Saturday, January 19, 2019

ဗဟုသုတ အဖုံဖုံ


- ကြောက်ရွံ့ကြွားလို ၊ ထင်ပေါ်လို ၊
 နောင်ကိုတောင့်တ မလှူရ ။

- တစ်ပါးနှိမ့်ချ ၊ စိတ်မပါက
 မကောင်းလှ၍ မလှူရ ။

- မိမိအလှူ ၊ မကြည်ဖြူ
 ငြူစူစောင်းရွဲ့ မလှူနဲ့ ။

- ရိုသေကင်းလျက် ၊ မာနတက်
 တစ်ဖက်ရှက်အောင် မလှူနဲ့ ။

- မသန့်ငွေကြေး ၊ အလှူပေး
 နောင်ရေးကောင်းအောင် မလှူနဲ့ ။

- သူနဲ့ရင်ဆိုင် ၊ ငါကနိုင်
  အပြိုင်အဆိုင် မလှူနဲ့ ။

- ဝဋ်ကင်းပြတ်ရာ ၊ နိဗ္ဗာန်သာလျှင်
 မှန်စွာမုချ ၊ ရလိုလှ၍
 ထိုမှတပါး ၊ အများသူငါ
 ဝမ်းပန်းသာသော ၊ မဟာဒါန
 ဝိဝဋ္ဋသာ ၊ ချမ်းသာစေကြောင်း
 လှူလျှင်ကောင်းသည် ၊ စိတ်ဟောင်းဖျက်၍ မှတ်ပါချိမ့် ။

မေတ္တာကရုဏာများစွာဖြင့်
အရှင်ပညာသာမိ
မန်း.မြ.သာယာ

      ရောင်ခြည်တော်ဖွင့် ဘုရားပင့်

* နီလာ နီလာ နိစ္ဆရန္တိ၊
   ပီတာ ပီတာ စ  ရံသိယော ။
   လောဟိတာ လောဟိတာ စာဘာ၊
   သြဒါတော ဒါတရံသိယော ။

* ပဌာနံ၊ နက်နဲထူးဆန်း ပဋ္ဌာန်းကျမ်းကို။ သမ္မသန္တဿ၊ အနုလုံ ပဋိလုံ အစုံအဆန် အဖန်ဖန်အထပ်ထပ် သုံးသပ်ဆင်ခြင် တော်မူသော ဘုရားရှင် ကိုယ်တော်မြတ် ၏။ နီလာ၊ ဆံတော် မုတ်ဆိတ်တော် မျက်ဝန်းတော်တခို စိမ်းညိုသော
အရပ်ဌာနမှ။ နီလာ၊ ကြာညို ခွာညို ရတနာညိုကဲ့သို့ စိမ်းတစိုစို 
မြသားလိုဖြင့် ညိုမှောင်သော ရောင်ခြည်တော်တို့သည်။
နိစ္ဆရန္တိ၊ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရတ် အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေ ကုန်၏။ ပီတာ စ၊ သိ င်္ဂီရွှေလှော် အရေတော်မှလည်း။ ပီတာ၊ မဟာလှေကား ရွှေစကားနှင့် ရွှေသားရွှေရည် ထိန်ကြည်သစ်လင်း ပပဝင်းကုန်သော
ရံသိယော ဝါရောင်ဝင်းလျှပ် ရောင်ခြည်တော်ဓါတ်တို့သည်
နစ္ဆရန္တိ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရက်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏
လောဟိတာ အာတော် လျှာတော် နှုတ်ခမ်းတော်နှင့် ခြေဖဝါးတော် လက်ဖဝါးတော်စသောကိုယ်တော်အစိတ်စိတ်မှ
လောဟိတာ ခေါင်ရမ်းနှင်းဆီ ကမ္ဗလာနီနှင့် ကြာနီအလား ပတ္တမြားအဆင်း ရှိကုန်သော အာဘာ နီရောင်ဝင်းလျှပ် ရောင်ခြည်တော်ဓါတ်တို့သည်
နိစ္ဆရန္တိ  နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရက်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏
သြဒါတာ စွယ်တော် သွားတော် မျက်ဖြူတော်အစုံ ဥဏ္ဏလုံ မွေရှင်တော် ဓါတ်မှ
သြဒါတ ရံသိယော   စံပယ်ကြက်ရုံး ဇွန်ပန်းကုန်းနှင့် ငွေတုံးဘော်ဆိုင် စိန်ပန်းခိုင်အတူ ဝတ်လဲတော်ဘွဲ့ဖြူနှင့် ကြာဖြူပန်း အသွေးကဲ့သို့ ဖြူဖွေးစင်ကြယ်သော ရောင်ခြည်တော်ဓါတ်တို့သည်
နိစ္ဆရန္တိ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရက်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏

               တမှာ တမှာ စ  မဉ္ဇိဋ္ဌာ ပဘာသန္တိ   ပဘဿရာ
               ဧဝံ ဆဗ္ဗဏ္ဏရံသိယော ဌာတု မေ ဘဂဝါ သိရေ
တမှာ တမှာ အထက်ဆံဖျားတော် တစ်လျှောက်မှ အောက်ခြေဖဝါးတော်
တခို ထိုထိုကိုယ်တော်အစိတ်မှ မဉ္ဇိဋ္ဌာ စ ခရမ်းသွေးအရောင်မရမ်းသွေးအရောင် တဝေဝေ တပြောင်ပြောင်သပြေရောင်အဆင်းကဲ့သို့ ထိန်ဝင်းညိုမောင်းသော ရောင်ခြည်တော်တို့သည်လည်းကောင်း ပဘဿရာ စ နတ်မီးရောင် လျှပ်စီးအရောင် ရတနာမျိုးစုံအရောင် ကြာမျိုးစုံအရောင် ထိန်ပြောင်ဝင်းလက်
ကြက်လျှာပျံ စိန်ရောင်ထွက်သကဲ့သို့ ရိုးရိုးရက်ရက် ပြိုးပြိုးပြက်သော ရောင်ခြည်တို့သည်လည်းကောင်းပဘာသန္ထိ နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာနဝရက်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ်အံ့သြဖွယ်လျှင်အဆန်းတကြယ်ကွန့်မြူးတော်မူကြလေကုန်၏
ဧဝံ ဤသို့ ရောင်ခြည်တော်ခြောက်သွယ် ဂုဏ်တော်အထူးကို
ချီးကျူးဖွဲ့ဆိုခဲ့သည့်အတိုင်း ဆဗ္ဗဏ္ဏရံသိယော အညိုတစ်ဖြာ အဝါတစ်လီ အနီတစ်ဆူ အဖြူတစ်ကြောင်း အမောင်းတစ်ချက် ပြိုးပြက်ငွားငွား ခြောက်ပါးရောင်ဆိုင် အပြိုင်ပြိုင်ကို စိုးပိုင်ရရှိတော်မူပေထသော
ဘဂဝါ ဘုန်းတော်သရဖူ ဆောင်းတော်မူ၍ အောင်သူညွှတ်ရုံး 
အထွတ်ဆုံးလည်း ဖြစ်တော်မူပေထသော
သော ထို သုံးလောကညွန့်ဖူး နိဗ္ဗာန်မှူး ဖြစ်တော်မူသော ရှင်တော်မြတ်ဘုရားသည်
မေ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်နည်းဖြင့် ဖွဲ့စည်းကလာပ် ရုပ်နာမ်ဓါတ်ကို စွဲမှတ်သမုတ် အကျွန်ုပ်၏ သိရေ ဦးခေါင်းပေါ်၌
ဌာတု ပဋ္ဌာန်းဉာဏ်သွား ဈာန်ကစားလျက် တန့်နားကိန်းဝပ်တော်မူလှည့်ပါ သုံးလောကကေသျှောင် ရွှေဘုန်းခေါင် ကိုယ်တော်မြတ်ကြီး ဘုရား ......

 ရဟန်းတို့ ဘောဇဉ်ကို ပေးလှူသူသည် အလှူခံပုဂ္ဂိုလ်တို့အား ငါးမျိုးသော အရာဌာနတို့ကိုပေးလှူသည် မည်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ-

အသက်ကို ပေးလှူသည် မည်၏။

အဆင်းကို ပေးလှူသည် မည်၏။

ချမ်းသာကို ပေးလှူသည် မည်၏။

ခွန်အားကို ပေးလှူသည် မည်၏။

ပညာကို ပေးလှူသည် မည်၏။

အသက်ကို ပေးလှူသည်မည်ခြင်းကြောင့် နတ်သက်သော်လည်းကောင်း၊ လူသက်သော်လည်းကောင်းရှည်ရန်ဖြစ်၏၊ အဆင်းကို ပေးလှူသည်မည်ခြင်းကြောင့် နတ်အဆင်းသော်လည်းကောင်း၊ လူအဆင်းသော်လည်းကောင်း လှရန် ဖြစ်၏၊ ချမ်းသာကို ပေးလှူသည်မည်ခြင်းကြောင့် နတ်ချမ်းသာသော်လည်းကောင်း၊ လူချမ်းသာသော်လည်းကောင်း ရရန်ဖြစ်၏၊ ခွန်အားကို ပေးလှူသည်မည်ခြင်းကြောင့် နတ်ခွန်အားသော်လည်းကောင်း၊ လူခွန်အားသော်လည်းကောင်း ကြီးရန်ဖြစ်၏၊ ပညာကို ပေးလှူသည်မည်ခြင်းကြောင့်နတ်ပညာသော်လည်းကောင်း၊ လူပညာသော်လည်းကောင်း ရှိရန်ဖြစ်၏၊

ရဟန်းတို့ ဘောဇဉ်ကို ပေးလှူသူသည် အလှူခံပုဂ္ဂိုလ်တို့အား ဤငါးမျိုးသော အရာဌာနတို့ကိုပေးလှူသည် မည်၏ဟု (မိန့်တော်မူ၏)။

ပညာရှိပုဂ္ဂိုလ်သည် အသက်အလှူကို ပေးလှူ၏၊ ခွန်အားအလှူကို ပေးလှူ၏၊ အဆင်းအလှူကိုပေးလှူ၏၊ ပညာအလှူကို ပေးလှူ၏၊ ထက်မြက်သော ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ချမ်းသာကိုပေးလှူ၏၊ ထိုပညာရှိသည် ချမ်းသာကို ရရှိ၏။ အသက်ကိုလည်းကောင်း၊ ခွန်အားကိုလည်းကောင်း၊ အဆင်းကိုလည်းကောင်း၊ ချမ်းသာကိုလည်းကောင်း၊ ပညာကိုလည်းကောင်း ပေးလှူသောကြောင့် ဖြစ်လေ ရာရာ ဘုံဘဝ၌ အသက်ရှည်ခြင်းအခြံအရံပေါများခြင်း ဖြစ်ရာသတည်း။

သတ္တမသုတ်။

" တရားခံမရှာပါနဲ့ "
         --------------------------
  မှတ်သားမိသမျှ ပုံပြင်များ (    )

တစ်ရံရောအခါက
တိုင်းပြည် တစ်ပြည်မှာပေါ့
ဘုရင်တစ်ပါး စိုးစံတော်မူစဉ်

တစ်ဖက်မှာရှိတဲ့  တိုင်းပြည်ဟာလည်း
ဆန်ရေစပါး ပေါကြွယ်ဝမှုက အစ
ရေမြေ အနေအထားအရ အင်မတန် မျက်စိကျစရာ တိုင်းပြည်တစ်ခုပေါ့
ဘုရင်ကြီးဟာ ဒီတိုင်းပြည်ကို နယ်ချဲ့သိမ်း
ပိုက်ဖို့ကြံမိသတဲ့ ---

အကောင်းဆုံးနည်းလမ်းကို မင်းကြီးမတ်ရာတို့အား ညီလာခံသဘင်ကျင်းပပြီးဆွေးနွေးတိုင်ပင်မှ သင့်အံ့ဟု တွေမိလေတယ်

