Friday, November 23, 2012

““သားရှင်ပြု အလှူတော်မင်္ဂလာ””


                                     ““သားရှင်ပြု အလှူတော်မင်္ဂလာ””
      * (၂၂.၁၁.၁၂) ရက်နေ့က သူဋ္ဌေးကုန်းတပ်ပိုးရပ်၊ ဦးအောင်ကျော် + ဒေါ်ယဉ်ယဉ်မျိုးတို့ရဲ့ အလှူမှာ
တရားဟောပေးပါဆိုလို ဒီတရားလေးကို ဟောပေးလိုက်ပါတယ်...“သားရှင်ပြုအလှူတော်မင်္ဂလာ”တဲ့။


                                                           ““သား””
      * “သား”ဟူသော ဝေါဟာရမှာ “ပုတ္တ”ဟူသောပုဒ်မှ လာသောစကားဖြစ်၏။ ထိုပုတ္တကို ဗျုပ္ပတ်ထုတ် ရရင် “မာတာပိတူနံ ဟဒယံ ပူရေတိ သောဓေတီတိ ပုတ္တော - အမိအဖနှစ်ပါးတို့၏ စိတ်နှလုံးကို ဖြူစင်စေ
တတ်သောကြောင့် သား”တဲ့။ နောက်တစ်ခု “မာတာပိတူနံ ဟဒယံ ပူရျေတီတိ ပုတ္တော - အမိအဖနှစ်ပါး
တို့၏ စိတ်နှလုံးကို ပြည့်ဝစေတတ်သောကြောင့် သား”တဲ့။

      * ဒီဗျုပ္ပတ်နှစ်ခုကို ထောက်ကြည့်ရင် “သား”ဆိုတာ မိဘတို့ရဲ့ စိတ်နှလုံးကို ဖြူစင်စေခြင်း, ပြည့်ဝစေ
ခြင်းဆိုတဲ့ ဂုဏ်သတ္တိရှိတယ်။ ရှိရပါ့မယ်။ ဒါမှ သားစာရင်း ၀င်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သားစာရင်
မ၀င်ဘူး...ဆိုတဲ့ သဘောပေါ့။

      * အဲဒီသားဟာလည်း အတိဇာတပုတ္တ, အနုဇာတပုတ္တ, အ၀ဇာတပုတ္တရယ်လို့ သားသုံးမျိုးသုံးစား ရှိလာပြန်တယ်။ အဲဒီထဲက “အတိဇာတပုတ္တ”ဆိုတာ မိဘထက် လောကီရော လောကုတ္တရာမှာပါ သီလ, သမာဓိ, ပညာသာလွန်တဲ့သားမျိုး, သမီးမျိုးကို ဆိုလိုတာပါ။ “အနုဇာတပုတ္တ”ဆိုတာကတော့ လောကီ,
လောကုတ္တရာနှစ်ဖြာလုံးမှာ မိဘနှင့်တန်းတူ သီလ, သမာဓိ, ပညာ တန်းတူ ရည်တူရှိတဲ့ သားမျိုး, သမီးမျိုး
ပေါ့။ အဲ “အ၀ဇာတပုတ္တ”ဆိုတာကြတော့ လောကီ, လောကုတ္တရာနှစ်ဖြာလုံးမှာ မိဘအောက် သီလ, သမာဓိ, ပညာ ယုတ်ညံ့တဲ့ သားဆိုး, သမီးဆိုးကို ဆိုလိုတာပေါ့။

      * အဲဒီထဲက မိဘများဟာ အတိဇာတပုတ္တနှင့် အနုဇာတပုတ္တသား သမီးများကိုသာ အလိုရှိကြသတဲ့။
အ၀ဇာတပုတ္တလို့ခေါ်တဲ့ သားဆိုး, သမီးဆိုးများကိုတော့ အလိုမရှိကြဘူးတဲ့။ ဒီနေ့တော့ ဦးအောင်ကျော်တို့
ဒေါ်ယဉ်ယဉ်မျိုးတို့ရဲ့ သား, သမီးများဟာ မိဘများရှိခိုးဦးတင်ထိုက်တဲ့ သမဏသီလများရရှိသွားကြတဲ့ အတွက် မိဘထက်သာလွန်တဲ့ အတိဇာတပုတ္တ သားသမီးများဖြစ်သွားကြပါပြီ.....။


