Wednesday, August 28, 2013
ပဋ္ဌာနပစ္စယနိဒ္ဒေသပါဠိနိဿယ
`` ပဋ္ဌာနပစ္စယနိဒ္ဒေသပါဠိနိဿ ´´
ပဋ္ဌာနသေသကံ အဟံ ၀န္ဒာမိ .....
ဟေတုပစ္စယော            အာရမ္မဏပစ္စယော
အဓိပတိပစ္စယော          အနန္တရပစ္စယော
သမနန္တရပစ္စယော         သဟဇာတပစ္စယော
အညမညပစ္စယော        နိဿယပစ္စယော
ဥပနိဿယပစ္စယော      ပုရေဇာတပစ္စယော
ပစ္ဆာဇာတပစ္စယော        အာသေ၀နပစ္စယော
ကမ္မပစ္စယော                ၀ိပါကပစ္စယော
အာဟာရပစ္စယော        ဣန္ဒြိယပစ္စယော
ဈာနပစ္စယော               မဂ္ဂပစ္စယော
သမ္ပယုတ္တပစ္စယော       ၀ိပ္ပယုတ္တပစ္စယော
အတ္ထိပစ္စယော              နတ္ထိပစ္စယော
ဝိဂတပစ္စယော             အ၀ိတဂတပစ္စယော ....။
       * ဟေတုပစ္စယော၊ ရေသောက်မြစ်လျှင် ယင်းသစ်ပင်ကို စိမ်းရွှင်ညွန့်ဝေ စည်ပင်စေထ ထောက်ပံ့မသို့ သဟဇာတံ ရုပ်နှင့်နာမ်ကို သန္ဓေပ၀တ် မလွတ်စေရ သဘာဂတာ ဆယ့်နှစ်ဖြာတွင် ကောင်းစွာခိုင်ကြည် တည်သည်၏အဖြစ်ကို သိစေတတ်သော ဟေတုသတ္တိထူးဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော ဟိတ်ခြောက်ပါး ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေ
သည်တကား .....
       *  အာရမ္မဏပစ္စယော၊ တောင်ဝှေးကြိုးတန်း သူမစွမ်းကို မပန်းရလေ ထိုင်ထစေဖို့ စိတ်, စေလေးတန် နာမက္ခန်ကို ဖြစ်ဟန်တူစွာ ရှစ်သဘာတွင် ဆွဲထောက်ရာအာရုံ၏အဖြစ်တည်းဟူသော အာရမ္မဏသတ္တိ ထူးဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော အာရုံခြောက်ပါးပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
        *  အဓိပတိပစ္စယော၊ စကြာဘုန်းငူ များဗိုလ်လူတို့ ပြိုင်သူမရှိ အုပ်စိုးဘိသို့ မိမိဆိုင်ရာ နာမ်ခန္ဓာဝယ်
ကောင်းစွာစိုးဘိ သတ္တိရှိသော အဓိပတိလေးပါး သဟဇာတ ပစ္စည်းတရားနှင့် ခြောက်ပါးအာရုံ အဖုံဖုံသော  အာရမ္မဏာဓိပတိ
ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * အနန္တရပစ္စယော၊ ပျော်စံနတ်ရွာ စကြာမင်းဖျား သားကြီးအားသို့ အခြားမဲ့နေ စိတ်နှင့်စေကို မသွေ-
တူစွာ ဖြစ်စိမ့်ငှါဖြင့် လျော်စွာသတ္တိ အစွမ်းရှိသား ရှေးရှေးသော နာမ်ခန္ဓာလေးပါး အနန္တရ
ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * (တနည်း) အနန္တရပစ္စယော၊ စတုဒီပ စက္ကိန္ဒသည် သားလှသည်းချာ သြရသာကို နန်းလျာထီးဖြူ
ဆောင်နှင်းမူလျက် နတ်ရွာတက်၏သို့ ပဋိသန္ဓေအစရှိသော ရှေးရှေးသော နာမက္ခန္ဓာတို့အား မိမိ၏ အခြားမဲ့၌ ဖြစ်ခွင့်ပေး၍ ကျေးဇူးပြုခြင်းလက္ခဏာရှိသော အနန္တရ
ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * သမနန္တရပစ္စယော၊ စည်းစိမ်မမက် တောကြီးထွက်သည့် စက္က၀တ်မင်းဖျား သားကြီးအားသို့ အခြားမဲ့နေ စိတ်နှင့်စေကို မသွေသိပ်သဲ တစ်စိတ်ထဲသို့ အကွဲအပြား အကြားမရှိ မိမိနှင့်တူစွာ ကျေးဇူးပြုနိုင်
သော သတ္တိရှိသော သမနန္တရ
ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * သဟဇာတပစ္စယော၊ အလင်းဖြစ်မှု ဆီမီးပြုသည့် တန္တုပမာ သဟဇာတ နာမနှင့်ရုပ် ဘူတုပ္ပါဒါ သန္ဓေ-
ခါလည်း ၀ိပါက၀တ္ထု ယင်းခြောက်ခုအား တူငြားအဋ္ဌ သဘာဂတွင် တကွမကွေ ဖြစ်စေခြင်းဟူသော သဟ-
ဇာတ သတ္တိထူးဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော နာမ်မဟာဘု ၀တ္ထု, ၀ိပါက သဟဇာတခြောက်ပါး
ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * အညမညပစ္စယော၊ သစ်သားသုံးခွ ချင်းချင်းမသို့ ဥပကာရာ ထောက်ပံ့လာသော နာမ်မဟာဘု ၀တ္ထု, နာမ်အား တူရှစ်ပါးတွင် ထောက်ထားလှန်ပင်း အချင်းချင်းဟူသော အညမညသတ္တိထူးဖြင့် ကျေးဇူးပြုခြင်း
လက္ခဏာရှိသော နာမ်, မဟာဘု ၀တ္ထု, ပါက အညမညသုံးပါး
ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * နိဿယပစ္စယော၊ သစ်ပင်စိုက်မြေ သစ်ပင်တွေ၏ မသွေမှီရာ ပုံပမာနှင့် တစ်ဖြာပန်းချီ ဆေးရုပ်မှီဖို့
ညီညီကြက်ထား အ၀တ်ကားသို့ ဖြစ်ငြားမသွေ ရှေးရှေးမြေလျှင် ဖြစ်ရာ မှီရာ တည်ရာဖြစ်သော သတ္တိထူးဖြင့်
ကျေးဇူးပြုခြင်းလက္ခဏာရှိသော သဟဇာတနိဿယ ပုရေဇာတနိဿယနှစ်ပါး
ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * ဥပနိဿယပစ္စယော၊ မိုးနှင့်မကင်း စုံခပင်းတို့ မိုးတွင်းခြိမ်အုံး ထစ်ချုန်းမြည်ကျိုး ရွာသည့်မိုးသို့ သုံးမျိုး
ပြားလတ် စိတ္တုပ္ပါဒ်အား ကြီးမားလှစွာ မှီရာဖြစ်သော အာရမ္မဏူပ, အနန္တရူပ, ပကတူပနိဿယ
ပစ္စည်းတရား-
သည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * ပုရေဇာတပစ္စယော၊ အလင်းမှီနေ များဗိုလ်ခြေကို ကပ္ပေစစွာ ပေါ်လာထွန်းပ နေနှင့်လသို့  နောက်မှ-
ဖြစ်လေ စိတ်နှင့်စေအား ပုရေဇာတ သတ္တိထူးဖြင့် ကျေးဇူးပြုတတ်သော ၀တ္ထုပုရေဇာတ, အာရမ္မဏပုရေ-
ဇာတ နှစ်ပါး
ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေ
သည်တကား .....
