““ဘ၀အတွက် လိုအပ်ချက်သုံးမျိုး””
““မျက်လှည့်ပမာ ဘ၀သံသရာ””
* ချစ်မိတ်ဆွေတို့ရေ....ဘ၀နှင့်ဓမ္မကို အကျွန်ုပ်နားလည်သလို တင်ပြရမည်ဆိုရင် “ဘ၀”ဆိုတာ မျက်လှည့်ဆရာတစ်ဦးလိုပါဘဲ”လို့ ဆိုရင် လက်ခံနိုင်ပါ့မလား...ဟင်။ ချစ်မိတ်ဆွေတို့ လက်ခံ, မခံတော့ မသိဘူး။ အကျွန်ုပ်ကတော့ လက်ခံလိုက်ပြီဗျာ၊ ဘာကြောင့်လည်း ဆိုတော့.......
* မျက်လှည့်ဆရာတစ်ဦးရဲ့ဘ၀မှာ . . .
၁။ မရှိတဲ့အရာတွေ ရှိလာအောင်၊ ထင်ရှားရှိတဲ့အရာတွေ ပျောက်သွားအောင်၊ တစ်ခုကနေ နှစ်ခု၊ သက်မဲ့ ကော်ပတ်ရုပ်ကလေးကနေ သက်ရှိပမာ သက်ဝင်လှုပ်ရှားလာအောင် ဖန်ဆင်းနိုင်တဲ့ စွမ်းအင်သတ္တိ
ရှိရမယ်။
၂။ မိမိဖန်ဆင်းနိုင်တဲ့ စွမ်းအင်သတ္တိကို ပိုမိုတောက်ပြောင်လာအောင် အံဝင်ခွင်ကျဖြစ်အောင်၊ အကျိုး-
ရှိအောင် အသုံးချနိုင်ဖို့အတွက် အသုံးချနည်း ပညာဟာလည်း လိုအပ်လာတယ်။
၃။ မိမိရဲ့ စွမ်းအင်သတ္တိနဲ့ အသုံးချမှုပညာကို အထောက်အကူဖြစ်ဖို့အတွက် အသုံးအဆောင် (စည်းစိမ်ဥစ္စာ) ဆိုတာဟာလည်း လိုလာပြန်တယ်။
အဲဒီတော့ ဒီသုံးချက်ဟာ မျက်လှည့်ဆရာတစ်ဦးအတွက် မရှိမဖြစ်လိုအပ်သလို မျက်လှည့်ဆရာနဲ့
တူတဲ့ ဘ၀ပိုင်ရှင်ဖြစ်တဲ့ လူသား-စတဲ့ သတ္တ၀ါအားလုံးအတွက်လဲ၊ ယုတ်စွအဆုံး ခွေးတိရစ္ဆာန်ကအစ ဒီ
သုံးချက်ဟာ မရှိမဖြစ် လိုအပ်လာပါတယ်။
အဲဒါ ဘာလဲဆိုရင် -
၁။ တန်ခိုးအာဏာ
၂။ အသိပညာ
၃။ စည်းစိမ်ဥစ္စာ . . .ဆိုတဲ့အချက်သုံးချက်ပါပဲ။
ဟုတ်တယ်လေ။ သတ္တ၀ါရယ်လို့မှ ဖြစ်လာရင် သူများအဖိအနှိပ် မခံရဖို့၊ အနိုင်ကျင့် မခံရဖို့၊ အစော်
ကားမခံရဖို့အတွက် “တန်ခိုးအာဏာ (သို့) အရှိန်အ၀ါ စွမ်းအင်သတ္တိ” တော့ မရှိသင့်ဘူးလား...။ ရှိသင့်
တာပေါ့။
ကောင်းပြီ။ တန်ခိုးအာဏာ အရှိန်အ၀ါ စွမ်းအင်သတ္တိမရှိဘူး...ဆိုရင် ဘာဖြစ်မလဲ။ သူများရဲ့ ဖိနှိပ်မှု၊
အနိုင်ကျင့်မှု၊ စော်ကားမှုခံရတတ်တာပေါ့။ “ကြီးနိုင်ငယ်ညှင်း”ဖြစ်နေတဲ့ ယနေ့ခေတ် ကမ္ဘာလောကကြီး-
ထဲမှာ ပိုလို့တောင် ဆိုးတာတော့...။
ခွေးက ကြောင်ကို၊ ကြောင်က ကြွက်ကို၊ ကျားက သမင်ကို စသည်စသည်ဖြင့်ပေါ့။ အင်အားကြီးတဲ့
ပါဝါကြီးတဲ့ သတ္တ၀ါတွေက အင်အားနည်းတဲ့ ပါဝါနည်းတဲ့ သတ္တ၀ါတွေကို ဖိနှိပ်နေကြ၊ အနိုင်ကျင့်နေကြ
