* လုပ်ငန်းအောင်မြင်ကြောင်း နည်းလမ်းငါးသွယ် ......
၁။ စစ်မှန်သော ယုံကြည်ချက် ခိုင်မြဲရမည်၊
၂။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာရမည်၊
၃။ လှည့်စားမှု, ကောက်ကျစ်မှုကင်းရမည်၊
၎။ အားထုတ်အပ်သော ၀ီရိယရှိရမည်၊
၅။ အသိပညာရှိရမည်။
* ဒီနည်းလမ်းငါးသွယ်နဲ့ ပြည့်စုံမယ်ဆိုရင် မအောင်မြင်, မတိုးတက်သူရယ်လို့ မရှိနိုင်ပါဘူး။ ဒီနည်းလမ်းငါးသွယ်ကို စနစ်တကျ ပိုမိုပီပြင်အောင် စွမ်းဆောင်နိုင်မယ်ဆိုရင် ဗောဓိဥာဏ်ကိုတောင် ရရှိနိုင်ပါတယ်။
* ဒီနည်းလမ်းငါးသွယ်ထဲက နံပါတ် (၁) “စစ်မှန်သော ယုံကြည်ချက် ခိုင်မြဲရမည်”ဆိုတဲ့ အချက်မှာ -
(၁) ဘာသာရေးယုံကြည်ချက်၊
(၂) လူမှုရေးယုံကြည်ချက်၊
(၃) စီးပွားရေးယုံကြည်ချက်၊
(၄) သင်ကြားရေး (ပညာ) ယုံကြည်ချက်၊
(၅) ကျန်းမာရေးယုံကြည်ချက်...ဆိုပြီး ငါးချက်လောက် ပြောချင်ပါတယ်။
* အဲဒီအထဲက ဘာသာရေးယုံကြည်ချက်မှာလဲ -
(၁) ပသာဒသဒ္ဓါ - မြင်ကြားယုံကြည်မှု (သို့) ပကတိယုံကြည်မှု (သို့) သာမာန်ယုံကြည်မှုပေါ့။ မြင်လိုက်ရတဲ့ အဖြူ, အမဲ စသည်အပေါ်မှာ အဖြူ, အမဲပါပဲလို့ သာမာန်ပဲ လက်ခံယုံကြည်ထားတာ၊ ကြားလိုက်ရတဲ့ တရားသံ, သီချင်းသံအပေါ်မှာလဲ တရားသံ, သီချင်းသံပါပဲလို့ သာမာန်ပဲ လက်ခံယုံကြည်ထားတာ။ ဒါကို ပသာဒသဒ္ဓါလို့ ခေါ်ပါတယ်။ ဒီယုံကြည်မှုဟာ မခိုင်မြဲပါဘူး။
(၂) ပသန္နသဒ္ဓါ - ကြည်လင်တဲ့ ယုံကြည်မှု၊ ဖြစ်စဉ်တစ်ခုကို အကြောင်းအကျိုးနဲ့တကွ လက်ခံယုံကြည်မှုမျိုးပေါ့....။ အချိုပင်စိုက်ရင် အချိုသီး သီးမယ်။ အခါးပင်စိုက်ရင် အခါးသီး သီးမယ်...ဆိုတဲ့ ကြောင်းကျိုးဆက်နွှယ်တဲ့ ယုံကြည်မှုမျိုးကို ဆိုလိုတာပါ။
(၃) သြကပ္ပနသဒ္ဓါ - သက်ဝင်ယုံကြည်မှု၊ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးနှင့်တကွ ကံ, ကံရဲ့ အကျိုးအပေါ်မှာ ထဲထဲဝင်ဝင် မမှိတ်မသုံ ယုံကြည်မှုမျိုးပါ။ မျက်ကန်းယုံကြည်မှုမျိုး မဟုတ်ပါ။ အဲဒီဂုဏ်သတ္တိတွေကို ကိုယ်ကိုယ်တိုင် ခံစားလိုက်ရသလို ယုံကြည်သွားတာမျိုး။ ဒါကို သြကပ္ပနသဒ္ဓါ - လို့ ခေါ်ပါတယ်။ သူ့ကြတော့ ခိုင်မြဲလာပါတယ်။ ဒီလိုယုံကြည်မှုကို ရှိလာပြီဆိုရင် ပတ်ဝန်းကျင်က ဖျက်ဆီးလို့ မရတော့ပါဘူး။
