Wednesday, November 14, 2012

““မျှော်လင့်ခြင်းဒုက္ခ””



““မျှော်လင့်ခြင်းဒုက္ခ””
တစ်ခါတုန်းက တောရွာတစ်ရွာက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာပေါ့.....အဲဒီတောကျောင်းမှာ အမြဲနေ ပရိသတ်ဆိုလို့ ကျောင်းထိုင်ဘုန်းကြီးနှင့် ကပ္ပိယကြီးနှစ်ဦးသာ ရှိသတဲ့...။ အမြဲနေပေါ့ပရိသတ်ပေါ့။ ဆောင်းတွင်းရဲ့ အေးချမ်းလှသော နံနက်စောစော တစ်နေ့မှာ မီးလှုံးရင်း ရေနွေးအိုးတည်နေသော ကပ္ပိယကြီးအနားသို့ ဘုန်းတော်ကြီးရောက်လာသတဲ့....။
အဲဒီအချိန်မှာ ဘုန်းတော်ကြီးက ဒီအချိန်မှာ အမဲသားတစ
်ပိဿာလောက်လာပို့ရင်တော့ တစ်ပိဿာလုံး နှပ်စားပစ်မယ်ဆိုတဲ့ အတွေးကို ကပ္ပိယကြီးကို ပြောကြားသတဲ့။ ဒီတော့ ကပ္ပိယကြီးကလည်း ရှေ့နောက်စဉ်းစားပြီး ““ဘုန်းကြီး တစ်ပိဿာလုံး နှပ်လို့တော့ မဖြစ်ဘူး။ ငါးဆယ်သားလောက်တော့ ညှင်းပြီးလှန်းထားအုန်းမှ ကောင်းမယ်။ ဒါမှ ဧည့်လာ ဆောင်လာ အစဉ်ပြေမယ်””လို့ လျှောက်ထားပါတယ်။
ဘုန်းတော်ကြီးကလည်း ““သေခြင်းတရားဆိုတာ မြဲတာမဟုတ်ဘူး။ ဒါကြောင့် ရလာတဲ့အရာကို ချက်ချင်းသုံးစွဲမှ အဓိပ္ပာယ်ရှိတယ်။ ဥစ္စာစုရင် လူလု့ဘို့ပဲဖြစ်မှာပေါ့””စသည်ဖြင့် ပြန်လည် ငြင်းဆိုသတဲ့...။
ဒီလိုနဲ့ ဘုန်းတော်ကြီးကလည်း အကုန်နှပ်စားမယ်၊ ကပ္ပိယကြီးကလည်း ငါးဆယ်လောက်တော့ အခြောက်လှန်းထားမယ်ဆိုပြီး အငြင်းပွားနေရာက သီးမခံနိုင်ဖြစ်ကြကာ ထပြီး နပန်းလုံးကြသတဲ့။ ဆောင်းနံနက်အရသာတောင်ပျောက်ပြီး ချွေးများတောင် ထွက်လာသည်အထိပါပဲ။
ဒီအချိန်မှာပဲ ရွာထဲမှ ဒကာမတစ်ဦးက ဆွမ်းပို့လာသတဲ့လေ...။ ဒီတော့ ဒကာမကြီးက ဘုန်းကြီးနဲ့ကပ္ပိယကြီးတို့ နပန်းလုံးနေတာကို မြင်ရတော့ အံ့သြပြီး ““ဘယ်လိုဖြစ်တာလဲ ဘုရား၊
အမိန့်ရှိပါအုန်း””ဆိုတော့ ဘုန်းကြီးနဲ့ကပ္ပိယကြီးတို့ဟာ သူတို့ရဲ့အဖြစ်အပျက်ကို ပြန်ပြောပြသတဲ့။
ဒီတော့ ဒကာမကြီးက ““ဒီလိုဆိုရင် အဲဒီအမဲသားက ဘယ်မှာလဲဘုရား””လို့လျှောက်တော့ ““လာများ ပို့ (လှူ) ခဲ့မယ်...ဆိုရင်ပေါ့ ဒကာမကြီးရယ်””လို့ ပြန်အဖြေပေးကြသတဲ့....
ပုံပြင်လေးကတော့ ဒါပါပဲ မိတ်ဆွေတို့ရေ.....။ ဦးဇင်းတို့တစ်တေတွလဲ ဘ၀မှာ တစ်ခါတစ်လေ ဘယ်ကမှန်းလဲ မသိ၊ ဘာမှန်းလဲ မသိတဲ့ ရောက်မလာသေးသောအရာအတွက် ဒီလို ဒီလို နပန်းလုံးနေကြမယ်...ဆိုရင် ဘုန်းတော်ကြီးနဲ့ ကပ္ပိယကြီးတို့လို လက်ရှိအရသာတွေ ပျောက်ဆုံးသွားနိုင်တယ်....ဆိုတာကို သင်ခန်းစာယူကြစို့လို့........။

No comments:

Post a Comment