ဒါနဲ့ မူးကြီးမတ်ရာတို့အား ညီလာခံမှာ
စုဝေးစေပြီး

""  မောင်မင်းများ ငါတို့နဲ့ အနီး  တစ်ဖက်တိုင်းပြည်ဟာ  ရွှေငွေကျောက်သံ ဧကန်ထွက်ရှိပြီး ဆန်စပါးလည်းပေါကြွယ်ဝလေတယ်
ဒါကြောင့် ငါ၏လက်အောက် တိုင်းပြည်ငယ်အဖြစ်သိမ်းပိုက် ရရှိပါက အင်မတန်
ကောင်းပေမည် """

သို့ပေသော်လည်း -------

"" စစ်မက်အရ  မိမိတို့ဘက်မှလည်းတိုင်းသူ
ပြည်သားနဲ့ ရဲမက်တွေဟာ သေကျေပျက်စီး
ပေးဆပ်မှုတွေ ရှိနိုင်တယ်
ဒါကြောင့် စစ်မက်အကြောင်းအရနဲ့ မတိုက်ယူဘဲ ဒီတိုင်းပြည်ကို သိမ်းပိုက်ရရှိမယ့်
်အကြံဥာဏ်ကောင်းများ ရှိပါက  သံတော်ဦး လျှောက်တင်စေလို့ အမိန်တော်ချမှတ်
လိုက်ပါတယ် """

ပညာရှိအမတ်ကြီးမှ ----

"" ကြီးမြတ်လှပါသောအရှင်မင်းကြီး
စစ်မက်အရ တိုက်ယူရန်လည်း မလွယ်ကူပါ
တစ်ခြားတိုင်းပြည်သို့ဝင်ရောက်၍ သတ်ရှို
သင်းခွဲရန်လည်း အင်မတန်အန္တရာယ်များပြီး
ခက်ခဲလှပါသည် """"""

'""" ဤ ထက်ကောင်းမွန်သောအစီအစဉ်အားလျှောက်ထားရမည် ဆိုပါလျှင် """

"""တိုင်းပြည်တစ်ပြည်မှာ သယံဇာတပြည့်စုံကြွယ်ဝတောင့်တင်းမှုဟာလည်း စက်မက်ဖွင့်ရာတွင် ခက်ခဲသော ကဏ္ဍတစ်ခုလည်း
ဖြစ်ပါတယ် """"
"""ဤအလုံးစုံသော ကဏ္ဍအားလုံးကိုပျက်စီးစေချင်းငှာ
ကျွန်တော်မျိုးတို့၏ ဘိုးဘွားစဉ်ဆက်ယုံကြည်ကိုးစားခဲ့သော ယုံကြည်မှုတစ်ခုရှိခဲ့ပါ
သည် """"

၎င်းယုံကြည်မှုသည်ကား ------

"""ဖွတ် ''တစ်ကောင်ဟာ သစ်ခေါင်းထဲရှိနေ
သော် မည်သည့် အကျိုးမျှ မပျက်စီးစေကာမူ
 အိမ်တစ်အိမ်မှာ " ဖွတ် "တက်ရင်မွဲတတ်တယ် စီးပွားပျက်တတ်တယ် ဆိုတဲ့အယူအစွဲ   ရှေးရိုးထဲက ရှိပါတယ် အရှင်မင်းကြီး ""

"""အဲ့ဒီ  တိုင်းပြည်ရဲ့စီးပွားရေးမွဲတေအောင်
် မြို့ပြင်မှာရှိတဲ့ " ဖွတ်မင်း "ကို အကူအညီ
တောင်း စေခိုင်းနိုင်ပါက
' ဖွတ်တက် ''လို့တိုင်းပြည် မွဲရင် ပြည်သူ
လည်း စီးပွားရေး အဆင်မပြေမှုကြောင့် စိတ်ဝမ်းကွဲလို့ စစ်သည်အင်းအားကအစ လျှော့ပါးနိုင်ပြီးလွယ်ကူစွာဘဲ သိမ်းပိုက်ရရှိနိုင်ပါတယ်
အရှင်မင်းမြတ် """

 """ကောင်းပေပြီ ရွာအပြင်က" ဖွတ်မင်း "ရဲ့
အကူအညီနဲ့ စီမံဆောင်ရွက်စေလို့ """"
အမိန့်တော် ချမှတ်လိုက်ပါတယ် -----

ဘုရင်၏ အမိန့်တော်အတိုင်း
" ဖွတ်မင်း "ကို ဆွေးနွေးကြည့်တော့လည်း

"" ပြည်သူတွေအတွက် အရေးထားလို့
လေးစားစွာ ဆောင်ရွက်ပေးပါ့မယ်လို့ """
ကတိပြုလိုက်ပါတယ်

ဒါနဲ့ ဘုရင့်မင်းမှုထမ်းအနည်းငယ်နဲ့

" ဖွတ်မင်း "ကို သေတ္တာတစ်ခုထဲထည့်ပြီး
တစ်ဖက်တိုင်းပြည် နန်းတွင်းဆီကိုလှို့ဝှက်
သယ်ဆောင်လာခဲ့တယ်
တစ်ဖက်တိုင်းပြည်ရဲ့ နန်းတွင်းဝ အရောက်မှာတော့

"""ကဲ  " ဖွတ်မင်း "အကျွန်ုပ်တို့ဘက်မှ သင့်ကို ဆောင်ယူခဲ့ရသော တာဝန်
ကျေပွန်ပေပြီ """"

""ဟဲ့ဒီ လှေကားမှ သင်၏တာဝန်အရ နန်းတွင်းသို့ တက်ပါလော့ """"

" ဖွတ်မင်း "လဲ လှေကားအဆင့်ဆင့်မှ နန်းတွင်းတံခါးဝအရောက် တံခါးကို အသာဖွင့်
လို့ ကြည့်လိုက်တယ်

အဲ့ဒီနောက်  "ဖွတ်မင်း "ဟာ နန်းတွင်းသို့
 ဆက်မဝင်တော့ဘဲ ခဏ အကြာမှာတော့အသာဘဲ ပြန်ဆင်းခဲ့တယ်""

""     အဆွေ " ဖွတ်မင်း " သင်၏ တာဝန်မကျေပါက မင်းပြစ်မင်းဒဏ်သင့်ပေတော့
မည်
မိမိအားပေးအပ်ထားသော တာဝန်ကို
ကျေပွန်အောင် နန်းတွင်းအရောက် အသင်ဝင်ရောက်ပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ပါလော့ ""

""  အို အမောင် ရဲမက်တို့ -------
အကျွန်ုပ် နန်းတွင်းအရောက် ဆက်လက်
ဝင်ရောက်ခြင်း မပြုတော့သည့် အကြောင်းအရင်းသည်ကား ----"""""

""""  အို အမောင် ရဲမက်တို့ -------

အကျွန်ုပ် နန်းတွင်းအရောက် ဆက်လက်
ဝင်ရောက်ခြင်း မပြုတော့သည့် အကြောင်းအရင်းသည်ကား ----"""""

""ရှေးရိုးအစဉ်အလာအရ ငါ "ဖွတ်မင်း "
တက်ရင် မွဲတတ်သည်ဟု အယူ အစွဲရှိကြ
ကုန်၏
သို့သော်လည်း --
ငါထက် စွမ်းနိုင်သူများ ဤနန်းတွင်းထဲသို့
 ရောက်နှင့်နေပေပြီ """""

"""လွှတ်တော်သဘင်ညီလာခံမှာ မူးကြီး
မတ်ရာ စစ်သေနာပတိတို့မှာမူကား
 မိမိတို့ရင်းနှီးကျွမ်းဝင်ရာ ပညာမဲ့သော
ဆွေမျိုးများကို အမတ်များအဖြစ် ခံ့ထားကြကုန်၏ """''

 """ညီလာခံသဘင်၌လဲ တိုင်းရေးပြည်ရာ
စိတ်ပါဝင်စားစွာ ဆွေးနွေးတိုင်ပင် ညှိနိုင်း
ခြင်းကား  မရှိချေ """"

""""မင်းလိုလိုက် မင်းကြိုက်ဆောင်ပြီး
ပျင်းရိ ငိုက်မြည်းနေသော မူးမတ်များကိုသာ တွေ့ရကုန်၏ """

"""ဒါကြောင့် စစ်မက်ပြုစရာမလိုဘဲ
 ယခုလက်ရှိ ဒီတိုင်းပြည် ရွှေငွေကျောက်သံပတ္တမြား မည်သိုပင် ချမ်းသာ ကြွယ်ဝစေကာမူ
များမကြာမှီ ကာလတစ်ခုတွင်း၌ ဆင်းရဲမွဲတေမှုနောက်၌ အခြင်းခြင်းစိတ်ဝမ်း ကွဲလေသော်
စည်းလုံးညီညွတ်မှုများပျက်ပြားကြပြီး
ဤတိုင်းပြည် ပျက်စီးပေရော့မည် """''

"""ဤတိုင်းပြည်အား အကျွန်ုပ်တို့မှ သွေး
တစ်စက်မျှ မြေသို့မကျဘဲ သိမ်းပိုက်နိုင်ပေလိမ့်မည်
အကယ်၍ အကျွန်ုပ် "ဖွတ်မင်း" တက်ခဲ့
သည်ရှိသော် """

""မိမိအပြစ်ကို မမြင် သတိသံဝေဂ
မရကြဘဲ
" ဖွတ်မင်း "တက်၍ မွဲပြီး တိုင်းပြည်
ပျက်စီးလေသည်ဟု ကျွန်ုပ်ကိုဘဲ အပြစ်
တင် ကဲ့ရယ်ကြပါလိမ့်မည် ""

"""သူ့ဖာသာ ပျက်စီးမည့်တိုင်းပြည်ကို အကျွန်ုပ်
်ကြောင့်ဟု လက်ညှိုးထိုး  အပြစ်မပြောစေလိုပါ

""အကျွန်ုပ်ကို တရားခံ မရှာပါနဲ့တော့
-----------------------------------------------
အမောင် ရဲမက်တို့ ရယ် """""""
----------------------------

""ဘုရင်မင်းမြတ်ထံကို အကျွန်ုပ်ကိုတိုင် ဖြစ်ရပ်အမှန်ကို လျှောက်တင်ပါ့မယ်
ရဲမက် အပေါင်းတို့အား  အမျက်တော်မရှ
စေရပါဘူးလို့ """""
ကတိကဝတ်ပြုပြီး မိမိတို့တိုင်းပြည်ကို ပြန်ခဲ့
လေသတဲ့   """"

 "  ဖွတ်မင်း """စကား အတိုင်း
များမကြာမှီကာလ တစ်ခုမှာတော့ တိုင်းပြည်အင်အားဟာ စည်းလုံးမှု ပျက်ပြားခြင်းများ
ကြောင့် သွေးတစ်စက်မြေမကြရဘဲ အဲ့ဒီ
တိုင်းပြည်ဟာ သိမ်းပိုက်ခံရတော့သတဲ့လေ

             (((  ပြီးပါပြီ ))))
    
                 မောင်ကာဠု
                  ၁၃ - ၄ - ၂၀၁၇


"ကာမသုတ္တန် အနှစ်ချုပ်''
═══════════════════════════════
`ကာမဇာတ်ထဲက ဘုရားအလောင်းရဲ့ စကားတွေ အနှစ်ချုပ်။'

လေးပြည်ထောင်ရဲ့ အရှင်သခင်ဖြစ်လို့လည်း ပွဲတော်စာ လေးအုပ် တစ်ခါတည်း စားလို့ရတာ မဟုတ်ဘူး။ အိပ်ရာ လေးခုလည်း တစ်ခါတည်း အိပ်လို့ရတာ မဟုတ်ဘူး။

