* မိခင်ဟောင်းနှင့် ပေါင်းမိခြင်း
* ထိုကလေး ပြေးနိုင်လွှားနိုင် ကစားနိုင်လာသောအခါတွင်ကား အမှားကို
အမှန်ထင်စေမူ၊ မောဟမိခင်က အစားထိုးဝင်ရောက်လာတော့ရာ -
ထင်ရာမြင်ရာ အဟုတ်ထင်၊ ယောက်ျားလေးဖြစ်က ယောက်ျားလေးအမူအရာဖြင့်၊
မိန်းကလေးဖြစ်က မိန်းကလေးအမူရာဖြင့် ပွဲထုတ်ကစား အိုးပုတ်၊ ချိုးရုပ်ပုံ
ဟန်များဖြင့် ကစားစေပြီး ဘ၀ကို မေ့စေ၏။ ဘ၀ကိုကျော် အရုပ်အာရုံပေါ် ပျော်စေ၏။
တောယောက်ျားလေး ထန်းပလပ် မြင်းလုပ်၊ ခြေစုံသုတ် ပြေးကစားရချေ၏။ မြို့ယောက်ျားလေးကိုကား
သစ်သားခုံမြင်းလုပ် ကိုယ်တိုင်လူပ်၍ အိမ်တွင်းမှာပင် ကစားစေ၏။ ကိုယ့်ကိုမကြည့်၊
မြင်းရုပ်ကြည့် ဆော့ကစားခွင့်ရလေရာ ထိုကလေး မောရမှန်းပင် မသိတော့ပြီ။
ထိုမှတစ်ဆင့် ဆယ့်ငါး၊ ဆယ့်ခြောက်အရွယ် ရောက်လာသောအခါ - မောဟသည်
ခြင်ဆီဖြည့်၊ အရိုးမာ၊ သွေးသားဆူ၊ သူ့အမူရာကို ကြည့်တဲ့ကာ အဟုတ်လူ၊ မတူရာလိင်ဘက်
မျက်နှာလှည့်ခိုင်းပြီး ထင်တိုင်းလျှင် အကျဲခိုင်းတော့၏။ အာရုံစုံ အပုံကြား
စိတ်ကိုလည်း ပို့လွှတ်ထားစေ၏။ ကိုယ်ခန္ဓာ ကိုယ့်အရှိကိုကား တစိလေးမျှ အသိမပေးပြီ။
ကိုယ့်အကြောင်း ကိုယ့်ကိစ္စ တစ်စလေးမျှ အသိမပေးပြီ။ ကိုယ့်အကြောင်း ကိုယ့်ကိစ္စ
တစ်စလေးမျှ မရိပ်မိပြီ။ အရူံးနှင့်အမြတ် တစ်မှတ်ကလေးမျှ အမှတ်မရစေပြီ။
ထို ဆယ့်ငါး၊ ဆယ့်ခြောက်လေးတို့သည် အရွယ်ရိုင်း ဆိုရ၏။
အရွယ်ရိုင်း ကင်ပွန်းတပ်ကြသော်လည်း အရွယ်ကား မရိုင်းပါချေ။
နုပျိုခြင်း၊ လန်းဆန်းခြင်း၊ ပျော်ရွှင် ချမ်းမြေ့ခြင်းများနှင့်အတူ ကလေးရုပ်လည်း
မပျောက်သေး၊ အရွယ်ဟိုင်းလည်း မပေါက်သေးသော တက်သွေးလေးများ အထွက်တိုး၊
အလှဖြိုးလေးများချည်း ဖြစ်ကြပါသည်။ ရိုင်းသည်မှာ မသိသော အသိကသာတည်း။ သို့မဟုတ်
မမှန်ရာအသိပေး၊ မှန်ရာ ကွယ်ပေးသော အမှောင့်သိကသာတည်း။
ထိုအမှားသိ အလှည့်ခံထားရရှာသော ကလေးငယ်တို့သည်-
(က) မိမိတို့ ကိုးကွယ်ဝတ်ပြုရာ ဘာသာဓလေ့ကို
ပင်တိုင်ထား၍လည်းကောင်း၊
(ခ) မိမိတို့ ဆင်းသက်လာရာ လူမျိုးဓလေ့တို့ကို
မူကိုင်ထား၍လည်းကောင်း၊
စိတ်ထင် ထင်သလောက် တီထွင်ဆန်းသစ်တတ်ကြချေ၏။ အ၀တ်အစားအရောင်အသွေး
ဆင်ယင် ထုံးဖွဲ့မူပုံစံစသည့် လူမြင်ကွင်းပြသကြရမည့်အရာအားလုံး
အမူရာဟန်ပန်များနှင့် တကွ တီထွင်ဆန်းသစ် လာကြတော့၏။ ၎င်းတို့မျက်စိထဲ သမာရိုးကျ
မြင်နေကျမှ ခွဲထွက်လာသော အမူရာမှန်သမျှကို တုပ ကြတော့မည်။
၁။ ၎င်းတို့ သုံးသော အ၀တ်အစားများကို ကြည့်ခြင်းဖြင့် အယဉ်အရိုင်း
