* မမေ့သော
အမေ့တရား ………
အဘိက္ကမေထ ကလျာဏေ၊ ပါပံ စိတ္တံနိဝါရယေ၊
ဒန္ဓဉ္စိကရောတော ပုညံ၊ ပါပသ္မိံ ရမတိမနော။
ပါပံ စိတ္တံ၊ မကောင်းစိတ်ကို။ နိဝါရယေ၊ တားမြစ်ထားလိုက်ပါဦး။
ကလျာဏေ၊ ကောင်းရာ၌ကား။ အဘိက္က - မေထ၊ သူ့ထက်ဦး၍ ရှေ့တစ်ဆင့် တိုးပေးလိုက်ပါဦး။
မနော၊ စိတ်မည်သည်။ ပါပသ္မိ ၊ မကောင်းရာ ဘက်၌သာ။ ရမတိ၊ မွေ့လျော်ရိုးထုံးစံရှိ၏။
ဟိယသ္မာ၊ အကြင်မကောင်းရာ ပျော်မျိုးစိတ်ကြောင့်။ ပုညံ၊ ကောင်းရာကို။ ဒန္ဓံ၊
တုံ့ဆိုင်းဆိုင်း။ ကရောတော၊ ပြုကျင့်လေ့ရှိသူအား။ ပါပံစိတ္တံ၊ မကောင်းစိတ်သည်။
နိဝါရယေ၊ တားမြစ်ရာ၏။ (ဓမ္မပဒ)
“မကောင်းရာမှ ကောင်းရာသို့
စိတ်ရွှေ့ပြောင်းပေးရေးကိစ္စသည် ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပေးရ-သည်ထက် အထားခက်လှ၏။
“မေ့စိတ်ကို မမေ့စိတ်အဖြစ်
ပြုပြင်ပေးရေးကိစ္စသည်လည်း မြင်းမိုရ်တောင် ဇောက်ထိုးထားပေးရေးထက် ပို၍ ခက်၏”
လောက၌ မေ့စေတတ်သောအရာတွင် ဘိန်း၊ အရက်စသည့် မူးယစ်ဆေးဝါးများမှအစ၊
တို့ဆေး၊ ခပ်ဆေး၊ မေ့ဆေး၊ ထုံဆေး အများအစားပင် တီထွင်ဖော်စပ်ထားခြင်း
ရှိကြပါသော်လည်း၊ သတိရဆေး ဖော်စပ်-ထားခြင်းကား နည်းပါးလှချေ၏။ အဘယ်ကြောင့်ဆိုသော
ပင်ကိုသဘာဝဖြင့် ပျော်ရွှင်ခြင်း၊ ချမ်းမြေ့ခြင်း အလျင်း ကင်းဆိတ်နေသော ဤလောကထဲ၌ -
ဆင်းရဲဒဏ်
မခံနိုင်သူတို့ များပြားနေသောကြောင့်တည်း။ အပျော်တို့ဖြင့် လောကကြီးကို
ပြင်ဆင်ပေးလိုကြသောကြောင့်တည်း။ ထိုနှစ်ဦးစလုံး ကိုယ့်ဘ၀ ကိုယ်မေ့ပစ်လိုက်ကြ၏။
ပတ်ဝန်းကျင်-ကိုလည်း မေ့ပစ်လိုက်ကြ၏။ အချိန်ကိုလည်း မေ့ပစ်လိုကြ၏။ သို့မဟုတ် -
လောကကြီးကို
အလျားလိုက် ခုန်ကျော်လိုက်ခြင်း။
ထိုနှစ်ဦးစလုံး ကိုယ့်ဘ၀ ကိုယ်သတိရနေမည်ကို ကြောက်ရွံ့ကြ၏။
ပတ်ဝန်းကျင်အပေါ် အမှတ်ရနေ မည်ကိုလည်း ကြောက်ရွံ့ကြ၏။ အချိန်နှင့်တကွ မိမိပြုကျင့်နေသော
မကောင်းမူကိုလျှင် သတိပြုလိုကြပြီ။ ထိုနှစ်ဦးမျိုး ဤလောကလူသားထဲဝယ် အဘယ်မျှ
များပြားနေသနည်း၊ ယနေ့ရှိလူတစ်ရာလျှင် ၎င်းတို့ သန္ဓေပေးထားသော မျိုးစေ့တို့ကိုပါ
ထည့်သွင်းရေတွက်သော် ရာကျော်မည်သာတည်း။
ထိုသူတို့ကို -
သတိရှိရှိ နေကြစမ်းပါ၊ ကိုယ့်အကြောင်း ကိုယ်သိကြစမ်းပါ။ ဤသို့
သတိပေးသော် ထိုသတိပေးသူသာ မောပေလိမ့်မည်။ သို့ကြောင့် မေ့စိတ်သို့
ပြောင်းလဲရေးကိစ္စသည် မြင်းမိုရ်တောင်ကို ဇောက်ထိုးထားခိုင်း ရသည်ထက် ပို၍
ခက်လှ၏ဆိုသော ငါတို့စကား လွန်အံ့မထင်ပြီ။
စင်စစ် မေ့မေ့နေတတ်သော အလေ့သည် သတ္တ၀ါဖြစ်စမှသည် ယနေ့တိုင် အမွေစား၊
အမွေခံအဖြစ် ကမ္ဘာ့ ကမ္ဘာနှင့်ချီ၍ ပါလာသော ရိုးတွင်းအောင်းဗီဇသတ္တိမျိုး ဖြစ်နေလေရာ
အိမ်ရှင်အရာ၌ တည်နေပြီး ဖြစ်၏။ ရူမှတ်မူအလေ့အကျင့်ကား အိမ်ရှင်အရာ၌ တည်နေအောင်
သွေးယူရမည်ဖြစ်ရကား ဧည့်သည်အရာ၌ သာ ရှိချေသေး၏။ တစ်ဖန် အမေ့ကြားမှ ပေါက်ဖွားရမည်
ဖြစ်သဖြင့်လည်း အမေ့နှင့် မမေ့သည် မိခင်နှင့် သားပမာသာ ဖြစ်နေပါ၏။
သို့ကြောင့် - အမှတ်ရစေမူ၊ မမေ့သတိ ပြုစုပျိုးထောင်ရာ၌ -
မပျင်းမရိ ဇွဲလုံ့လ၊ ခွန်အားရှိမှ သတိအား ကြီးထွားနိုင်ချေမည်။
အပျင်း အဖျာင်းတို့၏ အရာကား မဟုတ် ပြီ။ ရဲတင်းခြင်း၊ စိတ်ရှည်ခြင်း၊
စိတ်ပါလက်ပါရှိခြင်းနှင့် ပြည့်ဝမှသာ အောင်နိုင်ရချေသည်။ ပျော့ညံ့သူ၊ စိတ်တိုသူ၊
စိတ်မ၀င်စားလေသူများနှင့် လားလားမျှ မသက်ဆိုင်ပြီ။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ်
ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ
ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment