)


* အကျွန်ုပ်ကြိုက်သော ကထိန်အကြောင်း (၂) ......
* ဒုတိယကြိုက်ရခြင်းအကြောင်းမှာ ဒါန၀တ္ထုဖြစ်သည်။ ဟုတ်၏။ ရဟန်းတော်များအတွက် ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး-ဟူသော ပစ္စည်းလေးပါးရှိသော်လည်း ဆွမ်း, သင်္ကန်း, ဆေးဖြင့် ကထိန်ခင်းခွင့် မပေး။ သင်္ကန်းဖြင့်သာလျှင် ကထိန်ခင်းခွင့်ပေး၏။ ထိုတွင် ``သင်း, ကိုယ်, ဒု, အိပ်၊ မျက်, ပရိက်၊ နိသိဒ်, မိုး, အမာ´´ဟူသော သင်္ကန်းကိုးထည်တို့တွင် သင်းပိုင်, ကိုယ်ဝတ် (ဧကသီ), ဒုကုဋ်သင်္ကန်းဟူသော သုံးထည်၊ ထိုသုံးထည်ထဲမှ တစ်ထည်ထည်ဖြင့်သာ ခင်းရမည်-ဟု ခွင့်ပြုထား၏။ ထိုသို့ ၀တ္ထုပရိယန္တ-လှူ ဖွယ်ဝတ္ထုကို ပိုင်းခြား၍ ပေးထားသောကြောင့် အကျွန်ုပ်ကြိုက်သည်။
* မှန်၏။ ဆွမ်း, ကျောင်း, ဆေးသည် သာသနာတွင်းမှာလည်း ရှိ၏။ သာသနာပမှာလည်း ရှိနိုင်၏။ သင်္ကန်း သည်ကား သာသနာတွင်းမှာသာ ရှိနိုင်၏။ သင်္ကန်းမှ မရှိလျှင်ကား သာသနာကွယ်မည်သာ။ ဤ၌ သာသနာ ကွယ်ခြင်းအကြောင်းကို အနည်းငယ်ပြောရမည်သာ။
* သာသနာမှာ အန္တရဓာန - ကွယ်ပျောက်ခြင်းငါးမျိုးရှိ၏။ ယင်းတို့မှာ -
၁။ အဓိဂမအန္တရဓာန - မဂ် ဖိုလ် နိဗ္ဗာန်ရရှိသူများ ကွယ်ပျောက်ခြင်း၊
၂။ ပဋိပတ္တိအန္တရဓာန - မဂ် ဖိုလ် နိဗ္ဗာန်ရကြောင်း အကျင့်တရားများကို ကျင့်ပွားနေသူများ ကွယ်ပျောက်ခြင်း၊
၃။ ပရိယတ္တိအန္တရဓာန - ပိဋကတ်စာပေကျမ်းဂန်များ ကွယ်ပျောက်ခြင်း၊
၎။ လိင်္ဂအန္တရဓာန - ရဟန်းတော်တို့၏ အသွင်အပြင်များ ကွယ်ပျောက်ခြင်း၊
၅။ ဓာတုအန္တရဓာန - ဓာတ်တော်မွေတော်များ ကွယ်ပျောက်ခြင်းတို့ ဖြစ်ပါသည်။
* ထိုတွင် စတုတ္ထအချက်ကို ကြည့်ခြင်းအားဖြင့် သင်္ကန်းရဲ့ အရေးပါပုံကို သိသာပါသည်။ ပစ္စည်းလေးပါး တို့တွင် သင်္ကန်းသည် သာသနာတော်၏ အသက်ဖြစ်ပါသည်။ ယခုခေတ်ခါ အကျွန်ုပ်တို့ နဂရာ၌ ``ဆွမ်းမရှိ ရင် မဖြစ်ပါဘူးရှင်၊ ဆွမ်းဟာ သာသနာရဲ့အသက်ပါ၊ ဆွမ်းရှိမှ သာသနာတည်နိုင်ပါတယ်´´ဟု အလှူ ခံဌာန အသီးသီးတို့မှ အော်နေမှုကို အကျွန်ုပ်ရဲ့ တစ်ကိုယ်ရေ ခံစားချက်အနေနဲ့ လုံးဝလက်မခံနိုင်ပါ။ စဉ်းစားပါကုန်။
