Wednesday, October 31, 2012
ဒါနနှင့် နည်းစနစ်
““ဒါနနှင့် နည်းနစ် . . . . . .””
       ၁၃၇၄-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁၄) ရက်၊ ရေနံ့သာပဋ္ဌာန်းသိမ်းပွဲ
       ဒီကနေ့ ပဋ္ဌာန်းသိမ်းပွဲမှုာလည်း ရေနံချောင်းဒီဂရီကောလိပ်က ဆရာမများကဘဲ နေ့ဆွမ်းဆက်ကပ်
ကြတယ်။ ဒီဆွမ်းကပ်ပွဲမှာ ဘုန်းကြီးက ရေစက်ချတရားချီးမြှင့်ပေးပါဆိုလို့ အင်္ဂုတ္တရိကနိကာယ်၊ သပ္ပုရိသ-
ဒါနသုတ်ကို အခြေခံပြီး ဒါနအကြောင်းလေး အနည်းငယ်ဟောပြောလိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါနမှ
ပြုလိုက်ကြပြီဆိုရင် ဒါနရဲ့ ၀ိပါကအနေဖြင့် အဍ္ဎ-ကြွယ်ဝချမ်းသာမှု၊ မဟဒ္ဓန-ပေါများပိုလျှံမှု (ဘဏ်အပ်မှု)၊
မဟာဘောဂ-အသုံးအဆောင်ပေါများမှု...ဆိုတဲ့ အကျိုးသုံးမျိုးကတော့ သေချာပေါက်ရကြမှာချည်းဘဲ။
       အဲဒီထဲမှာ “ယုံယုံကြည်ကြည်နဲ့ ပေးလှူမှု”ဆိုတဲ့ နည်းစနစ်ထည့်နိုင်မယ်ဆိုရင် ဒီထက်ပိုပြီး အကျိုးထူး
နိုင်ပါတယ်။ ဘယ်လိုထူးသလဲဆိုရင် (၁) အဘိရူပ-အလွန်အဆင်းလှခြင်း၊ (၂) ဒဿနီယ-ရှုခြင်စဖွယ်ရှိခြင်း
(မြင်ရသူအဖို့ နောက်ထပ်တဖန် ပြန်ကြည့်ခြင်မှု)၊ (၃) ပါသာဒိက-ကြည့်မြင်သူရဲ့ ရင်ကို အေးစေတဲ့အလှ-
ကို ပိုင်ဆိုင်မှု (ငြိမ်းချမ်းရေးအလှပိုင်)၊ (၄) ပရမာယ ၀ဏ္ဏပေါက္ခရတာယ-ဥပဓိရုပ်ကောင်းမွန်မှု...ဆိုတဲ့
အာနိသံသ-အကျိုးဆက်လေးမျိုး တိုးပြီးခံစားရပါတယ်။
       စိတ်ကြည်လင်တဲ့လုပ်ရပ်နဲ့ စိတ်မကြည်လင်တဲ့လုပ်ရပ်တို့ရဲ့ အကျိုးတရားခြားနားချက်တွေနဲ့ ယုတ္တိ
ရှာကြည့်၊ ချဲ့ကြည့်ကြပါတယ်။ ဒီနေရာမှာ ရှင်းပြချင်တာက ဒဿနီယ နဲ့ ပါသာဒိကတို့ရဲ့ ထူးခြားချက်ပါ။
ဘယ်လိုထူးခြားသလဲဆိုတော့ ဒဿနီယ-ကို အပူရုပ်...လို့ ပြောချင်ပါတယ်။ ပါသာဒိက-ကိုတော့ ငြိမ်းချမ်း
ရေးရုပ်...လို့ ပြောချင်ပါတယ်။ ဒါ...ဟုတ်ပါတယ်။ တစ်ချို့ချို့ရုပ်တွေက မြင်ရသူရဲ့ ရင်ကို ကိလေသာဆူ
စေပါတယ်။ ကိလေသာမီးထစေပါတယ်။ ဒါဟာ ဒဿနီယပါပဲ။ ပါသာဒိကကြတော့ အဲဒီလို မဟုတ်တော့
ဘူး။ မြင်ရသူရဲ့ရင်ကို အေးမြစေပါတယ်။ ဒါဟာ ဒဿနီယနဲ့ ပါသာဒိကရဲ့ ထူးခြားချက်တွေ့ပါ။ လက်တွေ့
စမ်းသတ်ကြည့်ပါ။
       ဒုတိယအနေနဲ့ “ရိုရိုသေသေ လှူမှု”ဆိုတဲ့ နည်းစနစ်ကို သုံးနိုင်မယ်ဆိုရင် အဲဒီအလှူရှင်ဟာ ပတ်ဝန်း
ကျင်ရဲ့ လေးစားမှု, ပတ်ဝန်းကျင်အပေါ်မှာ သြဇာညောင်းမှု...ဆိုတဲ့ အကျိုးဆက်များကို ခံစားရပါတတ်ပါ-
တယ်။ ဒါလဲ...ဟုတ်ပါတယ်။ တစ်ချို့ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာပေမဲ့ သြဇာမညောင်းတဲ့ပုဂ္ဂိုလ်တွေဟာ
ဒုနဲ့ဒေးပါ။ ပတ်ဝန်းကျင်ရဲ့ လေးစားမှု, ပတ်ဝန်းကျင်က မိမိအကျိုးလိုလားမှုတွေဟာ သက္ကစ္စဒါနကုသိုလ်
ရှင်များသာ ရရှိခံစားနိုင်တဲ့ ရလာဒ်တွေပါပဲ။
       တတိယအနေနဲ့ “အချိန်ကာလနဲ့ လိုက်လျှောညီထွေ လှူမှု”ဆိုတဲ့ နည်းစနစ်ကို သုံးနိုင်မယ်ဆိုရင်
အဲဒီအလှူရှင်ရဲ့ဘ၀မှာ အချိန်မီအကျိုးခံစားရခြင်း...ဆိုတဲ့ အကျိုးဆက်တစ်ခုတိုးလာပါတယ်။ အဲဒီလို
အချိန်ကာလနှင့် လိုက်လျှောညီထွေ မလှူတတ်, မတန်းတတ်ရင် အကျိုးတရားခံစားရတတ်ပေမဲ့ အချိန်မီ
အကျိုးတရားကို မခံစားရတတ်ပါဘူး။ ဒါကြောင့် တိုတောင်းလှတဲ့ ဘ၀တစ်ခုမှာ အချိန်မီ အကျိုးခံစားချင်
ကြတယ်ဆိုရင် “အချိန်ကာလနဲ့ လိုက်လျှောညီတဲ့ ကာလဒါန”ဖြစ်ဖို့ လိုပါတယ်။
       စတုတ္ထအနေနဲ့ “မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ လှူမှု”ဆိုတဲ့ နည်းစနစ်ကို သုံးနိုင်မယ်ဆိုရင်လည်း လွတ်
လပ်စွာ သုံးစွဲနိုင်ခြင်း...ဆိုတဲ့ အကျိုးဆက်ကို ခံစားရတတ်ပါတယ်။ တစ်ချို့တစ်ချို့ ရှိလျက်နဲ့ ငတ်နေကြ
တာတွေ အများကြီးတွေ့ဖူးပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုတောင် မသဒ္ဓါတဲ့ မစ္ဆရိယသူဋ္ဌေးနဲ့ ပုံထိုးကြည့်ပေါ့။
လက်တွေ့ဘ၀မှာလဲ ကိုယ့်ကိုယ်ကို မသဒ္ဓါတဲ့ပုဂ္ဂိုလ်တွေ အများကြီးတွေ့ဘူးပါလိမ့်မယ်။ ဒါကြောင့် လှူကြ
တန်းကြတဲ့အခါ “မျှော်လင့်ချက် ကင်းမဲ့စွာ“နဲ့ လှူတတ်, တန်းတတ်ဖို့ လိုပါတယ်။
       ပဉ္စမအနေနဲ့ “အစွန်းလွတ်အောင် လှူမှု”ဆိုတဲ့ နည်းစနစ်ကို သုံးနိုင်မယ်ဆိုရင် ရန်သူမျိုးငါးပါးမှ
ကင်းလွတ်ခြင်း...ဆိုတဲ့ အကျိုးဆက်ကို ခံစားရပါတယ်။ ဒီနေရာမှာ “အစွန်း”ဆိုတာက “အတ္တုက္ကန္တန-
မိမိကို ချီးမြှောက်မှု-၀ါကြွားမှုနဲ့ ပရ၀မ္ဘန-သူတစ်ကို ပုတ်ခတ်မှု”ဆိုတဲ့ အစွန်းနှစ်ပါးပါပဲ။ အဒီနှစ်ပါးထဲက
တစ်ပါးပါးနဲ့ ညိစွန်းလာရင် ရန်သူပေါများတတ်ပါတယ်။ ယုတ္တိရှာကြည့်လေ။ ကြွားတဲ့သူကို လူမကြည်ဖြူ
သလို ကဲ့ရဲ့အပြစ်တင်တတ်သူကိုလည်း ဘယ်သူမှ ချစ်ခင်မှာ မဟုတ်ပါဘူး။ ဒါဆိုရင် ရန်သူပေါပြီပေါ့။
       ဒီနည်းစနစ်ငါးချက်ဟာ ဒါနပြုတဲ့အခါမှ မဟုတ်ပါဘူး။ ဘယ်လိုလုပ်ငန်းမျိုးပဲလုပ်လုပ်၊ ဒီနည်းစနစ်
တွေနဲ့ ညီအောင်လုပ်နိုင်ရင် ဒီအကျိုးဆက်တွေကို ခံစားရမှာ သေချာပါတယ်။ ဒါကြောင့် အားလုံးကို
ပြောခြင်တာက ဒါနလုပ်ငန်းမှ မဟုတ်၊ ဘယ်လိုလုပ်ငန်းပဲလုပ်လုပ်....
   ၁။ ယုံယုံကြည်ကြည်နဲ့ အလုပ်လုပ်ပါ၊
   ၂။ ရိုရိုသေသေနဲ့ အလုပ်လုပ်ပါ၊
   ၃။ အချိန်နဲ့လိုက်လျှောညီထွေဖြစ်အောင် အလုပ်လုပ်ပါ၊
   ၄။ မျှော်လင့်ချက်ကင်းမဲ့စွာနဲ့ အလုပ်လုပ်ပါ၊ (ရည်မှန်းချက် မထားရဘူး-ဟု မဆိုလိုပါ)
   ၅။ အစွန်းနှစ်ဘက်လွတ်အောင် အလုပ်လုပ်ပါ-ဟု တိုက်တွန်းရင်း “ဒါနနှင့် နည်းစနစ်”ဆိုတဲ့ ဓမ္မကထာ -ကို ဤမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
                  အားလုံးဘဲ နည်းစနစ်မှန်စွာနဲ့ ဘ၀ကို လျှောက်လှမ်းနိုင်ကြပါစေ....
