Tuesday, October 25, 2016

* မရှုစိမ့်သူ ....


* မရှုစိမ့်သူ ....

* ဘယ်သောအခါမှ သူတပါးကောင်းစားတာကို မမြင်လိုဘူး။ သူတပါးကောင်းစားရင် ကောင်းစားသလောက် စိတ်သောက ရောက်နေသူ၊ သူတပါးပျက်စီးရာပျက်စီးကြောင်းကို အမြဲကြံစည် လုပ်ေ
ဆာင်နေသူ၊ သူကား အခြားသူ မဟုတ်။ မာန်နတ် ....


* ခုလည်းကြည့်လေ။ မြတ်ဗုဒ္ဓသည် ပဉ္စသာလာ ပုဏ္ဏားရွာသို့ ကြွရောက်လာ၏။ အကြောင်းမဲ့တော့ မဟုတ်။ လောက သူတော်ကောင်းတို့မည်သည် ပေးဆပ်မှုကိုသာလျှင် အစဉ်ရှေးရှုလျက်ရှိ၏။ ခုလည်း မြတ်ဗုဒ္ဓသည် ပဉ္စသာလာရွာသူ သတိုးသမီးငါးရာတို့၏ သောတာပတ္တိမဂ်ရအံ့သော အကြောင်းဥပနိဿယကြောင့် ဤရွာသို့ ကြွရောက် သီတင်းသုံးနေခြင်း ဖြစ်၏။

* သူတော်ကောင်းတို့သည် ပေးဆပ်မှုကို အစဉ်ရှေးရှုသလောက် သူယုတ်မာတို့သည်ကား သူတပါးပျက်စီးမှုကိုသာ အစဉ်ကြံတွေး ဖျက်ဆီးလျက်ရှိ၏။ ဤသည်မှာ လောက သဘာဝဖြစ်၏။

* တစ်နေ့ နက္ခတ်ပွဲသဘင်နေ့၌ ပဉ္စသာလာရွာသူ သတိုးသမီးငါးရာဟာ မြစ်ဆိပ်သွား၊ ရေချိုး၊ တန်ဆာဆင်ပြီး ပြန်အလာ မြတ်ဗုဒ္ဓလည်း ရွာသို့ ဆွမ်းခံကြွတော်မူလာ၏။ ဒီအချိန်မှာပဲ မာန်နတ်သည် တစ်ရွာလုံး သတိလွတ်စေ၍ မြတ်ဗုဒ္ဓ ဆွမ်းမရအောင် နှောက်ယှက်တော့၏။ မြတ်ဗုဒ္ဓလည်း ဆွမ်းခံရွာမှ ဖဲ၍ ရွာတံခါး၌ ခေတ္တ သီတင်းနေ၏။

* ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့အလုပ်သည်လည်း လူယုတ်မာတို့၏ စရိုက်တစ်မျိုးဟု ထင်သည်။ အဘယ်ကြောင့်ဆိုသော် မာန်နတ်သည် မြတ်ဗုဒ္ဓသီတင်းသုံးရာ ရွာတံခါးခုံသို့ လာ၍ `` သမဏ ... ဆွမ်း ရခဲ့ရဲ့လား?၊ ဒီအချိန်ဆို ဆာလောင်မှုဒုက္ခတွေ နှိပ်စက်နေမှာပေါ့နော်´´ဟု ခနဲ့သလိုလို ရွဲ့သလိုလိုနဲ့ လျှောက်၏။

* မြတ်ဗုဒ္ဓလည်း ``ပါပိမ - ယုတ်မာသော မာန်နတ် ... သင့်လုပ်ရပ်ကို ငါ မသိ မဟုတ်၊ သိ၏။ ယနေ့ ငါ ဆွမ်းတစ်ဇွန်းမျှ မရသော်လည်း အာဘဿရာဗြဟ္မာများကဲ့သို့ ပီတိ, သုခတည်းဟူသော အစာအာဟာရဖြင့် အချိန်ကို လွန်မြောက်စေအံ့´´ဟု မိန့်၍ -
``သုသုခံ ဝတ ဇီဝါမ၊ ယေသံ နော နတ္ထိ ကိဉ္စနံ။
ပီတိဘက္ခာ ဘဝိဿာမ၊ ဒေဝါ အာဘဿရာ ယထာ´´ ဟူသော ဂါထာကို မိန့်တော်မူပါတယ်။


* အဓိပ္ပာယ်ကား - ``စိုးရိမ်ကြောင့်ကြစရာ တစ်စုံတစ်ခုမျှ မရှိတော့သည့်အတွက် ငါဘုရားတို့သည် အလွန်ချမ်းသာစွာ အသက်မွေးနေကြရကုန်၏။ အာဘဿရာဗြဟ္မာများသည် နှစ်သက်မှု ပီတိအစာကို အမှီပြုကာ နေကြရသကဲ့သို့ ငါဘုရားတို့သည်လည်း နှစ်သက်မှု ပီတိအစာကို အမှီပြုကာ နေထိုင်ရကုန်အံ့´´ဟူသည်တည်း။

* ဟုတ်၏။ ရောင့်ရဲမှုသည် အမြတ်ဆုံးသော ဥစ္စာဖြစ်၏။ ရောင့်ရဲနိုင်သူအဖို့ မပြည့်စုံမှုဟူသည် အဘယ်မှာ ရှိအံ့နည်း။ ထို့အတူ မရောင့်ရဲတတ်သူအဖို့ကလည်း မည်မျှပင် ရှိစေ, ရစေကာမူ အလိုပြည့်ဝပြီဟူ၍ ဘယ်သောအခါမှ မရှိနိုင်ပေ။ လိုမြဲ လိုနေမည်သာ။ ထိုအလိုမပြည့်ဝမှုသည်ပင်လျှင် မိမိဘဝ ပျက်စီးခြင်း၏ အကြောင်းတစ်မျိုး မဟုတ်လော .....

* သို့ဖြစ်ပါ၍ စာချစ်သူ ဓမ္မမိတ်ဆွေတို့ အနေဖြင့်လည်း မိမိဘဝ မပျက်စီးရလေအောင် ``သန္တုဋ္ဌိမင်္ဂလာ´´ဟု ဆိုအပ်သော ``ရောင့်ရဲတင်းတိမ်နိုင်မှုမင်္ဂလာ´´နဲ့ ပြည့်စုံအောင် နေထိုင်သင့်ပါကြောင်း တင်ပြလိုက်ရပါသတည်း ......

အရှင်သီလာစာရ
မြတောင်ကျောင်း
ရေနံချောင်း
25.10.2016

* ဓမ္မပဒအဋ္ဌကထာ၊ ဒုတိယအုပ်၊ စာ - ၁၆၇ ပါ၊ သုခဝဂ်၊ မာရဝတ္ထုကို ကြည်ညိုပူဇော်သည်။

No comments:

Post a Comment