* မဂ် ဖိုလ် နိဗ္ဗာန်ရရှိသူများ၊ မဂ် ဖိုလ် နိဗ္ဗာန်ရကြောင်းအကျင့်ကို ကျင့်ပွားနေသူများ၊ အကျင့်တရားတို့၏ တည်မှီရာ ပိဋကတ်စာပေကျမ်းဂန်များ ကွယ်ပျောက်သွားရုံနဲ့ သာသနာလုံးဝ ကွယ်သွားပြီလို့ မပြောနိုင်သေး ပါဘူး။
* လိင်္ဂသာသနာလို့ခေါ်တဲ့ ရဟန်းတို့ရဲ့ အသွင်အပြင် ကွယ်သွားမှသာလျှင် သာသနာတကယ်ကွယ်သား
တာပါ။ ထို့ကြောင့် သင်္ကန်းသည် သာသနာကွယ်မှု, မကွယ်မှုရဲ့ သင်္ကေတဖြစ်ပါသည်။ သို့မဟုတ်၊ သင်္ကန်းသည် ရဟန်းတို့၏ အလံတံခွန်-အရဟဒ္ဓဇ ဖြစ်ပါသည်။
* ဟုတ်၏။ ကတုံးပြောင်အောင် တုံးတိုင်းသာ ``ရဟန်း´´အမှတ်ဖြင့် ရှိခိုးဦးချ ရိုသေကြရမည်ဆိုလျှင်
ဘော့လုံးကြည့်တိုင်း ရှိခိုးဦးချရမည်သာ။ ထို့အတူ ဂန္ထဓူရ - အရ  ပိဋကတ်စာပေ သင်ကြားရုံ၊ ၀ိပဿနာဓူရ -အရ
ဝိပဿနာရှုမှတ်ရုံ၊ သီလပြည့်စုံရုံမျှဖြင့် ``ရဟန်း´´ဟု မခေါ်ထိုက်။ မခေါ်ရ။ ပိဋကတ်စာပေ သင်ကြားမှု၊ တရားကျင့်မှု၊ သီလပြည့်စုံမှု မရှိသော်လည်း အရဟဒ္ဓဇ-ဟု ခေါ်အပ်သောသင်္ကန်းကို ၀တ်ရုံထားက ``ရဟန်း´´ဟုပင် ခေါ်ဝေါ်ကြရ၏။ ခေါ်ထိုက်၏။
* ထို့ကြောင့် သင်္ကန်းသည် သာသနာတော်၏ အရေးပါသော ပစ္စည်းတစ်ခုဖြစ်၏။ ထိုအရေးပါသော ပစ္စည်းဖြင့် ကထိန်ခင်းခွင့် ပြုထားသောကြောင့် ကထိန်ကို အကျွန်ုပ်ကြိုက်ခြင်းဖြစ်ပါသည်။
* ထိုသင်္ကန်းဆိုသည်မှာလည်း ကထိန်ခံရဟန်းတော်က တိုက်ရိုက်ဖြစ်စေ, သွယ်ဝိုက်၍ဖြစ်စေ စီမံ ချုပ်လုပ် အလှူ ခံထားသော သင်္ကန်းမျိုး မဟုတ်ရ၊ တစ်ညဥ့်လွန်၍ သိုးသောသင်္ကန်းမျိုး မဟုတ်ရ၊ ပုဂ္ဂိုလ်ကို ရည်စူးသော သင်္ကန်းမျိုး မဟုတ်ရ။ ထိုသင်္ကးမျိုးဖြင့် ကထိန်မခင်းရ။ မိုးပေါ်က ကျလာသည့်ပမာ အလှူ ရှင်က မိမိသဒ္ဓါတရားအားလျှော်စွာ ဖြစ်ပေါ်လာသော သံဃိကသင်္ကန်းမျိုးဖြင့်သာ ကထိန်ခင်းခွင့် ပြုထား၏။
* ဗုဒ္ဓသည် တစ်ကိုယ်တော် ကောင်းစားရေးကို အားမပေး။ အများကောင်းစားရေနဲ့ ညီညွတ်စွာ ရွေးချယ်မှု ကိုသာ အားပေး၏။ ထို့ကြောင့် အကျွန်ုပ် ကထိန်ခင်းခြင်းအမှုကို ကြိုက်နှစ်သက်မိပါသည်။