       * ပစ္ဆာဇာတပစ္စယော၊ ပေါက်ခါစရွယ် လင်းတငယ်အား တာတွယ်အာသာ စေတနာသို့   ဦးစွာဖြစ်ကြ
ကိုယ်ကာယအား နောက်မှဖြစ်ဦး သတ္တိထူးဖြင့် ကျေးဇူးပြုနိုင်သော နာမ်ခန္ဓာလေးပါး
ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * အာသေ၀နပစ္စယော၊ နောက်နောက်မွန်လေး သာလွန်မွှေးအောင် ရှေးရှေးထုံထား နံ့သာလားသို့
မခြားမပြတ် မျိုးဇာတ်တူသော နောက်နောက်ဇောအား ကျေးဇူးပြုနိုင်သော စွမ်းပကားအဟုန် ထုံစေနိုင်-
သော ရှေးရှေးသော လောကီဇောဟူသော အာသေ၀န
ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * ကမ္မပစ္စယော၊ သစ်ပင်တို့အား မျိုးစေံလားသို့ အားပါးထုတ်ထ ဗျာပါရဖြင့် ကြောင့်ကြကြီးစွာ စေတနာ
ဟူသော သဟဇာတကမ္မ, နာနာက္ခဏိကကမ္မနှစ်ပါး
ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * ၀ိပါကပစ္စယော၊ ချမ်းရိပ်နားနေ သွင်းလေပြေသို့ တစ်သွေဖြစ်ဟန် နာမက္ခန်ကို ပူပန်ဝေးလျက် ငြိမ်သက်စေနိုင်သော ၀ိပါက်ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * အာဟာရပစ္စယော၊ မယိမ်းမယိုင် ခိုင်စေသောအား ထောက်သည့်ကျားသို့ နှစ်ပါးရုပ်နာမ် သဟဇံနှင့်
လေးတန်ကြောင်းအင် ရုပ်အစဉ်ကို မပြိုမကျ မလဲရအောင် ထောက်ပံ့သောအား ကျေးဇူးများသော နာမ်-
အာဟာရသုံးပါး သြဇာဟူသော ရုပ်အာဟာရ
ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * ဣန္ဒြိယပစ္စယော၊ တစ်ပြည်တွင်း၌ ချင်းချင်းမဆန့် သီးမသန့်ဘဲ ခွဲခန့်ပိုင်စား မှူးမတ်များသို့ သုံးပါး-
ပြားလတ် သဟဇာတ်နှင့် ဓာတ်ပဥ္ဒ၀ိညာဏ ကမ္မဇကို မိမိအလိုသို့ လိုက်စေနိုင်သော သတ္တိထူးဖြင့် ကျေးဇူး-
ပြုနိုင်သော သဟဇာတိန္ဒြိယ, ပုရေဇာတိန္ဒြိယ, ရူပဇီဝိတိန္ဒြိယသုံးပါး
ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * ဈာနပစ္စယော၊ သစ်ပင်တောင်ငူ တက်သည့်သူသည် အောက်လူတို့အား ပြောသည့်လားသို့   နှစ်ပါး-
ရုပ်နာမ် သဟဇံအား ရှုစားစေခြင်းဟူသော သတ္တိထူးဖြင့် ကျေးဇူးပြုတတ်သော ဈန်အင်္ဂါငါးပါး
ပစ္စည်းတရား
သည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * မဂ္ဂပစ္စယော၊ ပကတိလမ်း လိုရာမြန်းဖို့ ဆောင်စွမ်းသည့်နှယ် သတ္တိကြွယ်သို့ သွယ်သွယ်တကွ ဖြစ်-
သမျှကို ကိစ္စ, အာရုံ လိုရာကြုံအောင် ပို့ဆောင်တတ်သော သတ္တိထူးဖြင့် ကျေးဇူးပြုတတ်သော မဂ္ဂင်တစ်-
ဆယ့်နှစ်ပါး
ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေ
သည်တကား .....
       * သမ္ပယုတ္တပစ္စယော၊ စတုမဓူ ရောစပ်မူနှင့် နည်းတူလှစွာ ယှဉ်ကြရာဝယ် မကွာသဘော လိုက်လျော-
နိုင်သော သမ္ပယုတ္တသတ္တိထူးဖြင့် ကျေးဇူးပြုနိုင်သော နာမ်ခန္ဓာလေးပါး
ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * ၀ိပ္ပယုတ္တပစ္စယော၊ ရသာခြောက်ပါး ပေါင်း၍ထားသို့ နှစ်ပါးရုပ်နာမ် ပစ္စယုပ္ပန် ပစ္စည်း တစ်ချိန်တည်း-
ဝယ် သီးသီးတွေ့ကြ ဆုံမိကြလည်း ဆန့်ကျင်သဘော မလိုက်ရောဘဲ ကျေးဇူးပြုနိုင်သော ၀ိပ္ပယုတ္တသတ္တိ-
ထူးဖြင့် ကျေးဇူးပြုနိုင်သော သဟဇာတ၀ိပ္ပယုတ်, ပုရေဇာတ၀ိပ္ပယုတ်, ပစ္ဆာဇာတ၀ိပ္ပယုတ်တရားသုံးပါး
ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * အတ္ထိပစ္စယော၊ မြေမြင်းမိုရ်သည် ထိုထိုစိမ်းရွှင် မြက်သစ်ပင်အား ထောက်ပံ့လားသို့ ထင်ရှားရှိပြိုင်
ထောက်ပံ့နိုင်သော သတ္တိထူးဖြင့် ကျေးဇူးပြုနိုင်သော သဟဇာတတ္ထိ, ပုရေဇာတတ္ထိ, ပစ္ဆာဇာတတ္ထိ, အာဟာ-
ရတ္ထိ, ရူပဇီဝိတိန္ဒြိယတ္ထိငါးပါး
ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * နတ္ထိပစ္စယော၊ နေရောင်၏ ၀င်ပျောက်ခြင်းသည် လရောင်ထွန်းတောက်ခြင်းငှါ ကျေးဇူးပြုသကဲ့သို့
ရှေးရှေးသောစိတ်တို့၏ မိမိတို့ ထင်ရှားမရှိ ချုပ်ပျောက်ခြင်းဖြင့် နောက်နောက်စိတ်တို့အား ဖြစ်ခွင့်ပေး၍
ကျေးဇူးပြုခြင်းဟုဆိုအပ်သော နတ္ထိ
ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘော
သာ ထင်ရှားရှိပါပေသည်တကား .....
       * ၀ိဂတပစ္စယော၊ နေရောင်ကွယ်ပျောက် လရောင်ရောက်သို့ ကိုယ့်နောက်စိတ်စေး ဖြစ်ခွင့်ပေးလျက်
ရှေးရှေးစိတ်၏ ကင်းပျောက်ခြင်းဟူသော သတ္တိထူးဖြင့် ကျေးဇူးပြုနိုင်သော ၀ိဂတ
ပစ္စည်းတရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * အ၀ိဂတပစ္စယော၊ သမုဒ်ရေနက် ငါးလိပ်တွေတွက် မကင်းလေဘဲ ထောက်ပံ့နဲ့သို့   ပစ္စဲ, ပစ္စယုပ်
မကင်းချုပ်ဘဲ ပစ္စယုပ္ပန်အခိုက်၌ ထောက်ပံ့တတ်သော အ၀ိဂတသတ္ထိထူးဖြင့် ကျေးဇူးပြုနိုင်သော
ပစ္စည်း
တရားသည်။ အတ္ထိ၊ ပုဂ္ဂိုလ်, သတ္တ၀ါ သူငါမနှော တရားသဘောသာ ထင်ရှားရှိပါပေသည်တကား .....