(၄) အာဂမသဒ္ဓါ - အစဉ်လိုက်လာတဲ့ ယုံကြည်မှု၊ မနေ့က ယုံကြည်မှု ဒီနေ့ထိပါလာတာ၊ မနှစ်က ယုံကြည်မှု ဒီနေ့ထိ ပါလာတာ၊ အရင်ဘ၀က ယုံကြည်မှု ဒီဘ၀ထိ ပါလာတာ။ ပိုမိုခိုင်မြဲလာတဲ့ ယုံကြည်မှုပါ။ ဒီယုံကြည်မှုကတော့ အရိယာတန်းဝင် ပုဂ္ဂိုလ်များ ဖြစ်လေ့ရှိပါတယ်။
(၅) အဓိဂမသဒ္ဓါ...။ ဒါကိုတော့ မဂ်ရယုံကြည်မှုလို့ ဘာသာပြန်ချင်ပါတယ်။ ဘာကြောင့်လဲ...?။ တစ်မဂ်တစ်ဖိုလ်ရမှ ဖြစ်ပေါ်တဲ့ တကယ့် ယုံကြည်မှုအစစ်အမှန်ဖြစ်လို့ပါပဲ။
* ဘာသာရေးယုံကြည်မှုအရ ဒီယုံကြည်ချက်ငါးချက်နဲ့ ပြည့်စုံမှသာလျှင် စစ်မှန်တဲ့ ဘာသာရေးကို တွေ့ရှိလက်ခံနိုင်မှာ ဖြစ်ပါတယ်။ ဒါမှ မဟုတ်ရင် မိရိုးဖလာ ယုံကြည်မှုပဲဖြစ်ပြီး တည်တန့်ခိုင်မြဲတဲ့ ယုံကြည်မှုဆိုတာ ဖြစ်မလာနိုင်ပါဘူး။ တည်တန့်ခိုင်မြဲတဲ့ ယုံကြည်မှုမှ မရှိကြသေးရင် ဘာသာရေး အခြေခံဟာလည်း မမြဲပါဘူး။ စစ်မှန်တဲ့ ဘာသာရေးကို မတွေ့ရှိသေးဘူးလို့ ဆိုလိုရမှာ ဖြစ်ပါတယ်။
* နံပါတ် (၂) လူမှုရေးယုံကြည်ချက်မှာ -
မိမိကိုယ်ကို ယုံကြည်မှုနှင့် ပတ်ဝန်းကျင်အပေါ် ယုံကြည်မှု-ဟု နှစ်မျိုးပြောချင်ပါသည်။ “မိမိကိုယ်ကို ယုံကြည်မှု”ဆိုတာမှာ
မိမိရဲ့ ယုံကြည်မှု စွမ်းအား၊
အားထုတ်မှုစွမ်းအား၊
ထိမ်းချုပ်နိုင်မှု သတိစွမ်းအား၊ တည်ကြည်လေးနက်မှုစွမ်းအား၊ ခွဲခြားဝေဖန်နိုင်မှုစွမ်းအား..ဆိုတဲ့ ဒီစွမ်းအားငါးပါးရဲ့ အပေါ်မှာ ယုံကြည်မှုကို ဆိုလိုတာပါ။ ထို့အတူ ပတ်ဝန်းကျင်ရဲ့ ဒီစွမ်းအားငါးပါးအပေါ်မှာလည်း ယုံကြည်ရပါလိမ့်မယ်။
* ဒီလို မိမိနှင့် ပတ်ဝန်းကျင်ရဲ့အပေါ်မှာ စွမ်းအားငါးချက် ထားနိုင်ပြီဆိုရင် ပတ်ဝန်းကျင်နှင့် မိမိနှင့် ညှိရပါလိမ့်အုန်းမည်။ ညီရပါလိမ့်အုန်းမည်။ ညှိရမဲ့ ညီရမဲ့အရာတွေက ဘာတွေလဲ ...ဆိုရင် -
