Tuesday, October 23, 2012

ဆရာဒကာ တွေ့ကြသောခါ....

ဆရာဒကာ တွေ့ကြသောခါ ... 
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
      လောကမှာ ဘာသာရေးနှင့်ကင်းသော လူသားရယ်လို့ ရှိကြမည် မဟုတ်ပါ။ ဘာသာရေးနှင့် မကင်းကြ
သော လူသားတိုင်းဟာလည်း ဘာသာရေးခေါင်းဆောင်နှင့် မလွဲမသွေ ဆက်ဆံကြရမည်သာ ဖြစ်ပေသည်။
ထိုသို့ ဆက်ဆံကြသောအခါ ဘာသာရေးခေါင်ဆောင်များကရော ဘာတွေ လုပ်ပေးနိုင်သလဲ..။ ဘာသာ-
ဝင်ပုဂ္ဂိုလ်တွေအနေနဲ့ရော ဘာတွေရလိုက်သလဲ...။ ထိုက်တန်သော ရလာဒ်တစ်ခုကို မထုတ်ယူနိုင်ဘူး-
ဆိုရင် ကိုးကွယ်မှုဟာ ဘာအကျိုးရှိနိုင်မှာလဲ...။
      ထို့ကြောင့် ကိုးကွယ်မှုတိုင်းမှာ ထိုက်တန်တဲ့ရလာဒ်တစ်ခုတော့ ရှိသင့်သည် မဟုတ်လော...။ “ထိုထိုက်တန်သော ရလာဒ်တစ်ခုကို အကျွန်ုပ်တို့ ဘယ်လိုယူကြမလဲ”ဟု တွေးမိသောအခါ “နည်းစနစ်နဲ့
ကင်းသော ရလာဒ်ကောင်းမရှိ”-ဟူသော ဒဿနတစ်ခုကို တွေ့ရ၏။ ထို့ကြောင့် အကျွန်ုပ်တို့သည် နည်း
စနစ်ကောင်းကို ရှာမှီးသင့်၏။
      
ရထိုက်စရာ ကျင့်ငါးဖြာ
နတ်ပြည်ရောက်ကြောင်း အကျင့်ကောင်း
      ၁။ ကိုယ်ကျင့်တရားကောင်းသော သီလနှင့်ပြည့်စုံသော ဘာသာရေးခေါင်းဆောင်တစ်ဦးဦးကို တွေ့-
မြင်သောအခါ ဘာသာဝင်ပုဂ္ဂိုလ်တို့ ရင်ထဲ၌ စိတ်ကြည်လင်မှု ဖြစ်လာကြ၏။ စိတ်ကြည်လင်မှုဖြစ်ရမယ်-
တဲ့။ ဒါ ဟုတ်တာပေါ့။ ဘယ်ဘာသာဝင်မဆို မိမိတို့ရဲ့ ဘာသာရေးခေါင်ဆောင်းများကို တွေ့မြင်ကြသော
အခါ မိမိတို့ရဲ့ စိတ်ထဲ, ရင်ထဲမှာ စိတ်ကြည်လင်မှု အသီးသီးဖြစ်ကြမည်သာ။ ကိုယ်လေးစားသော ပုဂ္ဂိုလ်
ကို မြင်လိုက်ရသူအတွက် ဘယ်သူ ၀မ်းမသာဘဲ နေနိုင်မှာလဲ...။
      ထိုကဲ့သို့ ရင်ထဲမှာ စိတ်ကြည်လင်မှုဖြစ်နေရင် အဲဒီပုဂ္ဂိုလ်ဟာ သဂ္ဂသံဝတ္တနိက = အထက်တန်းဘဝ
(နတ်ပြည်) ကို ရောက်စေနိုင်တဲ့ အကျင့်ကို ကျင့်နေတာနဲ့ တူတယ်။ ကျင့်ပြီးသား ဖြစ်သွားတယ်တဲ့။
      ဒါ ဟုတ်ရဲ့လား...ယုတ္တိရှာကြည့်တဲ့အခါ ............ သာဓကယုတ္တိအနေနဲ့ မဋ္ဌကုဏ္ဍလီသူဋ္ဌေးသားရဲ့
သမိုင်းကြောင်းလေး ပေါ်လာတယ်။ ဘယ်လိုလဲ...ဆိုရင် -
     မဋ္ဌကုဏ္ဍလီဟာ သေငယ်ဇောနဲ့ မျောနေတဲ့အချိန်မှာ မြတ်ဗုဒ္ဓနဲ့ သံဃာတော်များ ဖူးမြင်လိုက်ရတဲ့- အတွက် စိတ်ထဲမှာ ကြည်လင်မှု, ကြည်နူးမှုဖြစ်သွားပါတယ်။ အဲဒီကြည်နူးမှုစိတ်နဲ့ပဲ သေဆုံးသွားတဲ့အခါ
