Sunday, September 30, 2012

ဒါနအကြောင်း သိကောင်းစရာ

                         ဒါနအကြောင်း သိကောင်းစရာ (၁)
စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်းသည် ဒါနမည်ပါသည်။ ထိုဒါနသည် စေတနာဒါန. ၀တ္ထုဒါနဟု နှစ်မျိုးရှိပါ
သည်။ အ၀တ်အစားစသည့် လှူဖွယ်ဝတ္ထုပစ္စည်းသည် ၀တ္ထုဒါနဖြစ်၍ ထိုအလှူဒါနနှင့်စပ်၍ အလှူရှင်သန္တာန်မှာ
ဖြစ်ပေါ်နေသည့် စေတနာသည် စေတနာဒါနဖြစ်ပါသည်။
ထိုစေတနာဒါနမှာ - (၁) မလှူမီ ရှေ့ပိုင်းကာလ၌ ထိုအလှူနှင့်စပ်၍ ဖြစ်ပေါ်နေသော ပုဗ္ဗစေတနာ။
- (၂) ပေးလှူဆဲကာလ၌ ဖြစ်ပေါ်နေသော မုဉ္ဇစေတနာ။
- လှူပြီးနောက်ကာလ၌ ဖြစ်ပေါ်နေသော အပရစေတနာဟု သုံးမျိုးရှိပါသည်။

                          ဒါနအကြောင်း သိကောင်းစရာ (၂)
အကျိုးပေးရာကာလ၌ စေတနာဒါနကသာ အကျိုးပေးသည်။ သို့ရာတွင် လှူဖွယ်ဝတ္ထုပစ္စည်းများသည်
စေတနာထက်သန်အောင် အထောက်အပံ့ပြုနိုင်ကြသည်။ လှူဖွယ်ပစ္စည်းက ညောင်စေ့လောက် နည်းနေသော် လည်း စေတနာထက်သန်လျှင် ညောင်ပင်ကြီးလောက် အကျိုးကို ရနိုင်သည်။ ထို့ကြောင့် အလှူဒါနပြုကြသည့်အခါ
စေတနာသုံးတန် ဖြူစင်ထက်သန်အောင် ကြိုးစားကြပါလိမ့်မည်။

                              ဒါနအကြောင်း သိကောင်းစရာ (၃)
အလှူဒါနဟူသည် -
၁။ နတ်ပြည်တက်ရန် စောင်းတန်းလှေကားသဖွယ်ဖြစ်၏။
၂။ မွန်မြတ်သော ရိက္ခာထုပ်လည်းဖြစ်၏။
၃။ သံသရာခရီးလည်း ဖြောင့်ဖြူး၏။
၎။ မြတ်သော မဂ် ဖိုလ် နိဗ္ဗာန်၏ အကြောင်းတရားလည်းဖြစ်၏။
၅။ အစိုးရခြင်းကိုလည်း ဖြစ်စေတတ်၏။
၆။ စည်းစိမ်ချမ်းသာကိုလည်း ပေးတတ်၏။
၇။ မိမိကိုယ်ကိုလည်း စောင်မတတ်၏။
၈။ မယဉ်ကျေးသူကိုလည်း ယဉ်ကျေးစေတတ်၏။
၉။ အလုံးစုံသော အကျိုးကိုလည်း ပြီးစေတတ်၏။
၁၀။ အမွန်မြတ်ဆုံးမင်္ဂလာတစ်ပါးလည်းဖြစ်၏။

ဥပုသ်ဟူသည် ...

                          ဥပုသ်ဟူသည် - (၁)
ဥပုသ်ဟူသောစကားသည် ဥပေါသထ-ဟူသောပါဠိစကားမှ ဆင်းသက်လာသော စကားဖြစ်ပါသည်။ ဥပ-
သူ့အသက်မသတ်ခြင်းစသော အကျင့်ကောင်းနှင့်ပြည့်စုံ၍ ၀သထ- နေခြင်းလို့ အဓိပ္ပာယ်ရပါတယ်။
ရှစ်ပါးသီလသည် သူ့အသက်မသတ်ခြင်းစသော အကျင့်ကောင်းများနှင့် ပြည့်စုံစေရန် စောင့်ထိန်းနေထိုင်-
ရခြင်းကြောင့် ဥပုသ်သီလ မည်ပါတယ်။
                          ဥပုသ်ဟူသည် (၂)
သူတပါးအသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏-စသော ရှစ်ပါးသီလကို ခံယူဆောက်တည်၍ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်များကိုဖြစ်စေ၊ မိမိ၏ ဥပုသ် သီလ စင်ကြယ်ပုံကိုဖြစ်စေ၊ နတ်ဗြဟ္မာတို့ ရှေ့က ဥပုသ်သီလစောင့်ခဲ့ကြပုံကိုဖြစ်စေ တစ်ခုခုတို့ကို အာရုံပြု ပွားများ၍ စိတ်စင်ကြယ်အောင် စောင့်ထိန်းေ နထိုင်ခြင်းကို ဥပုသ်စောင့်-ဟုခေါ်ပါသည်။
 