တာ လက်တွေ့ပါဘဲ...။ ဒါဟာ အင်အားမရှိလို့၊ ပါဝါမရှိလို့၊ တန်ခိုးအာဏာမရှိလို့ ဖိနှိပ်မှု၊ အနိုင်ကျင့်မှု၊
စော်ကားမှု ခံနေရတာ....။
ဒီတော့ သူများရဲ့ ဖိနှိပ်မှု၊ အနိုင်ကျင့်မှု၊ စော်ကားမှု မခံရလေအောင် တန်ခိုး ပါဝါ အာဏာရှိအောင်
ဘာလုပ်ရမလဲ၊ လွယ်ပါတယ်။ တန်ခိုး ပါဝါ အာဏာရှိတဲ့သူကို ဆည်းကပ်လိုက်၊ ကိုးကွယ်လိုက်၊ ပူဇော်
လိုက်ရုံပါပဲ။
ဒါဆိုရင် တန်ခိုး ပါဝါ အာဏာအရှိဆုံးက ဘယ်သူလဲ၊ အရွေးမမှားဘို့တော့ လိုတယ်နော်.....။
လောကမှာ တန်ခိုး ပါဝါ အာဏာအရှိဆုံး၊ အမြင့်ဆုံးက ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နဲ့ ပြည့်စုံ
တော်မူတဲ့ “မြတ်ဗုဒ္ဓ”ပေါ့....။ တန်ခိုးဂုဏ်နဲ့ပြည့်စုံတဲ့ မြတ်ဗုဒ္ဓကို ဆည်းကပ်ကိုးကွယ် ပူဇော်တော့ ကိုယ်လဲ
တန်ခိုး ပါဝါ အာဏာရှိလာတာပေါ့။ “ဂုဏ်ဝါလိုချင် ဂုဏ်ကြီးရှင်သို့ အသင်သွားလေ...သွားပါလေ...” လို့
ဆိုထားတယ် မဟုတ်လား....။
ယုတ်စွအဆုံး ဥပမာသုံးရမယ်ဆိုရင် ...ငါးထုပ်တဲ့ဖက်ဟာ ငါးညှီစော် ကူးကျန်ရစ်သလို မြတ်လေးပန်း
ထုပ်တဲ့ဖက်ဟာလဲ မြတ်လေးပန်းနံ့ စွဲကျန်ရစ်တဲ့ သဘောပေါ့။ ထို့အတူ တန်ခိုး ပါဝါ အာဏာရှိတဲ့သူကို
ဆည်းကပ်ကိုးကွယ် ပူဇော်တော့ ကိုယ့်မှာလဲ တန်ခိုး ပါဝါ အာဏာထုံလာတာပေါ့ဗျာ...။
ဒါကို စာပေက “ဗုဒ္ဓဿ ပူဇံ မဟာတေဇ၀န္တော - သစ္စာလေးပါး မြတ်တရားကို ဆရာမကူ သယမ္ဘူ
ဥာဏ်ဖြင့် ထိုးထွင်းသိတဲ့ မြတ်ဗုဒ္ဒကို ပစ္စယ, ဓမ္မ ထိုနှစ်ဝဖြင့် ရှိခိုးပူဇော်သည်ရှိသော် ကြီးကျယ်မြင့်မြတ်တဲ့
တန်ခိုး ပါဝါ အာဏာနှင့် ပြည့်စုံနိုင်တယ်”...တဲ့။
မြတ်ဗုဒ္ဓကို ပစ္စယဖြင့် ဘယ်လိုပူဇော်မလဲ....ဆိုရင် ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်းလေးပါး
ဖြင့် ပူဇော်ရပါ့မယ်။ ဓမ္မဖြင့် ပူဇော်ခြင်းဆိုတာကတော့ အရဟံ အစ ဘဂ၀ါအဆုံးရှိတဲ့ ဗုဒ္ဓရဲ့ဂုဏ်တော်
တွေကို ရွတ်ဖတ်နေတာ၊ ဆင်ခြင်နေတာကို ဆိုလိုတာပါ။
ဥပမာ - အရဟံဂုဏ်ဆိုပါတော့ အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်တော်မူသော မြတ်စွာ
ဘုရား။ (ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုကို တရားနည်းလမ်းတကျနဲ့ မလွတ်တမ်း အပြည့်အ၀ ရယူ
နိုင်တာဟာ ဗုဒ္ဓပဲ ရှိတာမဟုတ်လား....)