နတ်သားဖြစ်သွားပါတယ်။ ဒါဟာ ရူပါရုံအပေါ်မှာဖြစ်တဲ့ စိတ်ကြည်နူးမှုရဲ့ ရလာဒ်ပါ။
       ဆက်လက်ယုတ္တိရှာတဲ့အခါကြတော့ မဏ္ဍုကဖားနတ်သားရဲ့ အကြောင်းလေးပေါ်လာပြန်ရော။ သူဟာလည်း မြတ်ဗုဒ္ဓရဲ့ ဓမ္မအသံပေါ်မှာ စိတ်ကြည်နူးမှုဖြစ်နေတုန်း နွားကျောင်းသားတစ်ဦးရဲ့ နှင်တန်
ထောက်ခံရမှုကြောင့် သေဆုံးသွားခဲ့ရတယ်။ သေဆုံးပြီး မဏ္ဍုကဖားနတ်သားရယ်လို့ အထက်တန်းဘ၀မှာ
သွားပြီးတော့ ဖြစ်ရတယ်။ ဒါဟာ အသံအပေါ်မှာဖြစ်တဲ့ စိတ်ကြည်လင်မှုရဲ့ ရလာဒ်ပါ။
       သဘာဝကျကျ တွေးခေါ်ကြည်တဲ့အခါမှာလည်း ဖြူစင်တဲ့အရာဝတ္ထု, ကြည်လင်တဲ့အရာဝတ္ထု
တိုင်းဟာ အရာရာကို ဖြစ်စေနိုင်တဲ့ Power-စွမ်းအားရှိတယ်-ဆိုတဲ့ သဘောတရားကို သွားတွေ့ရတယ်။
      ဒါဟာ ဘာသာရေးခေါင်ဆောင်များနဲ့တွေ့ရတဲ့ ဘာသာဝင်တိုင်းရဲ့ ပထမရလာဒ်တစ်ခုပါပဲ။
      သို့သော် ကြည့်တတ်တဲ့မျက်လုံးနဲ့ ထောင်တတ်တဲ့နားရှိဖို့တော့ လိုတယ်။

မြင့်မြတ်မျိုးမှာ ကျင့်စရာ
      ၂။ ကိုယ်ကျင့်တရားကောင်းသော သီလနှင့်ပြည့်စုံသော ဘာသာရေးခေါင်းဆောင်တစ်ဦးဦးကို တွေ့-
မြင်သောအခါ (သို့မဟုတ်) မိမိအိမ်သို့ ရောက်လာသောအခါ ခရီးဦးကြိုဆိုမှု, လက်အုပ်ချီမှု (ဦးညွတ်မှု),
နေရာပေးမှုများ ပြုလုပ်ကြရ၏။ ဒါဟာ လောက၀တ်တစ်ခုပဲ မဟုတ်လား....။
       အဲဒီလောက၀တ်တစ်ခုကို ပြုလုပ်ဖို့ဆိုတာမှာ မိမိရဲ့မာနကို ချိုးနှိမ်ထားနိုင်မှ ဖြစ်တာပါ။ မိမိရဲ့ မာနကို
မချိုးနှိမ်နိုင်ရင် ဒီလောက၀တ်ကို ဘယ်သူမှ ပြုနိုင်မှာ မဟုတ်ပါဘူး။ မိမိရဲ့မာနကို ချိုးနှိမ်နိုင်ဖို့ဆိုတာဟာလဲ
တစ်ဖက်လူက လေးစားလောက်တဲ့ အရည်အချင်းရှိမှ ဖြစ်တာပါ။ ဒါကြောင့် “သီလ၀န္တ-သီလနှင့်ပြည့်စုံ-
သော ခေါင်းဆောင်”လို့ ဆိုထားတာပေါ့။
       အဲဒီလို သီလနှင့်ပြည့်စုံသော ခေါင်းဆောင်တစ်ဦးဦးကို ခရီးဦးကြိုဆိုတဲ့ပုဂ္ဂိုလ်, ဦးညွတ်တဲ့ပုဂ္ဂိုလ်,
နေရာပေးတဲ့ပုဂ္ဂိုလ်တွေဟာ ဥစ္စာကုလီနသံဝတ္တနိက-မြင့်မြတ်တဲ့အမျိုးမှာ ရောက်စေနိုင်တဲ့အကျင့်ကို
ကျင့်နေရာရောက်တယ်တဲ့။
       ဒီအချက်နဲ့ပတ်သက်လို့ သာဓကယုတ္တိရှာကြည့်တော့ မြတ်ဗုဒ္ဓရဲ့ နည်းစနစ်ပေါင်းမြောက်များစွာထဲက