သဒ္ဓါ - ယုံကြည်မှု၊
သီလ - ကျင့်ကျင့်တရား၊
စာဂ - မျှဝေခံစားမှု၊
ပညာ - အတတ် ပညာ, အသိပညာ။
ဒီလေးချက် တူညီရပါ့မယ်။ ဒီလေးချက် တူညီမှ မိမိနှင့် ပတ်ဝန်းကျင် ဆက်ဆံလို့ ရပါလိမ့်မယ်။ ဒါမှ မဟုတ်ရင် ပေါင်းသင်းဆက်ဆံလို့ မရပါဘူး။ ပေါင်းသင်း ဆက်ဆံလို့ မရခြင်းသည်ပင်လျှင် လူမှုရေးယုံကြည်ချက် ပျက်ပြားခြင်းတစ်မျိုးပါပဲ....။
* နံပါတ် (၃) စီးပွားရေးယုံကြည်ချက်အရ - “အသက်မွေးမှု၊ တစ်ခုပညာ၊ ကိုယ်စီပါရမည်”-ဟု ဆိုသလို လူတိုင်းမှာ ကိုယ်ပိုင်စီးပွားရေး အသီးသီး ရှိကြပါတယ်။ မိမိရဲ့ ကိုယ်ပိုင်စီးပွားရေး အပေါ်မှာ “ဖြစ်ကိုဖြစ်ရမယ်”ဆိုတဲ့ ယုံကြည်ချက်ထားဖို့ လိုပါတယ်။ ဒါဟာ အရေးကြီးတဲ့ အချက်ပါ။
* အဲဒီ ယုံကြည်ချက်ရှိလာရင် စီးပွားရေး (သို့) ကြီးပွားရေးနည်းလမ်းလေးသွယ်ထဲက ပထမ ဥဋ္ဌာနသမ္ပဒါ-ဖြစ်လာပါတယ်။ ဥဋ္ဌာနသမ္ပဒါ...ဆိုတာ ထကြွလုံ့လ၀ီရိယရှိမှုကို ပြောတာပါ။ ဒီထကြွလုံ့လ၀ီရိယရှိမှသာလျှင် ကြီးပွားနိုင်ပါတယ်။ အိပ်နေတဲ့ ခြင်္သေ့ရဲ့ ပါးစပ်ထဲကို ဘယ်သားကောင်မှ ၀င်လာရိုး ထုံးစံ မရှိပါဘူး။ ဒါကြောင့် ပြည့်စုံမှုမှန်သမျှဟာ ၀ီရိယနဲ့ ကင်းရိုးထုံးစံ မရှိပါဘူး။
* တစ်ချို့ချို့သောပုဂ္ဂိုလ်တွေရဲ့ ၀ီရိယဟာ ကောက်ရိုးမီးလိုပဲ ၀ုန်းကနဲတောက်ပြီး ငြိမ်းသွား တတ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲ...ဆိုရင် ယုံကြည်မှု မခိုင်မြဲလို့ပါပဲ။ ယုံကြည်မှုခိုင်မြဲမှ သာလျှင် ၀ီရိယလည်း တည်မြဲပါတယ်။ ဒါကြောင့် စီးပွားရေးမှာလည်း ယုံကြည်ချက်ခိုင်မြဲဖို့ လိုပါတယ်။
* ဒုတိယ,က အာရက္ခသမ္ပဒါပါ။ ထိမ်းသိမ်းစောင့်ရှောက်မှုပေါ့။ တစ်ချို့ချို့ပုဂ္ဂိုလ်တွေဟာ ကုန်းရုန်းရှာတယ်၊ ဗရမ်းဗတာသုံးတယ်။ ဒါဆိုရင် အာရက္ခသမ္ပဒါမဖြစ်တော့ပါဘူး၊ အာရက္ခသမ္ပဒါ မဖြစ်ရင် စီးပွားရေး, ကြီးပွားရေးဟာ ပျက်ဆီးသွားတတ်ပါတယ်။ “အိတ်ပေါက်နဲ့ ဖားကောက်”သလိုပေါ့ဗျာ....။
* တတိယ,က သမဇီဝိတာပါ ...
သမဇီဝိတာ...ဆိုတာက ၀င်ငွေ ထွက်ငွေ မျှတအောင် သုံးစွဲရမယ်လို့ ဆိုတာပေါ့...။ ဒါကို ဥပမာပြရရင် လွှဲပေါက်မရှိတဲ့ ရေကန်ဟာ တာကျိုးတတ်သလို, ကန်သင်း (ကန်ဘောင်) မရှိတဲ့ ရေကန်ဟာလည်း ရေမတည်တတ်သလိုပါပဲ...။ “စီးတဲ့ရေ ဆယ်တဲ့ ကန်သင်း”ဆိုသလိုပေါ့....။
* စတုတ္ထကြီးပွားရေးလမ်းစဉ်ကတော့ အလိုအပ်ဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒါကတော့ ကလျာဏမိတ္တတာပါ။ ကလျာဏမိတ္တတာ...ဆိုတာ မိတ်ဆွေကောင်းရှိရမယ်လို့ ဆိုလိုတာပါ။ “မိတ်ဆွေ ကောင်းရှိရင် အကျိုးအားလုံးပြည့်စုံတယ်”လို့လည်း မြတ်ဗုဒ္ဓဟောကြားခဲ့ပါတယ်။ မြတ်ဗုဒ္ဓရဲ့ ဒီစကားကို ထောက်သောအားဖြင့် မိတ်ဆွေကောင်းဆိုတာ မရှိမဖြစ်လိုအပ်တဲ့ ကြီးပွားရေးလမ်းစဉ်တစ်ခု ဖြစ်ပါတယ်။ အားလုံးပြန်ချုပ်ပြီး ပြောရရင် ဒီစီးပွားရေး, ကြီးပွားရေးလမ်းစဉ်လေးရပ်ဟာ စီးပွားရေးယုံကြည်ချက်တွေပါပဲဗျာ...။
* သင်ကြားရေး (ပညာရေး) ယုံကြည်ချက်....အရ ဆရာနဲ့ တပည့် လိုက်လျောညီထွေမှုရှိဘို့ အလွန်လိုအပ်ပါတယ်။ အပေးအယူညီမျှရမယ်လို့ ပြောရင် ပိုမှန်မလား မသိဘူး။ အပေး အယူဆိုတဲ့ နေရာမှာ ဆရာဘက်က ၀ါသနာ, စေတနာ, အနစ်နာ, စံနမူနာ...ဆိုတဲ့ “နာ” လေးနာကို ပေးနိုင်ရပါလိမ့်မယ်။ ဒီ “နာ”လေးနာကို ဆရာ,က ပေးနိုင်မှသာလျှင် တပည့်ဆီက ကိုယ်လိုချင်တာကို ရနိုင်ပါလိမ့်မယ်။
* ဒီအထဲက ၀ါသနာ, စေတနာကို အထူးပြောစရာ မလိုပေမဲ့ အနစ်နာနဲ့ စံနမူနာကို နည်းနည်း ပြောချင်ပါတယ်။ “အနစ်နာ”ဆိုတဲ့အပိုင်းမှာ တာဝန်ပိုင်းမှာ အနစ်နာခံမှုနဲ့ ရပိုင်ခွင့်မှာ အနစ်နာမှု ....ဆိုပြီး နှစ်မျိုးပြောချင်ပါတယ်။