       * ဣတိ၊ ဤသို့။ ဗောဓေန္တံ၊ သဗ္ဗညုတာ ဥာဏ်တော်သားဖြင့် ဦးစွာကျန သိပြီးမှလျှင် များလှဝေနေ
တို့တစ်တွေကို သိစေတော်မူတတ်သော မြတ်စွာဘုရားကို။ အဟံ၊ ပဋ္ဌာန်းတရား မကွယ်ငြားအောင်
ရွတ်ပွားပြုလုပ် အကျွန်ပ်သည်။ ၀န္ဒေ-၀န္ဒာမိ၊ ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောပနာ
ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ....................
                   * အမရပူရမြို့၊ မဟာဂန္ဓာရုံဆရာတော်ကြီး၏ ပဋ္ဌာနပစ္စယုဒ္ဒေသဘုရားရှိခိုး ....
အရှင်သီလာစာရ၊ မြတောင် စာရိုက်ပူဇော်ပါသည်။
         * ၁၃၇၅-ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် (၇) ရက်နေ့ည ၁၁း၄၆မိနစ် ပြီးသည် ။ (၂၈.၈.၂၀၁၃)
Wednesday, August 14, 2013
မေတ္တာဥဒါန်း .....
မေတ္တာဥဒါန်း .....
    * လောက၌ ဆားမပါသော ဟင်းလျာသည် အရသာမရှိသလို မေတ္တာမပါသော လူမှုဆက်ဆံရေး-သည်လည်း ပြေပြစ်မည် မဟုတ်ပါ။ ထို့ကြောင့် မေတ္တာတရားသည် လူမှုဆက်ဆံရေး၏ အခရာပင်ဖြစ်-ပါတော့သည်။
       * ဆက်ဆံရေးနှင့်ကင်းသော လူသားလောကရယ်လို့ မရှိ။ သို့ဖြစ်၍ တစ်ချို့တစ်ချို့သော လူသားတွေက
တဏှာပေမဖြင့် ဆက်ဆံကြ၏။ တစ်ချို့တစ်ချို့သော လူသားတွေက ဂေဟဿိတပေမဖြင့် ဆက်ဆံကြ၏။
တစ်ချို့တစ်ချို့သော လူသားတွေက မေတ္တာပေမဖြင့် ဆက်ဆံကြ၏။
       * တဏှာပေမဖြင့် ဆက်ဆံကြသောအခါ အတ္တကို ရှေ့တန်းတင်သည့်အတွက် ပူလောင်မှုကိုပဲ ခံစားကြ
ရ၏။
   * ဂေဟဿိတပေမဖြင့် ဆက်ဆံကြသောအခါ အတ္တ. ပရ ထိုနှစ်ဝကို ရှေ့တန်းတင်သည့်အတွက် ပူလောင်မှုရော ညီညွတ်ပြေလည်မှုကိုပါ ခံစားကြရ၏။ ငြိမ်းအေးမှုကား မရရှိသေးပေ။
       * မေတ္တာပေမဖြင့် ဆက်ဆံမူကား ပရကိုသာလျှင် အခြေခံသည့်အတွက် ညီညွတ်ပြေလည်မှုအပြင် ငြိမ်းအေးမှုကိုပါ ခံစားကြရ၏။
           အဘယ်အရသာကို မိတ်ဆွေ ခံစားချင်ပါသနည်း .....
* တူညီသောဆန္ဒ ......
        * သတ္တ၀ါတိုင်းဟာ အချင်းချင်း ကိုယ်ချင်းစာတရားထားကာ ဖေးမ ကူညီလျက် မိမိတို့ ရရှိထားသည့် အသက်. စည်းစိမ်. ဥစ္စာ အဖြာဖြာတို့ကို ဆထက်တံပိုး တိုး၍ တိုး၍သာ နေချင်ကြမည်မှာ အမှန်ပါ။
       * မိမိတို့ ရရှိထားသည့် အသက်. စည်းစိမ်. ဥစ္စာတို့ကို ဆထက်တံပိုး တိုးပွားခြင်း၏ မူလဘူတမှာ မေတ္တာတရားပင်ဖြစ်ကြောင်း ငြင်းဝံ့မည် မဟုတ်ပါ။ ထိုမေတ္တာတရားကို ပွားများနိုင်လျှင်ကား
လောကကြီးတစ်ခုလုံး သာယာမည်မှာ အမှန်ပင်ဖြစ်ပေသည်။
         * သတိထားစရာ ရန်နှစ်ဖြာ ...
       * လောက၌ ဆန့်ကျင်ဘက်ရန်သူနှင့်ကင်းသော သဘာဝတရားရယ်လို့ မရှိ။ ထို့ကြောင့် မေတ္တာတရား
ပွားများသူမှာလဲ ရန်သူဆိုတာ ရှိမည်သာ။
       * စိတ်သည် အတော်ခက်၏။ အပြောင်းအလဲ မြန်လွန်းလှ၏။ တစ်ခါတစ်ခါ မေတ္တာသဘော သက်ဝင်၏။ တစ်ခါတစ်ခါ မေတ္တာသဘော ပျက်ပြယ်၏။ မေတ္တာပျက်သောအခါ ဒေါသသဘော သက်ဝင်
လာ၏။
       * ထိုမေတ္တာရော ဒေါသပါ စိတ်ကိုမှီ၍ ဖြစ်ကြ၏။ စိတ်အပေါ်မှာ တည်မှီကြ၏။ ထိုတွင် မေတ္တာသဘော သက်ဝင်လာသောအခါ အေးချမ်းရ၏။ ဒေါသသဘော သက်ဝင်သောအခါ ပူလောင်ရ၏။ ထို့ကြောင့် ဒေါသသည် မေတ္တာ၏ ရန်သူဖြစ်လာပါတော့သည်။
       * မိတ်ဆွေတုဟာ ကြောက်စရာ .....