ဥပုသ်စောင့်

မိမိစိတ်မှာ စင်ကြယ်လာအောင်
အင်္ဂါရှစ်တန် သီလခံ၍
ခြိုးခြံအောင့်အည်း တဖြောင့်တည်းဖြင့်
စောင့်စည်းအားထုတ် တရားကုတ်
ဥပုသ်စောင့်ဟုခေါ်။
စာဆိုမသိ
                    ဥပုသ်စောင့်ပုံ အစီအစဉ် (၁)
၁။ ဥပုသ်စောင့်မည့်နေ့တွင် အရုဏ်တက်ချိန်ကပင် ကိုယ်လက်များကို စင်ကြယ်အောင်ပြု၍    စိတ်ကြည်လင်ရုံမျှသန့်ရှင်းသောအ၀တ်များကို ၀တ်ဆင်သင့်သည်။
၂။ ပန်းပန်ခြင်း၊ နံ့သာလိမ်းခြင်းနှင့် အထူးတလည်ပြင်ဆင်ခြင်းများကို ကြိုတင်၍လည်း မပြုလုပ်သင့်။ ဥပုသ်သီလနှင့် ဆန့်ကျင်သော ဖြီးလိမ်းချယ်လှယ်မှု မှန်သမျှ ရှောင်ကြဉ်သင့်သည်။
၃။ စောနိုင်သမျှ စောစွာ သီလဆောက်တည်သင့်သည်။
၎။ သင့်လျော်သော ဆိတ်ငြိမ်ရာအရပ်၌ ဂုဏ်တစ်ခုခုကို ဖြစ်စေ၊ ဘာဝနာတစ်ခုခုကိုဖြစ်စေ ဆင်ခြင်ပွားများ-နေသင့်သည်။
၅။ ကြာရှည်စွာ တရားကို ဆင်ခြင်မနေနိုင်လျှင် တရားစာများကို ကြည့်ရှု ရွတ်ဖတ်နေသင့်သည်။
၆။ တရားဟောမည့်သူရှိလျှင် တရားနာနေသင့်သည်။ အချင်းချင်းလည်း တရားစကား ဆွေးနွေးနေသင့်သည်။
၇။ ညဥ့်အချိန်ရောက်လျှင် မိမိသီလစသည်ကို ဆင်ခြင်ပြီးလျှင် မိမိသည် ယနေ့အဖို့ မြတ်သောသီလ သမာဓိပညာတို့ဖြင့် အချိန်ကုန်လွန်ရပုံကို အောက်မေ့ကာ ၀မ်းသာကြည်နေသင့်သည်။
 
 ဥပုသ်ကာလ အပိုင်းအခြား
ဥပုသ်နေ့၌ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ဥပုသ်စောင့်ကြရာ၌ ဥပုသ်ခံယူပြီးချိန်မှ နောက်တစ်-
နေ့နံနက် အရုဏ်တက်ချိန်အထိ ကာလသည် ဥပုသ်စောင့်ရသောကာလဖြစ်သည်။
သို့ရာတွင် ထိုဥပုသ်သည် ကာလပိုင်းဖြတ်၍ စောင့်သောဥပုသ်၊ အသက်ထက်ဆုံးစောင့်သော ဥပုသ်-ဟု
နှစ်မျိုးရှိ၏။ ထိုတွင် ကာလပိုင်းဖြတ်၍ စောင့်သောဥပုသ်သည် ရက်ရှည်ဖြစ်စေ၊ တစ်နေ့ တစ်ညဥ့်ဖြစ်စေ၊ နေ့ဝက်-
ဖြစ်စေ၊ တရားနာယူခိုက်ဖြစ်စေ စောင့်သောဥပုသ်မျိုးဖြစ်ပါသည်။