                  မောင်သီ (မြတောင်) သုခီ အတ္တာနံ ပရိဟရန္တု..........။ (၃၁.၁၀.၂၀၁၂) ဗုဒ္ဓဟူးနေ့နံနက်
Monday, October 29, 2012
ဘ၀တစ်ကွေ့မှ အမှတ်တရ ဒဿနများ
“ဘ၀တစ်ကွေ့မှ အမှတ်တရ ဒဿနများ”
* ကိုယ်ကျင့်တရားထက် ကောင်းမွန်သော ကာကွယ်ဆေးမည်သည် မရှိ။
* ကိုယ်ချင်းစာတရားထက် ကောင်းမွန်သော ငြိမ်းချမ်းရေးမည်သည် မရှိ။
* ဘ၀မှာ လိုအပ်ချက်တွေ များလွန်လာလျှင်လည်း စွန့်လွတ်အနစ်နာခံမှုတွေအပေါ်မှာ သံသယနှင့်
   ကုက္ကုစ္စတွေ ဖြစ်လာတတ်တယ်။
* ကိုယ့်ကိုယ်ကို မယုံကြည်တာဟာ ဘ၀ကို အရှုံးပေးတာနဲ့ အတူတူပဲ။
* ပြုပြင်ပျောင်းလဲမှုမရှိတဲ့ အရာတိုင်းဟာ ပျက်စီးတတ်တယ်။
* “လွတ်လတ်ရေး”ဆိုတာ ကိုယ်ပိုင်အချိန်ကို လက်တွေ့အသုံးချရေးပါပဲ၊ ကိုယ်ပိုင်အချိန်ကို လက်တွေ့
   အသုံးမချတတ်သူမှာ “လွတ်လတ်ရေး”ဆိုတာ မရှိပါဘူး။
* “လောကကြီးမှာ ကိုယ်လုပ်တာမှသာလျှင် ကောင်းတယ်”လို့ ထင်လာပြီဆိုရင် အဲဒီလူဟာ အစွန်းထွက်-
   နေတဲ့ လူပဲ။
* အဖွဲ့အစည်းနဲ့ လုပ်တဲ့အလုပ်ဟာ တစ်စုံတစ်ယောက်ကို အားနာနေရင် ပျက်စီးသွားမှာပေါ့။
 * စစ်မှန်တဲ့ဖြေရှင်းချက်ရှိရင် မလွတ်ကင်းတဲ့ “ပြစ်ချက်”ဆိုတာ မရှိပါဘူး။
* သိခြင်းသည် ခွင့်လွှတ်ခြင်း၏ အကြောင်းတရားဖြစ်သည်။
* ကျိုးစားမှု၏ နောက်ကွယ်၌ အောင်မြင်မှုတရားသည် ထာဝရပုန်းအောင်းလျက်ရှိသည်။
* လေးစားလိုက်နာခြင်းဟာ အောင်မြင်ကျော်ကြားမှုရဲ့ ကျင့်စဉ်တစ်ခုပါပဲ။
* အသိသက်သေမရှိတဲ့ အမှန်တရားဟာ ဘယ်တော့မှ ဘောင်မ၀င်ဘူး။
* ခဏတာဖြစ်ပေါ်လာရတဲ့ဘ၀မှာ တဒင်္ဂသာယာမှုနဲ့ ထာဝရခံစားပေါ်ရွှင်မှုကို မလဲလှယ်သင့်ဘူး။
* ရင်းနီးကျွမ်းဝင်လွန်းလျှင်လည်း အရေးယူရ ခက်တတ်သလို အခွင့်အရေးသမား များလျှင်လည်း
   အဖွဲ့အစည်း ပျက်စီးတတ်ပါတယ်။
* သူပြောချင်တာထက် ကိုယ်ကပိုပြီး နားထောင်ခြင်းသည် အထိရောက်ဆုံးသော လူမှုဆက်ဆံရေး-
   ဖြစ်တယ်။
* အားနာတတ်သော နှလုံးသားသည် အနာအဆာများ၏။
* ဘ၀မှာ တစ်ခါတစ်လေ ပတ်ဝန်းကျင်ရဲ့ ယုံကြည်လေးစားမှုဟာ မိမိအပြစ်ကို ဖုံးကွယ်ခြင်းရဲ့ အကြောင်း
   ဖြစ်လာတတ်တယ်။ (အမှုတစ်ခု စစ်ဆေးရာမှ)
သမဂ္ဂသုခ....သို့
“သမဂ္ဂသုခ...သို့”
“ပုထုကိလေသေ ဇနေတီတိ ပုထုဇ္ဖနော”တဲ့။
သူငယ်ချင်း
မင်းလည်း ပုထုဇဉ်
ငါလည်း ပုထုဇဉ်ပဲလေ...
ဒီတော့...
ပုထုဇဉ်ချင်း
ဆက်ဆံရင်းက
တရားကင်းမဲ့ကာ
မှားယွင်းတဲ့အခါမျိုးလဲ
ရှိကြမှာဘဲပေါ့.....။
ဒါပေမဲ့....
မှားတာကို သည်းခံ
မှန်တာကို ပြောပြ
သဘောကျကြည်ဖြူ
နှစ်ကိုယ်တူ လက်တွဲပြီး
တစ်သက်မခွဲ ညီညွတ်ပြန်ရင်
“သမဂ္ဂသုခံ”ကို
ဧကန်ရကြမှာဘဲလေ....။
                          ဘုန်းမောင် (ဆင်ဖြူကျွန်း) ၁၈.၃.၂၀၀၂ 
အို....ခရီးသွား
““အို...ခရီးသွား””
“တောင်းဖြစ်ချင်ရင်
ဝါးခွဲရသတဲ့”
တောင်းယက်ဘို့
ဝါးကို ခွဲရလိမ့်မယ်...
ဝါးကွဲသွားမှာ ကြောက်ရင်တော့
တောင်းယက်ဘို့ ဘယ်ရပါ့မလဲ...။
ဒီလိုပဲ....
တစ်ခါတစ်ရံ
ဘ၀မှာ
လိုချင်တာတစ်ခုအတွက်
စွန့်လွှတ်မှု အနစ်နာခံမှု
ပေးဆပ်မှုတွေလည်း
ရှိနေတတ်တယ်
ရှိနေမယ်ဆိုတာ
မမေ့နဲ့နော်.....
လောကကြီးမှာ
အပေးနဲ့အယူဆိုတာ အမြဲတန်းရှိနေမယ်။
အဲဒီအပေးနဲ့ အယူ မျှတနေသမျှတော့
ဟန်ကျနေမှာပဲ....။
အဲဒီအပေးနဲ့ အယူ
မညီမျှတော့ဘူးဆိုရင်
သား သမီးနဲ့ မိဘ
ဆရာနဲ့ တပည့်
လင် နဲ့ မယားတောင်
ဘယ်လို သံယောဇဉ်မျိုးတွေနဲ့
ချည်နှောင်ထားထား
ချက်ချင်း ပြတ်တောက်သွားနိုင်တယ်။
ဒီတော့....
ဘာမဆို အပေးနဲ့ အယူ
မျှတအောင်တော့
ကြိုးစားကြပါနော်......
                       (အမှတ်တမဲ့ တွေ့မိသော ခံစားမိပါသည်။ ကလောင်ရှင်နာမည်မသိပါ)
သမုဒယဖြေရှင်းချက်
 သမုဒယဖြေရှင်းချက်
* လူ့ဘဝ
   သမုဒယကြောင့်ဖြစ်တာ
   ထောက်ခံပါတယ်
   သူငယ်ချင်း....။
* ဒီ...သမုဒယကြောင့်ပဲ
   ငိုရ ရယ်ရ
   လူ့ဘ၀ဆိုတာ
   ဘာ...အနှစ်သာရ ရှိမှာလဲ....။
* ဒါပေမဲ့
   ဖြူစင်တဲ့ နှလုံးသား
   နူးညံ့တဲ့ စိတ်ထားနဲ့
   ပတ်ဝန်းကျင် အကျိုးပြု
   မုဒိတာ ပွား
   တရားနဲ့ နေ
   ဖြေစရာရှိတယ်...လေ။
                        ရေနံ့သာ-မောင်သီ
Tuesday, October 23, 2012
ဆရာဒကာ တွေ့ကြသောခါ....
ဆရာဒကာ တွေ့ကြသောခါ ... 
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
      လောကမှာ ဘာသာရေးနှင့်ကင်းသော လူသားရယ်လို့ ရှိကြမည် မဟုတ်ပါ။ ဘာသာရေးနှင့် မကင်းကြ
သော လူသားတိုင်းဟာလည်း ဘာသာရေးခေါင်းဆောင်နှင့် မလွဲမသွေ ဆက်ဆံကြရမည်သာ ဖြစ်ပေသည်။
ထိုသို့ ဆက်ဆံကြသောအခါ ဘာသာရေးခေါင်ဆောင်များကရော ဘာတွေ လုပ်ပေးနိုင်သလဲ..။ ဘာသာ-
ဝင်ပုဂ္ဂိုလ်တွေအနေနဲ့ရော ဘာတွေရလိုက်သလဲ...။ ထိုက်တန်သော ရလာဒ်တစ်ခုကို မထုတ်ယူနိုင်ဘူး-
ဆိုရင် ကိုးကွယ်မှုဟာ ဘာအကျိုးရှိနိုင်မှာလဲ...။
      ထို့ကြောင့် ကိုးကွယ်မှုတိုင်းမှာ ထိုက်တန်တဲ့ရလာဒ်တစ်ခုတော့ ရှိသင့်သည် မဟုတ်လော...။ “ထိုထိုက်တန်သော ရလာဒ်တစ်ခုကို အကျွန်ုပ်တို့ ဘယ်လိုယူကြမလဲ”ဟု တွေးမိသောအခါ “နည်းစနစ်နဲ့
ကင်းသော ရလာဒ်ကောင်းမရှိ”-ဟူသော ဒဿနတစ်ခုကို တွေ့ရ၏။ ထို့ကြောင့် အကျွန်ုပ်တို့သည် နည်း
စနစ်ကောင်းကို ရှာမှီးသင့်၏။
ရထိုက်စရာ ကျင့်ငါးဖြာ
နတ်ပြည်ရောက်ကြောင်း အကျင့်ကောင်း
      ၁။ ကိုယ်ကျင့်တရားကောင်းသော သီလနှင့်ပြည့်စုံသော ဘာသာရေးခေါင်းဆောင်တစ်ဦးဦးကို တွေ့-
မြင်သောအခါ ဘာသာဝင်ပုဂ္ဂိုလ်တို့ ရင်ထဲ၌ စိတ်ကြည်လင်မှု ဖြစ်လာကြ၏။ စိတ်ကြည်လင်မှုဖြစ်ရမယ်-
တဲ့။ ဒါ ဟုတ်တာပေါ့။ ဘယ်ဘာသာဝင်မဆို မိမိတို့ရဲ့ ဘာသာရေးခေါင်ဆောင်းများကို တွေ့မြင်ကြသော
အခါ မိမိတို့ရဲ့ စိတ်ထဲ, ရင်ထဲမှာ စိတ်ကြည်လင်မှု အသီးသီးဖြစ်ကြမည်သာ။ ကိုယ်လေးစားသော ပုဂ္ဂိုလ်
ကို မြင်လိုက်ရသူအတွက် ဘယ်သူ ၀မ်းမသာဘဲ နေနိုင်မှာလဲ...။
      ထိုကဲ့သို့ ရင်ထဲမှာ စိတ်ကြည်လင်မှုဖြစ်နေရင် အဲဒီပုဂ္ဂိုလ်ဟာ သဂ္ဂသံဝတ္တနိက = အထက်တန်းဘဝ
(နတ်ပြည်) ကို ရောက်စေနိုင်တဲ့ အကျင့်ကို ကျင့်နေတာနဲ့ တူတယ်။ ကျင့်ပြီးသား ဖြစ်သွားတယ်တဲ့။
      ဒါ ဟုတ်ရဲ့လား...ယုတ္တိရှာကြည့်တဲ့အခါ ............ သာဓကယုတ္တိအနေနဲ့ မဋ္ဌကုဏ္ဍလီသူဋ္ဌေးသားရဲ့
သမိုင်းကြောင်းလေး ပေါ်လာတယ်။ ဘယ်လိုလဲ...ဆိုရင် -
     မဋ္ဌကုဏ္ဍလီဟာ သေငယ်ဇောနဲ့ မျောနေတဲ့အချိန်မှာ မြတ်ဗုဒ္ဓနဲ့ သံဃာတော်များ ဖူးမြင်လိုက်ရတဲ့- အတွက် စိတ်ထဲမှာ ကြည်လင်မှု, ကြည်နူးမှုဖြစ်သွားပါတယ်။ အဲဒီကြည်နူးမှုစိတ်နဲ့ပဲ သေဆုံးသွားတဲ့အခါ
နတ်သားဖြစ်သွားပါတယ်။ ဒါဟာ ရူပါရုံအပေါ်မှာဖြစ်တဲ့ စိတ်ကြည်နူးမှုရဲ့ ရလာဒ်ပါ။