       * လောက၌ ကြောက်စရာအကောင်းဆုံးမှာ မိတ်ဆွေအတုပင်ဖြစ်၏။ လောက လူယုံသတ်လို့
သေရသည်က များလှ၏။ လောကမှာ တစ်ခါတစ်လေ တဏှာပေမသည် မေတ္တာယောင်ဆောင်ကာ ၀င်လာတတ်၏။ အတ္တကို လက်နက်အဖြစ် အသုံးချတတ်၏။ ဤသည်မှာ တကယ့် ကြောက်စရာကောင်းသော ရန်သူဖြစ်ပါသည်။
       * တဏှာပေမသည် မေတ္တာယောင်ဆောင်၍ ချစ်ဟန်ပြ၏။ အကျိုးလိုလားဟန် ပြ၏။ သို့သော် ပရိမာဏ-အတိုင်းအရှည်ရှိ၏။ အကန့်အသတ်ထား၏။ ``ငါ့ရပ်. ငါ့ရွာ. ငါ့မိသားစု. ငါ့သား. ငါ့သမီးမှ ငါ့မှ´´ဟု သတ်မှတ်ကန့်သတ်လာ၏။
      * ဤသည်မှာ အနားကပ်၍ ထိုးသတ်နေခြင်းဖြစ်၍
Monday, June 3, 2013
*မုဒိတာသံစဉ်တေး* (၁)
*မုဒိတာသံစဉ်တေး*
      *
*မုဒိတာသံစဉ်တေး*
      * ၁၃၇၄-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ ရေနံချောင်းမြို့၊ ရေနံ့သာရပ်၊ ရှင်ပင်သက်တော်ရှည် မဟာတန်ဆောင်တော်ကြီးအတွင်း၌ ဆင်ယင်ကျင်းပပြုလုပ်သော ရှင်ပင်သက်တော်ရှည်စေတီတော်
မြတ်ကြီးအား  ပစ္စယ, ဓမ္မ နှစ်ဝသော အာမိသတို့ဖြင့် ရှိခိုးပူဇော်ရတဲ့ ဗုဒ္ဓပူဇနိယဆွမ်းလုံးချမင်္ဂလာပွဲပေါ့။
      * အဲဒီဆွမ်းလုံးချမင်္ဂလာပွဲမှာ ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်များရဲ့ ကိုယ်စား အနုမောဒနာတရား ချီးမြှင့်ပြီးတော့ ပေးပါ့မယ်။ အဲဒီ ချီးမြှင့်ဘို့လို့ ရည်ရွယ်လာတဲ့ တရားကတော့ အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်ပါရှိတဲ့ မစ္ဆရိယသုတ္တန်ကို အခြေခံပြီးသကာလ တရားရဲ့
ခေါင်းစဉ် တရားရဲ့ အမည်ကတော့ “မုဒိတာသံစဉ်တေး”ဆိုတဲ့ အမည်ပါပဲ။
      * ဒီ “မုဒိတာသံစဉ်တေး”ဆိုတဲ့ တရားကို ကဗျာလေးတစ်ပုဒ်နဲ့ ဖွင့်ပြီးတော့ပေးပါ့မယ်။ အဲဒီကဗျာရဲ့
ပထမပိုဒ်က “ကျိုးကြောင်းမမျှော်၊ ငါက “ချော်”သော်လည်း၊ သူ “တော်”လျှင်၊ ငါ့ရင်ထဲ ၀မ်းသာသည်ပဲ...”။
“ဆန်ပေးလျှင် ဆီရလိမ့်မယ်” ဆိုတဲ့ အကြောင်းအကျိုးကို မမျှော်ကိုးပဲ သူမျးအတွက် ဖြည့်ဆည်းပေးတဲ့
အခါ ကိုယ့်ဘ၀က ချွတ်ချော်နေသော်လည်း “သူ”က တော်နေလျှင် သူ့အတွက် အကျိုးရှိလျှင် ကိုယ့်ရင်
ထဲမှာ ၀မ်းသာနေရပါမယ့်။
      * ကဗျာရဲ့ ဒုတိယပိုဒ် “ကံ အကြောင်းမမျှ၊ ငါက “မလှ”သော်လည်း၊ သူလှလျှင် ငါ့စိတ်ထဲ၊ ၀မ်းသာ သည်ပဲ”။ ကံမကောင်း အကြောင်းမလှလို့ ကိုယ်က ဘယ်လောက်ပင် ရုပ်ဆိုးသော်လည်း ဘီလူးမျက်ရည်
ကျမဲ့ ရုပ်မျိုးဖြစ်နေအုန်းတော့ သူလှပြီးတော့ နေမယ်ဆိုရင် ကိုယ့်စိတ်ထဲမှာ ၀မ်းသာနေမှာပါ။ ၀မ်းသာနေ
ရပါ့မယ်။
      * ကဗျာရဲ့ တတိယပိုဒ် “ ငါ့ဘ၀ ငါ့အခြေ၊ နိမ့်ကျ၍ နေပါလည်း၊ သူ့ဘ၀ သူ့အခြေ၊ မြင့်နေလျှင် ငါ့
စိတ်ထဲ၊ ၀မ်းသာသည်ပဲ”။ ကိုယ့်ဘ၀ ကိုယ့်အခြေ ဘယ်လောက်ပင် အောက်တန်းကျနေသော်လည်း သူ့
ဘ၀ သူ့အခြေနေ မြင့်တက်နေလည်း ကိုယ့်စိတ်ထဲမှာ ၀မ်းသာနေမှာပါ။ ၀မ်းသာနေရမယ်တဲ့။
      * ကဗျာရဲ့ စတုတ္ထပိုဒ် “မနာမလို၊ ဘာမဆို ၀န်တိုမရှိ၊ ဘ၀တိုတိုလေးမှာ၊ မုဒိတာ သံစဉ်တေးနဲ့၊
အေးမြပါ၏....”တဲ့။ အားလုံးပြန်ကြည့်ကြည့်ပါ။ “ နှစ်တစ်ရာ”ဆိုတဲ့စကားဟာ ကြားလိုက်ရရင် အကြာကြီး
ထင်ရပေမဲ့။ ဒါပေမဲ့ အားလုံးပြန်ကြည့်ကြည့်ပါ။ ဒီထဲမှာ ရောက်လာတဲ့ ပုဂ္ဂိုလ်အတော်များများဟာ (၄၀)
ဝန်းကျင်ရဲ့ အထက်မှာ ရှိပါတယ်။ အဲဒီ (၄၀) ကျော်လာတဲ့ မိမိတို့ရဲ့ ဘ၀သမိုင်းကို ပြန်လည်ဖတ်ကြည့်ရင်
ပူလောင်မှုတွေနဲ့ပဲ လုံးခြာနေခဲ့ကြတာက များပါတယ်။
      * ဘ၀ဟာ တိုတောင်းလှပေမဲ့ ပူလောင်မှုတွေကတော့ အပြည့်ပါပဲ။ အေးချမ်းသာယာမှုတွေက အင်
မတန်မှ နည်းပါးပါတယ်။ အဲဒီအပူလောင်မှုတွေကြောင့်ပဲ ဦးဇင်းတို့ ခင်ဗျားတို့ ရုပ်ရေတွေဟာ အရေတွန့်
နေကြတာပါ။ ဟုတ်ပါတယ်။ အပူလောင်ခံရတဲ့သူတိုင်းဟာ အရေတွန့်ပါတယ်။ သို့သော် လူသားတော့
မဟုတ်ပါဘူး။ တစ်ချို့တစ်ချို့က အပူလောင်မခံရတဲ့အတွက် အရွယ်တင်ကြပါတယ်။ သမီးနဲ့အမေ အဖေနဲ့
သား ခွဲခြားမရလောက်အောင် အရွယ်တင်သူများ ရှိပါတယ်။
      * ဒီလိုဆိုရင် မိမိဘ၀ကို အရေတွန့်အောင် လောင်တတ်တဲ့ အပူဟာ ဘာလဲ...ဆိုရင် ဒီနေရာမှာ ပြော
ချင်တာက ဣဿာအပူနဲ့ မစ္ဆရိယအပူပါ။
ကိုယ်ဖြစ်ချင်တာ မဖြစ် သူဖြစ်ချင်တာဖြစ်
ကိုယ်ဖြစ်ချင်တာ မဖြစ် သူဖြစ်ချင်တာဖြစ်