ဗုဒ္ဓဘာသာအမြင်နှင့် ယနေ့နတ်လောက

ဗုဒ္ဓဘာသာအမြင်နှင့် ယနေ့နတ်လောက (၁)
နတ်ကိုးကွယ်သူတိုင်း ဗုဒ္ဓဘာသာမဟုတ်သလို ဗုဒ္ဓဘာသာတိုင်းလည်း နတ်ကိုးကွယ်သူ မဟုတ်ပါဘူး။
( မေးတတ်ပါစေ)။ ယနေ့ခေတ် နတ်ကိုးကွယ်မှုသည် လွဲမှားနေကြပါတယ်။ အရက် ကြက်ကြော် ပွဲတော်ခေါ်၍
ဖေကျော် မနှဲ အပွဲပွဲ နွှဲနေမှုမျိုးသည် နတ်ကိုးကွယ်ခြင်းမဟုတ်ပါ။ နတ်ကိုအကြောင်းပြုပြီး ပျော်ပွားစားလုပ်ခြင်း၊
အမြတ်ထုတ်ခြင်းများသာ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာအမြင်နှင့် ယနေ့ခေတ် နတ်ကိုးကွယ်မှု (၂)
ဒေ၀တာနုဿတိ-အရ နတ်ကိုးကွယ်မှုဟူသည် သဒ္ဓါအစရှိသော ဂုဏ်နှင့်ပြည့်စုံသောနတ်တို့သည် နတ်ပြည်သို့
ရောက်ရကုန်၏။ ထိုသဒ္ဓါအစရှိသောဂုဏ်တို့သည် ငါ့၌လည်းရှိကုန်၏-ဟု နတ်တို့ကို သက်သေအရာထား၍ နတ်တို့၏
သဒ္ဓါအစရှိသောဂုဏ်နှင့်တူသော မိမိ၏ သဒ္ဓါအစရှိသော ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့နေခြင်းမျိုးကိုသာ
နတ်ကိုးကွယ်မှု-ဟု ဆိုရပါသည်။

လူသားနှင့် နတ်တို့၏ ဆက်သွယ်မှု

လူသားနှင့် နတ်တို့၏ ဆက်သွယ်မှု (၁)
နားလည်မှုသည် အကောင်းဆုံးသော ဆက်သွယ်မှုတစ်ခုဟု ထင်ပါသည်။ စောင့်ရှောက်သူနှင့် စောင့်ရှောက်
ခံသူအချင်းချင်း နားလည်မှုရှိရင် မေတ္တာပါသော မေတ္တာနှင့်ယှဉ်သော ဆက်ဆံမှုရှိလျှင် အဘယ်မှာ တစ်ဦးနှင့်တစ်ဦး
မစောင့်ရှောက်ဘဲ ရှိမည်နည်း...
ထို့ကြောင့် မိမိနားလည်မှုပေးနိုင်သော မိမိမေတ္တာထားနိုင်သော နတ်မျိုးကသာ မိမိကို စောင့်ရှောက်မည်
ဖြစ်ပါသည်။
 
လူသားနှင့် နတ်တို့၏ ဆက်သွယ်မှု (၂)
ဝေမာနိတပြိတ္တာ-စသော နတ်ပြိတ္တာ (ယနေ့အခေါ် တစ္ဆေ သူရဲ) များကို လူသားများက ကြောက်ရွံကြ၏။
ကြောက်ရွံ့သည်အလျှောက်လည်း မေတ္တာတရားခေါင်းပါးကြ၏။ ထိုမေတ္တာတရားခေါင်းပါးမှုသည်ပင်လျှင် မိမိ-
ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။ ထို့ကြောင့် နတ်ပြိတ္တာများသည် မိမိကို ပျက်စီးအောင် ဖျက်ဆီးသောနတ်များ-ဟု
ဆိုက ဆိုနိုင်ပါသည်။
 
 