       ဆက်လက်ယုတ္တိရှာတဲ့အခါကြတော့ မဏ္ဍုကဖားနတ်သားရဲ့ အကြောင်းလေးပေါ်လာပြန်ရော။ သူဟာလည်း မြတ်ဗုဒ္ဓရဲ့ ဓမ္မအသံပေါ်မှာ စိတ်ကြည်နူးမှုဖြစ်နေတုန်း နွားကျောင်းသားတစ်ဦးရဲ့ နှင်တန်
ထောက်ခံရမှုကြောင့် သေဆုံးသွားခဲ့ရတယ်။ သေဆုံးပြီး မဏ္ဍုကဖားနတ်သားရယ်လို့ အထက်တန်းဘ၀မှာ
သွားပြီးတော့ ဖြစ်ရတယ်။ ဒါဟာ အသံအပေါ်မှာဖြစ်တဲ့ စိတ်ကြည်လင်မှုရဲ့ ရလာဒ်ပါ။
       သဘာဝကျကျ တွေးခေါ်ကြည်တဲ့အခါမှာလည်း ဖြူစင်တဲ့အရာဝတ္ထု, ကြည်လင်တဲ့အရာဝတ္ထု
တိုင်းဟာ အရာရာကို ဖြစ်စေနိုင်တဲ့ Power-စွမ်းအားရှိတယ်-ဆိုတဲ့ သဘောတရားကို သွားတွေ့ရတယ်။
      ဒါဟာ ဘာသာရေးခေါင်ဆောင်များနဲ့တွေ့ရတဲ့ ဘာသာဝင်တိုင်းရဲ့ ပထမရလာဒ်တစ်ခုပါပဲ။
      သို့သော် ကြည့်တတ်တဲ့မျက်လုံးနဲ့ ထောင်တတ်တဲ့နားရှိဖို့တော့ လိုတယ်။
မြင့်မြတ်မျိုးမှာ ကျင့်စရာ
      ၂။ ကိုယ်ကျင့်တရားကောင်းသော သီလနှင့်ပြည့်စုံသော ဘာသာရေးခေါင်းဆောင်တစ်ဦးဦးကို တွေ့-
မြင်သောအခါ (သို့မဟုတ်) မိမိအိမ်သို့ ရောက်လာသောအခါ ခရီးဦးကြိုဆိုမှု, လက်အုပ်ချီမှု (ဦးညွတ်မှု),
နေရာပေးမှုများ ပြုလုပ်ကြရ၏။ ဒါဟာ လောက၀တ်တစ်ခုပဲ မဟုတ်လား....။
       အဲဒီလောက၀တ်တစ်ခုကို ပြုလုပ်ဖို့ဆိုတာမှာ မိမိရဲ့မာနကို ချိုးနှိမ်ထားနိုင်မှ ဖြစ်တာပါ။ မိမိရဲ့ မာနကို
မချိုးနှိမ်နိုင်ရင် ဒီလောက၀တ်ကို ဘယ်သူမှ ပြုနိုင်မှာ မဟုတ်ပါဘူး။ မိမိရဲ့မာနကို ချိုးနှိမ်နိုင်ဖို့ဆိုတာဟာလဲ
တစ်ဖက်လူက လေးစားလောက်တဲ့ အရည်အချင်းရှိမှ ဖြစ်တာပါ။ ဒါကြောင့် “သီလ၀န္တ-သီလနှင့်ပြည့်စုံ-
သော ခေါင်းဆောင်”လို့ ဆိုထားတာပေါ့။
       အဲဒီလို သီလနှင့်ပြည့်စုံသော ခေါင်းဆောင်တစ်ဦးဦးကို ခရီးဦးကြိုဆိုတဲ့ပုဂ္ဂိုလ်, ဦးညွတ်တဲ့ပုဂ္ဂိုလ်,
နေရာပေးတဲ့ပုဂ္ဂိုလ်တွေဟာ ဥစ္စာကုလီနသံဝတ္တနိက-မြင့်မြတ်တဲ့အမျိုးမှာ ရောက်စေနိုင်တဲ့အကျင့်ကို
ကျင့်နေရာရောက်တယ်တဲ့။
       ဒီအချက်နဲ့ပတ်သက်လို့ သာဓကယုတ္တိရှာကြည့်တော့ မြတ်ဗုဒ္ဓရဲ့ နည်းစနစ်ပေါင်းမြောက်များစွာထဲက
ဥပရိပဏ္ဏာသ၊ စတုတ္ထ၀ဂ်၊ စူဠကမ္မ၀ိဘင်္ဂသုတ်မှာ “ဟောဒီလောက မိန်းမ, ယောက်ျားတစ်ဦးဦးဟာ ထဒ္ဓ-
ခက်ထမ်းကြမ်းကြုတ်နေမယ်၊ အတိမာနီ-အလွန်မာနကြီးနေမယ်-ဆိုရင် အဲဒီလူဟာ -
       ၁။ ရှိခိုးသင့်တဲ့ပုဂ္ဂိုလ်ကို မရှိခိုးဘူး၊
       ၂။ ခရီးဦးကြိုဆိုသင့်တဲ့ပုဂ္ဂိုလ်ကို ခရီးဦးမကြိုဆိုဘူး၊
       ၃။ နေရာပေးသင့်တဲ့ပုဂ္ဂိုလ်ကို နေရာမပေးဘူး၊
       ၄။ လမ်းဖယ်ပေးသင့်တဲ့ပုဂ္ဂိုလ်ကို လမ်းဖယ်မပေးဘူး၊
       ၅။ အရိုအသေပြုသင့်တဲ့ပုဂ္ဂိုလ်ကို အရိုအသေမပြုဘူး၊
       ၆။ လေးစားသင့်တဲ့ပုဂ္ဂိုလ်ကို မလေးစားဘူး၊
       ၇။ မြတ်နိုးသင့်တဲ့ပုဂ္ဂိုလ်ကို မမြတ်နိုးဘူး၊
       ၈။ ပူဇော်သင့်တဲ့ပုဂ္ဂိုလ်ကို မပူဇော်ဘူး၊
       အဲဒီရှစ်ချက်ထဲက တစ်ချက်ချက်နဲ့ ပြည့်စုံမယ်ဆိုရင်တောင် အပါယ-အပါယ်ကျတတ်တယ်၊ ဒုဂ္ဂတိ-
မကောင်းတဲ့ဘ၀ ရောက်တတ်တယ်၊ နိရယ-စိတ်ချမ်းသာမှု ကင်းမဲ့တတ်တယ်။ အကယ်၍ ကံကောင်းလေး
ထောက်မလို့ လူသားရယ်လို့ ဖြစ်လာခဲ့ရင်လည်း ဖြစ်လေရာ ဘ၀တိုင်းမှာ ဥစ္စာကုလိန-ယုတ်ညံ့တဲ့အမျိုးမှာ
ဖြစ်ရတတ်တယ်။
       ဒါလည်း ဟုတ်တာပေါ့။ ခက်ထမ်တဲ့ မာနကြီးတတ်တဲ့ ပုဂ္ဂိုလ်တွေဟာ ယဉ်ကျေးမှုမရှိဘူး။ မိုက်ရိုင်း
တတ်တယ်။ မယဉ်ကျေးမှု, မိုက်ရိုင်းမှုဆိုတာတွေဟာ လူယုတ်လူညံ့တွေမှာပဲ ဖြစ်တတ်တာပါ။ အထက်-
တန်းကျတဲ့ လူတန်းစားတွေမှာ ဒါတွေ မဖြစ်ပါဘူး။ ဒါကြောင့် အမျိုးမြတ်မှာ ဖြစ်လိုသူတိုင်းဟာ ယဉ်ကျေး
မှုဆိုတာ မဖြစ်မနေရှိရမဲ့တရားမျိုးပါ။ ဒီယဉ်ကျေးမှုရှိဖို့ ဆိုတာဟာလဲ ထက်ထန်မှုနှင့် မာနမရှိမှ ဖြစ်တာပါ။
       ထဒ္ဓ-ခက်ထမ်းကြမ်းတမ်းမှု, အတိမာနီ-အလွန်မာနကြီးမှုမရှိဘူးဆိုရင် ခရီးဦးကြိဆိုမှု, လက်အုပ်ချီမိုး
ရှိခိုးမှု (ဦးညွတ်မှု), နေရာပေးမှုဆိုတာတွေ ဖြစ်လာမှာပါ။ အဲဒီလို ဖြစ်လာရင် ဥစ္စာကုလီနသံဝတ္တနိက-
မြင့်မြတ်တဲ့အမျိုးမှာ ဖြစ်စေနိုင်တဲ့အကျင့်ကို ကျင့်နေတာနဲ့ တူတယ်။ ကျင့်ပြီးသားဖြစ်သွားတယ်တဲ့။
စွမ်းအားရှိဖို့ ကျင့်ကြစို့
       ၃။ ကိုယ်ကျင့်တရားကောင်းသော သီလနှင့်ပြည့်စုံသော ဘာသာရေးခေါင်ဆောင်တစ်ဦးဦးနဲ့ တွေ့-
ကြတဲ့အခါ ဘာလှူရင် ကောင်းမလဲ၊ ဘာနဲ့ ဧည့်ခံရရင် ကောင်းမလဲ-ဆိုတဲ့ အတွေးတွေဟာ ဘာသာဝင်
ပုဂ္ဂိုလ်တွေရဲ့ ရင်ထဲမှာ ဖြစ်ပေါ်ပြီးတော့ လာတတ်ပါတယ်။ ဒီလိုအတွေးမျိုး ရင်ထဲမှာ ဖြစ်လာတဲ့အခါ ပတ်
ဝန်းကျင်နဲ့ မျှဝေမခံစားနိုင်တဲ့ မစ္ဆရိယစိတ်ဟာ ပျောက်ပြီးတော့ သွားတတ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ မျှဝေ
မခံစားနိုင်တဲ့ လူတိုင်းဟာ ပတ်ဝန်းကျင်ရဲ့ အပြင်ဘက်ကို ရောက်သွားတတ်ဟာလဲ လောကသဘာဝပဲ
မဟုတ်လား...။
       အဒီလိုမဟုတ်ဘဲ ပတ်ဝန်းကျင်နဲ့ မျှဝေခံစားတတ်တဲ့ နှလုံးသားရှိတဲ့ လူတွေကို ပတ်ဝန်းကျင်က သတိပြုမိလာတတ်တယ်။ အာရုံစိုက်လာတတ်တယ်။ အလေးထားလာတတ်တယ်။ ဒါဟာ ကိုယ့်ရဲ့ power
စွမ်းအားတက်လာတဲ့ သဘောပါပဲ။ မြတ်ဗုဒ္ဓက ကောသိယသူဋ္ဌေးကို ပြောထားတဲ့စကားက သိပ်ကောင်းပါ
တယ်။ “ဒေဟိ ဒါနာနိ -လှူလည်းလှူပါ။ ဘုဉ္ဖထ-စားလည်းစားပါ။ အရိယမဂ္ဂံ သမာရူဟ-အရိယာတို့ရဲ့
(ဖြူစင်တဲ့) လမ်းကိုလည်း ဖောက်ပါ။ နေကာသိ လဘတေ သုခံ-တစ်ယောက်တည်း စားရတာ အရသာ
မရှိဘူး”တဲ့။ သိပ်ကောင်းတဲ့ စကားလေး လေးခွန်းပါ။
       ဒါကြောင့် မြတ်ဗုဒ္ဓဟာ လှူမယ်ဆိုတဲ့ စိတ်ဖြစ်နေရင်ကို အဲဒီပုဂ္ဂိုလ်ဟာ မဟေသဂ္ဂသံဝတ္တနိက-ကြီး
မားသော စွမ်းအားရှိသောအကျင့်ကို ကျင့်နေရာရောက်တယ်-လို့ ဟောထားခြင်းဖြစ်တယ်။ Extenal Power ထက် Intenal power က ပိုပြီး အရေးကြီးတယ်-ဆိုတဲ့ သဘောပေါ့။ ဆိုလိုတာက ယောနိသော-
မနသိကာရ-သဘာဝကျကျ တွေးတတ်ဖို့နဲ့ အတ္တသမ္မာပဏိဓိ-စိတ်ကောင်းနှလုံးကောင်းရှိဖို့ပါပဲ။
စည်းပွားရေးရာ ဒါကျင့်ပါ
      ၄။ ကိုယ်ကျင့်တရားကောင်းသော သီလနှင့်ပြည့်စုံသော ဘာသာရေးခေါင်းဆောင်များနဲ့တွေ့လို့ မိမိတို့
စွမ်းအားရှိသလောက် ခွဲဝေလှူဒါန်းလိုက်၊ ဧည့်ခံကျွေးမွေးလိုက်မယ်ဆိုရင် မဟာဘောဂသံဝတ္တနိက-စည်းစိမ်ဥစ္စာများပြားကြောင်း အကျင့်ကို ကျင့်နေရာ ရောက်တယ်။ ဒါနံ သဗ္ဗတ္ထသာဓကံ-ပေးကမ်းခြင်း-
သည် အောင်မြင်ခြင်း၊ ဒါနတော ဘောဂ၀ါ-ဒါနဟာ စည်းစိမ်ဥစ္စာကို ဖြစ်စေတယ်-လို့ မြတ်ဗုဒ္ဓဟောထား
တယ် မဟုတ်လား...။
       ပေးတတ်ဖို့ပဲ လိုတာပါ။ ပေးတတ်တဲ့ပုဂ္ဂိုလ်တိုင်းဟာ ပြန်လည်ရရှိတတ်ပါတယ်။ ဘယ်လို ပေးရမလဲ။
မပေးလှူခင်, ပေးလှူဆဲ, ပေးလှူပြီး ကာလသုံးပါးလုံးမှာ စေတနာပါနေရမယ်။ စေတနာ လျှော့မသွားရ-ဘူးတဲ့။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်...