ကာမဆိုတာ လိုချင်တာတွေ ရလို့များ ကျေနပ်သွားမယ်၊ ငြိမ်းအေးသွားမယ်လို့ မထင်နဲ့၊ ``နွေခါမှာ ရေဆာသလို'' အလိုဆန္ဒတွေသာ ပိုပြီးတိုးပွားလာမယ်။ အသိဉာဏ်နည်း မိုက်မဲသူအတွက်တော့ ``နွားလေးရဲ့ ဦးချိုဟာ ရှည်ရှည်လာသလို'' မရသေးတာကို တောင့်တ၊ ရပြီးသားကို စွဲလမ်း၊ ပင်ပန်းစေတဲ့ လောဘတွေသာ တိုးတိုးလာမယ်။

လောဘဆိုတာ ဘာတွေကို ဘယ်လောက်ပဲရရ နောက်ထပ် မရချင်တော့ဘူးဆိုတာ မရှိဘူး၊ ဘယ်လောက်ပဲ ထည့်ထည့် မပြည့်ဘူး၊ ဘယ်လောက်ပဲရရ မဝဘူး၊ ပြည့်ဝသွားတယ်ဆိုတာ ဘယ်တော့မှ မရှိဘူး။

စိတ်ဆိုတာ ကာမအာရုံတွေနှင့် ဖြည့်လို့ ဘယ်တော့မှ မပြည့်နိုင်ဘူး။ အသိဉာဏ်ဖြင့်သာ ပြည့်ဝသွားနိုင်တယ်။ အသိဉာဏ်ဖြင့် ပြည့်ဝမှသာ အကောင်းဆုံး ပြည့်စုံခြင်းလို့ ဆိုနိုင်မယ်။

ဖိနပ်ချုပ်သမားဟာ သားရေပြားပေါ်မှာ ဖိနပ်ပုံလေး ချတိုင်းပြီး မလိုတာတွေကို လှီးထုတ်ပြစ်သလိုမျိုး ကာမတွေကို လှီးထုတ်ပြစ်နိုင်ရမယ်။
ကာမကို နည်းနည်းစွန့်ရင် နည်းနည်းချမ်းသာမယ်၊ များများစွန့်ရင် များများချမ်းသာမယ်။ အလုံးစုံသော ကာမကိုစွန့်နိုင်ရင် အလုံးစုံသော ချမ်းသာကိုရမယ်။ ``စွန့်နိုင်သလောက် ချမ်းသာမယ်''။

ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့ စွန့်လွှတ်ခြင်းဖြင့် စစ်မှန်သော ချမ်းသာသုခကို ရယူနိုင်ကြသော သူတော်ကောင်းများဖြစ်အောင် အားထုတ်ကြိုးစားနိုင်ကြပါစေ။

အရှင်ဥတ္တမ(သစ္စာရွှေစည်)
စွန့်နိုင်သလောက် ချမ်းသာမည်- တရားတော် မှ။

_/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_

Monday, June 5, 2017

* အနေကဇာတင် ....

* ရှေးလွန်ခဲ့ပြီးသော နှစ်ပေါင်း (၂၅၀၀)ကျော် - ကဆုန်လပြည့်နေ့ရဲ့ ညတစ်ညမှာပေါ့။ မိုးတိမ်ကင်းစင်တဲ့ ကောင်းကင်ပြင်ကြီးမှာလည်း လပြည့်ဝန်းကြီးဟာ ကြယ်ပေါင်းစုံ ၀န်းရံခလို့ ထွန်းလင်းတောက်ပနေလေရဲ့။ ဒီလို သာယာလှပ ကြယ်ပေါင်းခတဲ့ ကဆုန်လပြည့်ညချမ်း တစ်ခုမှာ “မဇ္ဈိမဒေသ” ရဲ့ တောအုပ်တစ်ခုမှာရှိတဲ့ ဗောဓိပင်ပျိုအောက်မှာ အလွန်လှပ တင့်တယ်ခန့်ညားတဲ့ ရဟန်းပျိုတစ်ပါးဟာ မြက်ကဗ္ဗလာ အခင်းပြင်ပေါ်မှာ အေးချမ်းတိတ်ဆိတ်စွာ တရားရှုမှတ်နေလေရဲ့။

* သူဟာ သာမန်အညတြပုဂ္ဂိုလ်တစ်ဦးတော့ မဟုတ်ပေဘူး။ သူဟာ တိုင်းပြည်တစ်ပြည်ရဲ့ အိမ်ရှေ့မင်းသား တစ်ဦးဖြစ်ပြီး မကြာမှီ ရှင်ဘုရင်တစ်ပါး ဖြစ်လာမယ့် ပုဂ္ဂိုလ်လည်းဖြစ်တယ်။ သူ့မှာ အလွန်ပြည့်စုံတဲ့ လောကီစည်းစိမ်တွေလည်း ရှိသူဖြစ်တယ်။ အလွန်မြတ်နိုး မွေ့လျော်ဖွယ်ကောင်းတဲ့ ချစ်ဇနီးတစ်ဦးလည်း ရှိသူဖြစ်တယ်။ များပြားလှတဲ့ အချွေအရံအသင်းအပင်းတွေ ၊ မောင်းမမိဿံ တွေလည်း ရှိသူဖြစ်တယ်။ သူနဲ့တစ်နေ့တည်း မွေးဖွားလာတဲ့ (၀မ်းကွဲ) ညီတော်/ညီမတော်ပေါင်း မြောက်များစွာ ရှိသူလည်းဖြစ်တယ်။ ညီတော်/ညီမတော် အားလုံးရဲ့ ချစ်ကြောက်ရိုသေ ခန့်ညားမှုကိုလည်း ရရှိထားသူဖြစ်တယ်။

* သူဟာ “စင်္ကြာဝတေးမင်း” လို့ ခေါ်တဲ့ “တိုင်းနိုင်ငံအားလုံးမှာ ရှိတဲ့ - မင်း, အားလုံးတို့ရဲ့ ရှင်ဘုရင်” အဖြစ်ကို ရရှိမည့်သူလို့လည်း ပုဏ္ဏားတော်တွေရဲ့ နိမိတ်ဖတ်ခြင်း ခံထားရသူလည်းဖြစ်တယ်။ သူဟာ ဖခင်ဖြစ်သူ သုဒ္ဓေါဓနမင်းကြီးရဲ့ မျှော်လင့်ခြင်း အိပ်မက်လည်းဖြစ်တယ်။ သုဒ္ဓေါဓနမင်းကြီးဟာ သူ့သားတော်ရဲ့ “စင်္ကြာဝတေးမင်း” အဖြစ်ကို မြင်တွေ့လိုတဲ့ အာသီသတွေနဲ့ ဆာလောင်မွတ်သိပ်နေရရှာသူလည်းဖြစ်တယ်။

* ဒါပေမယ့် “သိဒ္ဓတ္တ” လို့ခေါ်တဲ့ မင်းသားငယ်ကတော့ ဒီလောကီစည်းစိမ်တွေကို ငြီးငွေ့မုန်းတီးစ, ပြုနေပါပြီ။ သူဟာ “မွေးဖွားခြင်း နဲ့ သေဆုံးခြင်း” ဆိုတဲ့ ကာလတိုတိုလေးအတွင်းမှာ “ အမှန်တရားဆိုတာ ဘာလဲ”ဆိုတာကိုသာ ရှာဖွေသိချင်စိတ် ပြင်းပြလို့သာ နေပါတော့တယ်။ လူတွေ မှန်တယ်ထင်နေတဲ့ အရာအားလုံးဟာ မှားယွင်းနေကြတယ်ဆိုတာတော့ သူသိတယ်။ ဒါပေမယ့် ဘာက အမှန်တရားလည်း ဆိုတာကိုတော့ သူ မသိနိုင်ဘူး ဖြစ်နေတယ်။
.
* နောက်ဆုံးတော့ သူဟာ လောကကြီးရဲ့ အမှန်တရားကို သိဖို့အတွက် သူဟာ ဆရာရှာဖို့ သူဆုံးဖြတ်လိုက်တယ်။ သူဒီလို ဆုံးဖြတ်ချက် ချလိုက်တဲ့ နေ့မှာဘဲ သူ့အတွက် အလွန်ခက်ခဲတဲ့ ကိစ္စတစ်ခုပေါ် ပေါက်လာပါတယ်။ အဲဒါကတော့ သူ့ရဲ့ ရှုမငြီးတဲ့ ကြင်ယာတော်ဖြစ်သူဟာ သားတော်လေးတစ်ပါး ဖွားမြင်ကြောင်း သတင်းရောက်ရှိလို့ လာပါတယ်။ ရုတ်တရက်တော့ သူဟာ တွေဝေသွားခဲ့ပေမယ့် ဒီကိစ္စဟာ သူ့ကို “အမှန်တရား” ရှာထွက်ဖို့ မြန်မြန် ဆော်သြလိုက်သလိုပါဘဲ။ ကြာလာရင် သားကလေးအပေါ် သံယောဇဉ်တွေ များသည်ထက် များလာရင် ခက်ရတော့မယ်လေ။
.
* ဒါကြောင့် သားတော်လေးဖွားမြင်တဲ့နေ့ရဲ့ ညဖက်မှာဘဲ သူဟာ ရွှေနန်းတော်ကြီးကို စွန့်ခွာဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ သူဟာ နောက်ဆုံးကြည့်ခြင်းအနေနဲ့ မိဖုရားဖြစ်သူရဲ့ နန်းတော်ကို ညဖက်မှာ တိတ်တဆိတ်သွားရောက်ပြီး ချစ်ဇနီးနဲ့ သားတော်လေးရဲ့ အပြစ်ကင်းစွာ အိပ်ပျော်နေခြင်းကို နောက်ဆုံးအနေနဲ့ ကြည့်ရှုသွားခဲ့ပါတယ်။

* ဒီအချိန်မှာသာမန်ပုထုဇဉ်မျှသာ ရှိသေးတဲ့ သိဒ္ဓတ္တရဲ့ အသည်းနှလုံးတွေဟာ ကြေကွဲပျက်သုန်းလုမတတ် ဖြစ်ခဲ့ရချိန်လည်း ဖြစ်ပါလိမ့်မယ်။
သိပ်မကြာခင်မှာဘဲ တိတ်ဆိတ်လှတဲ့ ညဥ့်နက်နက်မှာ အသက်(၂၉)နှစ်သာ ရှိသေးတဲ့ မင်းသားငယ်ဟာ ဖွားဖက်တော် ကျွန်ယုံ “မောင်ဆန်” နဲ့ အတူတစ်ကွ ရွှေနန်းတော်ကြီးနဲ့ စိမ်းစည်ဥစ္စာအားလုံးကို ကျောခိုင်းထွက်ခွာခဲ့ကြပါတော့တယ်။

* ခရီးမိုင်ပေါင်းများစွာ မြင်းစီးထွက်ခွာလာခဲ့ပြီး “အနော်မာ” လို့ခေါ်တဲ့ တိုးတိတ်ညင်သာစွာ စီးဆင်းနေတဲ့ မြစ်ကလေးတစ်စင်းရဲ့ သောင်ကမ်းပါး အရောက်မှာတော့ “သိဒ္ဓတ္တ” ဟာ သူရဲ့ ဆံတော်တွေ၊ မင်းဝတ်တန်းဆာတွေ အားလုံးကို စွန့်ပယ်ပြီး တစ်ကိုယ်တည်း တောအရပ်ကို ၀င်ရောက်ခဲ့ပါတော့တယ်။