အရ,ဟံ - ကိလေသာမာန် သူပုန်ရန်ကို တွန်းလှန်ပယ်သတ်ပြီးတော်မူသော မြတ်စွာဘုရား။ (အကျွန်ုပ်
တို့သည် ကိလေသာကို မဆိုထားဘိ စပ်မှန်းသိတဲ့ ငြုပ်သီးကိုတောင် ဖြတ်နိုင်ကြလို့လား...)။
အ,ရဟံ - ဆိတ်ကွယ်ရာအရပ်မှာတောင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။ (ခြုံလေး
ကွယ်လိုက်ရင်တောင် မတ်တတ်ရပ်ချင်ကြတာဟာ အကျွန်ုပ်တို့သာမာန်လူသားများရဲ့ အကျင့်စရိုက်ပဲ
မဟုတ်လား...။)
စသည်စသည်ဖြင့် မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို မိမိနားလည်သလို (သို့) တတ်သိနားလည်တဲ့ ပညာရှိ
ပုဂ္ဂိုလ်များထံ ချင်းကပ်ပြီး တတ်သိနားလည်အောင် ကျိုးစားကာ ပွားများမယ်၊ ပူဇော်မယ်ဆိုရင် မိမိတို့ ဘ၀မှာ နံပါတ်တစ် လိုအပ်ချက်ဖြစ်တဲ့ တန်ခိုးအာဏာဟာ ပြည့်စုံနိုင်ပါတယ်။
ဘ၀မှာ တန်ခိုး ပါဝါ အာဏာရှိရင် ပြီးရောလား....ဆိုတော့ ဒုတိယတစ်ချက်အနေနဲ့ မိမိမှာ တန်ခိုး ပါဝါ အာဏာရှိထားတဲ့ ပုဂ္ဂိုလ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချက်ကလေးနှစ်ချက်ရှိပါတယ်။ အဲဒါက ဘာလဲ... ဆိုရင် မိမိမှာ ရှိထားတဲ့ တန်ခိုး ပါဝါ အာဏာကို ....
၁။ မိမိကိုယ်တိုင် အသုံးချမှားမှု၊
၂။ သူတစ်ပါးရဲ့ အသုံးချခံရမှု...ဆိုတဲ့ အချက်နှစ်ချက်ပါပဲ။
လောကသာဓကပြပါဆိုရင် အများသိပြီးသားဖြစ်တဲ့ ဒေ၀ဒတ်ကြီးကြည့်လေ။ မိမိရရှိထားတဲ့ လောကီ
တန်ခိုးဣဒ္ဓိပါဒ်ကို ဗုဒ္ဓကို လုပ်ကြံတဲ့ နေရာမှာ အသုံးချမှားခဲ့တယ်။
သူတစ်ပါးရဲ့ အသုံးချမှုကို ခံရသူကတော့ အဇာသတတ်မင်းကြီးပါ။ မိမိရဲ့ တန်ခိုး ပါဝါ အာဏာကို
ဆရာဒေ၀ဒတ်ရဲ့ အသုံးချမှုခံလိုက်ရတယ်။
ဒီနှစ်ချက်ကို လေ့လာကြည့်လိုက်တော့ မိမိကိုယ်တိုင် အသုံးချမှားသူရော၊ သူတစ်ပါးရဲ့ အသုံးချမှု
ခံရသူရော နှစ်ဦးလုံးဟာ အသိပညာမရှိလို့ပါပဲ။
“အသိပညာ”ဆိုတဲ့ နေရာမှာ သဘာဝကျကျ တွေးခေါ်တတ်မှု - ယောနိသောမနသိကာရနှင့် မိမိ
ကိုယ့်ကို မြင့်မြတ်တဲ့နေရာမှာပဲ ရှိစေရမယ်..ဆိုတဲ့ အတ္တသမ္မာပဏိဓိ ရှိမှုတို့ကို ဆိုလိုတာပါ။
စွမ်းအင်သတ္တိရှိပြီး အသိပညာမရှိကြတဲ့အတွက် ဆင်တွေ မြင်းတွေဟာ အသိဥာဏ်ရှိတဲ့ လူတွေရဲ့
အသုံးချမှုကို ခံနေရတယ်လေ။ ဒီသာဓကတွေကို ကြည့်ခြင်းအားဖြင့် လောကမှာ တန်ခိုး ပါဝါ အာဏာသာ
ရှိပြီး အသိပညာမရှိရင်လဲ မပြည့်စုံနိုင်သေးပါဘူး။
ဒီတော့ မိမိမှာရရှိထားတဲ့ တန်ခိုး ပါဝါ အာဏာကို မိမိကိုယ်တိုင်လည်း အသုံးချမမှာရလေအောင်၊ သူ
တစ်ပါးရဲ့ အသုံးချမှုကိုလည်း မခံရလေအောင် “အသိပညာ”ရှိဘို့အတွက် ဘယ်လို လုပ်ရမလဲ...ဆိုတော့..