       မဟာဇနကမင်းသားသည် ကုန်ကူးပြီး ဥစ္စာဓနကြွယ်ဝရန် ရည်ရွယ်လျက် ကာလစမ္ပာနဂိုပြည်မှ သုဝဏ္ဏဘူမိသို့ သင်္ဘောဖြင့် လိုက်ပါခဲ့သည်။ မုန်တိုင်း -မိသောအခါ သမုဒ္ဒရာထဲတွင် (၇) ရက် လက်ပစ်ကူးခဲ့ရသည်။ မဏိမေခလာ-နတ်သမီးက ကယ်တင်ခဲ့သဖြင့် မိတ္ထီလာပြည်ဥယျာဉ်တော်ရှိ ကျောက်ဖျာထက်-သို့ ရောက်ရှိခဲ့သည်။ မဟာဇနကမင်းသားထံ ဖုဿရထားဆိုက်ရောက်၍ မိတ္ထီ-လာပြည်တွင် ထီးနန်းရိုက်ရာရရှိခဲ့သည်။ မဟာဇနကမင်းသည် သီဝလိဒေ၀ီမင်း-သမီးနှင့် လက်ဆက်၍ မင်းနှင့် မိဖုရားအရာရောက်ရှိခဲ့သည်။ ထိုအခါ မဟာဇန-ကမင်းကြီးသည် ``အစိန္တိတမ္ပိ ဘ၀တိ၊ စိန္တိတမ္ပိ ၀ိနဿတိ´´ဟု ဥဒါန်းကျူးရင့်-တော်မူခဲ့သည်။
       အစိန္တိတမ္ပိ၊ မကြံစည်ဘဲလျက်လည်း။ ဘ၀တိ၊ ဖြစ်တတ်၏။ စိန္တိတမ္ပိ၊ ကြံ-စည်လျက်လည်း။ ၀ိနဿတိ၊ ပျက်တတ်၏။
       မကြံစည်သော်လည်းဖြစ်တတ်၍ ကြံစည်သော်လည်း ပျက်တတ်သည်မှာ လောကသဘာဝတရားဖြစ်ပေသည်။
       ကိုယ်ဖြစ်ချင်တာမဖြစ်ဘဲ သူဖြစ်ချင်တာ ဖြစ်တတ်ပါသည်။ လို၍မရသော ဆင်းရဲနှင့် ကြုံရတတ်သည်။
       ကျွန်မငယ်ငယ်က မကွေးမြို့နယ်၊ ကန်ပြားအရှေ့ရွာတွင် မူလတန်းပညာ-ကို သင်ယူသည်။ အလယ်တန်းဆင့်ကို မကွေးမြို့၊ အမှတ် (၂) အလယ်တန်း-ကျောင်းတွင် ပညာသင်ယူသည်။ ၁၉၇၇-ခုနှစ်တွင် အဋ္ဌမတန်းအောင်သောအခါ န၀မတန်းသို့ တစ်ဆင့်တက်၍ ပညာသင်ရပါသည်။ ထိုအခါက မကွေးမြို့၊ အမှတ် (၁) အထက်တန်းကျောင်းသို့ ကူးပြောင်းတက်ချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တက်ခွင့်မရခဲ့ပါ။ ကျွန်မဖြစ်ချင်တာ မဖြစ်ခဲ့ပါ။ သို့ပါ-သော်လည်း မကွေးမြို့၊ အမှတ် (၂) အထက်တန်းကျောင်းတွင် အထက်တန်းပညာ သင်ကြားခွင့်ရခဲ့ပါသည်။
       ၁၉၇၀-၈၀-ခုနှစ်တွင် ဒသမတန်းအောင်မြင်ခဲ့ပါသည်။ ကျွန်မသည် (၁၉၈၀-၈၁) ခုနှစ်နှင့် (၁၉၈၁-၈၂) ခုနှစ်၌ ရေနံချောင်းဒေသကောလိပ်တွင် ၀ိဇ္ဖာသင်္ချာအထူးပြုဘာသာတွင်ဖြင့် ပထမနှစ် နှင့် ဒုတိယနှစ်အတန်းများ တက်-ရောက်ခဲ့ပါသည်။ ထိုခေတ်က ဒသမတန်းအောင်မှတ်၊ ပထမနှစ်အောင်မှတ်နှင့် ဒုတိယနှစ်အောင်မှတ် (၃) နှစ်ပေါင်းအမှတ်များကို ကြည့်၍ တက္ကသိုလ်ဝင်ခွင့်-ပြုသည်။
       (၁င၉၈၂-၈၃) ခုနှစ်နှင့် (၁၉၈၃-၈၄) ခုနှစ်တို့တွင် မကွေးကောလိပ်၌ ပထ၀ီဝင်အထူးပြုဘာသာတွဲဖြင့် တတိယနှစ်နှင့် စတုတ္ထနှစ်အတ်းတို့ကို တက်ခဲ့-ပါသည်။ ကျွန်မသည် တတိယနှစ်၌ သီအိုရီတစ်ဘာသာ၊ လက်တွေ့ပထ၀ီဝင် ဘာသာနှင့် ဘူမိဗေဒဘာသာရပ်တို့မှာ ဂုဏ်ထူးရခဲ့ပါသည်။ စတုတ္ထနှစ်၌ ဂုဏ်ထူးတန်းတက်ရောက်ရန် အဆင့်မီပါသည်။
       သို့သော် ကျွန်မတို့၏ မိသားစုမှာ မောင်လေး၊ ညီမလေး၊ တူ၊ တူမများ-သောကြောင့် မန္တလေးတက္ကသိုလ်သို့ မတက်တော့ဘဲ သူနာပြုဆရာမသင်တန်း တက်ရောက်မည်ဟု ဆုံးဖြတ်ခဲ့ပါသည်။ သင်္ကြန်ပြီးသောအခါ ကျွန်မဆရာလည်း ဖြစ်သော ဦးလေးဦးကြည်မြင့်၊ ကထိက (ဌာနမှူး) ဘူမိဘေဒဌာန၊ မကွေး-ကောလိပ်က ဂုဏ်ထူးတန်းတက်ရန် တိုက်တွန်းသောကြောင့် မန္တလေးတက္က-သိုလ်၌ ဂုဏ်ထူးတန်းဆက်တက်ခဲ့ပါသည်။ ကျွန်မဖြစ်ချင်တာ မဖြစ်ခဲ့ပါ။
       (၁၉၈၄-၈၅) ခုနှစ်နှင့် (၁၉၈၅-၈၆) ခုနှစ်တို့၌ ကျွန်မသည် မန္တလေးတက္က-သိုလ်မှာ ဂုဏ်ထူးတန်းနှင့် မဟာဝိဇ္ဖာ အပိုင်း (က.ခ) တို့ တက်ခဲ့ပါသည်။ ထိုအချိန်က တက္ကသိုလ် ကောလိပ်သရုပ်ပြ နည်းပြရာထူးများအတွက် ရန်ကုန်-မြို့တွင် ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲများ ဖြေရပါသည်။ ကျွန်မသည် ကျန်းမာရေး မကောင်းသောကြောင့် မဖြေဖြစ်ခဲ့ပါ။ အတန်းတူ သူငယ်ချင်းမှာ တက္ကသိုလ်-ကောလိပ် နည်းပြသရုပ်ပြရာထူးများဖြင့် မဟာဝိဇ္ဖာအတန်းများ ဆက်လက်တက် ခဲ့ကြပါသည်။ ကျွန်မမှာ ကျောင်းသူဘ၀ဖြင့်သာ တက်ခဲ့ရ၍ ၀မ်းနည်းမိပါသည်။ ကိုယ်ဖြစ်ချင်တာ မဖြစ်ခဲ့ပါ။
       လူ့ဘ၀ တိုတိုလေးမှာ လူတစ်ဦးနှင့်တစ်ဦး ယှဉ်၍ မရသောအချက် (၃) ချက်ရှိသည်ဟု ကျွန်မ၏ ဆရာမဒေါ်ခင်မေနွဲ့ (ကထိက၊ ပထ၀ီဝင်) က ပြောဖူး-ပါသည်။ ထိုအချက် (၃) ချက်မှာ -
       ၁။ လူ၏ အသံ
       ၂။ လူ၏ ဆံပင်နှင့်
       ၃။ လူ၏ ကံတို့ဖြစ်ပါသည်။ လူတစ်ဦးနှင့်တစ်ဦး အသံကောင်းခြင်း, မကောင်းခြင်း၊ ဆံပင် ကောင်းခြင်း, မကောင်းခြင်း၊ ကုသိုလ်ကံကောင်းခြင်း, မကောင်းခြင်းတို့ကို ပြင်၍ မရနိုင်ပါ။