Friday, September 28, 2012

ပညာဟူသည်-

ပညာဟူသည်-
သိမှုကို ဆိုလိုပါသည်။ ထိုသိမှုတွင် သညာသိ. ၀ိညာဏ်သိ. ပညာသိဟု သုံးမျိုးရှိပါသည်။
ဥပမာ - ကလေးတစ်ယောက်၏ ရွှေကို သိမှုသည် ရွှေဟုသာမညသာ သိခြင်းကြောင့် သညာသိဖြစ်ပါသည်။
- မိဘ၏ ရွှေကို သိမှုသည် တန်ဘိုးရှိ၏။ အသုံးချလို့ရ၏-ဟုလောက်သာ သိခြင်းကြောင့် ၀ိညာဏ်သိ။
- ရွှေပန်းတိမ်ဆရာ၏ ရွှေကို သိမှုသည် ရွှေရဲ့အကြောင်းကို ထဲထဲဝင်ဝင်သိခြင်းကြောင့် ပညာသိ။
 
ပညာဟူသည် -
ပ-အသေးစိတ်၊ ညာ-သိမှု = ပညာ - အသေးစိတ်သိမှုသည်လည်း ပညာမည်ပါသည်။ ထိုပညာသည်
အခြေခံအားဖြင့် လောကီပညာ. လောကုတ္တရာပညာ-ဟုနှစ်မျိုးရာ လောကီအတတ်ပညာ မှန်သမျှသည်
ကမ္မဿကတသမ္မာဒိဋ္ဌိ၌ အကျုံးဝင်၍ လောကုတ္တရာပညာမှန်သမျှသည် ၀ိပဿနာသမ္မာဒိဋ္ဌိကို အခြေခံပါသည်။
ထိုတွင် ကမ္မဿကတသမ္မာဒိဋ္ဌိ-ဟူသည် ကံ. ကံရဲ့အကျိုး (အကြောင်းအကျိုး၊ အကောင်းအဆိုး) တို့ကို
ခွဲခြားသိမှုကို ဆိုလိုသည်။
ဝိပဿနာသမ္မာဒိဋ္ဌိဟူသည် ရုပ်နာမ်ကို ခွဲခြားသိမှုနှင့် အနိစ္စစသောလက္ခဏာယာဉ်သုံးပါးကို သိမှုကို
ဆိုလိုသည်။

Tuesday, September 25, 2012

ဖတ်ခဲ့မိသော ဒဿနများ

ဖတ်ခဲ့မိသော ဒဿနများ
မကင်းလျှင် စပ်၊ ကင်းလျှင် ပြတ်။ တင်းကြပ်ပူဆွေး၊ ဆက်ဆံရေး...။
ခွင့်လွှတ်ခြင်းသည် အပြစ်ပေးခြင်းထက် ထိရောက်အောင်မြင်သည်။
စွတ်စွဲတယ်-ဆိုတာ ကိုယ့်ကိစ္စထက် သူများကိစ္စကို စိတ်ဝင်စားတဲ့သူတွေ လုပ်တဲ့ လုပ်ရပ်ပါ။
လူသားတွေ အချင်းချင်းကြားမှာ လိုအပ်နေတာက နားလည်ခွင့်လွှတ်မှုလေးပါပဲ။
လက်အောက်ငယ်သား၏ အမှန်စကားသည် အထက်လူအတွက် ဆင်ခြေဖြစ်တတ်၏။
လိမ်တယ် ညာတယ်-ဆိုတာ တစ်စုံတစ်ရာကို ကြောက်လို့ အမှန်မပြောရဲတာဘဲ။
တွေးခေါ်မှု မပါသော သင်ကြားနည်းသည် အကျိုး။
သင်ကြားနည်းမပါသော တွေးခေါ်မှုသည် အကန်း။
ကောင်းသော အကြံဥာဏ်ကို ပြောဆိုခွင့်ရှိလျက် ဆိတ်ဆိတ်နေခြင်းသည် ယုတ်မာကောက်ကျစ်ခြင်းမည်၏။

လမ်းစဉ်


လမ်းစဉ်
မှေးကနဲ့ ပျော်
ဖုတ်ကနဲ ကြွေ
ဖတ်ကနဲ နိုး
ဖြတ်ကနဲ ကြည့်
ဆတ်ကနဲ ယူ
ဆွဲငင် နှိပ်စမ်း
မှတ်သား စားသုံး
မျိုပြန်ဆုံးတော့
အိပ်အုန်းတဖန်
ဝီထိဟန် ...
ရေနံ့သာ-မောင်သီ