       ယုံယုံကြည်ကြည် ပေးလှူရမယ်၊
       ရိုရိုသေသေ ပေးလှူရမယ်၊
      အချိန်ကာလကြည့်ပြီး ပေးလှူရမယ်၊
      ပြန်လည်မမျှော်လင့်တဲ့စိတ်နဲ့ ပေးလှူရမယ်၊
      အစွန်းနှစ်ဖက်လွတ်အောင် ပေးလှူရမယ်...တဲ့။
      ဒီငါးနည်းနဲ့ ပေးလှူမယ်ဆိုရင် ထိုက်တန်တဲ့ အကျိုးတစ်ခုကို ပြည့်ပြည့်၀၀ ရရှိပါတယ်။ ဒါကြောင့်
မြတ်ဗုဒ္ဓက သီလ၀န္တ-သီလနှင့်ပြည့်စုံသော ဘာသာရေးခေါင်းဆောင်များနဲ့တွေ့လို့ လှူကြ တန်းကြမယ်-
ဆိုရင်, လှူဖြစ် တန်းဖြစ်မယ်-ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ မဟာဘောဂသံဝတ္တနိက-စည်းစိမ်ဥစ္စာများပြားကြောင်း
အကျင့်ကို ကျင့်နေရာ ရောက်တယ်လို့ ဟောထားတာပါ။
ဥာဏ်ရည်ထက်ဖို့ ဒါကျင့်စို့
      ၅။ နောက်ဆုံးတစ်ချက်က သီလ၀န္တဘာသာရေးခေါင်းဆောင်များနဲ့တွေ့တဲ့အခါ ကိုယ်မသိတာ
မေးမြန်းကြတယ်။ သူတို့မေးလို့ ကိုယ်ပြန်ဆွေးနွေးဖြစ်တယ်။ သူတို့ ဟောပြ ပြောပြလို့ ကိုယ် တရားဓမ္မ-
နာကြားဖြစ်တယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ မဟာပညာသံဝတ္တနိက-ဥာဏ်ပညာထက်မြက်ကြောင်း အကျင့်ကို
ကျင့်ရာရောက်ပါတယ်။
     “ ပြောဆိုဆွေးနွေးမှုဟာ အသိပညာကို ဖြစ်စေတယ်”-မဟုတ်လား...။ ဒါကြောင့် ဘာသာရေးခေါင်း
ဆောင်များနဲ့ တွေ့ကြတဲ့အခါ တရားဓမ္မဆွေးနွေးဖို့ လိုပါတယ်။ ဒါဟာ မဟာပညာသံဝတ္တနိက-ဥာဏ်ပညာ
ထက်မြက်ကြောင်း အကျင့်တွေပဲလေ။
အကျင့်ငါးထွေ စုံလေပြီ
    ပြန်ပြီးချုပ်ကြည့်လိုက်တော့ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့လိုက်ရတဲ့ ဘာသာဝင်များအနေဖြင့် -
       ၁။ ဘာသာရေးခေါင်းဆောင်များရဲ့ အပေါ်မှာ ကြည်ညိုစိတ်ကလေးဖြစ်တဲ့အတွက် သဂ္ဂသံဝတ္တနိက -
အထက်တန်းကျတဲ့ဘ၀ကို ရောက်စေနိုင်တဲ့အကျင့်၊
       ၂။ ခရီးဦးကြိုဆိုမှုစသည်ကို ပြုလိုက်ရတဲ့အတွက် ဥစ္စာကုလီနသံဝတ္တနိက-မြင့်မြတ်တဲ့အမျိုးမှာ ဖြစ် -
စေနိုင်တဲ့အကျင့်၊
       ၃။ မစ္ဆရိယစိတ်ကို ပယ်ဖျောက်နိုင်တဲ့အတွက် မဟေသက္ခသံဝတ္တနိက-စွမ်းအားမြင့်တဲ့အကျင့်၊
       ၄။ တတ်နိုင်သလောက် ခွဲဝေလှူဒါန်းတဲ့အတွက် မဟာဘောဂသံဝတ္တနိက-စည်းစိမ်ဥစ္စာများပြား -
ကြောင်းအကျင့်၊
      ၅။ တရားဓမ္မဆွေးနွေးမှုစသည်ကို ပြုရတဲ့အတွက် မဟာပညာသံဝတ္တနိက-ဥာဏ်ပညာထက်မြက် -
ကြောင်း အကျင့်တွေကို ကျင့်ရာရောက်ပြီးတော့နေတယ်။
       ဒီအကျင့်ငါးမျိုးကို ကျင့်ရာရောက်တော့ ဘာဖြစ်တုန်း။ ဒါက ရှင်းပါတယ်။ သရက်ပင်စိုက်တော့ သရက်သီးရတယ်။ ကောင်းတာကျင့်တော့ ကောင်းကျိုးရတယ်။ ဒါတွေဟာ လောက, ဓမ္မနိယာမတွေပဲ မဟုတ်လား..။
ပတ်ဝန်းကျင်နဲ့ လူ့လောက
      လူဆိုတာ ပတ်ဝန်းကျင်နဲ့ကင်းလို့ မရတဲ့အတွက် တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံကြရမယ်။ တစ်ဦးကိုတစ်ဦး အားကိုးကြရမယ်။ ဒီလို ပေါင်းသင်းအားကိုးကြတဲ့အခါကြတော့ Internal condition
 ဖြစ်ဖို့အပြင် External condition ကပါ အရေးကြီးလာတာကို တွေ့လာရတယ်။
       မြတ်ဗုဒ္ဓကလည်း “အသေ၀နာ စ ဗာလာနံ”စသည်ဖြင့် ပေါင်းသင်းဆက်ဆံရေးလမ်းစဉ်တွေကို မင်္ဂလာတရားတော်မှာ ချမှတ်ပြခဲ့သည် မဟုတ်ပါလော....။
ဆရာဆိုတာ ဒီလိုပါ
       ဒါကြောင့် ပတ်ဝန်းကျင်ကို ဆရာတင်တော့မည်ဆိုလျှင် အားကိုးထိုက်သော ပုဂ္ဂိုလ်ကို (သို့မဟုတ်)
ဘာသာရေးခေါင်းဆောင်ကို ဆရာတင်မိဖို့တော့ လို၏။ ဘယ်လိုပုဂ္ဂိုလ်မျိုးက ဘယ်လို ဘာသာရေးခေါင်း
ဆောင်မျိုးက အားကိုးထိုက်သလဲ..ဆိုတော့ ““ပိယော ဂရု ဘာဝနီယော၊ ၀တ္တာ စ ၀စနက္ခမော””စသည်ဖြင့်
များစွာသော သုတ္တန်တွေမှာ ဖော်ပြလေ့ရှိပါတယ်။
      ဘာကို ဆိုလိုသလဲ...ဆိုတော့ မိမိဆရာတင်မဲ့ အားကိုးမဲ့ ပုဂ္ဂိုလ်မျိုး, ဘာသာရေးခေါင်းဆောင်မျိုးဟာ-
     ၁။ ပိယော = ချစ်ခင်လေးစားလောက်သော သီလ, သမာဓိ, ပညာရှိရမယ်၊
     ၂။ ဂရု = လေးစားလောက်သော ကိုယ်ကျင့်တရားရှိရမယ်၊
     ၃။ ဘာဝနီယော = ပွားများအပ်သော မေတ္တာတရားရှိရမယ်၊
     ၄။ ၀တ္တာ = အပြစ်ပြ၍ ဆုံးမတတ်သူဖြစ်ရမယ်၊
     ၅။ ၀စနက္ခမော = ကြောင်းကျိုးညီညွတ်သော ဆွေးနွေးမှုကို လက်ခံနိုင်စွမ်းရှိရမယ်၊
     ၆။ ယော စ ဌာနေ နိယောဇကော = မိမိလက်အောက်ငယ်သားကို ချောက်မတွန်းတတ်တဲ့ပုဂ္ဂိုလ်မျိုး
ဖြစ်ရမယ်...တဲ့။
      ဒါတွေဟာ Teacher's qualification တွေပါပဲ။ ဒီအရည်အချင်းနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေ, ဘာသာရေး
ခေါင်းဆောင်တွေကို ရှာဖွေပေါင်းသင်းမိဖို့ စိစစ်အားကိုးထိုက်ဖို့ လိုပါတယ်။
တူညီလေမှ တွဲလို့ရ
     ဒီလိုနှစ်ဦးနှစ်ဖက် သူ့ဘက် ကိုယ့်ဘက် Qualification ဖြစ်ကြပေမဲ့ ထိုသူနှစ်ဦးတို့ ရေရှည်ဆက်ဆံနိုင် ဖို့, ပေါင်းသင်းနိုင်ဖို့ကြတော့ တူလေးတူနဲ့ပြည့်စုံမှ ဖြစ်ပါလိမ့်မယ်။ အဲဒီ တူလေးတူက ဘာတွေလဲ...ဆိုရင် -
      ၁။ သဒ္ဓါ = ယုံကြည်ချက်ချင်း တူရမယ်၊
      ၂။ သီလ = ကိုယ်ကျင့်တရားချင်း တူရမယ်၊
      ၃။ စာဂ = စွန့်လွှတ်မှုချင်း (သို့မဟုတ်) မျှဝေခံစားမှုချင်း တူရမယ်၊
     ၄။ ပညာ = အသိပညာချင်း တူရမယ်...ဆိုတဲ့ တူလေးတူပါပဲ။
      ဒီလေးချက်တူညီကြရင် ဘယ်လူမျိုးမဆို ရေရှည်ပေါင်းသင်းလို့ အားကိုးလို့ ရပါတယ်။ ဗျတ္တိရေက -
ပြောင်းပြန်ပြောရရင် မတူညီရင်တော့ ရေရှည်မပါဘူး...ဆိုတဲ့ သဘောပေါ့။ ဒါကြောင့် ဆရာ,ဒကာ ပေါင်း
သင်းဆက်ဆံကြတဲ့အခါ၊ သူငယ်ချင်း အချင်းချင်း ပေါင်းသင်းဆက်ဆံကြတဲ့အခါ၊ မိသားစု အချင်းချင်း
ပေါင်းသင်းဆက်ဆံကြတဲ့အခါ ဒီအချက်လေးချက်တူညီဖို့ အရမ်းကို လိုအပ်ပါတယ်။
     ဒါ...သိပ်ဟုတ်တာပေါ့။ ယုံကြည်ချက်ချင်း မတူညီရင် ပေါင်းသင်းဖို့ဆိုတာ အင်မတန်မှ ခက်ပါလိမ့်မယ်။
ရတယ်-ဆိုရင်တောင် ရေရှည်ပါဖို့ ခက်ပါလိမ့်မယ်။ ဥပမာဆိုကြပါစို့...တစ်ဦးက နတ်ကိုပဲ ယုံကြည်တယ်။