* အဲဒီနောက်မှာတော့ အမှန်တရားကို ရှာဖွေလိုတဲ့ “ရဟန်းငယ်” တစ်ပါးဟာ တစ်တောဝင် တစ်တောင်ထွက်နဲ့ ဆရာအရှာထွက်ခဲ့ရာမှာ တစ်ခုသော တောအုပ်အရပ်မှာ “အာဠာရ” နဲ့ “ဥဒက” လို့ခေါ်တဲ့ ရသေ့နှစ်ပါးကို တွေ့ပါတော့တယ်။ သူတို့ထံမှာ တလှည့်စီ တပည့်ခံပြီး ကျင့်ကြံအားထုတ်ပါတော့တယ်။ ဒါပေမယ့် သူရှာနေတဲ့ အမှန်တရားကိုတော့ မတွေ့ရပါဘူး။

* နောက်တော့ သူဟာ နှလုံးမွေ့လျော်ဖွယ်ကောင်းတဲ့ “ဥရုဝေလ” ခေါ်တဲ့ တောအုပ်ကလေးကို တွေ့တော့ ဒီအရပ်မှာဘဲ အမှန်တရားကို တွေ့အောင် ရှာတော့အံ့လို့ အကြံဖြစ်ပြီး အင်မတန်ပြင်းထန်လှတဲ့ “ဒုက္ကရစရိယာ” လို့ခေါ်တဲ့ အကျင့်ကို ကျင့်ပြီး အမှန်တရားကို ဆက်ပြီး ရှာပါတယ်။ ဒီလို ပြင်းပြင်းထန်ထန် ကျင့်ကြံရင်းနဲ့ (၆)နှစ်ဆိုတဲ့ အချိန်ကာလကို လွန်မြောက်သွားခဲ့ပါတယ်။

* ဒါပေမယ့် “သူ” အမှန်တရားကို မတွေ့ရသေးပါဘူး။
(၆)နှစ်လောက် ပြင်းထန်တဲ့ အကျင့်တွေကို ကျင့်သော်ငြားလည်း အမှန်တရားကို မတွေ့နိုင်သေးတဲ့ “သိဒ္ဓတ္တ”ဟာ ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ်ရပါတော့တယ်။ နောက်ဆုံးတော့ သူဟာ “အမှန်တရား” ကို ရှာဖွေတဲ့နေရာမှာ “လွန်ကဲသော ဆန္ဒ နဲ့ ခန္ဓာကိုယ်ကို ညှင်းဆဲသော အကျင့်” များဟာ မှားယွင်းကြောင်း သိမြင်လာပါတယ်။ “အလယ်အလတ် မျှတသော ဆန္ဒ နဲ့ ၀ီရိယ” တို့ကို ချိန်ညှိပြီး “မဇ္ဈိမလမ်းစဉ်” နဲ့သာအမှန်တရားကို ရှာဖွေလို့ရမှာဖြစ်ကြောင်း သူနားလည်သွားခဲ့ပါတယ်။

* ဒီလို နားလည်သွားတဲ့နောက်မှာ သူဟာ အရိုးပြိုင်းပြိုင်းထပြီး ယိမ်းယိုင်ပြိုလဲလုလု ဖြစ်နေတဲ့ သူ့ခန္ဓာကို ပြန်ပြီး အားမွေးရပါတော့တယ်။ အစာငတ်၊ ရေငတ်နဲ့ ကျင့်ရတဲ့ ကျင့်စဉ်တွေကို စွန့်လွှတ်လိုက်ပြီး အစာအဟာရတွေကို ပြန်လည်သုံးဆောင်လိုက်တဲ့ အချိန်မှာ သူ့အနားမှာ ၀တ်ကြီးဝတ်ငယ်ပြုစုနေတဲ့ “ပဉ္စ၀ဂ္ဂီ (၅)ဦး” ခေါ်တဲ့ အခြံအရံ(၅)ဦးဟာ “သိဒ္ဓတ္တ” မင်းသား အကျင့်ဖောက်လေပြီ။ ဘုရားမဖြစ်တော့ပြီ´´ဟု အထင်လွဲကာ သူ့ကို စွန့်ခွာ သွားကြပါတော့တယ်။

* ဒီဖြစ်ရပ်အတွက် သိဒ္ဓတ္တအဖို့ ထူးပြီး တုန်လှုပ်စရာ မရှိပါဘူး။ သူဟာ အရာအားလုံးကို စွန့်ပစ်ပြီးခဲ့ပါပြီ။ စွန့်လွှတ်ခြင်းဟာ သူ့အတွက် မတုန်လှုပ်နိုင်သလို စွန့်ပယ်ခံရခြင်းဟာလည်း သူ့အဖို့ တုန်လှုပ်စရာမရှိတော့ပါဘူး။ သူဟာ ဆက်ပြီး အားမွေးပါတယ်။ ကိုယ်ခန္ဓာ အားအင်ပြည့်ဖြိုး လာချိန်မှာတော့ သူဟာ“ဥရုဝေဠ” တောအုပ်ကလေးကို စွန့်ခွာပြီး (အတိတ်ပါရမီရဲ့ လမ်းညွှန်မှုနဲ့) သူမွေးဖွားတဲ့ နေ့မှာဘဲ အပင်ပေါက်လာခဲ့တဲ့ (ဖွားဘက်တော်) ``ဗောဓိပင်ပျို´´ လေးရှိရာ အရပ်ဆီကို ထွက်ခွာလာခဲ့ပါတယ်။

* ဒီ ဗောဓိပင်ပျိုလေး ပေါက်ရောက်ရာ အရပ်ဒေသဟာ သာမန်ညောင်ည အရပ်တစ်ခုတော့ မဟုတ်ပေဘူး။ ဒီနေရာဟာ “မဇ္ဈိမ” ဒေသရဲ့ အလယ်ဗဟို တည့်တည့်အရပ်လည်း ဖြစ်တယ်။ ရှေးယခင့်ယခင် ဘုရား(၃)ဆူပွင့်တော်မူရာ “တစ်ထပ်တည်းကျတဲ့” နေရာလည်းဖြစ်တယ်။ တုနှိုင်းမယှဉ်သာသော မြင့်မြတ်မှုအပေါင်း ခညောင်းရာ နေရာဌာန ဖြစ်ပေတယ်။ “မဇ္ဈိမဒေသ” ရဲ့ “ဗဟိုချက်မဏ္ဍိုင်” နေရာလည်း ဖြစ်ပေတယ်။ ဒီနေရာမှာဘဲ ဘုရားအလောင်းတော်ဟာ “မဇ္ဈိမ” အကျင့်နဲ့ မကြာခင် ဘုရားအဖြစ်ကို ရောက်ရတော့မယ်။ အဲဒီနေ့ဟာ ကဆုန်လပြည့်နေ့ဘဲ ဖြစ်ပါတော့တယ်။

* အခုလို ကဆုန်လပြည့်နေ့ရဲ့ ညချမ်းချိန်ခါလေးမှာ ဗုဒ္ဓအလောင်းတော်ဟာ “မဟာဗောဓိပင်ပျို” ရဲ့အောက်မှာ အရှေ့အရပ်ကို မျက်နှာမူကာ “သောတ္တိယ” မြက်ထမ်းသမားထံမှ အလှူခံရအပ်သော မြက်အခင်းကဗ္ဗလာကို ထိုင်စရာအမှတ်ပြုပြီး “အာနာပါန” ကမ္မဌာန်းဘာဝနာကို စတင် စီးဖြန်းပါတော့တယ်။

* တက်သစ်စ လပြည့်ဝန်းကြီးဟာ အရှေ့အရပ်ကနေ တရိပ်ရိပ် တက်လာချိန် ၊ ကြယ်ပေါင်းစုံ ၀န်းရံခလို့ အေးမြတဲ့လေညင်းကလည်း တသုန်သုန်နဲ့ တိုက်ခတ်နေပါတယ်။ ကမ္ဘာလောကကြီးတစ်ခုလုံးဟာ မကြာမှီ အချိန်ပိုင်းအတွင်း “ဗုဒ္ဓ” လို့ခေါ်တဲ့ အနှိုင်းမဲ့ မဟာလူသားတစ်ဦး ဖြစ်ထွန်း ပေါ်ပေါက်လာတော့မှာကို သိနေသကဲ့သို့ . . အတုမရှိ ငြိမ်းချမ်းသာယာမှု အပေါင်းနဲ့ ပြည့်စုံနေပါတော့တယ်။

* ဒီအချိန်မှာဘဲ အလောင်းတော်ဟာ ခန္ဓမာန် , မစ္စုမာန် , ကိလေသမာန် , အဘိသင်္ခါရမာန် , ဒေ၀ပုတ္တမာန် . . တည်းဟူသော “မာန်(၅)ပါး” ကို အောင်မြင်တော်မူလျှက် ညဉ့်ဦးယံ အချိန်တွင် “ပုဗ္ဗေနိဝါသဉာဏ်”၊ သန်းခေါင်ယံတွင် “ဒိဗ္ဗစက္ခုဉာဏ်”၊ မိုးသောက်ယံတွင် “သဗ္ဗညုတဉာဏ်” တို့ကို ရရှိလျှက် လူတွင်စင်စစ် “ဗုဒ္ဓဘုရားအဖြစ်” သို့ ရောက်တော်မူခဲ့ပါတယ်။
အဲဒီနှစ်ကတော့ မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ၊ ရက်ကား ကဆုန်လပြည့်နေ့ ၊ နေ့ကား ဗုဒ္ဓဟူးနေ့ဖြစ်ပြီး စန်းသည် ၀ိသာခါနက္ခတ်နှင့် စန်းယှဉ်နေသော အခါပင် ဖြစ်ပါတော့တယ်။

* ဒီလို ဘုရားအဖြစ်ကို ရတော်မူ , ရောက်တော်မူပြီ ဆိုတာနဲ့ ဗုဒ္ဓဘုရားရှင်ဟာ အောက်ပါ ဂါထာကို ကျူးရင့်တော် မူပါတော့တယ်။ အဲဒီဂါထာကတော့ -
“အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ၊
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာဇာတိ ပုနပ္ပုနံ။
ဂဟကရက ဒိဋ္ဌောသိ ၊ ပုန ဂေဟံ နကာဟသိ၊
သဗ္ဗာတေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ ၊ တဏှာနံ ခယမဇ္ဈဂါ”ဆိုတဲ့ ဂါထာပဲ ဖြစ်ပါတော့တယ်။

* အဓိပ္ပါယ်ကတော့ ``ဟယ် ... တဏှာယောက်ျား လက်သမား ၊ အကျွန်ုပ်သည် သင်၏ ခန္ဓာအိမ်ဆောက်ခြင်းကို သံသရာတလျှောက်လုံး (မသိဆိုးဝါးစွာ) အကြိမ်ကြိမ် ခံခဲ့ရပေပြီ။ ယခုမူ ငါသည် သင့်အား မဂ်လေးတန် ပုဆိန်လက်နက်ဖြင့် ခုတ်ဖြတ်သုတ်သင်နိုင်ပြီ ဖြစ်၍ ငါအား သင်၏ ခန္ဓာအိမ်ဆောက်ခြင်းအမှုကို မပြုစေနိုင်တော့ပြီ။ ငါသည်ကား တဏှာအပေါင်းတို့၏ လွတ်ကင်းရာ ၊ သေခြင်းကင်းရာ ပြုပြင်စီရင်ခံရခြင်းကင်းရာ “အမတ” နိဗ္ဗာန်သို့ဆိုက်ရောက်လေပြီ” ဟု ဆိုလိုပါတယ်။

* ဒါကြောင့်မို့ ``ဘုရားအနေကဇာ တင်တယ်´´ဆိုတာ ဗုဒ္ဓဘုရားအလောင်းတော် ဘုရားအဖြစ်သို့ ရောက်တော်မူသည့်အခါ ၀မ်းမြောက်ဝမ်းသာ ကျူးရင့်တဲ့ဂါထာကို “ဘုရားဖြစ်ပြီ” ဟူသည့် အထိမ်းအမှတ်အနေဖြင့် ပြန်လည် ရွတ်ဆိုကြခြင်း ဖြစ်ပါတယ်။ “အနေကဇာတိ သံသာရံ . . ဆိုတဲ့ စကားအစ စာလုံးကို ယူပြီး “အနေကဇာ” တင်တယ်ဆိုပြီး သုံးနှုံးကြတာဖြစ်ပါတယ်။
ဒါကို “ဗုဒ္ဓဘိသေက မင်္ဂလာ” လို့လည်း ခေါ်ကြပါတယ်။

* အစီအစဉ် ...
(၁) အနေကဇာတိ သံသာရံ . . . အစချီတဲ့ ဥဒါန်း ဂါထာ
(၂) ‘‘အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ’’စသော ပဋိစ္စသမုပ္ပါဒ အပြန်အလှန်
(၃) ‘‘ယထာ ဟဝေ ပါတုဘ၀န္တိ’’ သုံးဂါထာ။
(၄) ‘‘ဟေတုပစ္စယော’’ စသော ပဌာန်း ၂၄ ပစ္စည်း ဥဒ္ဒေသ
(၅) “ဘုရား ဂုဏ်တော် (၉)ပါး
(၆) ‘‘ ဇယန္တော ဗောဓိယာ မူလေ’’ စသော ပုဗ္ဗဏှသုတ် အဆုံးသတ်နဲ့ ကျကျနန ရှိခိုးပြီး သဒ္ဓါတရား ပွားများပြီး ရှိခိုးလေ့ရှိပါတယ်။

Friday, May 26, 2017

ငါးရံ့မင်းပရိတ်ဒေသနာတော်


* မစ္ဆရာဇသုတ် ပရိတ်တော် …..