* အကျွန်ုပ်ကြိုက်သော ကထိန်အကြောင်း (၃) ......
* တတိယအကြောင်းကိုတော့ ``ပုဂ္ဂလအပရိယန္တဒါန´´ဟု ဆိုခြင်ပါသည်။
* အဘယ်ကြောင့်ဆိုသော် ``ဦးတိဿ        ကို လှူ ပါ၏၊ ဦးဒတ္တကို လှူ ပါ၏´´စသည်ဖြင့် ပုဂ္ဂိုလ်ကို ရည်ညွှန်း၍ မလှူ ရ။ ပုဂ္ဂိုလ်ကို မပိုင်းခြားပဲ သံဃာကိုသာ ရည်ညွှန်း၍ လှူ ရ၏။ တစ်ဦးတစ်ယောက် ကောင်းစားရေးထက်
အများကောင်းစားရေးက ပိုမို အကျိုးကြီးမားသည်ကို အထူးယုတ္တိရှာစရာ မလို-ဟု ထင်သည်။ ထို့ကြောင့် အကျွန်ုပ် ကထိန်အလှူ ကို ကြိုက်ပါသည်။

* ဗုဒ္ဓသည် တစ်ကိုယ်တော် ကောင်းစားရေးကို အားမပေး။ အများကောင်းစားရေးနဲ့ ညီညွတ်စွာ ရွေးချယ် မှုကိုသာ အားပေးသည်။ သို့ဖြစ်၍ ကထိန်သင်္ကန်းသည် သံဃိကဒါနစစ်စစ်ဖြစ်သော်လည်း သံဃာက
တဆင့် ညီညွတ်စွာနဲ့ ပုဂ္ဂိုလ်ကို ရွေးချယ်ပေးရပြန်သည်။

* ထိုသို့ ရွေးချယ်ရာ၌လည်း သံဃာက ရွေးချယ်ခံရမည့် ပုဂ္ဂိုလ်သည် ပုရိမ၀ါမှထသော ပုဂ္ဂိုလ်ဖြစ်ရမည်။ ၀ါးကျိုးသော ပုဂ္ဂိုလ်, ၀ါပြတ်သော ပုဂ္ဂိုလ်, တခြားကျောင်း၌ ၀ါဆိုသောပုဂ္ဂိုလ်မျိုး မဟုတ်ရ။ ရှေးဦးစွာ ပြုအပ်
သော ပုဗ္ဗကရဏကိစ္စစသော မာတိကာရှစ်ပါးကို မသိသောပုဂ္ဂိုလ် မဟုတ်ရ။ ၀ါမကျိုး ၀ါမပြတ် ကထိန်ခင်းရာ
ကျောင်းတိုက်အတွင်း၌သာ ၀ါဆို၍ ပုဗ္ဗကရဏစသော မာတိကာရှစ်ပါးကို သိသောပုဂ္ဂိုလ်မျိုးကိုသာ ရွေးချယ်
ပေးရ၏။ ဆိုလိုသည်မှာ သံဃာကရွေးချယ်ပေးသော ပုဂ္ဂိုလ်ဆိုသည်မှာလည်း အရည်အချင်းပြည့်ဝသော
ပုဂ္ဂိုလ်သည်သာလျှင် ကထိန်ခံထိုက်၏။ ကထိန်ခင်းရ၏။ ထို့ကြောင့် ကထိန်အလှူကို ကြိုက်ခြင်းဖြစ်၏။