ရှေးပညာရှိများက “ဓမ္မဿ ပူဇံ မဟာပညာဝန္တော - လောကီ, လောကုတ္တရာ နှစ်ဖြာကြောင်းကျိုးကို
ညွှန်ကြားပေးတတ်သော ဓမ္မကို ပစ္စယ, ဓမ္မ ထိုနှစ်ဝဖြင့် ပူဇော်ခြင်းသည် ကြီးကျယ်မြင့်မြတ်သော ပညာနှင့်
ပြည့်စုံစေနိုင်တယ်”...တဲ့။
ဓမ္မကို ပစ္စယဖြင့် ဘယ်လိုပူဇော်ရမလဲ...ဆိုရင် ပရိယတ္တိဝန်ဆောင်ပုဂ္ဂိုလ်တွေ၊ ပဋိပတ္တိဝန်ဆောင်-ပုဂ္ဂိုလ်တွေကို ဆွမ်း, သင်္ကန်း, ကျောင်း, ဆေးဟူသော ပစ္စည်းလေးပါးဖြင့် ပူဇော်လှူဒါန်းရမယ်။
ဓမ္မကို ဓမ္မဖြင့် ပူဇော်ခြင်းဆိုတာကြတော့ တရားဓမ္မကို ရိုသေစွာ နာယူမှတ်သားခြင်း၊ တရားတော် လာသည့်အတိုင်း ကျင့်ကြံနေထိုင်ခြင်း၊ သွာက္ခတာအစရှိသည့် တရားဂုဏ်တော်များကို ရွတ်ဖတ်ပူဇော်
ခြင်း၊ တရားဂုဏ်တော်များကို ဆင်ခြင်ပွားများကို ဆိုလိုပါတယ်။၏။
ဒီလို တရားဓမ္မကို ပစ္စယ, ဓမ္မဖြင့် ပူဇော်မယ်ဆိုရင် မိမိတို့ဘ၀ရဲ့ ဒုတိယလိုအပ်ချက်ဖြစ်တဲ့ တန်ခိုး ပါဝါ အာဏာကို အကျိုးရှိအောင် အသုံးချတတ်တဲ့ “အသုံးချမှု အသိပညာ”ကို ရရှိနိုင်ပါတယ်။
လောကမှာ တန်ခိုး ပါဝါ အာဏာနဲ့ အသိပညာနှစ်မျိုးပြည့်စုံကြပေမဲ့ ထိုတန်ခိုး ပါဝါနဲ့ အသိပညာကို
အထောက်အပူပြုပေးမဲ့ “စည်းစိမ်ဥစ္စာ”မရှိလို့ ဘ၀တိမ်မြုပ်နေတဲ့ ရွက်ပုန်းသီး အစွမ်းအစရှိသူတွေ, အသိ
ပညာရှင်တွေဟာလည်း ဒုနဲ့ဒေးပါပဲ။ ဒါကြောင့် ထိုတန်ခိုး ပါဝါနဲ့ အသိပညာကို အထောက်အကူပြုပေးမဲ့
“စည်းစိမ်ဥစ္စာ”ဆိုတာလည်း လိုလာပြန်ရော...။
ဒီတတိယလိုအပ်ချက်ဖြစ်တဲ့ “စည်းစိမ်ဥစ္စာ”ကိုတော့ ရှေးပညာရှိများက “သံဃဿ ပူဇံ မဟာဘောဂ-
ဝန္တော - ဓမ္မနည်းလမ်းတကျ ကျင့်ကြံအားထုတ်တော်မူကြတဲ့ အရိယာသံဃာတော်အပေါင်းနှင့် ယခုရှိ သမုတိသံဃာတော်အပေါင်းကို ပစ္စယ, ဓမ္မ ထိုနှစ်ဝဖြင့် ပူဇော်ခြင်းဖြင့် ရရှိနိုင်တယ်”...လို့ ဆိုကြပါတယ်။
ဒါကြောင့် အကျွန်ုပ်ဘ၀ရဲ့ တတိယလိုအပ်ချက်ကို ရရှိနိုင်ဘို့ သံဃာတော်အပေါင်းကို ပစ္စယ, ဓမ္မဖြင့်
ပူဇော်ကြရမည်သာ။ ဒီနေရာမှာ တစ်ခုတော့ ပြောချင်သည်။ အကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်အများစုတို့သည်