ဥပရိပဏ္ဏာသ၊ စတုတ္ထ၀ဂ်၊ စူဠကမ္မ၀ိဘင်္ဂသုတ်မှာ “ဟောဒီလောက မိန်းမ, ယောက်ျားတစ်ဦးဦးဟာ ထဒ္ဓ-
ခက်ထမ်းကြမ်းကြုတ်နေမယ်၊ အတိမာနီ-အလွန်မာနကြီးနေမယ်-ဆိုရင် အဲဒီလူဟာ -
       ၁။ ရှိခိုးသင့်တဲ့ပုဂ္ဂိုလ်ကို မရှိခိုးဘူး၊
       ၂။ ခရီးဦးကြိုဆိုသင့်တဲ့ပုဂ္ဂိုလ်ကို ခရီးဦးမကြိုဆိုဘူး၊
       ၃။ နေရာပေးသင့်တဲ့ပုဂ္ဂိုလ်ကို နေရာမပေးဘူး၊
       ၄။ လမ်းဖယ်ပေးသင့်တဲ့ပုဂ္ဂိုလ်ကို လမ်းဖယ်မပေးဘူး၊
       ၅။ အရိုအသေပြုသင့်တဲ့ပုဂ္ဂိုလ်ကို အရိုအသေမပြုဘူး၊
       ၆။ လေးစားသင့်တဲ့ပုဂ္ဂိုလ်ကို မလေးစားဘူး၊
       ၇။ မြတ်နိုးသင့်တဲ့ပုဂ္ဂိုလ်ကို မမြတ်နိုးဘူး၊
       ၈။ ပူဇော်သင့်တဲ့ပုဂ္ဂိုလ်ကို မပူဇော်ဘူး၊
       အဲဒီရှစ်ချက်ထဲက တစ်ချက်ချက်နဲ့ ပြည့်စုံမယ်ဆိုရင်တောင် အပါယ-အပါယ်ကျတတ်တယ်၊ ဒုဂ္ဂတိ-
မကောင်းတဲ့ဘ၀ ရောက်တတ်တယ်၊ နိရယ-စိတ်ချမ်းသာမှု ကင်းမဲ့တတ်တယ်။ အကယ်၍ ကံကောင်းလေး
ထောက်မလို့ လူသားရယ်လို့ ဖြစ်လာခဲ့ရင်လည်း ဖြစ်လေရာ ဘ၀တိုင်းမှာ ဥစ္စာကုလိန-ယုတ်ညံ့တဲ့အမျိုးမှာ
ဖြစ်ရတတ်တယ်။
       ဒါလည်း ဟုတ်တာပေါ့။ ခက်ထမ်တဲ့ မာနကြီးတတ်တဲ့ ပုဂ္ဂိုလ်တွေဟာ ယဉ်ကျေးမှုမရှိဘူး။ မိုက်ရိုင်း
တတ်တယ်။ မယဉ်ကျေးမှု, မိုက်ရိုင်းမှုဆိုတာတွေဟာ လူယုတ်လူညံ့တွေမှာပဲ ဖြစ်တတ်တာပါ။ အထက်-
တန်းကျတဲ့ လူတန်းစားတွေမှာ ဒါတွေ မဖြစ်ပါဘူး။ ဒါကြောင့် အမျိုးမြတ်မှာ ဖြစ်လိုသူတိုင်းဟာ ယဉ်ကျေး
မှုဆိုတာ မဖြစ်မနေရှိရမဲ့တရားမျိုးပါ။ ဒီယဉ်ကျေးမှုရှိဖို့ ဆိုတာဟာလဲ ထက်ထန်မှုနှင့် မာနမရှိမှ ဖြစ်တာပါ။
       ထဒ္ဓ-ခက်ထမ်းကြမ်းတမ်းမှု, အတိမာနီ-အလွန်မာနကြီးမှုမရှိဘူးဆိုရင် ခရီးဦးကြိဆိုမှု, လက်အုပ်ချီမိုး
ရှိခိုးမှု (ဦးညွတ်မှု), နေရာပေးမှုဆိုတာတွေ ဖြစ်လာမှာပါ။ အဲဒီလို ဖြစ်လာရင် ဥစ္စာကုလီနသံဝတ္တနိက-
မြင့်မြတ်တဲ့အမျိုးမှာ ဖြစ်စေနိုင်တဲ့အကျင့်ကို ကျင့်နေတာနဲ့ တူတယ်။ ကျင့်ပြီးသားဖြစ်သွားတယ်တဲ့။

စွမ်းအားရှိဖို့ ကျင့်ကြစို့
       ၃။ ကိုယ်ကျင့်တရားကောင်းသော သီလနှင့်ပြည့်စုံသော ဘာသာရေးခေါင်ဆောင်တစ်ဦးဦးနဲ့ တွေ့-
ကြတဲ့အခါ ဘာလှူရင် ကောင်းမလဲ၊ ဘာနဲ့ ဧည့်ခံရရင် ကောင်းမလဲ-ဆိုတဲ့ အတွေးတွေဟာ ဘာသာဝင်