* အကျွန်ုပ်ကြိုက်သော ကထိန်အကြောင်း (၄) .....
* စတုတ္ထအကြောင်းကိုတော့ ``အာနိသံသဒါန´´ဟု ဆိုရမည် ဖြစ်၏။
* ဟုတ်၏။ အကျွန်ုပ်တို့ ရဟန်းတော်များသည် ၀ါတွင်းကာလ၌ ဓူရနှစ်ဖြာကို ၀ါပအချိန်ထက် အလေးထား
အားထုတ်ရ၏။ အရေးကြီးသော အကြောင်းပြချက်မရှိပဲ ၀ါဆိုရာကျောင်းတိုက်အတွင်းမှ ညဥ့်အိပ်ညဥ့်နေ
မသွားရ။ ထိုသို့ ၀ိနည်းဥပဒေကို လေးစားစွာ လိုက်နာမှုကြောင့် ဗုဒ္ဓသည် အခွင့်ထူးငါးရပ်ကို အကျွန်ုပ်တို့အား ပေးထား၏။ ယင်းအခွင့်ထူးငါးရပ်မှာ -

      ၁။ အကျွန်ုပ်တို့ ရဟန်းတော်များသည် အစေလက၀ဂ်-စာရိတ္တသိက္ခာပုဒ်အရ ပင့်ဖိတ်ထားသော ဆွမ်းစားရှိပါလျက် ထင်ရှားရှိသော ရဟန်းကို မပြန်ကြားမူ၍ ဒါယကာတပါးအိမ်သို့ လှည့်လည်သော
ရဟန်းမှာ အပြစ်ဖြစ်ပါသည်။ သို့သော် ၀ါတွင်းကာလမှာ ၀ိနည်းဥပဒေတော်နှင့်အညီ နေထိုင်ခဲ့သော် ကထိန်
ခင်းရာ ခေတ်ကာလမှာတော့ တစ်လတိတိ ကင်းလွတ်ခွင့် ပေးထားပါတယ်။ ဒါကို ``အနာမန္တစာရ´´ဟု ခေါ်
ပါတယ်။

          ၂။ ဒုတိယကထိနသိက္ခာပုဒ်အ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော ရဟန်းတော်များမှာ မိမိတို့ အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်နှင့် ညဥ့်ကင်းခွင့် မရှိပါဘူး။ ညဥ့်ကင်းလျှင် အပြစ်ဖြစ်ရုံမျှမက ညဥ့်ကင်းသွားသော သင်္ကန်းကိုလည်း ၀ိနည်းစည်းကမ်းနှင့်အညီ စွန့်ပစ်ရပါတယ်။ သို့သော် ၀ါတွင်းကာလမှာ ၀ိနည်းဥပဒေတော်နှင့်အညီ နေထိုင်နိုင်ရင် ကထိန်ခင်းရာ ခေတ်ကာလတစ်လမှာတော့ ကင်းလွတ်ခွင့်ရှိပါတယ်။ ဒါကို ``အသမာဒါနစာရ´´လို့ ခေါ်ပါတယ်။
         ၃။ ဂဏဘောဇနသိက္ခာပုဒ်အရ လူဒါယကာတို့က မအပ်သောနည်းဖြင့် ပင့်ဖိတ်ထားတဲ့ဆွမ်းကို ရဟန်းလေးပါးအတူဘုဉ်းပေးမိပါက အပြစ်ဖြစ်ပါတယ်။ သို့သော် ၀ါတွင်းကာလ ၀ိနည်းဥပဒေတော်နှင့်အညီ
နေထိုင်သောရဟန်းတော်တို့မှာ ကထိန်ခေတ်ကာလ တစ်လတိတိမှာတော့ မည်သည့်နည်းဖြင့် ပင့်ဖတ် ပင့်ဖိတ် ဘုဉ်းပေးကောင်းပါတယ်။ ဒါကို ``ဂဏဘောဇန´´ဟု ခေါ်ပါတယ်။