တစ်ဦးက ထေရ၀ါဒကိုပဲ ယုံကြည်ကိုးကွယ်တယ်...ဆိုရင် ဒီပုဂ္ဂိုလ်နှစ်ဦး ရေရှည်အဆင်ပြေဖို့ မလွယ်ပါဘူး။
ထို့အတူ စီးပွားရေး, လူမှုရေး, ကိုးကွယ်ရေး..စသည်တွေလဲ ဒီလိုပါပဲ။
     သီလ-ကိုယ်ကျင့်တရားပိုင်းမှာလဲ ဒီအတိုင်းပါပဲ။ သုရာဓုတ္တ-သေသောက်ကျူးတဲ့ ပုဂ္ဂိုလ်၊ ဣတ္ထိဓုတ္တ-
မိန်းမလိုက်စားတဲ့ ပုဂ္ဂိုလ်၊ အက္ခဓုတ္တ-အလောင်းအစားအားသန်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဓမ္မစာရီ-တရားဓမ္မကို
ကျင့်ကြံအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေဟာ ရေရှည်လက်တွဲဖို့...ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ လက်တွေ့ပါပဲ။
     စာဂ-စွန့်လွှတ်အနစ်နာခံတတ်သူ၊ မျှဝေခံစားတတ်သူတွေနဲ့ မစ္ဆရိယ-ဆုတ်ကိုင်ထားတတ်သူ၊ ကပ်စေး
နှဲတတ်သူတွေနဲ့လည်း ဘယ်တော့မှ ရေရှည်လက်တွဲလို့ရမှာ မဟုတ်ပါဘူး။
     ပညာ-အသိပညာပိုင်းကို ရောက်သွားရင်တော့ ပိုဝေးသွားတာပေါ့။ အသိပညာချင်း မတူညီလို့ ဝေးကွာ
သွားရတဲ့ သာဓကတွေဟာလဲ ဒုနဲ့ဒေးပါပဲ။
     ဒီနေရာမှာ ဥပမာအနေနဲ့ ရေ၀တီတို့လင်မယား၊ သိကြားမင်းနဲ့ သုဇာတာ၊ ပိပ္ပလိလုလင်နဲ့ မယ်ဘဒ္ဒါ-
စတဲ့ အသိပညာတူညီမှု, မတူညီမှုကြောင့် ဘ၀မှာ လက်တွဲမဖြုတ် ပန်းတိုင်ဝင်သွားတာတွေ၊ လက်တွဲ
ဖြုတ်ပြီး ဘ၀လမ်းခွဲတာတွေဟာ ကြည်နူးစရာကောင်းသလို ၀မ်းနည်းကြေကွဲစရာဖြစ်ရပ်တွေဟာလည်း
တကယ့် သင်ခန်းစာ ယူစရာတွေပါပဲ...။
     တူလေးတူ မတူကြသူ အချင်းချင်း မဖြစ်မနေ ပေါင်းသင်းဆက်ဆံရရင်တောင် ဘယ်တော့မှ အေးချမ်း
သာယာမှုဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အမြဲတမ်း တဂျက်ဂျတ်ဖြစ်နေမှာပါပဲ။
     ဒါကြောင့် အကျွန်ုပ်တို့တတွေ “ဆရာ ဒကာ ဆက်ဆံကြတဲ့အခါ” ရသင့်ရထိုက်တဲ့ အကျင့်ငါးမျိုးကို
ကျင့်ရာရောက်အောင် နေတတ်ဖို့၊ ယုံကြည်အားကိုးထိုက်တဲ့ ဘာသာရေးခေါင်းဆောင်ကို ရှာဖွေဆည်းကပ်
ဖို့၊ ရေရှည်လက်တွဲနိုင်ဖို့ အထူးပင် လိုအပ်ပါကြောင်း၊ ထိုလိုအပ်ချက်တွေကို ရှာဖွေ, စိစစ်, ကျင့်သုံးဖို့ လို
အပ်ကြောင်းတွေကို မြတ်ဗုဒ္ဓ ထုတ်ဖော်ဟောတော်မူခဲ့သည့် အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ဗြဟ္မဏ၀ဂ်၊
ဒုတိယအုပ်၊ စာမျက်နှာ (၂၁၃) တွင်ပါရှိသော ကုလသုတ်ကို အခြေခံ၍ မိမိနားလည်ခံစားမိသလို ““ဆရာ
ဒကာ တွေ့ကြသောအခါ””ဟူသော ခေါင်းစဉ်ဖြင့် မေတ္တာဖြန့်ဝေလိုက်ရပါကြောင်း.........
သီလံ ရက္ခန္တု သဗ္ဗဒါ
အချိန်နှင့်အမျှ ကိုယ်ကျင့်တရားကို စောင့်ထိမ်းနိုင်ကြပါစေ
အာသီသ
        ဒီဘလော့စ်ကို (၂၃.၁၀.၂၀၁၂) ရက်နေ့ည (၁၀) နာရီမှစ၍ (၂၄.၁၀.၂၀၁၂) ရက်နေ့နံနက် (၂း၁၅) နာရီကြမှ ပြီးပါသည်။ ဒီအချိန်အထိ မအိပ်မနေ ရေးနေခြင်းမှာ တွေ့ဆုံပေါင်းသင်းမှုတိုင်းမှာ ငြိမ်းချမ်းရေး
ရစေလိုသော အာသီသဖြင့် အိပ်ချင်စိတ်ကို မရမက ဖျောက်၍ ရေးသားတင်ပို့လိုက်ရပါသည်။
     ထို့ကြောင့် ဒီဘလော့စ်ကို ဖတ်လိုက်ရတဲ့သူတိုင်း စတင်ဖတ်သည့်အချိန်မှစ၍ ထာဝရငြိမ်းချမ်းမှုများကို
ရရှိခံစားနိုင်ကြပါစေ....
                             မေတ္တာဖြင့် - မောင်သီ (မြတောင်)
အချိန်စောင့်ဆိုင်းခြင်း
                                     အချိန်စောင့်ဆိုင်းခြင်း
     လူ့ဘ၀သည် ပြဿနာအခက်အခဲများနှင့် ဖွဲ့စည်းတည်ဆောက်ထား၏။ လူတို့သည် ထိုအခက်အခဲ
ပြဿနာများကို အောင်မြင်အောင် ပြေလည်အောင် ဖြေရှင်းကြရင်း ဘ၀ကို ဖြတ်သန်းသွားကြ၏။
     တစ်ချို့က မိမိတွေ့ကြုံရသော အခက်အခဲပြဿနာများကို အလျင်စလို ဖြေရှင်းမိကြသဖြင့် မအောင်-
မြင်ဖြစ်ကြရ၏။ တစ်ချို့က ဘယ်လို ဖြေရှင်းရမှန်းမသိဘဲ ချာလည်ချာလည်နဲ့ ပြဿနာအခက်အခဲထဲတွင်
လုံးထွေးနေကြသည်။
     ပြဿနာအမျိုးမျိုးရှိ၏။ အခက်အခဲအမျိုးမျိုးရှိ၏။ အခြေအနေ အတိမ်အနက် အလေးအပေါ့ မတူကြ။
     တစ်ချို့ကိစ္စများသည် ချက်ခြင်းဖြေရှင်၍ မရသော ကိစ္စများဖြစ်တတ်၏။ အချိန်ပေး ဖြေရှင်းရမည့်ကိစ္စ
များ ဖြစ်နေတတ်သည်။ အလောတကြီးနိုင်ပြီး အလျင်စလို ဖြေရှင်းလိုက်လျှင် ရှင်းလေ ရှုပ်လေဖြစ်လိမ့်
မည်။
     ထိုအခြေအနေမျိုးတွင် လွှတ်ထားလိုက်တာ အကောင်းဆုံးဖြစ်မည်။ အချိန်တန်လျှင် သူ့ဘာသာသူ
ရှင်းသွားလိမ့်မည်။ အချိန်က အရာရာကို အဆုံးအဖြတ် ပေးလိမ့်မည်။
     လူ့သမိုင်းတွင် အမှန်အမှားကို ချက်ချင်းမသိဘဲ နောက်မှ သိလာရတဲ့ အဖြစ်အပျက် ဇာတ်လမ်း မှတ်တမ်းတွေ အများကြီးရှိခဲ့ဖူး၏။
     သူက မည်မျှပင် မှန်ကန်ပါစေ သူအသက်ရှင်စဉ်ကာလ၌ အဖြစ်မှန်ကို အသေအချာ မသိကြ။ သူသေဆုံးသွားပြီးတော့မှ သူ့အကြောင်းတွေ ပေါ်ထွက်လာကြသည်။ ပြောဆိုလာကြသည်။ ထိုအချိန်
ကြမှ “သူ ဘယ်လိုလူလဲ”ဟု သမိုင်းက သက်သေခံလိမ့်မည်။ လူဆိုသည်မှာ ကိုယ့်သမိုင်း ကိုယ်ရေးကြ
သည် မဟုတ်ပါလော...။
     ကိုယ်မသေခင် ကိုယ့်သမိုင်း စာတင်၊ အများချစ်ခင် အမြင်လှအောင် ဖန်တီးချင်၍ ရချင်မှ ရလိမ့်မည်။
အများက သုံးသပ် ဆုံးဖြတ်ပြီး သမိုင်းစာမျက်နှာပေါ်တင်မှသာ သဘာဝကျလိမ့်မည်။
     ထို့ကြောင့် ဘာကိစ္စပဲဖြစ်ဖြစ် အလောသုံးဆယ်၊ အလျင်စလို ဖြေရှင်းတာမျိုး သတိပြုသင့်သည်။ တစ်
ထိုင်တည်း ဖြေရှင်းလို့မရသော ကိစ္စမျိုးကြုံလျှင် အချိန်ကို စောင့်ပါ။ အချိန်၏ အဆုံးအဖြတ်ကို ခံယူပါ။
အချိန်ကသာလျှင် ဖြေရှင်းပေးသွားလိမ့်မည်။
     အချိန်ကို မစောင့်ဘဲ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာကို ဇွတ်လုပ်လိုက်လျှင် အကျိုးထက် အပြစ်က ပိုများလိမ့်မည်။ အချိန်ကို စောင့်ဆိုင်းတတ်ခြင်းသည် ဘ၀တွင် အရေးပါသော အသိပညာရပ်
တစ်မျိုးဖြစ်ပါသည်။
     ထို့ကြောင့် အချိန်ကို စောင့်ဆိုင်းတတ်အောင် ကြိုးစားပါ။ လေ့ကျင့် သင်ယူပါ။
     အချိန်ကို စောင့်ဆိုင်းတတ်သောသူများ ဖြစ်ကြပါစေ.....