ပုဂ္ဂိုလ်တွေရဲ့ ရင်ထဲမှာ ဖြစ်ပေါ်ပြီးတော့ လာတတ်ပါတယ်။ ဒီလိုအတွေးမျိုး ရင်ထဲမှာ ဖြစ်လာတဲ့အခါ ပတ်
ဝန်းကျင်နဲ့ မျှဝေမခံစားနိုင်တဲ့ မစ္ဆရိယစိတ်ဟာ ပျောက်ပြီးတော့ သွားတတ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ မျှဝေ
မခံစားနိုင်တဲ့ လူတိုင်းဟာ ပတ်ဝန်းကျင်ရဲ့ အပြင်ဘက်ကို ရောက်သွားတတ်ဟာလဲ လောကသဘာဝပဲ
မဟုတ်လား...။
       အဒီလိုမဟုတ်ဘဲ ပတ်ဝန်းကျင်နဲ့ မျှဝေခံစားတတ်တဲ့ နှလုံးသားရှိတဲ့ လူတွေကို ပတ်ဝန်းကျင်က သတိပြုမိလာတတ်တယ်။ အာရုံစိုက်လာတတ်တယ်။ အလေးထားလာတတ်တယ်။ ဒါဟာ ကိုယ့်ရဲ့ power
စွမ်းအားတက်လာတဲ့ သဘောပါပဲ။ မြတ်ဗုဒ္ဓက ကောသိယသူဋ္ဌေးကို ပြောထားတဲ့စကားက သိပ်ကောင်းပါ
တယ်။ “ဒေဟိ ဒါနာနိ -လှူလည်းလှူပါ။ ဘုဉ္ဖထ-စားလည်းစားပါ။ အရိယမဂ္ဂံ သမာရူဟ-အရိယာတို့ရဲ့
(ဖြူစင်တဲ့) လမ်းကိုလည်း ဖောက်ပါ။ နေကာသိ လဘတေ သုခံ-တစ်ယောက်တည်း စားရတာ အရသာ
မရှိဘူး”တဲ့။ သိပ်ကောင်းတဲ့ စကားလေး လေးခွန်းပါ။
       ဒါကြောင့် မြတ်ဗုဒ္ဓဟာ လှူမယ်ဆိုတဲ့ စိတ်ဖြစ်နေရင်ကို အဲဒီပုဂ္ဂိုလ်ဟာ မဟေသဂ္ဂသံဝတ္တနိက-ကြီး
မားသော စွမ်းအားရှိသောအကျင့်ကို ကျင့်နေရာရောက်တယ်-လို့ ဟောထားခြင်းဖြစ်တယ်။ Extenal Power ထက် Intenal power က ပိုပြီး အရေးကြီးတယ်-ဆိုတဲ့ သဘောပေါ့။ ဆိုလိုတာက ယောနိသော-
မနသိကာရ-သဘာဝကျကျ တွေးတတ်ဖို့နဲ့ အတ္တသမ္မာပဏိဓိ-စိတ်ကောင်းနှလုံးကောင်းရှိဖို့ပါပဲ။

စည်းပွားရေးရာ ဒါကျင့်ပါ
      ၄။ ကိုယ်ကျင့်တရားကောင်းသော သီလနှင့်ပြည့်စုံသော ဘာသာရေးခေါင်းဆောင်များနဲ့တွေ့လို့ မိမိတို့
စွမ်းအားရှိသလောက် ခွဲဝေလှူဒါန်းလိုက်၊ ဧည့်ခံကျွေးမွေးလိုက်မယ်ဆိုရင် မဟာဘောဂသံဝတ္တနိက-စည်းစိမ်ဥစ္စာများပြားကြောင်း အကျင့်ကို ကျင့်နေရာ ရောက်တယ်။ ဒါနံ သဗ္ဗတ္ထသာဓကံ-ပေးကမ်းခြင်း-
သည် အောင်မြင်ခြင်း၊ ဒါနတော ဘောဂ၀ါ-ဒါနဟာ စည်းစိမ်ဥစ္စာကို ဖြစ်စေတယ်-လို့ မြတ်ဗုဒ္ဓဟောထား
တယ် မဟုတ်လား...။
       ပေးတတ်ဖို့ပဲ လိုတာပါ။ ပေးတတ်တဲ့ပုဂ္ဂိုလ်တိုင်းဟာ ပြန်လည်ရရှိတတ်ပါတယ်။ ဘယ်လို ပေးရမလဲ။
မပေးလှူခင်, ပေးလှူဆဲ, ပေးလှူပြီး ကာလသုံးပါးလုံးမှာ စေတနာပါနေရမယ်။ စေတနာ လျှော့မသွားရ-ဘူးတဲ့။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်...