         ၄။ ပထမကထိနသိက္ခာပုဒ်အရ ဖြစ်ပေါ်လာသော အပိုသင်္ကန်းကို ဆယ်ရက်အတွင်းမှာ အဓိဋ္ဌာန်တင်
ရမည်။ မတင်မိက အပြစ်ဖြစ်သလို အပိုသင်္ကန်းကိုလည်း ၀ိနည်းဥပဒေအရ စွန့်ပစ်ရ၏။ သို့သော် ၀ါတွင်း
ကာလ ၀ိနည်းဥပဒေတော်နှင့်အညီ နေထိုင်ခဲ့သော် ကထိန်ခေတ်ကာလ တစ်လတိတိတော့ အပိုသင်္ကန်းကို
အဓိဋ္ဌာန်မတင်ဘဲ ထားနိုင်၏။ ဒါကို ``ယာဝဒတ္တ စီဝရ´´ဟု ခေါ်ပါသည်။

       ၅။ ကထိန်ခင်းသော ကျောင်းတိုက်မှာ သင်္ကန်းစသော သံဃိကလာဘ်လာဘများ ဖြစ်ပေါ်လာက သံဃာနှင့် ခွဲဝေ သုံးဆောင်ရ၏။ မသုံးဆောင်က အပြစ်ဖြစ်၏။ သို့သော် ၀ါတွင်းကာလ ၀ိနည်းဥပဒေတော်နှင့် အညီ နေထိုင်နိုင်က သံဃိကလာဘ်ကို မခွဲဝေဘဲ သုံးဆောင်ကောင်း၏။ ဒါကိုတော့
``ယော စ တတ္ထ စီဝရုပ္ပါဒ´´ဟု ဆိုရ၏။

    * အကျွန်ုပ်တို့ ရဟန်းတော်များ ၀ိနည်းဥပဒေကို လေးစားက ထိုကဲ့သို့ အခွင့်ထူးငါးမျိုးကို ခံစားခွင့်ပေးထား
၏။ ဤသည်ကို ထောက်ဆသောအားဖြင့် လောကတွင် ဥပဒေဟာ အရေးပါလှကြောင်းကို ဗုဒ္ဓသည် မီးမောင်းထိုးပြပေးသွား၏။ ထို့နောက် ဗုဒ္ဓသည် ဥပဒေတော်၏ အကျိုးအာနိသံသကြီးမားလှပုံကို ကထိန်ခင်း
ခွင့်ပြုသောအားဖြင့် ထပ်မံ၍ မီးမောင်းထိုးပြသွားပြန်သွားပါသည်။

      * ဟုတ်၏။ ဗုဒ္ဓသည် ဥပဒေတော်နှင့်အညီ ကထိန်ခင်းခွင့်ပြုပြီး ကထိန်ခံသော ကထိန်ခင်းသော
ရဟန်းနှင့် အနုမောဒနာပြုသော ရဟန်းတို့အား ``အနာမန္တစာရ´´စသော အခွင့်ထူးငါးရပ်ကို ကထိန်ခင်းရာ
ခေတ်ကာလ တစ်လတာတွင်းသာမကဘဲ နောက်ထပ်လေးလတိုးပြီး တပေါင်းလပြည့်နေ့အထိ အကျိုးခံစား
ခွင့် ပေးထား၏။ ထိုသို့ ဥပဒေတော်၏ အရေးပါပုံနှင့် အကျိုးအာနိသံသကို မီးမောင်းထိုးပြသောကြောင့်
အကျွန်ုပ် ကထိန်ကို ကြိုက်နှစ်သက်မိပါသည်။