                                               ကောင်းသန့် (လူငယ်မဂ္ဂဇင်း-၃၅၃) မှ ကူးယူခံစား ဖြန့်ဝေသည်။
                ရေနံ့သာ-မောင်သီ (၂၃.၁၀.၂၀၁၂) http://ashinthilarsarra.blogspot.com/
ဘ၀ဇာတ်ခုံ
ဘ၀ဇာတ်ခုံ
ဟိုဘက်ကလည်း ကန်
ဒီဘက်ကလည်း ကန်
အကြောက်အကန် ခံနေရ
ဖွတ်ဘောလ်ရဲ့ ဘ၀.....။
ဟိုဘက်ကလည်း ပုတ်
ဒီဘက်ကလည်း ပုတ်
အပုတ်အထုတ် ခံနေရ
ဘောလီဘောလ်ရဲ့ ဘ၀....။
ဟိုဘက်ကလည်း လု
ဒီဘက်ကလည်း လု
အလုအယက် ခံနေရ
ဘတ်စကတ်ဘောလ်ရဲ့ ဘ၀...။ 
အကန်အကြောက်
အပုတ်အထုတ်
အလုအယက်
ရုန်းထွက်လွတ်မြောက်
ပန်းတိုင်ရောက်တော့
လက်ခုပ်သြဘာ
သံစာစာသည်
ရုန်းကန်ဆွဲထုတ်
သူ့အတွက် မဟုတ်တဲ့.....
                         ရေနံ့သာ-မောင်သီ (၈.၂.၂၀၁၂) (ဘ၀ခံစားချက်)
ယုန်တစ်ကောင်ရဲ့ ဒဏ္ဍာရီ
ယုန်တစ်ကောင်ရဲ့ ဒဏ္ဍာရီ ...
ရောင်နီရဲ့ လက်နဲ့
ပွေ့ဖက်လှုပ်နှိုး
နေ့သစ်ပျိုးပေါ့....။
   အရှာထွက်တဲ့ ယုံ
   ဟိုခြုံဝင် သည်ခြုံထွက်
   နေ့နက်နက်ထဲ
   သင်းကွဲ ဖော်မဲ့ ယိုင်နဲ့နဲ့
   ပိန်ခြုံးချိန် ခပ်ယဲ့ယဲ့...။
      မျက်လုံးမှာ
      အစာရှာ ရန်သူရှာ
      နားမှာ အသံလာရာ
      ပတပ်မရပ်မိအောင်နေပေါ့...။
         မုဆိုး ကြောက်ရ
         ရုပ်ဆိုး ကြောက်ရ 
         ခွေးအ ကြောက်ရ
         လေးခွ ကြောက်ရ
         ကြော့ကွင်း ကြောက်ရ
         ဖော့နင်း လျှောက်ရ....။
ကြောက်ရတာတွေများ
ဖျားသွားတဲ့ ယုံ
ခြုံထဲမှာ တစ်နေကုန်ပါလား.....။
(၁၉၉၈-ခုနှစ်၊ နိုဝင်ဘာလထုတ် မဂ္ဂဇင်းတွင်ပါသော “ဝေလုကာ”ကဗျာကို ခံစားဖြန့်ဝေပါသည်)
“ထာဝရသစ္စာ”
     “ထာဝရသစ္စာ”
၁။ မောင်ဖြူ မောင်မဲ
    ခေါ်ဝေါ်ကွဲလဲ
    လူဟာ လူပဲ
    ဘာထူးသေးလဲ
    သဘာဝအရှိ
    တွေ့ကြုံသိပေါ့.....။
၂။ သိမှု, ကြံမှု
    “နာမ်”ဟု ခေါ်ဝေါ်
    အပူ အအေး
    ရှုပ်ထွေးဖောက်ပြန်
    ရုပ်သဏ္ဍာန်ပေါ့....
၃။ ဟော.....
    ဖြစ်ပျက်ရုပ်နာမ်
    အမှန်သဘော
    ရှင်ပင်ဟောပြ
    ခု....သိရတော့
   ဟော......
   လူဟာ လူတောင် မဟုတ်တော့ပါတကား......။
    (ရေနံ့သာ-မောင်သီ၊ သားငယ်အရှင်ဇ၀နနှင့် ပတ်သက်၍ ခံစားချက်)
““မြင်သား ကြားသား မစားရ””
Sunday, October 21, 2012
တုမှေဟိ ကိစ္စံ ကာတဗ္ဗံ
                                   ““ကိုယ့်အလုပ် ကိုယ်လုပ်ကြပါ””
         အရှင်ဘုရားတို့....တုမှေဟိ ကိစ္စံ ကာတဗ္ဗံ-လူဆိုတာ ကိုယ့်အလုပ်ကို ကိုယ်သိကြဘို့၊ ကိုယ့်
အလုပ်ကို ကိုယ်လုပ်ကြဘို့ အလွန်လိုအပ်တယ်။ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ သူများအလုပ် ကိုယ်
သွားရင် ဒုက္ခရောက်တတ်တယ်။ “ခွေးအလုပ် မြည်းဝင်ရှုပ်ရင် ၀ါးရင်းဒုတ်နဲ့ ငြားတတ်တယ်”ဆိုတဲ့
စကားပုံလိုပေါ့ဘုရား။
       အဲဒီစကားပုံရဲ့ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ “ဗာရာဏသီပြည်မှာ ကပူရပဋအမည်ရှိတဲ့
အရွယ်နုပျိ
ုတဲ့ ခ၀ါသည်လင်မယားနှစ်ဦးရှိသတဲ့။ တစ်နေ့ ခ၀ါသည်ဟာ မိမိချစ်မယားနဲ့ ကျီစယ်မှု
ပြုနေကြတာ ညဥ့်နက်မှ အိပ်ပျော်သွားတယ်။ အဲဒီအချိန်မှာ အိမ်ရှင်အလစ်ချောင်းနေ့တဲ့ သူခိုးကလဲ
အိမ်ထဲကို ၀င်လာတယ်။
       ဒီတော့ မြည်းက ခွေးကို “မောင်ခွေး ဒီကိစ္စဟာ မင်းရဲ့တာဝန်ဖြစ်တယ်၊ သခင်ကို အသံကျယ်
လောင်စွာ ဟောင်၍ နှိုးလေ”လို့ ပြောတယ်။ ခွေးကလည်း “အဆွေမြည်း...အကျွန်ုပ်ဟာ ဒီအိမ်ရဲ့
လုံခြုံရေးကို တာဝန်ကျေအောင် စောင့်ရှောက်လာတာ သင်အသိပါ။ ဒါပေမဲ့ သခင်က အကျွန်ုပ်ကို
ဘယ်တုန်းကများ အသိအမှတ်ပြုခဲ့ဘူးလို့လဲ။ သင်အသာနေပါ။ ခွေးအလုပ် မြည်းဝင်မရှုပ်ပါနဲ့”လို့
ပြန်ပြောရှာတယ်။
      “ဟယ် ခွေးမိုက်...အမှုကိစ္စတစ်ခုကို ဆောင်ရွက်ရာ၌ အခကြေးငွေကို တောင့်တမှုသည် ကျွန်
ကောင်းတစ်ယောက် ပီသပါမည်လော...”ဟု မေးရာ “အဆွေမြည်း...အမှုကိစ္စတစ်ခုကို ဆောင်ရွက်
ရာ၌ ချီးမြှောက်မှုမရှိသူကရော သခင်ကောင်းပီသပါသလော့”ဟု ပြန်လည် မေးမြန်းပါတယ်။
       ဒါနဲ့ စိတ်မရှည်တဲ့မြည်းဟာ “ငါပဲ သခင့်ကို နှိုးမည်”ဆိုကာ ပြင်းစွာဟည်၍ နှိုးလေသတဲ့။ ဒီအခါ
မြည်းဟည်သံကြောင့် လန့်နိုးလာတဲ့ သခင်ဟာ အမျက်ဒေါသထွက်ပြီး မြည်းကို ၀ါးရင်းဒုတ်နဲ့ ရိုက်လေရာ ကံဆိုးရှာတဲ့ မြည်းဟာ အဲဒီဒဏ်ရာကြောင့်ပဲ သေဆုံးသွားသတဲ့။
       ဒါကြောင့် အရှင်ဘုရားတို့လဲ ဘ၀မှာ “ခွေးအလုပ်ကို မြည်းဝင်မရှုပ်မိဘို့ လိုတယ်၊ ခွေးအလုပ်ကို
မြည်းဝင်ရှုပ်မိရင်တော့ ၀ါးရင်ဒုတ်နဲ့ ငြားကြမှာပဲ”။ လို့ ရွှေတောင်တိုက် ဆရာတော်ဘဒ္ဒန္တတေဇနိယမှ ဥပုသ်နေ့တစ်နေ့တွင် သြ၀ါဒကထာ ချီးမြှင့်ခဲ့ပါသည်။ ထိုသြ၀ါဒကို ဖြန့်ဝေလိုက်ရပါကြောင်း...
                                                 ရေနံ့သာ-မောင်သီ (မြတောင်) (၂၂.၁၀.၂၀၁၂)
Saturday, October 20, 2012
အတုမခိုးတတ်လျှင်.....
အတုမခိုးတတ်လျှင်...
     ဟိုး....ရှေ့အခါတုန်းက ဗာရာဏသီဘုရင်ကြီးမှာ သမီးတော်လေး တစ်ပါးတည်းရှိသတဲ့...
     ဘုရင်ကြီးခများလည်း မင်းဆက်မင်းလျာ သားတော်မရှိတော့ အလွန်အားငယ်ရှာနေသတဲ့လေ။ ဒီလိုနဲ့
ဘုရင်ကြီးလည်း “မဖြစ်ချေဘူး...ငါ့မှာ မင်းဆက်မင်းလျာခံယူမဲ့ သားတော်မရှိတဲ့အတွက် တိုင်းတစ်ပါးမင်း တို့ရဲ့အလယ်မှာ မျက်နှာငယ်ရတယ်။ တိုင်းတစ်ပါးမင်းတွေကလည်း အထင်သေး စော်ကားလိုကြတယ်။
ဒီတော့ အထင်သေး အစော်ကား မခံရအောင် သမီးတော်ကိုပဲ အဋ္ဌာရသပညာကို သင်ခိုင်းတော့်မယ်“-လို့
စိတ်ကူးပြီး သမီးတော်လေးကို ဒိသာပါမောက္ခဆရာကြီးထံမှာ လက်သိပ်ထိုး အပ်နှံလိုက်သတဲ့။
      သမီးတော်ကိုလည်း တိုးတိုးတိတ်တိတ် မှာလိုက်တယ်။ “သမီးတော်..လူဆိုတာ အတုခိုးတတ်ရတယ်၊
ဟို...ရောက်တဲ့အခါ ဆရာကြီးကို အတုခိုး၊ ဆရာကြီး သွားသလို သွား၊ ဆရာကြီး စားသလို စား၊ ဆရာကြီး
နေသလို နေ”-လို့ ဆိုပြီး အတုခိုးနည်းတွေ မှာကြားလိုက်သတဲ့။
      သမီးတော်လေးကလည်း အဖေဘုရင်ကို ချစ်တဲ့သမီးပီပီ အဖေဘုရင်ကြီးမှာတဲ့အတိုင်း အတုခိုးတဲ့
အနေနဲ့ ဆရာကြီး သွားသလို သွားတယ်၊ ဆရာကြီး စားသလို စားတယ်၊ ဆရာကြီး နေသလို နေတယ်။
တစ်နေ့တော့ ဆရာကြီးအပေါ့သွားတာကို သမီးတော်လေး မြင်သွားသတဲ့လေ။ ဆရာကြီးကလည်း အသက်အရွယ်နဲ့ ကျန်းမာရေးအရ အပေါ့သွားတဲ့အခါ ထိုင်လျက်မသွားနိုင်ဘဲ လက်ကြားညှပ်ပြီး မတ်တတ်သွားရသတဲ့။
      အဖေ့စကား မြေ၀ယ်မကျ နားထောင်တတ်တဲ့ သမီးတော်လေးဟာလည်း ဒါကို အတုခိုးတဲ့အနေနဲ့
ဆရာကြီးအပေါ့သွားသလို လက်ကြားညှပ်ကာ အပေါ့သွားသတဲ့။ ဒီအခါ မတူညီသော သဘာဝတရား
ကြောင့် သမီးတော်လေးခများ လက်ကို (ကန်တော့ပါရဲ့) သေးစိုရရှာသတဲ့လေ....။
      ဒီတော့ မိတ်ဆွေများအားလုံးလည်း “အတုခိုးတယ်, အတုခိုးတယ်”-ဆိုပေမဲ့ အရာရာကို အတုခိုး
မမှားရလေအောင်၊ အတုခိုးမှားခဲ့ရင် ဘုရင်ကြီးရဲ့ သမီးတော်လေးလို လက်ကို သေးစိုတတ်ပါကြောင်း..