       ယုံယုံကြည်ကြည် ပေးလှူရမယ်၊
       ရိုရိုသေသေ ပေးလှူရမယ်၊
      အချိန်ကာလကြည့်ပြီး ပေးလှူရမယ်၊
      ပြန်လည်မမျှော်လင့်တဲ့စိတ်နဲ့ ပေးလှူရမယ်၊
      အစွန်းနှစ်ဖက်လွတ်အောင် ပေးလှူရမယ်...တဲ့။
      ဒီငါးနည်းနဲ့ ပေးလှူမယ်ဆိုရင် ထိုက်တန်တဲ့ အကျိုးတစ်ခုကို ပြည့်ပြည့်၀၀ ရရှိပါတယ်။ ဒါကြောင့်
မြတ်ဗုဒ္ဓက သီလ၀န္တ-သီလနှင့်ပြည့်စုံသော ဘာသာရေးခေါင်းဆောင်များနဲ့တွေ့လို့ လှူကြ တန်းကြမယ်-
ဆိုရင်, လှူဖြစ် တန်းဖြစ်မယ်-ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ မဟာဘောဂသံဝတ္တနိက-စည်းစိမ်ဥစ္စာများပြားကြောင်း
အကျင့်ကို ကျင့်နေရာ ရောက်တယ်လို့ ဟောထားတာပါ။

ဥာဏ်ရည်ထက်ဖို့ ဒါကျင့်စို့
      ၅။ နောက်ဆုံးတစ်ချက်က သီလ၀န္တဘာသာရေးခေါင်းဆောင်များနဲ့တွေ့တဲ့အခါ ကိုယ်မသိတာ
မေးမြန်းကြတယ်။ သူတို့မေးလို့ ကိုယ်ပြန်ဆွေးနွေးဖြစ်တယ်။ သူတို့ ဟောပြ ပြောပြလို့ ကိုယ် တရားဓမ္မ-
နာကြားဖြစ်တယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ မဟာပညာသံဝတ္တနိက-ဥာဏ်ပညာထက်မြက်ကြောင်း အကျင့်ကို
ကျင့်ရာရောက်ပါတယ်။
     “ ပြောဆိုဆွေးနွေးမှုဟာ အသိပညာကို ဖြစ်စေတယ်”-မဟုတ်လား...။ ဒါကြောင့် ဘာသာရေးခေါင်း
ဆောင်များနဲ့ တွေ့ကြတဲ့အခါ တရားဓမ္မဆွေးနွေးဖို့ လိုပါတယ်။ ဒါဟာ မဟာပညာသံဝတ္တနိက-ဥာဏ်ပညာ
ထက်မြက်ကြောင်း အကျင့်တွေပဲလေ။

အကျင့်ငါးထွေ စုံလေပြီ
    ပြန်ပြီးချုပ်ကြည့်လိုက်တော့ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့လိုက်ရတဲ့ ဘာသာဝင်များအနေဖြင့် -
       ၁။ ဘာသာရေးခေါင်းဆောင်များရဲ့ အပေါ်မှာ ကြည်ညိုစိတ်ကလေးဖြစ်တဲ့အတွက် သဂ္ဂသံဝတ္တနိက -
အထက်တန်းကျတဲ့ဘ၀ကို ရောက်စေနိုင်တဲ့အကျင့်၊
       ၂။ ခရီးဦးကြိုဆိုမှုစသည်ကို ပြုလိုက်ရတဲ့အတွက် ဥစ္စာကုလီနသံဝတ္တနိက-မြင့်မြတ်တဲ့အမျိုးမှာ ဖြစ် -
စေနိုင်တဲ့အကျင့်၊
       ၃။ မစ္ဆရိယစိတ်ကို ပယ်ဖျောက်နိုင်တဲ့အတွက် မဟေသက္ခသံဝတ္တနိက-စွမ်းအားမြင့်တဲ့အကျင့်၊
       ၄။ တတ်နိုင်သလောက် ခွဲဝေလှူဒါန်းတဲ့အတွက် မဟာဘောဂသံဝတ္တနိက-စည်းစိမ်ဥစ္စာများပြား -
ကြောင်းအကျင့်၊
