* နယ်ကျယ်ကို ကျဉ်းမြောင်းစေမည့် ထိုသတိ
* မေ့သူ၌ အချဲ့နှင့် အလှည့်တို့၏ လှည့်စားခြင်း ခံနေရရာ နယ်ကျယ်၏။
သို့ကြောင့် ခရီးရှည်၏။
သတိသည်ကား -
ထိုနယ်ကျယ်အားလုံးကိုပင် နယ်ကျဉ်းအဖြစ်သို့ ပြောင်းလဲပေးပြီး
ခရီးတာ တိုအောင်ပြုပြင် ပေးပါမည်။ ခရီးတာ တိုသော်လည်း မပင်မပမ်း၊ ခရီးလမ်းလည်း
ဆုံးစေပါမည်။ ထိုသတိသည် အမှားကို ပလပ်၍ အမှန်ကိုသာ အမှတ်ပေးပါမည်။ ထိုသတိသည် အမှန်အမှတ်ရတိုင်းလည်း
ဟုတ်မဟုတ် စိစစ်သုံသပ်ပေး ပါမည်။
သိဆိုသော် -
ထိုသတိ လက်ကိုင်ရှိသင့်သည် အောက်သို့ရောက်စေမည့် အမှောက်သမားဘဝ
မဟုတ် အထက်သို့ ဆန်စေမည့် အလှန်သမားများ ဖြစ်ရမည် ဧကန်တည်း။ အောက်စာစားမည့်
အမှားသမားလည်း မဟုတ်၊ အထက်စာစားမည့် အမှန်သမားသာ ဖြစ်ရမည် ဧကန်တည်း။ အမှောက်ကား
အောက်ကြည့်ကြည့်၍ အောက်သိသာ သိချမ့်မည်။ အလှန်ကား အထက်ကြည်ကြည့်၍ အထက်သိသာ
ရှိချိမ့်မည်။ တစ်ဖန် အမှားကား အလျားလိုက် သွားသဖြင့် နားစရာမရှိ ဖြစ်ချိမ့်မည်။
အမှန်ကား ကန့်လန့်ကူးသဖြင့် ကမ်းနဖူး အထူးတွေ့ချိမ့်မည်။
ထိုနှစ်စား မည်သို့ခြားနားပါသနည်း။
မေ့ရာမှဖြစ်သော အမှောက်တရား၊ အမှားတရားများသည် တစ်ဖက်ဆီသို့
မိမိစိတ်မျက်စိ မှိတ်လွတ်ပေး ထားရာမှ ဖြစ်၏။ တစ်ဖက်အာရုံ၏ အရိပ်စဉ်
အမျှင်တန်းမျှကိုပင် ပုံဖမ်းလျက်က၊ ပမာပိတ်ကားတွင် ရောင်စုံဆေးများဖြင့်
မူန်းခြယ်ထားသော မင်းသမီး ရုပ်ပုံလွှာကို ကြည့်၍ မဘယ်သူပဲ၊ ကိုယ်ကြည့်လိုက်ရာ
မင်းသမီး ရုပ်ပုံလွှာကို ကား မကိုင်မိ၊ မထိမိ၊ အောက်ခံရှိ ပိတ်သား၏ အနုအကြမ်းကိုသာ
ကိုင်တွယ် သုံးသပ်ရဘိသို့၊ မှန်းမိရာမှ စတင်၏။ တစ်ဖန် အာရုံရှင်၏ ၀တ္ထုရုပ်ကို
ခံစား၊ အမည်ကို မှတ်သား ထားမိရာမှ အမေ့ရ၏။
အစွဲကြီးသော အအိပ်သမား၊ အိပ်မက်ဆန်းများ မက်တတ်သည်။ ထိုအမည်ကို
ဆင်ခြင်၊ အမည်၌ ခင်မင် ပြီး၊ အမည်ပေါ်တွင် အစွဲဝင်လျက်ရှိသော ထို အမေ့သမားအား - အချိုစား၊
အချိုကား ပျောက်၊ ထန်းလျှက်ကား မပျောက်တော့သောအခါ၊ အချိုစား၊ အချိုကား ပျောက်၊