       (၁၉၈၈) ခုနှစ် ဇွန်လ (၁၀) ရက်နေ့တွင် မူလတန်းပြ ဆရာမရာထူးဖြင့် မကွေးမြို့နယ်၊ ကန်ပြားရွာ မူလတန်းကျောင်းတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပါ သည်။ (၁၉၈၈) ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ကန်ပြားရွာအလယ်တန်း-ကျောင်းမှာ အလယ်တန်းပြ ဆရာမရာထူးတိုးခဲ့ပါသည်။ သူဖြစ်ချင်တာ ဆက်တိုက်ဖြစ်ခဲ့ပါသည်။
       (၁၅.၈.၁၉၉၀) ခုနှစ်တွင် အထက်တန်းဆရာမရာထူးဖြင့် မကွေးတိုင်း-ဒေသကြီးအတွင်း စလင်းမြို့အထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့ရ-ပါသည်။ ထိုနှစ်၌ မန္တလေးမြို့တွင် အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာ-ပြည်) တိုးချဲ့ဖွင့်လှစ်မည်ဖြစ်သည်။ ထိုဌာန၌ ညွှန်ကြားရေးမှူးရာထူးအတွက် လျှောက်ရန် ကျွန်မအဆင့်မီပါသည်။ ကျွန်မ၏ ဆရာဖြစ်သော ဦးကျော်မြင့်အောင် (ရေနံချောင်းကောလိပ်ကျောင်းအုပ်ကြီး) နှင့်ဇနီး မမထိုက် တို့သည် ကျွန်မအားလျှောက်ရန် ကန်ပြားရွာအထိလာခေါ်ပါသည်။ ကျွန်မသည် ဆရာမ ဘ၀ကိုသာ ၀ါသနာပါ၍ မလျှောက်ဖြစ်ခဲ့ပါ။
       စလင်းမြို့နယ် အထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်စဉ်မှာ ပညာ ရေးမှူးဦးအကျိန်းသည် အစည်းအဝေးမှာ အောက်ပါစကားများ မိန့်ကြားခဲ့သည်။
       ``ဆရာ ဆရာမတို့ (၁၀) တန်းအောင်စာရင်းမှာ အောင်ချက်ကောင်း မကောင်းသည် ဆရာ ဆရာတို့ တာဝန်ဖြစ်ပါသည်။ ကျွန်တော် ဥပမာပေး ပြောချင်တာက မုန့်ဟင်းခါးဟင်းချက်သလိုပါပဲ။ ဟင်းချိုကောင်းလျှင်တော့ ကြက်သား၊ ငါးများလို့ပါ၊ ဆား၊ အချိုမှုန့်၊ ငံပြားရည်ကောင်းလို့ပါလို့ ပြောမယ်။ ဟင်းချိုညံ့လျှင်တော့ ဟင်းချိုချက်တဲ့သူ ညံ့လို့-ဟု ပြောမှာပါ။ ဒီလိုပါပဲ (၁၀) တန်း အောင်စာရင်းကောင်းလျှင်တော့ ကျွန်မသား သမီးက ဘယ်လိုစာကျက် တာ၊ ကျွန်မတို့က ဘယ်လိုပံ့ပိုးတာ-ဟု ပြောမှာပါ။ ကျောင်းသားညံ့ပြီး စာမေးပွဲ ကျလျှင်တော့ ကျောင်းကဆရာတွေကို အပြစ်ပြောမှာပါ´´ဟု မိန့်ကြားခဲ့ပါသည်။ ဆရာကြီး၏ မိန့်ခွန်းသည် ကျွန်မတို့ ဆရာ ဆရာမတို့အတွက် သင်ခန်းစာများစွာ ရခဲ့ပါသည်။
       ကျွန်မသည် (၁၅.၈.၁၉၉၀) ခုနှစ်မှ (၁၄.၁.၁၉၉၅) ခုနှစ်အထိ (၅) နှစ်-တိုင်တိုင် စလင်းမြို့တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ စလင်းမြို့မှာ ကျောင်း-အုပ်ကြီးဦးသန်းရှိန်အပါအ၀င် ဆရာ ဆရာများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူ အားလုံးက နွေးထွေးစွာ ကြိုဆိုသဖြင့် ကျွန်မဘ၀ပျော်ရွှင်ခဲ့ပါသည်။
       (၁၅.၁.၁၉၅၅) ခုနှစ်မှ (၂၇.၇.၁၉၉၈) ခုနှစ်အထိ မကွေးမြို့၊ အမှတ် (၁) အထက်တန်းကျောင်းတွင် အထက်တန်းပြဆရာမရာထူးဖြင့် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ (၁၉၉၆) ခုနှစ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ပြည်နယ်ပညာရေးမှူး
စစ်ဆေးရေးရာထူးရခဲ့ပါသည်။ သို့သော် ကျွန်မ၏ မိဘနှစ်ပါးက သဘောမတူ-သဖြင့် ကျွန်မ မသွားဖြစ်ခဲ့ပါ။ ဘုန်းကံမြင့်ဖို့ ကုသိုလ်ကံမပါ-ဟု ဆိုရပါမည်။
       ၁၉၉၅-၁၉၉၆-ခုနှစ်များတွင် အထက်တန်းပညာရေးမှာ ၀ိဇ္ဖာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်များပေါင်း၍ (၉) ဘာသာခေတ်ဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်မသည် ပထ၀ီဝင်ဘာသာရပ်ပြဆရာမဖြစ်သောကြောင့် န၀မတန်းနှင့် ဒသမ
တန်းများကို အချိန် (၃၂) ချိန်ဖြင့် စာသင်ခဲ့ပါသည်။ ထိုစဉ်က အသက်ကလည်း ငယ်၍ စာသင်ရသည်ကို ပျော်ပါသည်။ မကွေးမြို့တွင် မကွေးတက္ကသိုလ်နှင့် အမှတ် (၁) အထက်တန်းကျောင်းမှာ နီးကပ်နေသဖြင့် တက္ကသိုလ်ဆရာ ဆရာမ သူငယ်ချင်းတွေနှင့် တွေ့လျှင်တော့ အားငယ်၍ ၀မ်းနည်းမိပါသည်။
       သို့သော်လည်း ယခုအချိန်မှာ ကျွန်မ၏ တပည့်ပေါင်းများစွာသည် စစ်ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ တပ်ရင်းမှူး၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဦးစီးမှူး၊ ညွှန်ကြား-ရေးမှူး၊  ကျောင်းဆရာ ဆရာမ၊ သူနာပြုဆရာမ၊ နိုင်ငံခြားသင်္ဘောသား၊ ကုန်သည်၊ ပွဲစား၊ အလုပ်သမား၊ တက္ကသိုလ်ဆရာ၊ ဆရာမ၊ စာရေးစသည်ဖြင့် အလွှာစုံ ရာထူးစုံ ဘ၀စုံဖြစ်သွားခဲ့ပါသည်။
