Saturday, October 20, 2012

အတုမခိုးတတ်လျှင်.....

အတုမခိုးတတ်လျှင်...
     ဟိုး....ရှေ့အခါတုန်းက ဗာရာဏသီဘုရင်ကြီးမှာ သမီးတော်လေး တစ်ပါးတည်းရှိသတဲ့...
     ဘုရင်ကြီးခများလည်း မင်းဆက်မင်းလျာ သားတော်မရှိတော့ အလွန်အားငယ်ရှာနေသတဲ့လေ။ ဒီလိုနဲ့
ဘုရင်ကြီးလည်း “မဖြစ်ချေဘူး...ငါ့မှာ မင်းဆက်မင်းလျာခံယူမဲ့ သားတော်မရှိတဲ့အတွက် တိုင်းတစ်ပါးမင်း တို့ရဲ့အလယ်မှာ မျက်နှာငယ်ရတယ်။ တိုင်းတစ်ပါးမင်းတွေကလည်း အထင်သေး စော်ကားလိုကြတယ်။
ဒီတော့ အထင်သေး အစော်ကား မခံရအောင် သမီးတော်ကိုပဲ အဋ္ဌာရသပညာကို သင်ခိုင်းတော့်မယ်“-လို့
စိတ်ကူးပြီး သမီးတော်လေးကို ဒိသာပါမောက္ခဆရာကြီးထံမှာ လက်သိပ်ထိုး အပ်နှံလိုက်သတဲ့။
      သမီးတော်ကိုလည်း တိုးတိုးတိတ်တိတ် မှာလိုက်တယ်။ “သမီးတော်..လူဆိုတာ အတုခိုးတတ်ရတယ်၊
ဟို...ရောက်တဲ့အခါ ဆရာကြီးကို အတုခိုး၊ ဆရာကြီး သွားသလို သွား၊ ဆရာကြီး စားသလို စား၊ ဆရာကြီး
နေသလို နေ”-လို့ ဆိုပြီး အတုခိုးနည်းတွေ မှာကြားလိုက်သတဲ့။
      သမီးတော်လေးကလည်း အဖေဘုရင်ကို ချစ်တဲ့သမီးပီပီ အဖေဘုရင်ကြီးမှာတဲ့အတိုင်း အတုခိုးတဲ့
အနေနဲ့ ဆရာကြီး သွားသလို သွားတယ်၊ ဆရာကြီး စားသလို စားတယ်၊ ဆရာကြီး နေသလို နေတယ်။
တစ်နေ့တော့ ဆရာကြီးအပေါ့သွားတာကို သမီးတော်လေး မြင်သွားသတဲ့လေ။ ဆရာကြီးကလည်း အသက်အရွယ်နဲ့ ကျန်းမာရေးအရ အပေါ့သွားတဲ့အခါ ထိုင်လျက်မသွားနိုင်ဘဲ လက်ကြားညှပ်ပြီး မတ်တတ်သွားရသတဲ့။
      အဖေ့စကား မြေ၀ယ်မကျ နားထောင်တတ်တဲ့ သမီးတော်လေးဟာလည်း ဒါကို အတုခိုးတဲ့အနေနဲ့
ဆရာကြီးအပေါ့သွားသလို လက်ကြားညှပ်ကာ အပေါ့သွားသတဲ့။ ဒီအခါ မတူညီသော သဘာဝတရား
ကြောင့် သမီးတော်လေးခများ လက်ကို (ကန်တော့ပါရဲ့) သေးစိုရရှာသတဲ့လေ....။
      ဒီတော့ မိတ်ဆွေများအားလုံးလည်း “အတုခိုးတယ်, အတုခိုးတယ်”-ဆိုပေမဲ့ အရာရာကို အတုခိုး
မမှားရလေအောင်၊ အတုခိုးမှားခဲ့ရင် ဘုရင်ကြီးရဲ့ သမီးတော်လေးလို လက်ကို သေးစိုတတ်ပါကြောင်း..
အသိပေးသောအားဖြင့် ရွှေတောင်ဆရာတော်ကြီးရဲ့ သြ၀ါဒကို လက်ဆင့်ကမ်းဖြန့်ဝေလိုက်ပါတယ်။

No comments:

Post a Comment