      ၅။ တရားဓမ္မဆွေးနွေးမှုစသည်ကို ပြုရတဲ့အတွက် မဟာပညာသံဝတ္တနိက-ဥာဏ်ပညာထက်မြက် -
ကြောင်း အကျင့်တွေကို ကျင့်ရာရောက်ပြီးတော့နေတယ်။
       ဒီအကျင့်ငါးမျိုးကို ကျင့်ရာရောက်တော့ ဘာဖြစ်တုန်း။ ဒါက ရှင်းပါတယ်။ သရက်ပင်စိုက်တော့ သရက်သီးရတယ်။ ကောင်းတာကျင့်တော့ ကောင်းကျိုးရတယ်။ ဒါတွေဟာ လောက, ဓမ္မနိယာမတွေပဲ မဟုတ်လား..။


ပတ်ဝန်းကျင်နဲ့ လူ့လောက
      လူဆိုတာ ပတ်ဝန်းကျင်နဲ့ကင်းလို့ မရတဲ့အတွက် တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံကြရမယ်။ တစ်ဦးကိုတစ်ဦး အားကိုးကြရမယ်။ ဒီလို ပေါင်းသင်းအားကိုးကြတဲ့အခါကြတော့ Internal condition
 ဖြစ်ဖို့အပြင် External condition ကပါ အရေးကြီးလာတာကို တွေ့လာရတယ်။
       မြတ်ဗုဒ္ဓကလည်း “အသေ၀နာ စ ဗာလာနံ”စသည်ဖြင့် ပေါင်းသင်းဆက်ဆံရေးလမ်းစဉ်တွေကို မင်္ဂလာတရားတော်မှာ ချမှတ်ပြခဲ့သည် မဟုတ်ပါလော....။


ဆရာဆိုတာ ဒီလိုပါ
       ဒါကြောင့် ပတ်ဝန်းကျင်ကို ဆရာတင်တော့မည်ဆိုလျှင် အားကိုးထိုက်သော ပုဂ္ဂိုလ်ကို (သို့မဟုတ်)
ဘာသာရေးခေါင်းဆောင်ကို ဆရာတင်မိဖို့တော့ လို၏။ ဘယ်လိုပုဂ္ဂိုလ်မျိုးက ဘယ်လို ဘာသာရေးခေါင်း
ဆောင်မျိုးက အားကိုးထိုက်သလဲ..ဆိုတော့ ““ပိယော ဂရု ဘာဝနီယော၊ ၀တ္တာ စ ၀စနက္ခမော””စသည်ဖြင့်
များစွာသော သုတ္တန်တွေမှာ ဖော်ပြလေ့ရှိပါတယ်။
      ဘာကို ဆိုလိုသလဲ...ဆိုတော့ မိမိဆရာတင်မဲ့ အားကိုးမဲ့ ပုဂ္ဂိုလ်မျိုး, ဘာသာရေးခေါင်းဆောင်မျိုးဟာ-
     ၁။ ပိယော = ချစ်ခင်လေးစားလောက်သော သီလ, သမာဓိ, ပညာရှိရမယ်၊
     ၂။ ဂရု = လေးစားလောက်သော ကိုယ်ကျင့်တရားရှိရမယ်၊
     ၃။ ဘာဝနီယော = ပွားများအပ်သော မေတ္တာတရားရှိရမယ်၊
     ၄။ ၀တ္တာ = အပြစ်ပြ၍ ဆုံးမတတ်သူဖြစ်ရမယ်၊
     ၅။ ၀စနက္ခမော = ကြောင်းကျိုးညီညွတ်သော ဆွေးနွေးမှုကို လက်ခံနိုင်စွမ်းရှိရမယ်၊
     ၆။ ယော စ ဌာနေ နိယောဇကော = မိမိလက်အောက်ငယ်သားကို ချောက်မတွန်းတတ်တဲ့ပုဂ္ဂိုလ်မျိုး
ဖြစ်ရမယ်...တဲ့။
      ဒါတွေဟာ Teacher's qualification တွေပါပဲ။ ဒီအရည်အချင်းနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေ, ဘာသာရေး
ခေါင်းဆောင်တွေကို ရှာဖွေပေါင်းသင်းမိဖို့ စိစစ်အားကိုးထိုက်ဖို့ လိုပါတယ်။