ကွဲနိုင်သည်။
၂။ ၎င်းတို့ နှစ်သက်သော အရောင်အသွေးများကို ကြည့်၍ စိတ် အနုအကြမ်း
သိနိုင်သည်။
၃။ ၎င်းတို့ စားသုံးသော အစာများကိုး ကြည့်၍လည်း ကိုယ်အနု၊ အကြမ်း ခန့်မှန်း၍
ရသည်။
၎။ ၎င်းတို့ သုံးနူန်းသော စကား နားထောင်ခြင်းအားဖြင့် ၎င်းတို့စိတ်
ဘယ်ဆီနားမည်အထိ သိနိုင်သည်။
ထိုအရွယ်ရိုင်းလေးများ၏ အမူအကျင့်များကို အရွယ်မရောက်သေးသော
နောင်လာ အောက်ပေါက် ကလေးများကလည်း အတုမြင် အတတ်သင်ယူကြပေတော့မည်။ သို့ကြောင့်
ထိုအရွယ်ရိုင်းလေးများကို ကာလသား၊ ကာလသမီးလေးများ ဆိုရ၏။ ခေတ်တစ်ခေတ်၏
ဖန်ဆင်းရှင်လေးများ ဖြစ်ခြင်းကြောင့် လည်းကောင်း၊ လူငယ်လူကြီးများ အားလုံး
ကြေးမုံသဖွယ် အရိပ်ကြည့်ရမည့်အရွယ် ဖြစ်ခြင်းကြောင့် လည်းကောင်း၊ မျိုးဆက်သစ်သွေး၊
မွေးဖွားပေးကြတော့မည့် အချိန်ကျရောက်နေပြီ ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ခေတ်ကာလ
သားသမီးများ ဆိုရချေ၏။
ထိုအရွယ်ရိုင်းလေးများကို မသိသောအသိက သာ၍ပင် မျက်စိကျ၏။
အဘယ်ကြောင့်ဆိုသော် သူခြယ် ချယ်သလို လှယ်၍ရတတ်သောကြောင့်တည်း။
ထိုအရွယ်ရိုင်းလေးများ တစ်နေကုန် ထင်တိုင်းအကျဲခံထားရသဖြင့်
ကိုယ်နွမ်းစိတ်ပန်း ဖြစ်လာလေသော အခါ တစ်ရေးတစ်မှိတ် မောဟက သိပ်လှဲပေးလိုက်၏။
တစ်ဖက်၏ လက်ရဲဇက်ရဲ၊ ထင်တိုင်းအကျဲခံထားရသူကိုလည်း၊ ကိုယ့်အကြောင်း
ကိုယ်မရိပ်မိစေသော အားဖြင့် ညလျှင် တိတ်ဆိတ် တစ်ရေးမှိတ်စေ၏။
သို့မဟုတ် အာရုံစုံ ပုံဖမ်းမရချိန် နားကြပါလေဦး။
တစ်ဖန် နံနက်မိုးသောက် အလင်းရောက်သဖြင့် နိုးထလာရချိန်ဝယ်၊
အိမ်နေသော်လည်း စိတ်အပြင်ပို့ တို့ပြီး၊ ထိပြီးသား လိုက်လံကာ အတွေးဖြင့်
ပုံဖမ်းပေးလျက်က ယနေ့တစ်ရက် ဆက်လက်ရမည်ကို စီစဉ်ပေးထားနေနှင့်၏။
ဤသို့ဖြင့် နေ့စဉ်ရက်ဆက် အာရုံတို့ဘက်ချည်း စိတ်ပို့ထားစေပြီ၊
ကစားစားကျက် ကစားကွက် ဖော်အပေးခံကြရသော ထိုကလေးများတို့ခမျာ -
အတွေးမှားသည် တစ်စတစ်စ ကြီးထွားလာကြပြီ။
အတွေးမှားကြား ပြေားမှား ဆိုမှားလေးများလည်း
ညှပ်သွင်းထားလိုက်ကြပြီ။
အတွေးမှားကြား လုပ်မှားကိုင်မှားလေးများလည်း
သွင်းပေးထားလိုက်ကြပြီ။
ထိုအခါ ခြေချော်ဖြင့် လက်ချော်အချင်းချင်း ကံပေါ်ကြလေပြီတည်း။
ရွှေကျောင်းကုန်းဆရာတော်
ဝန၀ါသီ ဉေယျဓမ္မသာမိထေရ်
ရေးသားစီရင်တော်မူသည့်
သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း
စာအုပ်မှ ပြန်လည်ထုတ်နူတ်
ဖော်ပြပေးထားပါသည်။
No comments:
Post a Comment