       ကျွန်မ၏ တပည့်များသည် မြန်မာပြည်မှာသာမက နိုင်ငံခြားတိုင်းပြည်များ အထိ တာဝန်ထမ်းဆောင်နေကြောင်းသိရသောခါ ပြောမပြတတ်အောင် ပီတိ ဖြစ်မိပါသည်။ အခြေခံပညာဦးစီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ရသည်မှာ ပန်းမျိုးစုံဖူးပွင့်ဝေဆာသည့် ဥယျာဉ်ကြီးထဲ ရောက်ခဲ့ရသလို ခံစားမိပါသည်။
       ၁၉၉၈-ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့တွင် မကွေးတက္ကသိုလ် ပထ၀ီဝင်-ဌာန၌ နည်းပြဆရာမရာထူးဖြင့် တာဝန်စတင်ထမ်းဆောင်ခဲ့ရပါသည်။ ထိုအချိန်-တွင် အသက်တူတော့ ရာထူးမတူ၊ ရာထူးတူတော့ အသက်မတူဟူသည့် ကွာဟချက်ရှိပါသည်။ သို့သော်လည်း ဒေါက်တာနော်သာစော (ပါမောက္ခ-ဌာနမှူး)၊ ဆရာကြီးဦးရန်အောင်၊ ဒေါ်မူလားခူးမြမင်းတို့အပါအ၀င် ဆရာ ဆရာမ အားလုံးက နွေးထွေးစွာကြိုဆိုသဖြင့် ပျော်ရွှင်မိပါသည်။
       ၁.၁၂.၂၀၀၆-နေ့တွင် လက်ထောက်ကထိကရာထူးရရှိခဲ့ပါသည်။ ၁.၁၂. ၂၀၁၁-နေ့တွင် ကထိကရာထူးရရှိခဲ့ပါသည်။ လူ့ဘ၀ကလည်း ဆန်းကြယ်-ပါသည်။ ဤဘ၀တွင် မဖြစ်နိုင်တော့ပါ-ဟု ထင်ထားသည့် နည်းပြဆရာမ-ရာထူးကို (၁၁) နှစ်ကြာမှ ရလာခဲ့ပါသည်။ သူဖြစ်ချင်တာ ဆက်တိုက်ဖြစ်ခဲ့-ပါသည်။
       ကိုယ်ဖြစ်ချင်တာ မဖြစ်ဘဲ သူဖြစ်ချင်တာဖြစ်လျက်၊ မကြံစည်သော်လည်း ဖြစ်၍ ကြံစည်သော်လည်း ပျက်လျက် လို၍ မရသောဆင်းရဲမျိုးစုံ ကြုံ၍ လိုအင်ဆန္ဒမပြည့်ဝဘဲ နှစ်ပေါင်းများစွာ နေခဲ့ရပြီးပါပြီ။
       ယခုအချိန်မှာ ကျွန်မသည် ရေနံချောင်းဒီဂရီကောလိပ် ပထ၀ီဝင်ဌာန၌ ကထိကရာထူးဖြင့် မတောင့်မတ၊ မကြောင့်မကြဘဲ စိတ်အေးချမ်းသာစွာ ဒါန, သီလ, ဘာဝနာမှုများပြုလျက် ပထ၀ီဝင်မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်လျက်ရှိပါသည်။
       ကျွန်မဖြတ်သန်းခဲ့ရသောဘ၀တစ်လျှောက်ကို ကြည့်၍ ဤသို့-ကောက်ချက်ချမိပါသည်။
-      ရည်ရွယ်ချက်ရှိရမည်။
-      ရည်ရွယ်ချက်ပေါက်မြောက်အောင် လုံ့လ၀ီရိယအားထုတ်မှုရှိရမည်။
သို့သော် ဆန္ဒမစောသင့်၊ ဖြစ်ချင်ဇော မလောသင့်၊ လောဘမတက်သင့်၊ အထူးသဖြင့် မတော်လောဘ မဖြစ်သင့်။
-      ဖြစ်ချိန်တန်လျှင် ဖြစ်လိမ့်မည်၊ ရောက်ချိန်တန်လျှင် ရောက်လိမ့်မည်၊ ရချိန်တန်လျှင် ရလိမ့်မည်။
-      ကိုယ်ဖြစ်ချင်တာ မဖြစ်၊ သူဖြစ်ချင်တာ ဖြစ်လာလျှင် သင့်တင့်စွာ နှလုံးသွင်းနိုင်ရမည်။ သို့မှသာ ကိုယ်စိတ်နှစ်ပါးချမ်းသာစွာ နေရသည်။ ကျန်းမာစွာ အသက်ရှည်နိုင်ပါသည်။
စမ်း (ဖန်းခါးမြေ)
(၁၀၁၂) ခုနှစ်၊ ရေနံချောင်းဒီဂရီကောလိပ် နှစ်လည်မဂ္ဂဇင်းမှ ကူးယူဖော်ပြကြောင်း ……..
ရေနံ့သာ-မောင်သီ (မြတောင်)
* * * တစ်ခါဆို တစ်ခါပါပဲ * * *
* * * တစ်ခါဆို တစ်ခါပါပဲ * * *
* သားက ညိုချောလေ၊ ဒီတော့ အားလုံးက သားကို “မောင်ညို”လို့ ခေါ်ကြတယ်။ သားက ရုပ်ချောသလောက် ဆင်းရဲတယ်ဗျ။ ဘယ်လောက်ထိ ဆင်းရဲသလဲဆိုရင် သားတို့မိသားစုဟာ နေစရာအိမ်တောင်မရှိဘူး။ “အိုးမရှိ အိမ်မရှိ”ပေါ့ဗျာ...။ သားတို့နေတဲ့ ပထမအိမ်ရှင်က လခမပေးနိုင်လို့ဆိုပြီး နှင်ချလိုက်တော့ သားတို့လည်း ဆင်းလာရတာပေါ့...။
* သားတို့မိသားစု အိမ်ငှါးလိုက်ရှာရင်းနဲ့ ရွာအပြင်က အဖွားအိုရဲ့ အိမ်တစ်အိမ်ကို
ရောက်လာတယ်။ အိမ်လခကလဲ ပေးစရာမရှိတော့ ဘယ်သူမှလဲ အိမ်မငှါးချင်ကြဘူးလေ။ ဒါနဲ့
အဖွားအိုရဲ့ အိမ်မှာ သားကို အိမ်လခအဖြစ်ပေးပြီး သားတို့မိသားစုရဲ့ နေရေးထိုင်ရေးကို ဖြေရှင်း
လိုက်ရတယ်။ အဖွားကလည်း လက်ခံပါတယ်။
* အဖွားကလည်း သားကို သိပ်ချစ်တာပါပဲ၊ သားကို ဆန်ပြုတ်လည်း တိုက်တယ်၊ ထမင်းလဲ
ကျွေးတယ်၊ အို...ကောင်းနိုးရာရာဆို အဖွားက အကုန်ကျွေးတာပဲ...။ သားကိုလည်း “သား..သား”နဲ့
နှုတ်ကကို မချဘူး၊ ဘာမှလည်း မခိုင်းဘူး၊ ဒီလိုနဲ့ သားဟာ အဖွားရဲ့ ချစ်လှစွာသော မွေးစားသား
ဖြစ်ခဲ့ရတာပေါ့...။ စားလိုက် ဆော့လိုက် အိပ်လိုက်ဆိုတော့ သားက ၀ချင်တိုင်းဝ လှချင်တိုင်းလှနေ-
တာပေါ့...။
* သားက မနက်ဆို တောထဲမှာ အဖွဲ့လိုက်ထွက်ပြီး မျက်နုနုလေးတွေ ရေကြည်ကြည်လေး
တွေ စားရသောက်ရတယ်။ ညနေဆို အိမ်နားက သူငယ်ချင်းတွေနဲ့ ပြေးတမ်းလိုက်တမ်း ဆော့ရ
တယ်၊ တစ်ခါတစ်ခါ သားသူငယ်ချင်းကို ကုန်းပိုးပြီး ပြေးရတယ်၊ ဘာပဲဖြစ်ဖြစ် သားပျော်ပါတယ်၊
သူငယ်ချင်းတွေကို ကုန်းပိုးပြီး ပြေးရတာကိုလည်း အမြဲတမ်း အားကျပျော်ရွှင်မိတယ်။ ဘာလို့လဲ-
ဆိုရင် လောကရဲ့ ဟာကွက်တစ်ခုကို သားဖြည့်ပေးနိုင်လို့ပါပဲ...။