                                                          ““ရှင်ပြု””
      * အဲဒီလို မိဘများရှိခိုးဦးတင်ထိုက်တဲ့ သမဏသီလတွေကို ဘယ်ကရသလဲ....ဆိုရင် ရဟန်းသံဃာ
တော်များထံမှ ရရှိပါတယ်။ ဘယ်လိုရသလဲ...ဆိုရင် ရှင်ပြုတဲ့နည်းနဲ့ ရပါတယ်။ ဒီလိုဆိုရင် ဘယ်လိုရှင်ပြု
ရမလဲ....ဆိုတော့ “ပဗ္ဗဇ္ဇာ စ နာမေသာ ကေသစ္ဆာဒနံ ကာသာယစ္ဆာဒနံ သရဏဒါနန္တိ”...တဲ့။

      * ပထမတစ်ချက် တစပဉ္စကကမ္မဋ္ဌာန်းပေးပြီးတော့ ဆံမုတ်ဆိတ်ကို ပယ်ချရမယ်။ ဒုတိယတစ်ချက် ဖန်ရည်စွန်းသောအ၀တ်ကို ၀တ်ရုံရမယ်။ တတိယတစ်ချက် သရဏဂုဏ်သီလကို ဆရာ, တပည့် ပီသစွာ
ပေးရ, ယူရမယ်။ ရွတ်ဖတ်ရမယ်။ လူဝတ်ကြောင်တစ်ဦးအနေနဲ့ ဘယ်လောက်ပဲ သရဏဂုဏ်သီလ ပီပီ
သသရွတ်ဆိုပေမဲ့ ရှင်သာမဏေမဖြစ်နိုင်ပါဘူး။  ထို့အတူ လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့လည်း သရဏဂုဏ်သီလ
ပီပီသသရွတ်ဆိုပေးနိုင်ပေမဲ့လည်း ရှင်သာမဏေဖြစ်အောင် မလုပ်ပေးနိုင်ပါဘူး။

      * ဒါကြောင့် ဆံမုတ်ဆိတ်ကို ရိတ်ပယ်ခြင်း, ဖန်ရည်စွန်းသော အ၀တ်ကို ၀တ်ရုံခြင်း, သရဏဂုဏ်-
သီလကို ဆရာ, တပည့် ပီသစွာ ရွတ်ဖတ်ခြင်းဖြင့် သမဏသီလကို ရရှိပါတယ်။ ဒီရရှိလာတဲ့ သမဏသီလ
သည်ပင် မိဘထက်သာလွန်တဲ့ ဂုဏ်သတ္တိတစ်ခုပါပဲ။ ထိုဂုဏ်သတ္တိကြောင့်ပင် အတိဇာတပုတ္တစာရင်းဝင်
ဖြစ်လာရပါသည်။


                                       ““အလှူတော် (သို့) ပေးခြင်းနှစ်မျိုး””
      * ဒီသမဏသီလရရှိခြင်းရဲ့ အကြောင်းသုံးမျိုးထဲမှာ ဖန်ရည်စွန်းသော အ၀တ်ကို ၀တ်ရုံခြင်း...ဆိုတဲ့
အကြောင်းတစ်မျိုးပါလာပါတယ်။ ဒီအကြောင်းတရားကို ဒီကနေ့ မိဘများဖြစ်ကြသော ဦးအောင်ကျော်နဲ့
ဒေါ်ယဉ်ယဉ်မျိုးတို့က ဖြည့်ဆည်းပေးကြတယ်။ အဲဒီလို ဖြည့်ဆည်းပေးမှုကို လောက,က “အလှူ”လို့ ခေါ်
ကြပါတယ်။