အသိပေးသောအားဖြင့် ရွှေတောင်ဆရာတော်ကြီးရဲ့ သြ၀ါဒကို လက်ဆင့်ကမ်းဖြန့်ဝေလိုက်ပါတယ်။
Monday, October 15, 2012
ဆင်းရဲမွဲတေမှု၏ နောက်ဆက်တွဲများ (သို့) အကြွေး
ဆင်းရဲမွဲတေမှု၏ နောက်ဆက်တွဲများ (သို့) အကြွေး
၁။ မြတ်ဗုဒ္ဓသည် ပစ္စည်း, ဥစ္စာချို့တဲ့မှုသည် ဆင်းရဲကြောင်းဖြစ်ပါသလော..၊
၂။ ကြွေးမြီယူရခြင်းသည် ဆင်းရဲကြောင်းဖြစ်ပါသလော...၊
၃။ အတိုးအညွန့်ပေးပါမည်-ဟု ၀န်ခံရခြင်းသည် ဆင်းရဲကြောင်း ဖြစ်ပါသလော...၊
၎။ အကြွေး အတိုးတောင်းခံရခြင်းသည် ဆင်းရဲကြောင်း ဖြစ်ပါသလော...၊
၅။ အကြွေးရှင်များ နောက်မှ ထပ်ကြပ်မကွာ လိုက်နေမှုသည် ဆင်းရဲကြောင်းဖြစ်ပါသလော...၊
၆။ အကြွေး အတိုးမပေးနိုင်၍ ဖမ်းချုပ်ခံရခြင်းသည် ဆင်းရဲကြောင်း
    ဖြစ်ပါသလော...ဟူသော ဤပြဿနာခြောက်ချက်ကို ရဟန်းတို့အား မေးမြန်းတော်မူပါသည်။
ရဟန်းတို့လည်း အားလုံး “ဧ၀ံ ဘန္တေ - ဆင်းရဲကြောင်းဖြစ်ပါကုန်၏”-ဟုချည်းသာ လျှောက်ထားကြကုန်၏။
       မြတ်ဗုဒ္ဓလည်း ချစ်သားရဟန်းတို့...လောကဥပမာ ဤကဲ့သို့ရှိသလို လောကုတ္တရာရေးရာမှာလည်း...
၁။ သြကပ္ပနသဒ္ဓါ, ဟိရီ, သြတ္တပ္ပ, ၀ီရိယ, ပညာတို့တွင် တစ်ပါးပါးမရှိက ပစ္စည်း, ဥစ္စာ ချို့တဲ့မှုနဲ့ တူတယ်၊
၂။ သဒ္ဓါစသည်မရှိ၍ ဒုစရိုက်မှုလွန်ကျူးခြင်းသည် ကြွေးမြီယူရခြင်းနဲ့ တူတယ်၊
၃။ ပြုလိုက်မိသော ဒုစရိုက်ကို ဖုံးကွယ်လိုသော ပါပိစ္ဆာ-ယုတ်မာသော အလိုဆန္ဒ (လောဘ) သည် အတိုးအညွန့်ပေးပါမည်ဟု
၎။ လဇ္ဖီပေသလ, သိက္ခာကာမဖြစ်သော သီတင်းသုံးဖော်တို့ရဲ့ ကဲ့ရဲ့ပြစ်တင်မှုကို ခံနေရခြင်းသည် အကြွေးတောင်းခံနေ-
    ရခြင်းနဲ့ တူတယ်၊
၅။ မိမိပြစ်မှု အစွဲပြု၍ ဖောက်ပြန်စွာ တွေးတောပူပန်နေရခြင်းသည် ကြွေးမြီရှင်များ ထပ်ကြပ်မကွာ လိုက်နေသည်နဲ့ တူတယ်၊
၆။ ပြုလိုက်ရှိစု ဒုစရိုက်မှုကြောင့် အပါယ်, ငရဲစသည်၌ ကျရောက်နေရခြင်းသည် အကြွေးမပေးနိုင်၍ ဖမ်းဆီးတုပ်နှောင်ခံ
    ရခြင်းနဲ့တူတယ်...
    ဤသို့ သဒ္ဓါစသား သူတော်ကောင်းတရားများ မဲ့မွဲမှုသည် ပစ္စုပ္ပန်, သံသရာနှစ်ဖြာသော ဆင်းရဲကြောင်းတို့ဖြစ်ပေသည်
    ချစ်သားတို့.....။
    ထို့ကြောင့် သံသရာခရီးသွား သင်ချစ်သားတို့သည် ပစ္စုပ္ပန်, သံသရာနှစ်ဖြာသော အကျိုးစီးပွားပေးတတ်သော၊
အောင်မြင်မှုကို ယူငင်သိမ်းပိုက်နိုင်သော သဒ္ဓါ, သီလ, ဟိရီ, သြတ္တပ္ပ, ပညာမည်ရ ဤငါးဝသောတရားတို့ကို
နေ့ညဥ့်မပြတ် အားထုတ်အပ်သော ၀ီရိယဖြင့် “ဆင်းရဲမွဲတေမှု၏ နောက်ဆက်တွဲများ”ကို ဖြေရှင်းနိုင်ကြပါစေ......
                                                                                         ဗုဒ္ဓ
                                                           ဆက္ကအင်္ဂုတ္တရနိကာယ၊ ဓမ္မိက၀ဂ်၊ ဣဏသုတ် (၆၇)
Sunday, October 14, 2012
သီလဟူသည်...
     သီလဟူသည်....
      သီလတီတိ သီလံ၊ ကာယ၀စီကမ္မာနိ သမာဒဟတိ၊ သမ္မာ ဌပေတီတျတ္ထော၊ ဟူသော ဋီကာစကားအရ
ကာယကံ, ၀စီကံတို့ကို ကောင်းမွန်စွာ ထားတတ်သောကြောင့် သီလမည်တယ်-လို့ ဖွင့်ဆိုထားကြောင်း
တွေ့ရပါတယ်။ ဒီအဖွင့်အရ ဆိုရင် ကိုယ်နှင့်နှုတ်ကို ကောင်းမွန်စွာ ထိမ်းသိန်းထားနိုင်မှုဟာ သီလပါပဲ
       ထိုတွင် ကာယကံ-အရ “သက်တတ်, ခိုးမှု၊ ကာမေသု၊ သုံးခု ကာယကံ”ဆိုသော ကဗျာနှင့်အညီ
(၁) သူတစ်ပါးအသက်ကို သတ်ဖြတ်မှု၊  (၂) သူတစ်ပါးဥစ္စာကို ခိုးယူမှု   (၃) သူတစ်ပါးသားမယားကို ပြစ်
မှားမှု-ဆိုတဲ့ ဒုစရိုက်သုံးပါးကို ယူရပါမယ်။
       ထိုကာယကံဟာလည်း သာမည (သို့မဟုတ်) အခြေခံအားဖြင့် သုံးပါး-ဟု ဆိုရသော်လည်း “ကိုယ်တိုင်, တိုက်တွန်း၊ ချီးမွမ်း, စိတ်တူ”ဆိုတဲ့ နည်းအရ ပွားရရင် ကိုယ်တိုင်ပြုလုပ်တာက သုံးပါး၊
သူတစ်ပါးကို တိုက်တွန်းတာက သုံးပါး၊ သူတစ်ပါးပြုလုပ်ချင်လာအောင် ချီးမွမ်းတာက သုံးပါး၊ သူတစ်
ပါးပြုလုပ်နေသည်ကို စိတ်တူ သဘောတူနေတာက သုံးပါးအားဖြင့် (၃x၄=၁၂) ပါး ပွားသွားပါတယ်။
       ဒီဒုစရိုက်များမပြုလုပ်, မတိုက်တွန်း, မချီးမွမ်း, သဘောမတူအောင် မိမိရဲ့ ကိုယ်နှင့်စိတ်ကို ထိမ်းသိမ်းစောင့်ရှောက်နေတာကို သီလဆောက်တည်-လို့ ခေါ်ပါတယ်။     
       ဒါကို “သာမညသီလ”ဟုခေါ်ရပါလိမ့်မယ်။ ပါရမီထိုက်သော သီလအဆင့်ထိတော့ မရောက်သေးပါ။
ပါရမီထိုက်သော သီလတစ်ခုဖြစ်ဖို့ဆိုရင် ...
       ၁။ ပါဏာတိပါတသိက္ခာပုဒ်အရ - သူတစ်ပါးအသက်ကို မသတ်ရုံမျှမက ပယ်ချအပ်ပြီးသော ဒုတ်,
ဓား, လက်နက်ရှိရမယ်၊ ကာယဒုစရိုက်မှုတွေကို ဆက်ဆုပ်ရွံရှာတတ်ရမယ်၊ မေတ္တာနှင့်ယှဉ်သော စိတ်နဲ့
ပြည့်စုံရမယ်၊ သတ္တ၀ါအားလုံးတို့ရဲ့ အကျိုးစီးပွားကို အစဉ်သဖြင့် စောင့်ရှောက်တတ်ရမယ်။
       ၂။ အဒိန္နာဒါနသိက္ခာပုဒ် - အရ သူတစ်ပါးကို မခိုးယူရုံမျှမက ပေးသည်ကိုသာလျှင် ယူတတ်ရမယ်၊
ပေးသည်ကိုသာလျှင် အလိုရှိရမယ့်အပြင် စင်ကြယ်သော စိတ်ဓာတ်ဖြင့် သူတစ်ပါးတို့ရဲ့ အကျိုးစီးပွား
ကိုလည်း ရှေ့ရှုဆောင်ရွက်တတ်ရမယ်။
      ၃။ ကာမေသု မိစ္ဆာစာရ - အရ သူတစ်ပါး သား မယားကို မပြစ်မှားရုံသက်သက် မဟုတ်ဘဲ။ ပြစ်မှား
တတ်တဲ့ ပုဂ္ဂိုလ်တို့ရဲ့ ဘေးရန်များ မကျအောင်, ကျရောက်ခဲ့သော် လွတ်မြောက်အောင် ကူညီမှုပေးတတ်
ရမယ်။
       ဒါမှသာလျှင် ကာယကံ - အရ ပါရမီထိုက်သော သီလဖြစ်ပါလိမ့်မယ်။
       ၀စီကံ - အရ “လိမ်ညာပြောလစ်၊ ချောပစ်ကုန်းတိုက်၊ မိုက်မိုက်ကန်းကန်း၊ ကြမ်းတမ်းလေခြင်း၊ ပြိန်
ဖျင်းစကား၊ ဤလေးပါး...မှတ်သား ၀စီကံ”ဟူသည်နှင့်အညီ (၁) လိမ်ညာပြောဆိုမှု   (၂) ချောပစ်ကုန်း
တိုက်စကားပြောဆိုမှု   (၃) မိုက်မိုက်ကန်းကန်း ကြမ်းကြမ်းတမ်းတမ်း ပြောဆိုမှု   (၄) ပြိန်းဖျင်းသော
(အတင်း) စကားပြောဆိုမှုအားဖြင့် လေးပါးဖြစ်ပါတယ်။ ဒီလေးပါးကိုလည်း ကိုယ်တိုင်ပြောဆိုမှု-စသော
လေးချက်မြှောက်ပွားပါက (၄x၄=၁၆) ပါးဖြစ်လာပါတယ်။
                                      သီလဟူသည် အပိုင်း (၂) သို့.....