       * သို့ဖြစ်၍ ဤကထိန်ဒါနသည် -
၁။ ကာလပရိယန္တ၀ိသုဒ္ဓိဒါန - စင်ကြယ်သော အချိန်ကာလကို ပိုင်းခြား၍ လှူ ရသောအလှူ ၊
၂။ ၀တ္ထုပရိယန္တဒါန - အလှူ ၀တ္ထုကို ပိုင်းခြား၍ လှူ ရသောအလှူ ၊
၃။ ပုဂ္ဂလအပရိယန္တဒါန - ပုဂ္ဂိုလ်ကို မပိုင်းခြား၍ လှူ ရသောအလှူ ၊
၎။ အာနိသံသဒါန - အကျိုးရလာဒ်ကို ဆက်ပေးသောအလှူ  - ဟု အကျွန်ုပ် သုံးသပ်ခံစားမိပါသည်။ ထို့ကြောင့် အကျွန်ုပ်သည် ကထိန်ကို များစွာကြိုက်နှစ်သက်မိပါသည်။

* ကထိန်အစ ရှာပုံတော်က ......
* ထိုသို့ အကျွန်ုပ်ကြိုက်နှစ်သက်သော ကထိန်ကို အစကောက်ရလျှင် ဘဒ္ဒ၀ဂ္ဂီညီနောင်တို့မှ စရမည်ဖြစ်
သည်။ အကျွန်ုပ်တို့ မြတ်ဗုဒ္ဓသည် ဗာရဏသီပြည် ဥရုဝေလတောရဲ့ တောအုပ်တစ်ခုမှာ သီတင်းသုံးစဉ် ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးဆယ်တို့သည် သား မယားနှင့်တကွ တောကစားထွက်ကြ၏။ သို့သော် ညီနောင် တစ်ယောက်မှာ မယားမရှိ၍ အပျော်မယားတစ်ယောက် ခေါ်လာရ၏။ ညီနောင်တို့သည် တောထဲမှာ အပျော်
ကြူး၍ မူးမေ့နေကြ၏။ ထိုအချိန် အပျော်မယားသည် လက်ဝတ်ရတနာ ဒွါရယာတို့ကို ယူ၍ ထွက်ပြေးသွား၏။

      * မူးမေ့ရာမှ သတိလည်လာသောအခါ လက်ဝတ်ရတနာတို့ကို အပျော်မယား ခိုးယူပြေးကြောင်း သိ၏။ လိုက်လံရှာဖွေကြ၏။ ဥရုဝေလတောရဲ့ တောအုပ်တစ်ခုမှာ မြတ်ဗုဒ္ဓနှင့် တွေ့၏။ ညီနောင်တို့သည် ``မိန်းမ
တစ်ယောက် မြင်မိသလား´´ဟု မြတ်ဗုဒ္ဓကို မေးကြ၏။ မြတ်ဗုဒ္ဓသည် ဘဒ္ဒ၀ဂ္ဂီညီနောင်တို့၏ ဖြစ်စဉ်ကို
မေး၏။ ညီနောင်တို့ကလည်း အကြောင်းစုံ လျှောက်ထားကြ၏။

     * မြတ်ဗုဒ္ဓသည် ``ညီနောင်တို့ လောကကြီးမှာ မိမိကိုယ်ကို ရှာဖွေတာနဲ့ မိန်းမ (သူတစ်ပါး) ကို ရှာဖွေတာ
ဘယ်ဟာက မြတ်သလဲ´´ဟု မေး၏။ ညီနောင်တို့လည်း ``မိမိကိုယ်ကို ရှာဖွေခြင်းကသာမြတ်ကြောင်း´´
လျှောက်ထား၏။ ဒီလိုဆိုလျှင် ``ညီနောင်တို့ ထိုင်ကြလော့၊ ငါဘုရား တရားဟောမည်´´ဟု မိန့်တော်မူကာ ဒါနကထာ, သီလကထာ, သဂ္ဂကထာ, ကာမာနံ အာဒီန၀ကထာစသည်တို့ကို ပြတော်မူ၏။