* ရှင်းပြပါ့မယ်။ တာဝန်ပိုင်းမှာ အနစ်နာခံမှုဆိုတာ ဥပမာ...သန့်ရှင်းရေးတစ်ခုဆိုပါတော့။ သန့်ရှင်းရေးလုပ်တဲ့ အခါ အမှိုက်ပုံသုံးပုံထားမယ်။ ဒါကို ဆရာ,က တစ်ပုံ၊ တပည့်က တစ်ပုံရှင်းလိုက်မယ်။ တစ်ပုံ ကျန်နေတယ်။ ကျန်တဲ့တစ်ပုံကို ငါက ဆရာပဲ တပည့်ကို အရှင်းခိုင်းလိုက်မယ်...ဆိုတဲ့ အတွေးမျိုး မတွေးပဲ။ “ငါက ဆရာပဲ၊ ငါက ပိုပြီး တာဝန်ရှိတယ်”ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ကျန်တဲ့ အမှိုက်တစ်ပုံကို ဆရာကိုယ်တိုင် ရှင်းလိုက်တယ်။ ဒါဟာ တာဝန်ပိုင်းမှာ “အနစ်နာခံမှု”ပါပဲ....။
* ရပိုင်ခွင့်မှာ အနစ်နာခံမှု...ဆိုတာကြတော့ ဥပမာ လွယ်တာပြောရရင်... ထမင်းဝိုင်းတစ်ပွဲရဲ့ ဟင်းပန်းကန်ထဲမှာ အသားဟင်းသုံးဖတ်ပဲ ကျန်တော့တယ်။ ဒီအချိန်မှာ “ငါလူကြီး ဇွန်းကြီးကြီးနဲ့ ခတ်မယ်”ဆိုတဲ့ စိတ်ဓာတ်မျိုး မမွေးပဲ။ “ငါက ဆရာပဲ...၊ တပည့်ကို ငဲ့ညှာရမှာပေါ့”ဆိုတဲ့ အတွေးနဲ့ တပည့်ကို နှစ်ဖတ်ကျွေးပြီး ကိုယ်က တစ်ဖတ်ပဲစားလိုက်တာ။ ဒါဟာ “ရပိုင်ခွင့်”မှာ အနစ်နာခံမှုပါ။
* စံနမူနာ...ဆိုတဲ့ အပိုင်းမှာတော့ တပည့်ကို အရက်မသောက်နဲ့လို့ ဆုံးမပြီးရင် ကိုယ်တိုင်လည်း အရက်နဲ့ကင်းအောင် နေလိုက်တာ။ လုံးဝ မနေနိုင်လို့ သောက်ခဲ့ရင်တောင် မမြင်ကွယ်ရာမှာပေါ့။ ဒါဟာ စံနမူနာပါပဲ...။ ချဲ့တွေးကြည့်ပေါ့....။
* ဒီ “နာ”လေးနာကို ပေးနိုင်ရင် တပည့်ဆီကလည်း ကိုယ်လိုချင်တာ ရယူနိုင်ပါတယ်။ ရအောင် ယူရပါလိမ့်မယ်။ ဆရာက တပည့်ဆီက ဘာလိုချင်သလဲ....။ တပည့်ကရော ဆရာ့ကို ဘာပေး နိုင်သလဲ....။ ဒါက ရှင်းရှင်းလေးပါ။ “ပီတိ”ပေါ့။ တပည့်နဲ့ဆက်နွှယ်တဲ့ ပီတိကို ဆရာတိုင်း ငတ်မွတ်ကြပါတယ်။ ငြင်းလို့မရတဲ့ ငတ်မွတ်မှုပါ။
* ဆရာများ ငတ်မွတ်နေတဲ့ ပီတိကို တပည့်များက ဘာတွေနဲ့ ဖော်စပ်ပေးရမလဲ...ဆိုရင် အမယ်လေးမျိုးနဲ့ ဖော်စပ်ရပါလိမ့်မယ်။ အဲဒီအမယ်လေးမျိုးကတော့ - ဆရာများ သင်ပေးတဲ့ အတတ်ပညာတွေကို တပည့်များက......