တူညီလေမှ တွဲလို့ရ
     ဒီလိုနှစ်ဦးနှစ်ဖက် သူ့ဘက် ကိုယ့်ဘက် Qualification ဖြစ်ကြပေမဲ့ ထိုသူနှစ်ဦးတို့ ရေရှည်ဆက်ဆံနိုင် ဖို့, ပေါင်းသင်းနိုင်ဖို့ကြတော့ တူလေးတူနဲ့ပြည့်စုံမှ ဖြစ်ပါလိမ့်မယ်။ အဲဒီ တူလေးတူက ဘာတွေလဲ...ဆိုရင် -
      ၁။ သဒ္ဓါ = ယုံကြည်ချက်ချင်း တူရမယ်၊
      ၂။ သီလ = ကိုယ်ကျင့်တရားချင်း တူရမယ်၊
      ၃။ စာဂ = စွန့်လွှတ်မှုချင်း (သို့မဟုတ်) မျှဝေခံစားမှုချင်း တူရမယ်၊
     ၄။ ပညာ = အသိပညာချင်း တူရမယ်...ဆိုတဲ့ တူလေးတူပါပဲ။
      ဒီလေးချက်တူညီကြရင် ဘယ်လူမျိုးမဆို ရေရှည်ပေါင်းသင်းလို့ အားကိုးလို့ ရပါတယ်။ ဗျတ္တိရေက -
ပြောင်းပြန်ပြောရရင် မတူညီရင်တော့ ရေရှည်မပါဘူး...ဆိုတဲ့ သဘောပေါ့။ ဒါကြောင့် ဆရာ,ဒကာ ပေါင်း
သင်းဆက်ဆံကြတဲ့အခါ၊ သူငယ်ချင်း အချင်းချင်း ပေါင်းသင်းဆက်ဆံကြတဲ့အခါ၊ မိသားစု အချင်းချင်း
ပေါင်းသင်းဆက်ဆံကြတဲ့အခါ ဒီအချက်လေးချက်တူညီဖို့ အရမ်းကို လိုအပ်ပါတယ်။
     ဒါ...သိပ်ဟုတ်တာပေါ့။ ယုံကြည်ချက်ချင်း မတူညီရင် ပေါင်းသင်းဖို့ဆိုတာ အင်မတန်မှ ခက်ပါလိမ့်မယ်။
ရတယ်-ဆိုရင်တောင် ရေရှည်ပါဖို့ ခက်ပါလိမ့်မယ်။ ဥပမာဆိုကြပါစို့...တစ်ဦးက နတ်ကိုပဲ ယုံကြည်တယ်။
တစ်ဦးက ထေရ၀ါဒကိုပဲ ယုံကြည်ကိုးကွယ်တယ်...ဆိုရင် ဒီပုဂ္ဂိုလ်နှစ်ဦး ရေရှည်အဆင်ပြေဖို့ မလွယ်ပါဘူး။
ထို့အတူ စီးပွားရေး, လူမှုရေး, ကိုးကွယ်ရေး..စသည်တွေလဲ ဒီလိုပါပဲ။
     သီလ-ကိုယ်ကျင့်တရားပိုင်းမှာလဲ ဒီအတိုင်းပါပဲ။ သုရာဓုတ္တ-သေသောက်ကျူးတဲ့ ပုဂ္ဂိုလ်၊ ဣတ္ထိဓုတ္တ-
မိန်းမလိုက်စားတဲ့ ပုဂ္ဂိုလ်၊ အက္ခဓုတ္တ-အလောင်းအစားအားသန်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဓမ္မစာရီ-တရားဓမ္မကို
ကျင့်ကြံအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေဟာ ရေရှည်လက်တွဲဖို့...ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ လက်တွေ့ပါပဲ။
     စာဂ-စွန့်လွှတ်အနစ်နာခံတတ်သူ၊ မျှဝေခံစားတတ်သူတွေနဲ့ မစ္ဆရိယ-ဆုတ်ကိုင်ထားတတ်သူ၊ ကပ်စေး
နှဲတတ်သူတွေနဲ့လည်း ဘယ်တော့မှ ရေရှည်လက်တွဲလို့ရမှာ မဟုတ်ပါဘူး။