* ငါးရံ့မင်းပရိတ်ခေါ် မစ္ဆရာဇပရိတ်တော်ကို စနေနံဆရာတော်မှ စာအုပ်ကလေး လုပ်ပေးပါဆိုပြီး လာရောက်အကူအညီ တောင်းတယ်။ သာမာန်ပါပဲ ကူညီပါ့မယ်လို့ ပြောလိုက်ပြီးကာမှ ပြီးပြီးရော လုပ်ပေးရင်တော့ မဖြစ်ဘူးဆိုတဲ့ အတွေးနဲ့ ဟိုဟိုဒီဒီ ရှာကြံကြည့်လိုက်မိတယ်။

* အဲ့ဒီမှာ ဇာတကပါဠိတော် ပထမအုပ် စာမျက်နှာ (၁၈) နဲ့ ဇာတကဋ္ဌကထာ ပထမအုပ် စာမျက်နှာ (၃၄၈)၊ အပါဒါန်ပါဠိတော် ဒုတိယအုပ်၊ စရိယာပိဋကတ်ပါဠိတော် စာမျက်နှာ (၄၁၅) တို့မှာ တွေ့ရှိပါတယ်။ အဲ့ဒီပါဠိတော်များနဲ့ တိုက်ကြည့်စိစစ်ပြီး ပါဠိအက္ခရာများကို အတတ်နိုင်ဆုံး မှန်ကန်အောင် ကူးယူရိုက်နှိပ်လိုက်တယ်။

* ပါဠိတော်တွေ မှန်ကန်သိရှိရုံနဲ့တော့ အရသာ မရှိ။ သဘော အဓိပ္ပာယ်ပါ သိရှိနားလည်မှ ပို၍ ပို၍ အရသာရှိမည်ဟု တွေးမိတာနဲ့ ဇာတကဋ္ဌကထာမှာ လာသည့် ဇာတ်ကြောင်းလေ့လာမိလိုက်တယ်။ ပို၍ ပို၍ အရသာရှိစေဘို့ မစ္ဆရာဇဇာတ်ရဲ့ ဇာတ်ကြောင်းလေးကိုပါ စေတနာ မေတ္တာများဖြင့် ရေးသားတင်ပြလိုက်ရပါတယ် …..

#ဒုက္ခသည်နှင့် ဗုဒ္ဓနှလုံးသား ….
* ကောသလတိုင်း၊ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၊ မိုးခေါင်ရေးရှား ကာလတစ်ခု၊ ကောက်စပါးတွေ ညှိုးနွမ်းကြကုန်၏။ ရေတွင်းရေကန်တွေ ခြောက်ခန်းကြကုန်၏။ ဇေတ၀န်မုခ်ဦးမှ ဇေတ၀န်ရေကန်သည် ရေပြတ်ရုံမျှမက ပါးအက်ကြားများပါ ထနေ၏။ ငါး လိပ် ငါးမန်းတို့ အကြီးအကျယ် ဒုက္ခရောက်ကြရ၏။ ကျီးငှက် သိန်း စွန်တို့၏ အစာမျှသာ ဖြစ်ကြရ၏။

* ဤအဖြစ်အပျက်ကို နှလုံးသားအထိ ထင်မြင်နေသူက ဗုဒ္ဓ။ ဟုတ်၏။ ထိုအဖြစ်အပျက်သည် ဗုဒ္ဓ၏ နှလုံးသားကို ထိခိုက်စေ၏။ ဗုဒ္ဓ၏ မဟာကရုဏာတော်သည် တိုက်တွန်းအပ်သည်ဖြစ်၍ “ယနေ့ပင် မိုးကို ရွာစေခြင်းငှါ သင့်၏”ဟု အကြံဖြစ်တော်မူ၏။

* ထိုအကြံကို အကောင်အထည်ဖော်လိုသော မြတ်ဗုဒ္ဓသည် နံနက်ရဟန်းငါးရာဖြင့် ဆွမ်းခံကြွ၏။ ဆွမ်းခံရွာမှအပြန် ရှင်အာနန္ဒာအထံမှ ရေသနုပ်ကို တောင်းတော်မူ၏။ ရှင်အာနန္ဒာသည် အံ့သြခြင်းကြီးစွာဖြင့် ရေသနုပ်ကို ဆက်ကပ်၏။ မြတ်ဗုဒ္ဒ ရေသနုပ်လဲပြီး ဇေတ၀န်ရေကန်သို့ အဆင်း သိကြားမင်း သိ၍ မိုဃ်းနတ်သားကို ခေါ်၍ မိုဃ်းရွာစေ၏။ ကောသလတိုင်း တစ်တိုင်းလုံး မိုဃ်းသည်းထန်စွာ ရွာသွန်းဖြိုး၏။ ငါး လိပ် ငါးမန်းများ အသက်ချမ်းသာရာ ရကြ၏။ သိန်းငှက် စွန်ရဲတို့၏ ဘေးရန်မှ လွတ်ကင်းကြရ၏။

* ညနေ သံဃာတော်များ ဓမ္မသဘင်ဝယ် ဤသတင်းစကားကို ပြောကြားနေချိန် မြတ်ဗုဒ္ဓ ကြွတော်မူလာ၍ အတိတ်ဇာတ်ကြောင်းကို ဟောတော်မူပါသည်။

#ဉာတိဒုက္ခနှင့် သူတော်ကောင်းနှလုံးသား …
* “ပတ်ဝန်းကျင်ရဲ့ ဒုက္ခကို ခံစားနိုင်သောနှလုံးသား သူတော်ကောင်းတွေမှာ မရှိဘူး”ဆိုတဲ့ အဆိုကလေးတစ်ခုကို မထင်မရှား နာယူမှတ်သားမိတယ်။ ဟုတ်တာပေါ့။ ဒီနေ့ ချုံနွယ်တွေနဲ့ ပိတ်ဖုံးနေတဲ့ ရေအိုင်လေးတစ်အိုင်၊ ပူလိုက်တဲ့ နွေ၊ ခေါင်လိုက်တဲ့ မိုဃ်း၊ ရေတွေက ခန်း၊ သစ်ပင်ချုံနွယ်တွေက ခြောက်သွေ့။ သိန်းငှက် စွန်ရဲတွေက ပျော်မြူးနေသလောက် ငါး လိပ် ငါးမန်းတွေက ဒုက္ခရောက်ကြ၊ သြော် အပူလောက ဒုက္ခတွေ တောထနေပါလား ….

* ဆွေမျိုးတွေရဲ့ ပျက်စီးမှုကို ဘယ်ဆွေမျိုးကများ သာယာခံစားနိုင်မှာလဲ။ ခုပဲကြည့်လေ။ ဘုရားလောင်း ငါးမင်း၊ မိမိဆွေမျိုးတွေရဲ့ ဒုက္ခသုက္ခတွေကို ကြည့်ပြီး သောကတွေ ရောက်နေလေရဲ့။ “ ဒုက္ခသုက္ခတွေမှ လွတ်မြောက်မှုကို မိမိမှတပါး အခြားသူ မစွမ်းဆောင်နိုင်ဘူး”လို့ တွေးနေမိတယ်။

* ဒါနဲ့ “အို … မိုဃ်းနတ်မင်း ငါသည် ဆွေမျိုးတို့ကို အမှီပြု၍ ဆင်းရဲသောက ရောက်ရ၏။ သင်သည် သီလရှိသော ငါသည် ပင်ပန်းသည်ရှိသော် အဘယ်ကြောင့် မိုဃ်းကို မရွာေးသနည်း။ ငါသည် ဇာတ်တူဖြစ်ကုန်သော သတ္တ၀ါတို့ကို စားတတ်သော အမျိုးနှိုက်ဖြစ်သော်လည်း ဆန်လုံးတစ်လုံးမျှ ပမာဏရှိသော ငါးကိုလည်း စားအပ်ဖူးသည်မည်သည် မရှိ။ ငါသည် တပါးသော သတ္တ၀ါကို ဇီဝိတိနြေ္ဒမှ မချဘူးခဲ့။ ဤမှန်ကန်သော သစ္စာစကားကြောင့် မိုဃ်းရွာစေပြီး ငါ၏ ဆွေမျိုးအပေါင်းကို ဒုက္ခအပေါင်းမှ လွတ်စေလော့”ဟု သစ္စာဆိုလိုက်၏။

* သစ္စာဆိုပြီးသည်၏ အဆုံးနှိုက် မိုဃ်းသည်းထန်စွာ ရွာသွန်းပြီး ငါး လိပ် ငါးမန်းအားလုံး မရဏဒုက္ခမှ လွတ်မြောက်ကြခဲ့တယ် - ဟု အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းသတိရစေခဲ့ပါသည်။
* သုံးသပ်ဆင်ခြင် အကျွန်ုပ်အမြင် …

* ဤဇာတ်ကြောင်းကို လေ့လာရင်းက - #ခန္တီမေတ္တာနုဒ္ဒယသမ္ပတ္တိံ”ဟူသောပုဒ်အရ ဤဇာတ်တော် ဤပရိတ်ဒေသနာတော်ကို ရွတ်ဖတ် နာယူ ပူဇော်သူများသည် ပထမတစ်ချက် အနေဖြင့် -
၁။ ကောင်းဆိုးနှစ်တန်ကို မတုန့်ပြန်တတ်တဲ့ ခန္တီတရား၊
၂။ သတ္တ၀ါတို့၏ အကျိုးကို လိုလားတဲ့ မေတ္တာတရား၊
၃။ သတ္တ၀ါတို့ကို သနားကြင်နာတတ်တဲ့ ဒယာဟု ဆိုအပ်သော ကရုဏာတရားများ ပြည့်စုံရမည်။

* ဒုတိယတစ်ချက်အနေဖြင့် “မဟာဇနံ ဒုက္ခာ မောစေဿာမိ”ဟူသော ပုဒ်ကို ထောက်ဆ၍ “လူအပေါင်းကို ဒုက္ခအပေါင်းမှ လွတ်မြောက်စေအံ့”ဟူသော ရည်ရွယ်ချက်။

* တတိယတစ်ချက် “သစ္စကိရိယံ ကတွာ”ဟူသော ပုဒ်ကို ထောက်၍ မိမိ၏ ဖြစ်စဉ်အမှန်ကို ဆင်ခြင်၍ ၀စီသစ္စာဆိုခြင်းဟူသော အချက်သုံးချက်ကို လေ့လာတွေ့ရှိရပါသည်။

* သို့ဖြစ်၍ ဤပရိတ်ဒေသနာတော်ကို ရွတ်ဖတ် နာယူမည့်သူများသည် -
၁။ ကောင်းဆိုးနှစ်တန်ကို မတုန့်ပြန်တတ်သော ခန္တီတရား၊
၂။ သတ္တ၀ါတို့၏ အကျိုးကို လိုလားသော မေတ္တာတရား၊
၃။ သတ္တ၀ါတို့ကို သနားကြင်နာတတ်သော ဒယာဟုဆိုအပ်သော ကရုဏာတရား၊
၎။ လူအပေါင်းကို ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်စေလိုသော ရည်ရွယ်ချက်၊
၅။ မှန်ကန်တဲ့ ၀စီသစ္စာတရားများ ပြည့်စုံရမည်ဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသတည်း ……

* နတ်ဖိတ် ......
၁။ သမန္တာ စက္က၀ါဠေသု၊ အတြာ ဂစ္ဆန္တု ဒေ၀တာ။
သဒ္ဓမ္မံ မုနိရာဇဿ၊ သဂ္ဂမောက္ခဒံ။

၂။ ဓမ္မဿဝနကာလော အယံ ဘဒန္တာ .......