      * ထို့နောက် သာမုက္ကံသိကာ ဓမ္မဒေသနာကို ဟောတော်မူသည်၏အဆုံး၌ ညီနောင်တို့ ပညာမျက်စိ အလင်းပွင့်၍ သောတာပတ္တိမဂ်ဆိုက်ရောက်ကြပါသည်။ သာသနာ့ဘောင်သို့လည်း ရောက်လာကြပါသည်။
      * ဟုတ်၏။ အကျွန်ုတို့သည် သံသရာတစ်လျှောက် သူတစ်ပါးတို့သာလျှင် ရှာဖွေနေကြ၏။ မိမိကိုယ်ကို ရှာဖွေဘို့ကိုကား မေ့နေကြ၏။ ဤနေရာ၌ ရှာဖွေခြင်းနှစ်မျိုးရှိကြောင်းကို တွေ့ရှိရ၏။ ယင်းတို့မှာ အရိယာတို့၏ ရှာဖွေခြင်းနှင့် အရိယာမဟုတ်သော ပုဂ္ဂိုလ်တို့၏ ရှာဖွေခြင်းဖြစ်၏။
      * ထိုတွင် အရိယာပုဂ္ဂိုလ်တို့သည် မိမိတို့ ကိုယ်တိုင်က အိုခြင်းသဘောရှိသည်ဖြစ်၍ အိုခြင်း၏ အပြစ်ကို
မြင်ကာ အိုခြင်းမရှိသော တရားကို ရှာဖွေ၏။ မိမိတို့ ကိုယ်တိုင်က နာခြင်းသဘောရှိသည်ဖြစ်၍ နားခြင်း၏ အပြစ်ကို မြင်ကာ နာခြင်းမရှိသော တရားကို ရှာဖွေ၏။ မိမိတို့ ကိုယ်တိုင်က သေခြင်းသဘောရှိသည်ဖြစ်၍
သေခြင်း၏ အပြစ်ကို မြင်ကာ သေခြင်းမရှိသောတရားကို ရှာဖွေ၏။ မိမိတို့ ကိုယ်တိုင်က ညစ်ညူခြင်း
သဘောရှိသည်ဖြစ်၍ ညစ်ညူးခြင်း၏ အပြစ်ကို မြင်ကာ ညစ်ညူးခြင်းမရှိသောတရားကို ရှာဖွေ၏။ ဤသည်မှာ အရိယာတို့၏ ရှာဖွေခြင်းဖြစ်၏။


* အကျွန်ုပ်တို့ ပုထုဇဉ်မျာသည်ကား ပြောင်းပြန်ဖြစ်၏။ မိမိတို့ ကိုယ်တိုင်က အိုခြင်းသဘောရှိပါလျက် အိုခြင်း
သဘောရှိသောတရားကိုပင် ရှာဖွေလေ့ရှိ၏။ မိမိတို့ ကိုယ်တိုင်က နာခြင်းသဘောရှိပါလျက် နာခြင်းသဘော
ရှိသောတရား, မိမိတို့ ကိုယ်တိုင်က သေခြင်းသဘောရှိပါလျက် သေခြင်းသဘောရှိသောတရား, မိမိတို့ ကိုယ်တိုင်က ညစ်ညူးခြင်းသဘောရှိပါလျက် ညစ်ညူးခြင်းသဘောရှိသောတရားကိုသာ ရှာဖွေလေ့ရှိကြ၏။ ရှာပုံတော် မှားလေစွ။

* ဤ၌ ဘဒ္ဒ၀ဂ္ဂီညီနောင်တို့သည် ပထမ ပုထုဇဉ်ပီပီ မိမိတို့ ကိုယ်တိုင်က အိုခြင်းသဘောရှိပါလျက် အိုခြင်း
သဘောရှိသော မိန်းမကို ရှာဖွေမိကြ၏။ မြတ်ဗုဒ္ဓနှင့်တွေ့မှ အိုခြင်း, နာခြင်း, သေခြင်း, ညစ်ညူးခြင်းသဘော
မရှိသောတရားကို ရှာရကောင်းမှန်း သိကြ၏။ သိသည့်အလျှောက် ရှာဖွေကြ၏။ ``လေ့လာတော့ တတ်ကျွမ်း၊ ရှာဖွေတော့ တွေ့ရှိ´´ဆိုသလို ရှာဖွေတော့ တစ်မဂ်တစ်ဖိုလ် လေးမဂ်လေးဖိုလ် တွေ့ရှိခံစားကြ ရ၏။