၁။ ဓာတာ - နှုတ်တက်အာဂုံ ဆောင်နိုင်ရမယ်၊
၂။ ၀စသာပရိစိတာ - နှုတ်ဖြင့် အဖန်ဖန် ရွတ်ဖတ် နိုင်ရမယ်၊
၃။ မနသာနုပက္ခိတာ - စိတ်ဖြင့် ဆင်ခြင်မှတ်သား နိုင်ရမယ်၊
၎။ ဒိဋ္ဌိယာသုပ္ပဋိဝိဒ္ဓါ - ကိုယ်ပိုင်ဥာဏ်ဖြင့် ထိုးထွင်းသိမြင် နိုင်ရမယ်....ဒီအမယ်လေးမျိုးနဲ့ ဖော်စပ်နိုင်ရင် ဆရာများ ငတ်မွတ်နေတဲ့ ပီတိကို တပည့်များက ပေးနိုင်ပါတယ်။ ဒါကို အောင်မြင်မှုလို့ လောက,က သတ်မှတ်ပါတယ်။ ဒါတွေဟာ ဆရာနဲ့ တပည့်တို့ရဲ့ သင်ကြားရေးယုံကြည်ချက်တွေပါပဲ......။
* ကျန်းမာရေးယုံကြည်ချက်အနေနဲ့တော့ ပကတိဝိရောဓိနဲ့ ဗျာဓိဝိရောဓိတို့ကို ခွဲခြားပြီး သိရပါလိမ့်မယ်။ ပကတိဝိရောဓိ...ဆိုတာက ပင်ကိုကတည်းက မိမိရဲ့ ခန္ဓာဖွဲ့စည်းမှုနဲ့ မတည့်တဲ့ ဆေးဝါးဓာတ်စာပါ။ ဆိုကြပါတော့... ၀မ်းလျှောနေတယ်ဆိုရင် သာလာဆတ်ကို များသောအားဖြင့် သုံးကြမှာပါ။ ဒါပေမဲ့ မိမိရဲ့ ခန္ဓာဖွဲ့စည်းမှုက သာလာဆတ်အုပ်စုနဲ့ မတည့်ဘူး...ဆိုရင် သာလာဆတ်အုပ်စု ဆေးမှန်သမျှနဲ့ မတည့်ပါဘူး။
* နောက်တစ်ခု ဗျာဓိဝိရောဓိ...ဆိုတာ မိမိမှာ ဖြစ်နေတဲ့ အနာရောဂါနဲ့ မတည့်တဲ့ ဆေးဝါးဓာတ်စာပါ။ ဥပမာ ၀မ်းလျှောနဲ့သူ ပဲဟင်းစားမိသလိုပေါ့။ ဘာပဲဖြစ်ဖြစ် “ဘေသဇ္ဇေ ၀ိဟိတေ”-စသော ဗုဒ္ဓဒေသနာအရ မိမိရောဂါနှင့် သင့်တင့်လျှောက်ပတ်စွာ စီရင်ထားတဲ့ဆေးကို ဆေးစွမ်းအင်နဲ့ ကိုယ်ခံအား စွမ်းအားမျှအောင် သုံးစွဲတတ်ဖို့ပါပဲ...။
* အဲဒီလို မျှတအောင် မသုံးစွဲတတ်ရင်တော့ ဆေးသည်ပင်လျှင် အဆိပ်ဖြစ်သွားတတ်ပါတယ်။ အနာနဲ့ဆေး တည့်ကျပေမဲ့ မျှတအောင် မသုံးနိုင်လို့ လောကကို လက်ပြသွားသူတွေဟာ ဒုနဲ့ဒေးပါပဲ...
* ဒါကြောင့် အားလုံးကို ပြောချင်တာက အချိန်, အရပ်ဒေသ, စွမ်းရည်သတ္တိ, လုပ်ဆောင် ချက်များနဲ့ လိုက်လျှောညီထွေတဲ့ ယုံကြည်ချက်များ မွေးမြူကြပါလို့ တိုက်တွန်းပါတယ်ဗျာ......။
အရှင်သီလာစာရ
မြတောင်ကျောင်း
ရေနံချောင်း
(၈.၁၂.၁၂ - အမျိုးသားနေ့)
No comments:
Post a Comment