     ပညာ-အသိပညာပိုင်းကို ရောက်သွားရင်တော့ ပိုဝေးသွားတာပေါ့။ အသိပညာချင်း မတူညီလို့ ဝေးကွာ
သွားရတဲ့ သာဓကတွေဟာလဲ ဒုနဲ့ဒေးပါပဲ။
     ဒီနေရာမှာ ဥပမာအနေနဲ့ ရေ၀တီတို့လင်မယား၊ သိကြားမင်းနဲ့ သုဇာတာ၊ ပိပ္ပလိလုလင်နဲ့ မယ်ဘဒ္ဒါ-
စတဲ့ အသိပညာတူညီမှု, မတူညီမှုကြောင့် ဘ၀မှာ လက်တွဲမဖြုတ် ပန်းတိုင်ဝင်သွားတာတွေ၊ လက်တွဲ
ဖြုတ်ပြီး ဘ၀လမ်းခွဲတာတွေဟာ ကြည်နူးစရာကောင်းသလို ၀မ်းနည်းကြေကွဲစရာဖြစ်ရပ်တွေဟာလည်း
တကယ့် သင်ခန်းစာ ယူစရာတွေပါပဲ...။
     တူလေးတူ မတူကြသူ အချင်းချင်း မဖြစ်မနေ ပေါင်းသင်းဆက်ဆံရရင်တောင် ဘယ်တော့မှ အေးချမ်း
သာယာမှုဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အမြဲတမ်း တဂျက်ဂျတ်ဖြစ်နေမှာပါပဲ။
     ဒါကြောင့် အကျွန်ုပ်တို့တတွေ “ဆရာ ဒကာ ဆက်ဆံကြတဲ့အခါ” ရသင့်ရထိုက်တဲ့ အကျင့်ငါးမျိုးကို
ကျင့်ရာရောက်အောင် နေတတ်ဖို့၊ ယုံကြည်အားကိုးထိုက်တဲ့ ဘာသာရေးခေါင်းဆောင်ကို ရှာဖွေဆည်းကပ်
ဖို့၊ ရေရှည်လက်တွဲနိုင်ဖို့ အထူးပင် လိုအပ်ပါကြောင်း၊ ထိုလိုအပ်ချက်တွေကို ရှာဖွေ, စိစစ်, ကျင့်သုံးဖို့ လို
အပ်ကြောင်းတွေကို မြတ်ဗုဒ္ဓ ထုတ်ဖော်ဟောတော်မူခဲ့သည့် အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ဗြဟ္မဏ၀ဂ်၊
ဒုတိယအုပ်၊ စာမျက်နှာ (၂၁၃) တွင်ပါရှိသော ကုလသုတ်ကို အခြေခံ၍ မိမိနားလည်ခံစားမိသလို ““ဆရာ
ဒကာ တွေ့ကြသောအခါ””ဟူသော ခေါင်းစဉ်ဖြင့် မေတ္တာဖြန့်ဝေလိုက်ရပါကြောင်း.........
သီလံ ရက္ခန္တု သဗ္ဗဒါ
အချိန်နှင့်အမျှ ကိုယ်ကျင့်တရားကို စောင့်ထိမ်းနိုင်ကြပါစေ


အာသီသ
        ဒီဘလော့စ်ကို (၂၃.၁၀.၂၀၁၂) ရက်နေ့ည (၁၀) နာရီမှစ၍ (၂၄.၁၀.၂၀၁၂) ရက်နေ့နံနက် (၂း၁၅) နာရီကြမှ ပြီးပါသည်။ ဒီအချိန်အထိ မအိပ်မနေ ရေးနေခြင်းမှာ တွေ့ဆုံပေါင်းသင်းမှုတိုင်းမှာ ငြိမ်းချမ်းရေး
ရစေလိုသော အာသီသဖြင့် အိပ်ချင်စိတ်ကို မရမက ဖျောက်၍ ရေးသားတင်ပို့လိုက်ရပါသည်။
     ထို့ကြောင့် ဒီဘလော့စ်ကို ဖတ်လိုက်ရတဲ့သူတိုင်း စတင်ဖတ်သည့်အချိန်မှစ၍ ထာဝရငြိမ်းချမ်းမှုများကို
ရရှိခံစားနိုင်ကြပါစေ....
                             မေတ္တာဖြင့် - မောင်သီ (မြတောင်)

No comments:

Post a Comment