လှူဒါန်းသည့်, ပူဇော်သည့်အခါ ဦးတိဿ, ဦးဒတ္တ စသည်ဖြင့် ပုဂ္ဂိုလ်ကိုသာ လှူဒါန်းတတ်, ပူဇော်-တတ်လေ့ရှိကြ၏။ ပြစ်မှားသည့်အခါ၌ကား ၀ါးလုံးရှည်နဲ့ သိမ်းကျုံးရ၍ ဘုန်းကြီးတွေက, ကိုယ်တော်တွေက
စသည်ဖြင့် သံဃာ - အပေါင်းကို ပြစ်မှားလေ့ရှိကြ၏။ ဤသည်မှာ မှားလေစွ....။
ပုဂ္ဂိုလ်နှင့် သံဃာကို ခွဲခြား၍ နားမလည်ကြ။ တစ်ပါးတည်းဆိုလျှင် ပုဂ္ဂိုလ်၊ နှစ်ပါး, သုံးပါးဆိုလျှင် ဂဏ၊
လေးပါး, လေးပါးထက်အလွန်ဆိုလျှင် သံဃာ-ဟု ဆိုရ၏။ ထို့ကြောင့် ပစ္စယ, ဓမ္မဖြင့် ပူဇော်ကြသောအခါ
သံဃာဂုဏ်ကိုရောက် ပူဇော်သင့်လှ၏။
လောက, ဓမ္မ ထိုနှစ်ဝကို အနှစ်ချုပ်လိုက်တော့ လောကအတွက် (သို့) ဘ၀အတွက် မရှိမဖြစ်လိုအပ်
နေတာက ...
၁။ တန်ခိုးပါဝါ
၂။ အသိပညာ
၃။ စည်းစိမ်ဥစ္စာ
ဒီသုံးမျိုးပါပဲ။ အဲဒီသုံးမျိုးဟာ သုံးချောင်းထောက် ရေအိုးစဉ်လိုပါပဲ။ တစ်ခုကိုတစ်ခု မှီနေရတယ်။ ဒါကြောင့် ဒီသုံးမျိုးလုံး ပြည့်စုံနေရပါ့မယ်။ဓမ္မအနေနဲ့ ဒီသုံးမျိုးကို ရရှိနိုင်တဲ့အကြောင်းတရား ရှာကြည့်တော့
၁။ ဗုဒ္ဓ
၂။ ဓမ္မ
၃။ သံဃာ - ဟူသော ရတနာသုံးရပ်ကို မပြတ်မလပ် ဆည်းကပ်ကိုးကွယ် ပူဇော်နေမှုပါပဲ။သို့ဖြစ်ပါ၍ လောက (သို့) ဘ၀အတွက် မရှိမဖြစ်လိုအပ်သည့် တန်ခိုးပါဝါ, အသိပညာ, စည်းစိမ်ဥစ္စာ
ထိုသုံးဖြာကို လိုချင်ကြသူတိုင်း၊ ပြည့်စုံချင်ကြသူတိုင်း ထိုသုံးဖြာကို ရရာရကြောင်းဖြစ်တဲ့ ဗုဒ္ဓ, ဓမ္မ, သံဃာ-
ဟူသော ရတနာသုံးပါးကို ပစ္စယ, ဓမ္မ ထိုနှစ်ဝဖြင့် ပူဇော်ဆည်းကပ်ကြပါစို့...ဟု တိုက်တွန်းရင်း....
အရှင်သီလာစာရ
ရွှေလရောင်ကျောင်းဆောင်
ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက်
ရေနံချောင်းမြို့
သီလံ ရက္ခန္တု သဗ္ဗဒါ။
အချိန်နှင့်အမျှ ကိုယ်ကျင့်တရားကို စောင့်ထိမ်းနိုင်ကြပါစေ...။
ဝန်ခံချက်
၁၃၆၈-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက်၊ ရေနံ့သာရပ်၊ ရှင်ပင်သက်တော်ရှည်ဘုရားပွဲဆွမ်းလုံးချပွဲ၌ ဟောကြားခဲ့သော “ဘာသာတရားကို ကိုးကွယ်ရခြင်း၏ ရည်ရွယ်ချက်”ဟူသောတရားကို
ပြန်လည်ရေးဖွဲ့ပါသည်။