* ငါးရံ့မင်းပရိတ် (ခေါ်) မစ္ဆရာဇသုတ်ပါဠိ ....
(၁) ပူရေန္တံ ဗောဓိ သမ္ဘာရေ၊
နိဗၺတၱံ မစ ၦေယာနိယံ။
အာစရိ ဟိတဥၥ ဉာတတၳံ၊
မဟာမေဃံ ပ၀ဿိယ။

(၂) ဝဿာပေသိ ဂိမှာနေပိ၊
မစ ၦရာဇာ မဟာဒေယာ။
သုတ္တဿ တေဇသာ ယဿာ၊
သုတ္တနံ္တ၀ ဘဏာမ ဟေ။

(၃) ပုနာပရံ ယဒါ ဟောမိ၊
မစ ၦရာဇာ မဟာသေရ။
ဥဏှေ သူရိယ သန္တာပေ၊
သရေ ဥဒက ခီယထ။

(၄) တတော ကာကာ စ ဂိဇ္ဈာ စ၊
ကင်္ကာ ကုလလ သေနကာ။
ဘက္ခယန္တိ ဒိဝါရတ္တိံ၊
မစ္ဆေ ဥပနိသီဒိယ။

(၅) ဧ၀ံ စိန္တေသ,ဟံ တတ္ထ၊
သဟ ဉာတီဟိ ပီဠိတော။
ကေန နုခေါ ဥပါယေန၊
ဉာတီ ဒုက္ခာ ပမောစယေ။

(၆) စိန္ထယိတွာန ဓမ္မတ္ထံ၊
သစ္စံ အဒ္ဒသ ပဿယံ။
သစ္စေ ဋ္ဌတွာ ပမောစေသိံ၊
ဉာတီနံ တံ အတိက္ခယံ။

(၇) အနုဿရိတွာ သတံ ဓမ္မံ၊
ပရမတ္ထံ ၀ိစိန္တယံ။
အကာသိံ သစ္စကိရိယံ၊
ယံ လောကေ ဓုဝသဿတံ။

(၈) ယတော သရာမိ အတ္တာနံ၊
ယတော မတ္တာသ္မိ ၀ိညုတံ။
နာဘိ ဇာနာမိ သဉ္စိစ္စ၊
ဧကံ ပါဏမ္ပိ ဟိံသိတံ။
ဧတေန သစ္စ၀ဇ္ဇေန၊
ပဇ္ဇုန္နော အဘိ သဿတု။

(၉) အဘိတ္ထနယ ပဇ္ဇုန္န၊
နိဓိံ ကာကဿ နာသယ။
ကာကံ သောကာယ ရန္ဓေဟိ၊
မစ္ဆေ သောကာ ပမောစယ။ (ဇာတက ပါ-၁၈၊ ဋ္ဌ-၃၄၈)

(၁၀) သဟကတေ သစ္စ၀ရေ၊
ပဇ္ဇုန္နော အဘိ ဂဇ္ဇိယ။
ထလံ နိန္နဉ္စ ပူရေန္တော၊
ခဏေန အဘိ ၀ဿထ။

(၁၁) ဧ၀ံ ရူပံ သစ္စ၀ရံ၊
ကတွာ ၀ီရိယ မုတ္တမံ။
ဝဿာပေသိံ မဟာမေဃံ၊
သစ္စတေဇ ဗလဿိတော။
သစ္စေန မေ သမော နတ္ထိ၊
ဧသာ မေ သစ္စပါရမီ။ (စရိယာပိဋကပါဠိ)

သတ္တ၀ါအားလုံး အပူပေးမှ ကင်းဝေးနိုင်ကြပါစေ ......

အရှင်သီလာစာရ
မြတောင်ကျောင်းတိုက်
ရေနံချောင်းမြို့
27.5.2017

* ငါးနှင့် ကျီး

* ငါးနှင့် ကျီး .....
ငါးဟာ “ အစာပဲ ” ကြည့်တတ်တယ်၊
ဒါပေမဲ့ ကျီးကန်းကတော့ “ အစာရော ရန်သူရော ” ကြည့်တတ်တယ်။
ဒါ့ကြောင့် ငါးဟာ ရန်သူ့လက် ကျရောက်လွယ်တယ်၊
ကျီးကန်းကတော့ ရန်သူလက် ကျရောက်ခဲတယ်။
ငါးလိုမနေနဲ့ ကျီးလို နေပါ။

(ကျီးတို့၏ ကောင်းသောအကျင့်များ)
၁။ လျှို့ဝှက်သောအရပ်၌သာ ကာမအမှုပြုခြင်း၊
၂။ အကြိမ်များစွာ ရှုခြင်း၊
၃။ အစားအစာကို ဆွေမျိုးတို့နှင့်တကွ စားခြင်း၊
၎။ ရန်သူကို အမြဲဂရုပြုခြင်း ( သတိအမြဲရှိခြင်း)၊
၅၊ မတွယ်တာခြင်း၊
ရောက်တဲ့အရပ်မှာ ပျော်အောင်နေတတ်ဘို့ထက်
တော်အောင်နေဘို့က ပိုအရေးကြီးတယ်။
ပြည့်စုံတယ်ဆိုတာ ရောင့်ရဲသူ အတွက်ပါ။
မိတ်ကောင်းဆိုတာ ( ပညာ ပစ္စည်း ပါဝါကြောင့် ) စိတ်မပြောင်းသူကို
ခေါ်တာပါ။
( ဖတ်ဘူးသည်များကို ပြန်လည်တင်ပြခြင်း)

Tuesday, October 25, 2016

* အကယ်၍သာ .....


" " အကယ်၍သာ " "
*************************
.
အကယ်၍
သင် မကြိုက်တဲ့အရာဖြစ်ခဲ့ရင်
မကြည့်ပဲ နေလိုက်ပါ။
.
အကယ်၍
သင် မသိတဲ့ အကြောင်းအရာ ဖြစ်ခဲ့ရင်
မပြောပဲ နေလိုက်ပါ။
.
အကယ်၍
သင် နဲ့အမြင်မတူတဲ့အရာ ဖြစ်ခဲ့ရင်
အပြစ်မတင်ပဲ နေလိုက်ပါ။
.
အကယ်၍
သင် နားမလည်တဲ့အရာ ဖြစ်ခဲ့ရင်
မဝေဖန်ပဲ နေလိုက်ပါ။
.
အကယ်၍
သင့်မှာ မရှိ သေးတဲ့ အရာ ဖြစ်ခဲ့ရင်
မမုန်းပဲ နေလိုက်ပါ။
.
အကယ်၍
သင့်မှာ ရှိနေသေးတဲ့အရာ ဖြစ်ခဲ့ရင်
တန်ဖိုးထား ဂရုစိုက်လိုက်ပါ။
.
တန်ဖိုးရှိလှတဲ့
သင့် ရဲ့ စိတ်ထား
သင့် ရဲ့ အချိန်
သင့် ရဲ့ အနာဂတ်အတွက်…
.
တန်ဖိုးမရှိတဲ့ အမြင်
တန်ဖိုးမရှိတဲ့ စိတ်ထားတွေနဲ့
သင့် ရဲ့ အနာဂတ်အတွက်
အဖိုးတန်အချိန်တွေကို
မဖြုန်းတီးလိုက် ပါနဲ့…
.
.
ငြိမ်းလဲ့

* လုပ်ငန်းအောင်မြင်ကြောင်း နည်းလမ်းငါးသွယ် ......


* လုပ်ငန်းအောင်မြင်ကြောင်း နည်းလမ်းငါးသွယ် ......

၁။ စစ်မှန်သော ယုံကြည်ချက် ခိုင်မြဲရမည်၊
၂။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာရမည်၊
၃။ လှည့်စားမှု, ကောက်ကျစ်မှုကင်းရမည်၊
၎။ အားထုတ်အပ်သော ၀ီရိယရှိရမည်၊
၅။ အသိပညာရှိရမည်။


* ဒီနည်းလမ်းငါးသွယ်နဲ့ ပြည့်စုံမယ်ဆိုရင် မအောင်မြင်, မတိုးတက်သူရယ်လို့ မရှိနိုင်ပါဘူး။ ဒီနည်းလမ်းငါးသွယ်ကို စနစ်တကျ ပိုမိုပီပြင်အောင် စွမ်းဆောင်နိုင်မယ်ဆိုရင် ဗောဓိဥာဏ်ကိုတောင် ရရှိနိုင်ပါတယ်။
 
* ဒီနည်းလမ်းငါးသွယ်ထဲက နံပါတ် (၁) “စစ်မှန်သော ယုံကြည်ချက် ခိုင်မြဲရမည်”ဆိုတဲ့ အချက်မှာ -
(၁) ဘာသာရေးယုံကြည်ချက်၊
(၂) လူမှုရေးယုံကြည်ချက်၊
(၃) စီးပွားရေးယုံကြည်ချက်၊
(၄) သင်ကြားရေး (ပညာ) ယုံကြည်ချက်၊
(၅) ကျန်းမာရေးယုံကြည်ချက်...ဆိုပြီး ငါးချက်လောက် ပြောချင်ပါတယ်။


* အဲဒီအထဲက ဘာသာရေးယုံကြည်ချက်မှာလဲ -
(၁) ပသာဒသဒ္ဓါ - မြင်ကြားယုံကြည်မှု (သို့) ပကတိယုံကြည်မှု (သို့) သာမာန်ယုံကြည်မှုပေါ့။ မြင်လိုက်ရတဲ့ အဖြူ, အမဲ စသည်အပေါ်မှာ အဖြူ, အမဲပါပဲလို့ သာမာန်ပဲ လက်ခံယုံကြည်ထားတာ၊ ကြားလိုက်ရတဲ့ တရားသံ, သီချင်းသံအပေါ်မှာလဲ တရားသံ, သီချင်းသံပါပဲလို့ သာမာန်ပဲ လက်ခံယုံကြည်ထားတာ။ ဒါကို ပသာဒသဒ္ဓါလို့ ခေါ်ပါတယ်။ ဒီယုံကြည်မှုဟာ မခိုင်မြဲပါဘူး။