Tuesday, October 9, 2012
စိတ်ချမ်းသာကြောင်း နည်းလမ်းကောင်း
       ၁၃၇၄-ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၀) ရက်၊ ဗုဒ္ဓဟူးနေ့နံနက်...................
       အမှတ်တမဲ့ ဦးဇင်းရဲ့ ဆရာတစ်ယောက်လာပါတယ်။ “ဘာရယ်...မဟုတ်ပါဘူး၊ လမ်းသွားရင်း
ဘုန်းဘုန်းတွေ့တာနဲ့ ၀င်ကန်တော့ပါ”ဆိုပြီး ၀တ္ထုငွေ = ၁၀၀၀၀ိ။ (ကျပ်တစ်သောင်း) ကန်တော့သွား
တယ်။ ဆရာကို “လိုဆုတောင်းတ ပြည့်ပါစေ”လို့ ဆုပေးလိုက်တော့ “မပြည့်ဘူးဘုရား”တဲ့။ ရော...
ခက်ပေါ့။ ဘယ်နဲ့ပါလိမ့်ပေါ့။
       ဒီတော့မှ ဆရာက “တပည့်တော် လူတော့ ကျန်းမာတယ်။ စိတ်မကျန်းမာဘူး ဘုရား...”တဲ့။ ဘာကြောင့်ရယ်တော့ မမေးမိ။ ဟုတ်တယ်လေ၊ ပြောချင်အိ. မပြောချင်အိမှ မသိတာ။ ဒီတော့ “ဆရာ...
ရယ်...စိတ်ကို အနားပေးပေါ့ဗျာ၊ အခြားအာရုံတစ်ခုနဲ့ စိတ်ကိုေ ဖြဆည်လိုက်ပေါ့၊ ဥပမာ - တရားနာတာ၊
မိမိကြိုက်နှစ်သက်တဲ့ သီချင်းတစ်ပုဒ်ပုဒ်ကို နားထောင်တာမျိုးပေါ့”လို့ ဒီလောက်ပဲ ပြောလိုက်မိတယ်။
       မကျေနပ်ဘူး။ လုံးဝကို မကျေနပ်ဘူး။ ဟုတ်တယ်။ ကိုယ့်ကို စာသင်ပေးနေတဲ့ ဆရာတစ်ယောက်
စိတ်သောကရောက်လာတာကို မ ဖြေဆည်နိုင်ဘူး။ စိတ်ကို ပြောင်းလဲ မပေးနိုင်ဘူး။ ငါ...တယ်ညံ့တာပဲ...
လို့ တွေးနေရင်းက ကိုယ်ကိုယ်တိုင် စိတ်သောက၀င်လာတယ်။ မိမိမှာ ၀င်လာတဲ့ စိတ်သောက၊ ဆရာမှာ
ရှိနေတဲ့ စိတ်သောက၊ ဒီစိတ်သောကတွေကို ဖြေဆည်နိုင်တဲ့ နည်းလမ်းကောင်းတော့ ဗုဒ္ဓစာပေမှာ ရှိမှာပဲ
...လို့တွေးပြီး ဟိုဟိုဒီဒီ စာအုပ်တွေကို လှန်လှော်ကြည့်နေရင်းက ......
       “စိတ္တ၀ိသုဒ္ဓိ = စိတ်စင်ကြယ်မှုဆိုတာ ၀ိနီဝရဏစိတ္တ - နီဝရဏကင်းတဲ့စိတ်ကို ပြောတာ”ဆိုတဲ့
အဋ္ဌကထာစကားတစ်ခုကို သွားပြီး သတိရမိတယ်။ ဒါနဲ့ပဲ သုတ္တန္တပိဋက-ဒီဃနိကာယ်၊ သာမညဖလ-သုတ်မှာပါတဲ့ “နီဝရဏပ္ပဟာနကထာ”ကို သတိရောက်သွားတယ်။
       “နီဝရဏပ္ပဟာနကထာ”ကို လေ့လာလိုက်တော့ -
     ၁။ ရှေးဦးစွာ ပြည့်စုံရမည့်အချက် (၄) ချက်နှင့် နေရာဒေသ၊
     ၂။ ပယ်ရမည့်တရားငါးပါး၊
     ၃။ ဥပမာပေးထားသောတရားငါးပါး၊
     ၄။ ဥပမာနနှင့် ဥပနာ နှိုင်းယှဉ်ချက်၊
     ၅။ အကျိုးတရား (ရလာဒ်) ငါးမျိုး...ဆိုပြီး ငါးပိုင်းလေ့လာတွေ့ရှိရတယ်။
     ရှေးဦးစွာ ပြည့်စုံရမည့်အချက်လေးချက်မှာ
      ၁။ သီလနှင့် ပြည့်စုံရမည်၊
     ၂။ က္ကုန္ဒြိယသံဝရ - က္ကုနြေ္ဒစောင့်စည်းမှုနဲ့ ပြည့်စုံရမည်၊
     ၃။ သတိ, သမ္ပဇဉ်နှင့် ပြည့်စုံရမည်၊
     ၄။ သန္တုဋ္ဌိ - ရောင့်ရဲလွယ်မှုနှင့်ပြည့်စုံရမည်...ဆိုတဲ့ အချက်လေးချက်ပဲဖြစ်ပါတယ်။
     နေရာဒေသတွေကတော့ တော, သစ်ပင်အနီး, တောင်, ချောက်, တောင်ကြား, သုသာန်, တောခြုံ,
လွင်တီးခေါင်နှင့် ကောက်ရိုးပုံအားဖြင့် ကိုးဌာနတွေ့ရပါတယ်။ ဟုတ်ပါတယ်။ ဒီကိုးဌာနဟာ စိတ်ငြိမ်ရာ
ဌာနတွေဖြစ်လို့ အရာအားလုံးကို ဖြစ်စေနိုင်ပါတယ်။ နေထိုင်သီတင်းသုံးသူ၏ စိတ်ဓာတ်အပေါ်မှာ မူတည်-
လို့ပေါ့။
        ပြည့်စုံမှုလေးမျိုးကို ဖြည့်ကျင့်ရင်း စိတ်ငြိမ်ရာအရပ်သို့ ရောက်ရှိနေတဲ့ သူတော်ကောင်းဟာ သက်သာမျှတသော အနေအထိုင်မျိုးဖြင့် သတိကို ရှေးတန်းတင်ကာ “ပယ်ရမည့်တရားငါးပါး”ကို
ဆင်ခြင်းပွားများကာ ပယ်သတ်ရပါလိမ့်မယ်။
     အဲဒီ...ပယ်သတ်ရမယ့်တရားငါးပါးကတော့ -
     ၁။ အဘိဇ္ဈာ = တပ်မက်ခြင်း၊
     ၂။ ဗျာပါဒ = အမျက်ထွက်ခြင်း, ပြစ်မှားခြင်း၊
     ၃။ ထိနမိဒ္ဓ = ကိုယ်စိတ်ထိုင်းမှိုင်းခြင်း၊
     ၄။ ဥဒ္ဓစ္စကုက္ကုစ္စ = စိတ်ပျံ့လွင့်ခြင်း, နောင်တတဖန်ပူပန်ခြင်း၊
     ၅။ ၀ိစိကိစ္ဆာ = ယုံမှားသံသယများနေခြင်းတို့ပဲဖြစ်ပါတယ်။
       ဒီတရားငါးပါးကို အတတ်နိုင်ဆုံး ပယ်သတ်နိုင်ရပါလိမ့်မယ်။ ဒီတရားငါးပါး ဘာတွေနဲ့ ဥပမာ-
ထားသလဲ...ဆိုတော့ -
     ၁။ ကြွေးမြီ၊
     ၂။ အနာရောဂါ၊
     ၃။ အနှောင်အဖွဲ့၊
     ၄။ ကျွန်၊
     ၅။ ရေမရှိသော ခရီးခဲတို့ဖြစ်ပါတယ်။
       ထိုဥပမာနနှင့် ဥပမာတို့ကို နှိုင်းယှဉ်ကြည့်တဲ့အခါ -
       ၁။ ကြွေးမြီရှိသောသူသည် စိတ်သောကရောက်ရတတ်၏။ ကြွေးမြီကင်းသောသူသည် စိတ်သောက
ကင်းဝေးရုံမျှမက သား မယားများကို ကျွေးမွေးစောင့်ရှောက်နိုင်၍ ပီတိ, သောမနဿဖြစ်ပြီး စိတ်ပင်
ချမ်းသာရ၏။ အဘိဇ္ဈာရှိလျှင် စိတ်သောကရောက်ရ၏။ အဘိဇ္ဈာမရှိလျှင် စိတ်ချမ်းသာရ၏။
       ၂။ အနာရောဂါရှိမှု, မရှိမှုနှင့် ဗျာပါဒရှိမှု, မရှိမှု၊
       ၃။ အနှောင်အဖွဲ့ခံရမှု, မခံရမှုနှင့် ထိနမိဒ္ဓရှိမှု, မရှိမှု၊
       ၄။ ကျွန်ဘ၀မှ လွတ်မြောက်မှု, မလွတ်မြောက်မှုနှင့် ဥဒ္ဓစ္စကုက္ကုစ္စရှိမှု, မရှိမှု၊
       ၅။ ရေမရှိသောခရီးခဲကို လွန်မြောက်မှု, မလွန်မြောက်မှုနှင့် ၀ိစိကိစ္ဆာရှိမှု, မရှိမှုတို့သည်လည်း
ထို့အတူပင်ဖြစ်ကြပါသည်။
       အကျိုးတရား (ရလာဒ်) အနေနဲ့ကတော့ -
       ၁။ အကြွေးနဲ့တူတဲ့ အဘိဇ္ဈာ၊
       ၂။ အနာရောဂါနဲ့တူတဲ့ ဗျာပါဒ၊
       ၃။ အနှောင်အဖွဲ့နဲ့တူတဲ့ ထိနမိဒ္ဓ၊
       ၄။ ကျွန်နဲ့တူတဲ့ ဥဒ္ဓစ္စကုက္ကုစ္စ၊
       ၅။ ရေမရှိသောခရီးခဲနဲ့တူတဲ့ ၀ိစိကိစ္ဆာတရားတို့ကို ပယ်သတ်နိုင်မယ်ဆိုရင် .....
     ၁။ ပါမောဇ္ဇ - ၀မ်းမြောက်မှု၊
     ၂။ ပီတိ - နှစ်သက်မှု၊
     ၃။ ပဿဒ္ဓိ - ကိုယ်ငြိမ်းချမ်းမှု၊
     ၄။ သုခ - ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှု၊
     ၅။ သမာဓိ - စိတ်ဓာတ်တည်ကြည်မှု....ဆိုတဲ့ အကျိုးတရားများ ရနိုင်ကြောင်းကို ဆရာနဲ့တကွ
မိတ်ဆွေများအားလုံး “သောကကင်းဝေး နေနိုင်ရေး”အတွက် “စိတ်ချမ်းသာကြောင်း နည်းလမ်းကောင်း”
များကို တင်ပြလိုက်ရပါကြောင်း.......
                                                               အရှင်သီလာစာရ (ရေနံ့သာ-မောင်သီ)
                                                                        မြတောင်ကျောင်းတိုက်
                                                                              ရေနံချောင်း
                                                                         သုခီ အတ္တာနံ ပရိဟရန္တု