* ဤအချက်ကို ထောက်ဆ၍ လောက၌ ပတ်ဝန်းကျင်ကောင်း, ဆရာကောင်း, မိတ်ကောင်း
-ဆွေကောင်းသည် အလွန်လိုအပ်လှကြောင်း လေ့လာခံစားမိပါသည်။


* ပါဝေယျကတိုင်းသာ ဘဒ္ဒ၀ဂ္ဂီညီနောင်သုံးကျိပ်တို့သည် အရညကင်ဓုတင်, ပိဏ္ဍပါတ်ဓုတင်, ပံသုကူဓုတင်, တိစီဝရိတ်ဓုတင်ဆောင် ရဟန်းများဖြစ်ကြ၏။ ထိုညီနောင်ရဟန်းတို့သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းသို့
ဘုရားဖူးကြွအလာ ၀ါဆိုချိန်မမီ၍ သာဝတ္ထိနှင့် ခြောက်ယူဇနာကွာသော သာကေတမြို့မှာ ၀ါဆို ၀ါကပ်ကြရ၏။

* ၀ါလကင်းလွတ် သီတင်းကျွတ်၍ ပ၀ါရဏာပြုပြီးသောအခါ သာဝတ္ထိသို့ ဘုရားဖူးခရီးစဉ် ဆက်နှင်ကြ၏။ လမ်းမှာ မိုးမိပြီး ခက်ခဲပင်ပန်းစွာနဲ့ ဗုဒ္ဓထံပါ ခစားကြ၏။ မြတ်ဗုဒ္ဓသည် ဘဒ္ဒ၀ဂ္ဂီညီနောင်ရဟန်းတို့၏ ခက်ခဲ ပင်ပန်းမှုကို အကြောင်းပြုပြီး ``အနုဇာနာမိ ဘိက္ခဝေ´´စသည်ဖြင့် မိန့်တော်မူကာ ပုရိမ၀ါမှ ကောင်းစွာ ထမြောက်ကုန်သော ရဟန်းတို့အား ကထိန်ကို ခွင့်ပြုတော်မူ၏။ ကထိန်ခင်းသောရဟန်းတို့အား ``အနာမန္တစာရ´´စသော အကျိုးခံစားခွင့်ငါးရပ်ကိုလည်း ခွင့်ပြုပေးတော်မူပါသည်။
* ဤကဲ့သို့ ရှာဖွေမှုနဲ့ မကင်းသော လူ့လောကကြီးမှာ စစ်မှန်သော ရှာဖွေမှုနှင့် စစ်မှန်သော အဖော်ကောင်း, ပတ်ဝန်းကျင်ကောင်း`. မိတ်ကောင်းဆွေကောင်း, ဆရာကောင်းများနှင့်ကင်း၍ ဘ၀သမ္ပတ္တိ မဖြစ်နိုင်ကြောင်း
မီးမောင်းထိုးပြသွားသော ဖြစ်စဉ်များကြောင့် အကျွန်ုပ်အနေဖြင့် ကထိန်အလှူကို ကြိုက်နှစ်သက်မိကြောင်း
ရေးသားတင်ပြလိုက်ရပါကြောင်း ......

* ထိုမှတပါး ကထိန်နှင့်စပ်၍ သိအပ် သိသင့် သိထိုက်သော ၀ိနည်းဥပဒေများစွာရှိပါသေးသည်။ သို့ဖြစ်၍
ဓမ္မမိတ်ဆွေတို့အနေဖြင့် ထပ်မံသိရှိလိုပါက ၀ိနည်းမဟာဝါ, ပရိဝါ, ၀ိနယာလင်္ကာရစသည်တို့မှာ ရှာဖွေ မှတ်သား မျှဝေ ခံစားနိုင်ကြပါစေဟု ဆန္ဒပြုရင်း .........


အရှင်သီလာစာရ၊ မြတောင်ကျောင်း (၁၃၇၆-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၃) ရက်၊ 25.10.2014-စနေနေ့
ညနေ ၅း၂)