(၂) ပသန္နသဒ္ဓါ - ကြည်လင်တဲ့ ယုံကြည်မှု၊ ဖြစ်စဉ်တစ်ခုကို အကြောင်းအကျိုးနဲ့တကွ လက်ခံယုံကြည်မှုမျိုးပေါ့....။ အချိုပင်စိုက်ရင် အချိုသီး သီးမယ်။ အခါးပင်စိုက်ရင် အခါးသီး သီးမယ်...ဆိုတဲ့ ကြောင်းကျိုးဆက်နွှယ်တဲ့ ယုံကြည်မှုမျိုးကို ဆိုလိုတာပါ။
(၃) သြကပ္ပနသဒ္ဓါ - သက်ဝင်ယုံကြည်မှု၊ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးနှင့်တကွ ကံ, ကံရဲ့ အကျိုးအပေါ်မှာ ထဲထဲဝင်ဝင် မမှိတ်မသုံ ယုံကြည်မှုမျိုးပါ။ မျက်ကန်းယုံကြည်မှုမျိုး မဟုတ်ပါ။ အဲဒီဂုဏ်သတ္တိတွေကို ကိုယ်ကိုယ်တိုင် ခံစားလိုက်ရသလို ယုံကြည်သွားတာမျိုး။ ဒါကို သြကပ္ပနသဒ္ဓါ - လို့ ခေါ်ပါတယ်။ သူ့ကြတော့ ခိုင်မြဲလာပါတယ်။ ဒီလိုယုံကြည်မှုကို ရှိလာပြီဆိုရင် ပတ်ဝန်းကျင်က ဖျက်ဆီးလို့ မရတော့ပါဘူး။

(၄) အာဂမသဒ္ဓါ - အစဉ်လိုက်လာတဲ့ ယုံကြည်မှု၊ မနေ့က ယုံကြည်မှု ဒီနေ့ထိပါလာတာ၊ မနှစ်က ယုံကြည်မှု ဒီနေ့ထိ ပါလာတာ၊ အရင်ဘ၀က ယုံကြည်မှု ဒီဘ၀ထိ ပါလာတာ။ ပိုမိုခိုင်မြဲလာတဲ့ ယုံကြည်မှုပါ။ ဒီယုံကြည်မှုကတော့ အရိယာတန်းဝင် ပုဂ္ဂိုလ်များ ဖြစ်လေ့ရှိပါတယ်။
(၅) အဓိဂမသဒ္ဓါ...။ ဒါကိုတော့ မဂ်ရယုံကြည်မှုလို့ ဘာသာပြန်ချင်ပါတယ်။ ဘာကြောင့်လဲ...?။ တစ်မဂ်တစ်ဖိုလ်ရမှ ဖြစ်ပေါ်တဲ့ တကယ့် ယုံကြည်မှုအစစ်အမှန်ဖြစ်လို့ပါပဲ။

* ဘာသာရေးယုံကြည်မှုအရ ဒီယုံကြည်ချက်ငါးချက်နဲ့ ပြည့်စုံမှသာလျှင် စစ်မှန်တဲ့ ဘာသာရေးကို တွေ့ရှိလက်ခံနိုင်မှာ ဖြစ်ပါတယ်။ ဒါမှ မဟုတ်ရင် မိရိုးဖလာ ယုံကြည်မှုပဲဖြစ်ပြီး တည်တန့်ခိုင်မြဲတဲ့ ယုံကြည်မှုဆိုတာ ဖြစ်မလာနိုင်ပါဘူး။ တည်တန့်ခိုင်မြဲတဲ့ ယုံကြည်မှုမှ မရှိကြသေးရင် ဘာသာရေး အခြေခံဟာလည်း မမြဲပါဘူး။ စစ်မှန်တဲ့ ဘာသာရေးကို မတွေ့ရှိသေးဘူးလို့ ဆိုလိုရမှာ ဖြစ်ပါတယ်။

* နံပါတ် (၂) လူမှုရေးယုံကြည်ချက်မှာ -
မိမိကိုယ်ကို ယုံကြည်မှုနှင့် ပတ်ဝန်းကျင်အပေါ် ယုံကြည်မှု-ဟု နှစ်မျိုးပြောချင်ပါသည်။ “မိမိကိုယ်ကို ယုံကြည်မှု”ဆိုတာမှာ
မိမိရဲ့ ယုံကြည်မှု စွမ်းအား၊
အားထုတ်မှုစွမ်းအား၊
ထိမ်းချုပ်နိုင်မှု သတိစွမ်းအား၊ တည်ကြည်လေးနက်မှုစွမ်းအား၊ ခွဲခြားဝေဖန်နိုင်မှုစွမ်းအား..ဆိုတဲ့ ဒီစွမ်းအားငါးပါးရဲ့ အပေါ်မှာ ယုံကြည်မှုကို ဆိုလိုတာပါ။ ထို့အတူ ပတ်ဝန်းကျင်ရဲ့ ဒီစွမ်းအားငါးပါးအပေါ်မှာလည်း ယုံကြည်ရပါလိမ့်မယ်။


* ဒီလို မိမိနှင့် ပတ်ဝန်းကျင်ရဲ့အပေါ်မှာ စွမ်းအားငါးချက် ထားနိုင်ပြီဆိုရင် ပတ်ဝန်းကျင်နှင့် မိမိနှင့် ညှိရပါလိမ့်အုန်းမည်။ ညီရပါလိမ့်အုန်းမည်။ ညှိရမဲ့ ညီရမဲ့အရာတွေက ဘာတွေလဲ ...ဆိုရင် -
သဒ္ဓါ - ယုံကြည်မှု၊
သီလ - ကျင့်ကျင့်တရား၊
စာဂ - မျှဝေခံစားမှု၊
ပညာ - အတတ် ပညာ, အသိပညာ။
ဒီလေးချက် တူညီရပါ့မယ်။ ဒီလေးချက် တူညီမှ မိမိနှင့် ပတ်ဝန်းကျင် ဆက်ဆံလို့ ရပါလိမ့်မယ်။ ဒါမှ မဟုတ်ရင် ပေါင်းသင်းဆက်ဆံလို့ မရပါဘူး။ ပေါင်းသင်း ဆက်ဆံလို့ မရခြင်းသည်ပင်လျှင် လူမှုရေးယုံကြည်ချက် ပျက်ပြားခြင်းတစ်မျိုးပါပဲ....။


* နံပါတ် (၃) စီးပွားရေးယုံကြည်ချက်အရ - “အသက်မွေးမှု၊ တစ်ခုပညာ၊ ကိုယ်စီပါရမည်”-ဟု ဆိုသလို လူတိုင်းမှာ ကိုယ်ပိုင်စီးပွားရေး အသီးသီး ရှိကြပါတယ်။ မိမိရဲ့ ကိုယ်ပိုင်စီးပွားရေး အပေါ်မှာ “ဖြစ်ကိုဖြစ်ရမယ်”ဆိုတဲ့ ယုံကြည်ချက်ထားဖို့ လိုပါတယ်။ ဒါဟာ အရေးကြီးတဲ့ အချက်ပါ။

* အဲဒီ ယုံကြည်ချက်ရှိလာရင် စီးပွားရေး (သို့) ကြီးပွားရေးနည်းလမ်းလေးသွယ်ထဲက ပထမ ဥဋ္ဌာနသမ္ပဒါ-ဖြစ်လာပါတယ်။ ဥဋ္ဌာနသမ္ပဒါ...ဆိုတာ ထကြွလုံ့လ၀ီရိယရှိမှုကို ပြောတာပါ။ ဒီထကြွလုံ့လ၀ီရိယရှိမှသာလျှင် ကြီးပွားနိုင်ပါတယ်။ အိပ်နေတဲ့ ခြင်္သေ့ရဲ့ ပါးစပ်ထဲကို ဘယ်သားကောင်မှ ၀င်လာရိုး ထုံးစံ မရှိပါဘူး။ ဒါကြောင့် ပြည့်စုံမှုမှန်သမျှဟာ ၀ီရိယနဲ့ ကင်းရိုးထုံးစံ မရှိပါဘူး။

* တစ်ချို့ချို့သောပုဂ္ဂိုလ်တွေရဲ့ ၀ီရိယဟာ ကောက်ရိုးမီးလိုပဲ ၀ုန်းကနဲတောက်ပြီး ငြိမ်းသွား တတ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲ...ဆိုရင် ယုံကြည်မှု မခိုင်မြဲလို့ပါပဲ။ ယုံကြည်မှုခိုင်မြဲမှ သာလျှင် ၀ီရိယလည်း တည်မြဲပါတယ်။ ဒါကြောင့် စီးပွားရေးမှာလည်း ယုံကြည်ချက်ခိုင်မြဲဖို့ လိုပါတယ်။

* ဒုတိယ,က အာရက္ခသမ္ပဒါပါ။ ထိမ်းသိမ်းစောင့်ရှောက်မှုပေါ့။ တစ်ချို့ချို့ပုဂ္ဂိုလ်တွေဟာ ကုန်းရုန်းရှာတယ်၊ ဗရမ်းဗတာသုံးတယ်။ ဒါဆိုရင် အာရက္ခသမ္ပဒါမဖြစ်တော့ပါဘူး၊ အာရက္ခသမ္ပဒါ မဖြစ်ရင် စီးပွားရေး, ကြီးပွားရေးဟာ ပျက်ဆီးသွားတတ်ပါတယ်။ “အိတ်ပေါက်နဲ့ ဖားကောက်”သလိုပေါ့ဗျာ....။

* တတိယ,က သမဇီဝိတာပါ ...
သမဇီဝိတာ...ဆိုတာက ၀င်ငွေ ထွက်ငွေ မျှတအောင် သုံးစွဲရမယ်လို့ ဆိုတာပေါ့...။ ဒါကို ဥပမာပြရရင် လွှဲပေါက်မရှိတဲ့ ရေကန်ဟာ တာကျိုးတတ်သလို, ကန်သင်း (ကန်ဘောင်) မရှိတဲ့ ရေကန်ဟာလည်း ရေမတည်တတ်သလိုပါပဲ...။ “စီးတဲ့ရေ ဆယ်တဲ့ ကန်သင်း”ဆိုသလိုပေါ့....။


* စတုတ္ထကြီးပွားရေးလမ်းစဉ်ကတော့ အလိုအပ်ဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒါကတော့ ကလျာဏမိတ္တတာပါ။ ကလျာဏမိတ္တတာ...ဆိုတာ မိတ်ဆွေကောင်းရှိရမယ်လို့ ဆိုလိုတာပါ။ “မိတ်ဆွေ ကောင်းရှိရင် အကျိုးအားလုံးပြည့်စုံတယ်”လို့လည်း မြတ်ဗုဒ္ဓဟောကြားခဲ့ပါတယ်။ မြတ်ဗုဒ္ဓရဲ့ ဒီစကားကို ထောက်သောအားဖြင့် မိတ်ဆွေကောင်းဆိုတာ မရှိမဖြစ်လိုအပ်တဲ့ ကြီးပွားရေးလမ်းစဉ်တစ်ခု ဖြစ်ပါတယ်။ အားလုံးပြန်ချုပ်ပြီး ပြောရရင် ဒီစီးပွားရေး, ကြီးပွားရေးလမ်းစဉ်လေးရပ်ဟာ စီးပွားရေးယုံကြည်ချက်တွေပါပဲဗျာ...။

* သင်ကြားရေး (ပညာရေး) ယုံကြည်ချက်....အရ ဆရာနဲ့ တပည့် လိုက်လျောညီထွေမှုရှိဘို့ အလွန်လိုအပ်ပါတယ်။ အပေးအယူညီမျှရမယ်လို့ ပြောရင် ပိုမှန်မလား မသိဘူး။ အပေး အယူဆိုတဲ့ နေရာမှာ ဆရာဘက်က ၀ါသနာ, စေတနာ, အနစ်နာ, စံနမူနာ...ဆိုတဲ့ “နာ” လေးနာကို ပေးနိုင်ရပါလိမ့်မယ်။ ဒီ “နာ”လေးနာကို ဆရာ,က ပေးနိုင်မှသာလျှင် တပည့်ဆီက ကိုယ်လိုချင်တာကို ရနိုင်ပါလိမ့်မယ်။

