- ““မြင်သား ကြားသား မစားရ””
ဒေ၀ဒတ်သည် မြတ်ဗုဒ္ဓအထံမှာ အခွင့်အရေးငါးခုတောင်းဆိုသည်။ ထိုအခွင့်အရေးများမှာ....
၁။ ရဟန်းတော်များ အသက်ထက်ဆုံး တောရဆောက်တည်ဘို့၊
၂။ အသက်ထက်ဆုံး ပိဏ္ဍပါတ်ဓုတင်ဆောက်တည်ဘို့၊
၃။ အသက်ထက်ဆုံး ပံသုကူဓုတင်ဆောက်တည်ဘို့၊
၎။ အသက်ထက်ဆုံး ရုက္ခမူဓုတင်ဆောက်တည်ဘို့၊
၅။ အသက်ထက်ဆုံး အသားငါးမစားဘို့...ဆိုတဲ့ အချက်ငါးချက်ကို တောင်းဆိုပါတယ်။ ရည်ရွည်
ချက်ကတော့ ရဟန်းတော်များ စိတ်ဝမ်းကွဲရန်
နှင့် လူပုဂ္ဂိုလ်များ အကြည်ညို မဲ့စေရန်ဖြစ်ပါသည်။
မြတ်ဗုဒ္ဓသည် ဒေ၀ဒတ်ထင်ထားသည့်အတိုင်း ထိုအချက်ငါးချက်ကို ခွင့်ပြုတော်မမူပေ။ ချစ်သားဒေ၀ဒတ် တောရဆောက်တည်မှု, ပိဏ္ဍပါတ် ဓုတင်ဆောက်တည်မှု, ပံသုကူဓုတင်ဆောက်တည်မှုများကို ရဟန်းများ အလိုရှိက ဆောက်တည်နိုင်သလို ရုက္ခမူဓုတင်ကိုလည်း ငါဘုရား ဆောင်း,
နွေရှစ်လလုံး ငါဘုရားခွင့်ပြုတော်မူထားတယ်။
ထို့အတူ အသားငါးကိုလည်း မြင်သား, ကြားသား, ယုံမှားသားဟူသော အစွန်းသုံးပါးလွတ်သော အသားတို့ကို ငါဘုရား ခွင့်ပြုတော်မူတယ်-ဟု မိန့်တော်မူတယ်။
ဒါဟာ မြတ်ဗုဒ္ဓနှင့် ဒေ၀ဒတ်တို့ရဲ့ အခွင့်အရေးဆိုင်ရာ တောင်းဆိုမှုနဲ့ ခွင့်ပြုမှုတွေပါ။ ပြောချင်တာက ဒီအထဲက နောက်ဆုံးတစ်ချက်ဖြစ်တဲ့ “မြင်သား, ကြားသား, ယုံမှားသား မစားရ, ဆိုတဲ့ အချက်ပါ။ ဒီအချက်ကို ဒီလို ခံစားကြည့်ရအောင်.................
ဒီကနေ့ ဦးဇင်းအပါအ၀င် လူသားအတော်များများဟာ မြင်ရင် မြင်တဲ့ အတိုင်း ပြန်ပြီးတုန့်ပြန်ကြတယ်၊ ကြားရင်လည်း ကြားတဲ့အတိုင်း ပြန်ပြီး တုန့်ပြန်ကြတယ်၊ ယုတ်စွအဆုံး ယုံမှားရင်လည်း ယုံမှားတဲ့အတိုင်း ပြန်လှန် ပြီးတုန့်ပြန် တတ်ကြတယ်။ ဒါဟာ ဒီခေတ်လောကရဲ့ သဘာဝတစ်ခု လို့တောင် ဖြစ်နေ ကြပြီလား မသိဘူး။
အဲဒီလို မြင်တဲ့အတိုင်း, ကြားတဲ့အတိုင်း, ယုံမှားသံသယရှိတဲ့ အတိုင်း ပြန်လှန်ပြီး တုန့်ပြန်ကြတဲ့အတွက် မဖြစ်သင့်တဲ့ ပြဿနာအမျိုးမျိုးနဲ့ ကြုံခဲ့ရတဲ့အခါပေါင်းဟာလည်း ဒုနဲ့ဒေးပါပဲ။ ဒါဟာ မြင်သား, ကြားသား, ယုံမှားသားအလုံးကို စားနေကြမှုတွေရဲ့ ရလာဒ်တွေ ပါပဲ။
ဦးဇင်းတို့တတွေ ဒါတွေအားလုံးကို ဆင်ခြင်နိုင်ပြီး မြတ်ဗုဒ္ဓဟောခဲ့တဲ့ “ဒိဋ္ဌေ ဒိဋ္ဌမတ္တံ - မြင်ရင် မြင်ကာမျှ၊ သုတေ သုတမတ္တံ - ကြားရင် ကြာကာမျှ၊ မုတေ မုတမတ္တံ -တွေ့ရင် တွေ့ကာမျှ”သာ အာရုံကို ဖြတ်နိုင်ကြမယ်ဆိုရင် (သို့) မြင်မှု, ကြားမှု, တွေ့မှုအာရုံတွေရဲ့နောက်ကို ဝေဒနာမလိုက်အောင် ထိမ်းသိမ်းနိုင်မယ်...ဆိုရင် မိမိ, သူတစ်ပါး နှစ်ဦးသားလုံးဟာ ထာဝရ ငြိမ်းချမ်းရေးသုခကို အမှန်မသွေ ရရှိလိမ့်မည်-ယုံကြည်ပါကြောင်း... တင်ပြလိုက်ရပါသည်။
ရေနံ့သာ-မောင်သီ (မြတောင်)
Tuesday, October 23, 2012
““မြင်သား ကြားသား မစားရ””
Subscribe to:
Post Comments (Atom)
No comments:
Post a Comment