* ဒီလိုနဲ့ တစ်နေ့တော့ သားတို့ အစာရှာနေတဲ့ တောအုပ်နားမှာ လှည်းကုန်သည်ငါးရာ
ကုန်ရောင်းလာကြတယ်။ ဖြစ်ချင်တော့ ရှေ့ဆုံးလှည်းက နွံနစ်ပါလေရော...။ ၀န်ဆောင်နွားလား
တွေကလည်း အိုနေပြီဆိုတော့ ဒီနွံကို ကျွတ်အောင် မရုံးနိုင်ကြဘူး။ ဒီတော့ လှည်းကုန်သည်မှူး
ကြီးက ၀န်ဆောင်နွားလားရှာရတယ်။
* ရှာရင်း ရှာရင်းနဲ့ သားကို တွေ့သွားတယ်...ဆိုပါတော့ဗျာ...။ လှည်းကုန်သည်မှူးကြီးက
သားရဲ့ အုပ်ထိန်းသူထံသွားပြီး သားကို ၀ယ်တယ်။ သားရဲ့ အုပ်ထိန်းသူက သူမပိုင်လို့ မရောင်း
နိုင်ဘူးလို့ ပြောလိုက်တယ်။ ဒါကို သား မြင်နေရ ကြားနေရတော့ “ဒါဟာ ငါ့အတွက်အခွင့်အရေးပဲ၊
အခွင့်အရေးတစ်ခုကို ပိုင်ပိုင်နိုင်နိုင် အသုံးမချနိုင်ရင် ဘ၀အဓိပ္ပာယ်မရှိဘူး။ ဒီအခွင့်အရေးကို
အသုံးချပြီး ငါ့ အမေအိုကြီးကို ကျေးဇူးဆပ်ရမယ်”ဆိုတဲ့ အတွေးတွေဟာ သားရဲ့ခေါင်းထဲမှာ
ပြေးလွှားလှုံ့ဆော်လို့ပေါ့ဗျာ...။
* သားလည်း မိဘကို ကျေးဇူးဆပ်ခွင့်ရပြီဆိုတဲ့ အတွေးတွေနဲ့ လှည်းငါးရာရဲ့ ရှေ့က
သွားပြီးရပ်လိုက်တယ်။ ဒီအချိန်မှာပဲ သားရဲ့ အုပ်ထိန်းသူနဲ့ လှည်းမှူးကြီးတို့ အငှါးအရမ်း
လုပ်ကြတယ်။ လှည်းတစ်စီးကို အသပြာ (၂) ကျပ်နဲ့ ဈေးတဲ့ကြတယ်။ သားလည်း ၀မ်းသာတာ
ပေါ့ဗျာ....။ “မိဘကို ကျေးဇူးဆပ်ရတော့မယ်”ဆိုတဲ့ တွန်းအားကြောင့်လား မသိဘူး လှည်းအစီး
ငါးရာ တခဏလေးနဲ့ ဆွဲပြီးသွားတယ်။
* လုပ်ငန်းပြီးပြီဆိုတော့ ငွေချေရတော့မယ်လေ...။ ငွေချေပါတယ်၊ ဒါပေမဲ့ လှည်းမှူးကြီးက
လူဖြစ်ပြီး ကောက်ကျစ်တယ်။ လှည်းတစ်စီး အသပြာတစ်ကျပ်နှုံးနဲ့ အသပြာငါးရာပဲ ချေတယ်။
သား မကျေနပ်ဘူး...။ လူသားဖြစ်ပြီး ကောက်ကျစ်တယ်၊ ကတိမတည်ဘူး။ ဒါနဲ့ သားလည်း အသပြာကို မယူပဲ လှည်းငါးရာရဲ့ ရှေ့မှာ သွားပြီးရပ်နေလိုက်တယ်။ ဒီတော့မှ လှည်းမှူးကြီးက
နောက်ထပ် အသပြာငါးရာထပ်ထည့် ပုဆိုးနဲ့ထုတ်ပြီး သားလည်ပင်းကို ချည်ပေးတယ်...။
* ပျော်လိုက်တာဗျာ...၊ သား ဘယ်လိုနေရမှန်းကို မသိဘူး၊ ဘ၀မှာ ဒီလို တစ်ခါမှ မပျော်
ဘူးဖူး၊ ညနေလည်းစောင်းရော သား အိမ်ကို အပြေးပြန်တယ်၊ သားသူငယ်ချင်းတွေက သား
လည်ပင်းကို လာဖက်ကြတယ်၊ သားနောက်ကို ပြေးလိုက်ကြတယ်၊ သားတစ်ယောက်မှ အကပ်
မခံဘူး၊ အားလုံးကို ခေါင်းနဲ့ ဝှေ့ရမ်းပစ်တယ်၊ အားလုံးကလည်း သားကို အံ့အားသင့်စွာနဲ့ ကြည့်ပြီး
“မောင်ညိုတစ်ယောက်တော့ တောထဲအသွားများလို့ တောရိုင်းစိတ် ပေါက်သွားပြီ”လို့ ထင်နေကြ
တယ်။ ဒီနေ့တော့ ဘယ်သူ ဘာထင်ထင် သားအရမ်းပျော်တယ် သိလား....။
* ဒီလိုနဲ့ သားအမေအိုရဲ့ အနားကို သားရောက်ပါပြီ...။ သားလေ အမှတ်တမဲ့ ဘာစကားမှ
မပြောနိုင်ဘူး...။ ၀မ်းသာဆို့နစ်တဲ့ အသံနဲ့ “အမေ”လို့ပဲ အော်ခေါ်မိတယ်။ သားရဲ့ အမေအို ဆင်း
လာတယ်၊ သားရဲ့ မောနေတဲ့ အခြင်းအရာနဲ့ သားလည်ပင်းက အထုတ်ကို မြင်ရတဲ့ အမေအိုဟာ
အံ့သြခြင်း, ဒေါသထွက်ခြင်းတွေနဲ့ အတူ သားကို ဆူဆူပြောပြော ရိုက်ပါလေရော...။
* သား မနာပါဘူး အမေရယ်....။ ရိုက်ပါ အမေစိတ်ချမ်းသာတဲ့အထိ ရိုက်ပါအမေ...။ အမေ့ကို သားရှင်းပြချင်ပေမဲ့ အမေနားလည်အောင် သားမှ မရှင်းတတ်တာ အမေရယ်...။ ဘာကြောင့်လဲ...ဆိုတော့ သားက နွား၊ အမေက လူလေ...။ လူနဲ့ တိရစ္ဆာန်တွေရဲ့ ရင်တွင်းခံစား
ချက်တွေကို မေတ္တာတရားက ဘာသာပြန်ပေးမယ်ဆိုတာတော့ သားနားလည်ထားပါတယ် အမေရယ်...။
* ဒီအချိန်မှာပဲ သားရဲ့ အုပ်ထိန်းသူက ရှင်းပြလို့ အမေ သဘောပေါက်သွားပြီး သားကို ဖက်ပြီး ငိုရှာတယ်။ ၀မ်းသာတဲ့စိတ်, ကြေကွဲတဲ့စိတ်, ယူကျုံးမရတဲ့စိတ်တွေနဲ့အတူ ကျလာတဲ့
အမေ့မျက်ရည်တွေကို သားခေါင်းလေးနဲ့ သုတ်ပြီးချော့တော့ အမေ့မျက်နှာက အငိုမျက်လုံးနဲ့
အပြုံးမျက်နှာဖြစ်လာတယ်။
* အမေရယ် သားလေ စကားတွေ တ၀ကြီးပြောချင်လိုက်တာဗျာ...။ အမေ့ကိုရော သားရဲ့
လူသားသူငယ်ချင်းတွေကိုရော...။ “သူငယ်ချင်းတို့ရယ် လောက ပြန်လည်အစားထိုးလို့မရတဲ့ အရာတွေထဲမှာ အမေလည်း ပါတယ်ကွ““ဆိုတာက အစချီလို့ပေါ့ အမေရယ်.....။
* “အမေများနေ့”ကို ဂုဏ်ပြုသောအားဖြင့် ဇာတက-ဧကကနိပါတ်၊ ကုရုင်္ဂ၀ဂ်၊ ကဏှဇာတ်၊ ပ-၈- ကို မှီး၍ ရေးပါသည်။
* နွားညိုလေးကဲ့သို့ မိဘရဲ့ ကျေးဇူးတရားကို သိနိုင် ဆပ်နိုင်ကြပါစေ....
မျက်ရည်များနဲ့ မောင်သီ (မြတောင်)