* ဒီအထဲက ၀ါသနာ, စေတနာကို အထူးပြောစရာ မလိုပေမဲ့ အနစ်နာနဲ့ စံနမူနာကို နည်းနည်း ပြောချင်ပါတယ်။ “အနစ်နာ”ဆိုတဲ့အပိုင်းမှာ တာဝန်ပိုင်းမှာ အနစ်နာခံမှုနဲ့ ရပိုင်ခွင့်မှာ အနစ်နာမှု ....ဆိုပြီး နှစ်မျိုးပြောချင်ပါတယ်။
 
* ရှင်းပြပါ့မယ်။ တာဝန်ပိုင်းမှာ အနစ်နာခံမှုဆိုတာ ဥပမာ...သန့်ရှင်းရေးတစ်ခုဆိုပါတော့။ သန့်ရှင်းရေးလုပ်တဲ့ အခါ အမှိုက်ပုံသုံးပုံထားမယ်။ ဒါကို ဆရာ,က တစ်ပုံ၊ တပည့်က တစ်ပုံရှင်းလိုက်မယ်။ တစ်ပုံ ကျန်နေတယ်။ ကျန်တဲ့တစ်ပုံကို ငါက ဆရာပဲ တပည့်ကို အရှင်းခိုင်းလိုက်မယ်...ဆိုတဲ့ အတွေးမျိုး မတွေးပဲ။ “ငါက ဆရာပဲ၊ ငါက ပိုပြီး တာဝန်ရှိတယ်”ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ကျန်တဲ့ အမှိုက်တစ်ပုံကို ဆရာကိုယ်တိုင် ရှင်းလိုက်တယ်။ ဒါဟာ တာဝန်ပိုင်းမှာ “အနစ်နာခံမှု”ပါပဲ....။

* ရပိုင်ခွင့်မှာ အနစ်နာခံမှု...ဆိုတာကြတော့ ဥပမာ လွယ်တာပြောရရင်... ထမင်းဝိုင်းတစ်ပွဲရဲ့ ဟင်းပန်းကန်ထဲမှာ အသားဟင်းသုံးဖတ်ပဲ ကျန်တော့တယ်။ ဒီအချိန်မှာ “ငါလူကြီး ဇွန်းကြီးကြီးနဲ့ ခတ်မယ်”ဆိုတဲ့ စိတ်ဓာတ်မျိုး မမွေးပဲ။ “ငါက ဆရာပဲ...၊ တပည့်ကို ငဲ့ညှာရမှာပေါ့”ဆိုတဲ့ အတွေးနဲ့ တပည့်ကို နှစ်ဖတ်ကျွေးပြီး ကိုယ်က တစ်ဖတ်ပဲစားလိုက်တာ။ ဒါဟာ “ရပိုင်ခွင့်”မှာ အနစ်နာခံမှုပါ။

* စံနမူနာ...ဆိုတဲ့ အပိုင်းမှာတော့ တပည့်ကို အရက်မသောက်နဲ့လို့ ဆုံးမပြီးရင် ကိုယ်တိုင်လည်း အရက်နဲ့ကင်းအောင် နေလိုက်တာ။ လုံးဝ မနေနိုင်လို့ သောက်ခဲ့ရင်တောင် မမြင်ကွယ်ရာမှာပေါ့။ ဒါဟာ စံနမူနာပါပဲ...။ ချဲ့တွေးကြည့်ပေါ့....။

* ဒီ “နာ”လေးနာကို ပေးနိုင်ရင် တပည့်ဆီကလည်း ကိုယ်လိုချင်တာ ရယူနိုင်ပါတယ်။ ရအောင် ယူရပါလိမ့်မယ်။ ဆရာက တပည့်ဆီက ဘာလိုချင်သလဲ....။ တပည့်ကရော ဆရာ့ကို ဘာပေး နိုင်သလဲ....။ ဒါက ရှင်းရှင်းလေးပါ။ “ပီတိ”ပေါ့။ တပည့်နဲ့ဆက်နွှယ်တဲ့ ပီတိကို ဆရာတိုင်း ငတ်မွတ်ကြပါတယ်။ ငြင်းလို့မရတဲ့ ငတ်မွတ်မှုပါ။

* ဆရာများ ငတ်မွတ်နေတဲ့ ပီတိကို တပည့်များက ဘာတွေနဲ့ ဖော်စပ်ပေးရမလဲ...ဆိုရင် အမယ်လေးမျိုးနဲ့ ဖော်စပ်ရပါလိမ့်မယ်။ အဲဒီအမယ်လေးမျိုးကတော့ - ဆရာများ သင်ပေးတဲ့ အတတ်ပညာတွေကို တပည့်များက......
၁။ ဓာတာ - နှုတ်တက်အာဂုံ ဆောင်နိုင်ရမယ်၊
၂။ ၀စသာပရိစိတာ - နှုတ်ဖြင့် အဖန်ဖန် ရွတ်ဖတ် နိုင်ရမယ်၊
၃။ မနသာနုပက္ခိတာ - စိတ်ဖြင့် ဆင်ခြင်မှတ်သား နိုင်ရမယ်၊
၎။ ဒိဋ္ဌိယာသုပ္ပဋိဝိဒ္ဓါ - ကိုယ်ပိုင်ဥာဏ်ဖြင့် ထိုးထွင်းသိမြင် နိုင်ရမယ်....ဒီအမယ်လေးမျိုးနဲ့ ဖော်စပ်နိုင်ရင် ဆရာများ ငတ်မွတ်နေတဲ့ ပီတိကို တပည့်များက ပေးနိုင်ပါတယ်။ ဒါကို အောင်မြင်မှုလို့ လောက,က သတ်မှတ်ပါတယ်။ ဒါတွေဟာ ဆရာနဲ့ တပည့်တို့ရဲ့ သင်ကြားရေးယုံကြည်ချက်တွေပါပဲ......။


* ကျန်းမာရေးယုံကြည်ချက်အနေနဲ့တော့ ပကတိဝိရောဓိနဲ့ ဗျာဓိဝိရောဓိတို့ကို ခွဲခြားပြီး သိရပါလိမ့်မယ်။ ပကတိဝိရောဓိ...ဆိုတာက ပင်ကိုကတည်းက မိမိရဲ့ ခန္ဓာဖွဲ့စည်းမှုနဲ့ မတည့်တဲ့ ဆေးဝါးဓာတ်စာပါ။ ဆိုကြပါတော့... ၀မ်းလျှောနေတယ်ဆိုရင် သာလာဆတ်ကို များသောအားဖြင့် သုံးကြမှာပါ။ ဒါပေမဲ့ မိမိရဲ့ ခန္ဓာဖွဲ့စည်းမှုက သာလာဆတ်အုပ်စုနဲ့ မတည့်ဘူး...ဆိုရင် သာလာဆတ်အုပ်စု ဆေးမှန်သမျှနဲ့ မတည့်ပါဘူး။

* နောက်တစ်ခု ဗျာဓိဝိရောဓိ...ဆိုတာ မိမိမှာ ဖြစ်နေတဲ့ အနာရောဂါနဲ့ မတည့်တဲ့ ဆေးဝါးဓာတ်စာပါ။ ဥပမာ ၀မ်းလျှောနဲ့သူ ပဲဟင်းစားမိသလိုပေါ့။ ဘာပဲဖြစ်ဖြစ် “ဘေသဇ္ဇေ ၀ိဟိတေ”-စသော ဗုဒ္ဓဒေသနာအရ မိမိရောဂါနှင့် သင့်တင့်လျှောက်ပတ်စွာ စီရင်ထားတဲ့ဆေးကို ဆေးစွမ်းအင်နဲ့ ကိုယ်ခံအား စွမ်းအားမျှအောင် သုံးစွဲတတ်ဖို့ပါပဲ...။

* အဲဒီလို မျှတအောင် မသုံးစွဲတတ်ရင်တော့ ဆေးသည်ပင်လျှင် အဆိပ်ဖြစ်သွားတတ်ပါတယ်။ အနာနဲ့ဆေး တည့်ကျပေမဲ့ မျှတအောင် မသုံးနိုင်လို့ လောကကို လက်ပြသွားသူတွေဟာ ဒုနဲ့ဒေးပါပဲ...

* ဒါကြောင့် အားလုံးကို ပြောချင်တာက အချိန်, အရပ်ဒေသ, စွမ်းရည်သတ္တိ, လုပ်ဆောင် ချက်များနဲ့ လိုက်လျှောညီထွေတဲ့ ယုံကြည်ချက်များ မွေးမြူကြပါလို့ တိုက်တွန်းပါတယ်ဗျာ......။
အရှင်သီလာစာရ
မြတောင်ကျောင်း
ရေနံချောင်း
(၈.၁၂.၁၂ - အမျိုးသားနေ့)

* ကိုယ်ချင်းစာတရား .....


* ကိုယ်ချင်းစာတရား .....
 
*ရေခဲမုန့် ဘယ်လောက်လဲ
*500
*ဒီထက် ဈေးပေါတာမရှိဘူးလား
*ရှိတယ်။300 တန် ရှိတယ်။

ရေ ခဲမုန့်ရောင်းနေတဲ့ကောင် လေးက စိတ်မရှည်သလိုပြောလိုက်တယ်။
ရေခဲမုန့်ဝယ်တဲ့ကောင် လေးကိုကြည့်လိုက်တော့ ၁၃ နှစ် အရွယ် ကောင်လေးတယောက်။
ငွေကြေးတတ်နိုင် တဲ့ အသိုင်းအဝိုင်းကမှန်းသိသာပါတယ်။

ဒါပေမယ့် ကပ်စီးအိုးထင် ပါရဲ့။ ဈေးပေါတာကို မေးနေတယ်ဆိုတော့။
မဆီမဆိုင် ဘေးကနေ ကျွန်မ အကဲဖြတ်နေမိတယ် ။

ရေခဲမုန့်ရောင်းတဲ့ကောင်လေးကတော့ ခပ်နွမ်းနွမ်းရယ်ပါ။
နောက် အရောင်းအဝယ်ကတည့်သွားပါတယ်။

ကောင်လေးက 300 တန်ရေခဲမုန့်ကိုယူလိုက်တယ်။
ပြီးတော့ ဘောင်းဘီအိတ်ထဲက 500 တန်တရွက် ထုတ်ပေးတယ်။

ပြီးတော့ ကောင် လေးကစကားတခွန်းပြောတယ်။
ရော့ 500 ။200 ကိုပြန်မအမ်းနဲ့ မင်းယူလိုက်တော့ ငါတို့ကစားနေချိန်မှာ
မင်းက ဈေးရောင်းနေရတော့ ငါ ကိုယ်ချင်းစာပါတယ်။
ငါရတဲ့ မုန့်ဖိုးကို
တခုခုမဝယ်စားရင် လည်း အမေက ငါ့ကိုဆူလိမ့်မယ်။
ဒါ့ကြောင့် ငါကဈေးပေါတာကိုမေးပြီးဝယ်စားတာပါ။
မင်းလည်း 200 ဖိုးလောက်
ရေခဲမုန့်စားခြင် စားပေါ့။
ဒါမှမဟုတ်တခုခု ဝယ်စားပေါ့

ကျွန်မ နဲနဲလေးရှက်သွားတယ်။
မျှဝေပေးတယ်ဆိုတာကိုလည်း
ကျွန်မ ခုမှသဘောပေါက်လိုက်မိတယ်………
ပြီးတော့ ကိုယ်ချင်းစာတယ်ဆိုတာကိုရောပေါ့…………………………
…………………
ငြိမ်းလဲ့***(အမှတ် တရ-1)

………………………………………
မူရင်းက ဒီလိုရေးပါတယ်။

waiter: what do you want.?
boy : how much a cone ice cream costs.
waiter :Rs.15/

Then the boy check his pocket &asked cost of small cone .
lrrited waiter angrily said :Rs .12/

boy ordered a small cone had it paid bill&left.
the waiter picked the bill he see the boy left Rs.3/ as tip for him.