ကြက်ကား မပျောက်တော့သော အခါ -
အမှားကြား အမှန်ထင်လာစေသောအားဖြင့် ထန်းလျှက်၊ ကြက်စသည့်
အမည်ဆန်းများက အသိပေး လာကြလေပြီ။ ထိုအမည်ဆန်းများသည် ရုပ်စွဲမဟုတ်၊ စိတ်စွဲ၊
တကယ့်အရှိမဟုတ်၊ အမည်မှည့်အာရုံ၊ သို့ကြောင့် ပျောက်ပျက်ခဲ၏။ ထိုအစွဲ
စိတ်အလုပ်လုပ် စိတ်သရုပ်ဖော်ရာ နှလုံးထဲနှင့်တကွ အသည်းပြင် သည်းခြေစသည်များအထိ
အစွဲရိပ်နှင့် ကပ်လျက်က ခိုနေတတ်ကြရာ - စိတ်ထလေ အရိပ်ပြလေ ဖြစ်နေ တော့သည်။ စိတ်ကစားလေ
ဆန်းပြားလေလည်း ဖြစ်နေတတ်သည်။ လူတို့အာရုံထဲ အစွဲလွန်သဖြင့် ညအိပ်မက်ခန်း
ခပ်ဆန်းဆန်းပမာ ရှိ၏။ ထို စိတ်စွဲလမ်း၊ အာရုံဆန်းများကြောင့် - အမြတ်တစ်ခုမှ
ကြက်ပဲ၊ ၀က်ပဲ စသည့် အမည်ဆန်းများ မိုးမဆုံး၊ လေမဆုံးပြီ။ အကြားတစ်ခုမှလည်း
ထိုထိုအမည်ဆန်းများ မီးခိုး မဆုံး မိုးမဆုံးတော့ပြီ။ သည့်အတူ
အခြားတစ်ခုတစ်ခုမှလည်း ပင်လယ်ပြင်တစ်ဖက်ကမ်းပမာ မျှော်မဆုံးပြီ။
ထိုအမေ့သား နယ်ကျယ်ကြီးရဲ့အကြား ဖားရှာရချေပြီ။ ထိုနယ်ကျယ်ကို
ကျဉ်းစေလိုသော် -
၁။ သူ့ဘက်သို့ လိုက်မှတ်နေမည့်အစား၊ ကိုယ့်ဘက်ကသာ မှတ်ရပါမည်။
၂။ သူ့အကြောင်း စိတ်ဝင်စားနေမည့်အစား ကိုယ့်အကြောင်း
စိတ်ဝင်စားနေရပါမည်။
၃။ အမည်ပေါ် စိတ်မေးတင်မည့်အစား အမည်ကိုကျော်၍ သူ့ဇာတိရုပ်အပေါ်
ဉာဏ်ကျက်စားပေးရပါမည်။
ထိုသုံးမျိုးတို့တွင် -
(၁) အမေ့သားတိုင်း၊ အာရုံ၏ တိုက်ဆွဲဆွဲရာဘက်သို့ စိတ်မှင်သက်ကာ မက်ပြီး
ပါသွားလေ့ ရှိတတ်မြဲ ဖြစ်ရာ အမှတ်ရမူသည်လည်း သူ့ဘက်မှနေ၍ချည်းသာ အမှတ်ပေးရလေ့
ရှိ၏။ မိမိမျက်စိဘက်မှသာ မြင်သည် သို့သော် ကြက်ပါဟူ၍တည်း။ မိမိနားဘက်မှသာ ကြားသည်
သို့သော် ကြက်ဟူ၍တည်း။
ထိုမှတ်ချက်များသည် မှတ်ချက်မှားဟူ၍သာ သင်နားလည်ထားပါလေ။
အဘယ်ကြောင့်ဆိုသော် အမြင်သည် ကြက်ကမဟုတ်၊ မိမိဘက်ကသာ၊ ကြက်သည်လည်း ကြက်မဟုတ်၊
အဆင်း၊ အသံစသည် တို့၏ အရိပ်အယောင်မျှသာ ဖြစ်နေခြင်းကြောင့်ပါတည်း။
သင် မယုံကိုင်ကြည့် ကြက်မထိမိ၊ ရုပ်ဝတ္ထုချင်းသာ ထိမိမည်။