      * “အလှူ”ဆိုတာ “ဒါန”ရဲ့ မြန်မာမှုတစ်ခုပါပဲ။ ထိုဒါနကိုပင် “ပေးခြင်း”လို့လည်းပဲ မြန်မာပြန်ကြပါသေး
တယ်။ ထိုပေးခြင်းသည် ရချင်၍ ပေးခြင်းနှင့် ရစေချင်၍ပေးခြင်း-ဟု နှစ်မျိုးပြောခြင်ပါသည်။ ထိုတွင် ရခြင်၍
ပေးခြင်းသည် အတ္တကို အခြေခံ၍ ပေးခြင်းဖြစ်တဲ့အတွက် မိမိကြိုက်နှစ်သက်ရာကိုသာ ပေးမည်ဖြစ်၏။ မိမိ
ကြိုက်နှစ်သက်ရာကို ပေးခြင်းသည် လောဘနွှယ်သောပေးခြင်းဖြစ်၍ စစ်မှန်သောပေးခြင်း မဟုတ်ပေ။ စစ်
မှန်သောပေးခြင်းမှ မဟုတ်ရင် မျိုးစေ့မမှန်။ မျိုးစေ့မှ မမှန်ရင် အပင်လည်း သန်တော့မည် မဟုတ်။ ဤသည်မှာ သတိထားရမည့်အချက်တစ်ချက်ပင်ဖြစ်ပါသည်။

      * နောက် ရစေချင်၍ ပေးခြင်းသည် ပရကို အခြေခံသော ပေးခြင်းဖြစ်၍ စစ်မှန်သော ပေးခြင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော်...လောက လူသားတိုင်းသည် သန္တိသုခ-ဟုဆိုအပ်သော ငြိမ်းချမ်းရေးပန်းတိုင်သို့
လျှောက်လှမ်းနေကြသူချည်းဖြစ်၏။ ထိုငြိမ်းချမ်းရေးပန်းတိုင်ကို အနတ္တဖြင့် လမ်းခင်းယူမှ ရ၏။ လောကရဲ့
သဘာဝအရ အတ္တ,ကနေ အနတ္တကို လမ်းခင်းတဲ့အခါ “ပရ”ကို တံထားထိုးပေးရ၏။ ထို့ကြောင့် “ပရ”ကို အခြေခံသော (၀ါ) ရစေချင်သော ပေးခြင်းသည်သာလျှင် တကယ့်မျိုးစေ့မှန်သော ပေးခြင်းဖြစ်၏။ မျိုးစေ့
မှန်မှ အပင်သန်မည် မဟုတ်ပါလော....။


                                                       ““မင်္ဂလာ””
      * ထိုကဲ့သို့ ရှင်ပြုခြင်းနှင့် သင်္ကန်းပရိက္ခရာထောက်ပံ့လှူဒါန်းခြင်းမျိုးကို ဗုဒ္ဓက မင်္ဂလာတရားတော်မှာ
“ပုတ္တဒါရဿ သင်္ဂဟော၊ သမဏာနဉ္စ ဒဿနံ၊ ဒါနဉ္စ”ဟူ၍ မင်္ဂလာတရားအဖြစ် ဟောကြားထားပါသည်။ ထိုမင်္ဂလာတရားတော်များသည် သဗ္ဗပါပ၀ိနာသ - မကောင်းကျိုးမှန်သမျှကို ပယ်ဖျောက်ပေးနိုင်ခြင်း၊ သဗ္ဗလောကဟိတတ္ထာယ - လောကအကျိုးစီးပွား အားလုံးကို ဖြည့်ဆည်းပေးနိုင်ခြင်း...ဆိုတဲ့ ဂုဏ်သတ္တိ
ထူးများ ရှိကြပါသည်။

      * ဒါကြောင့် ဒီကနေ့ အလှူဒါယကာ ဦးအောင်ကျော် + အလှူဒါယိကာမ ဒေါ်ယဉ်ယဉ်မျိုးမိသားစု
များနှင့် တကွ အကျွန်ုပ်တို့အားလုံး “မကောင်းမှု မကောင်းကျိုးအားလုံး ပပျောက်ရလေအောင်, လောက
အကျိုးစီးပွားမှန်သမျှ တိုးတက်ကြီးပွားရလေအောင် မင်္ဂလာတရားတော်နှင့် ပြည့်စုံအောင်နေထိုင်ကြပါစို့”..........တိုက်တွန်းရင်.....


                                          (အရှင်သီလာစာရ၊ မြတောင်ကျောင်းတိုက်၊ ၂၄.၁၁.၂၀၁၂)
                                                             သုခီ အတ္တာနံ ပရိဟရန္တု။

No comments:

Post a Comment