ထိုသို့ သူ့ဘက်ချည်း စိုက်၊ လိုက်မှတ်နေမိခြင်းကြောင့်
အမြင်တစ်ခုတည်းကပင် ကြက်ဟူ၍ လည်းကောင်း၊ ဘဲဟူ၍လည်းကောင်း၊ ကျွဲ၊ နွား၊ သိုး၊
ဆိတ်ဟူ၍လည်ေးကာင်း စသည်စသည့် သဘာဝ ၀တ္ထုရုပ် တစ်ခုတစ်ခု မြင်တိုင်းမြင်တိုင်း
ထိုသဘာဝ ၀တ္ထုရုပ်ကို လူလူချင်း အသိပေးရာ လဲလှယ်ရာတို့၌ နားလည်ရန် ထားရှိပေးထားသည့်
သညာသိအမည်စွဲများကိုချည်းသာ အမှတ်မိနေရကား နယ်စည်းခြား ၍ပင် မရတော့ပြီ။ ထိုသူမှ
နယ်မကျယ် ဘယ်သူ ကျယ်ပါအံ့နည်း။
သည့်အတူ အကြားတစ်ခုတည်းမှာပင် အမျိုးမျိုး၊ အနံ့တစ်ခုတည်းမှပင်
အမျိုးမျိုး၊ အရသာတစ်ခု တည်းမှပင် အမျိုးမျိုး၊ အတွေ့တစ်ခုတည်းမှပင် အမျိုးမျိုး၊
ထိုအမျိုးမျိုးတို့ ကြီးစိုးနေရချေရာ အတွေးတစ်ခု တည်းမှပင် ထိုအမျိုးမျိုးကို
တိုးပွားလာချေရာ ထိုသူ ယုန်၌ပေါလေ၊ ခွေးမောလေပမာ ဖြစ်ရရှာပြီ။ ထိုနယ်ကျယ်တို့ကို
ကျဉ်းစေလိုသော် မိမိဘက်ကသာနေ၍ အမြင်ကို အမြင်အတိုင်းလျှင် မြင်သည်ဟူ၍
မှတ်ချက်ပေးပါလေ၊ အကြားကိုလည်း အကြားအတိုင်းလျှင် ကြားသည်ဟူ၍သာ မှတ်ချက်ပေးပါလော။
ထိုအခါ အမြင်သည် အမြင်ဖြင့်သာ ရပ်တန့်သွားပါလိမ့်မည်။ အကြား
စသည်သည်လည်း အကြား စသည် ဖြင့်သာ လမ်းဆုံးသွားပါလိမ့်မည်။ ဘာမြင်မြင် အမြင်သည်
အမြင်သာဖြစ်၍ အမှန်မှတ် ဆိုရပါသည်။ အကြား စသည်များလည်း အကြားသည် အကြားသာ၊ အနံ့သည်
အနံ့သာ၊ အရသာ၌ အချိုသည် အချိုသာ၊ အချဉ်သည် အချဉ်သာ၊ အတွေ့ အထိ၌လည်း၊ အနုသည် အနုသာ၊
အကြမ်းသည်လည်း အကြမ်းသာ၊ အတွေး၌ကား ကြံသိမူသည် ကြံသိနေရုံမျှသာ ဖြစ်ကြလေရကား
ဘာမှတ်မှတ် အမှတ်မမှား တော့ပါပြီ။ လူတိုင်းလျှင် အိပ်မောကျနေစဉ်မှတစ်ပါး အမှတ်များ
ရှိကြ၏။ ထိုအမှတ် သူ့ ဘက်မှ ကိုယ့်ဘက်ထားလိုက်သော် လမ်းတည့်သွားပြီ။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ်
ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ
ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment