Tuesday, October 25, 2016

* အကယ်၍သာ .....


" " အကယ်၍သာ " "
*************************
.
အကယ်၍
သင် မကြိုက်တဲ့အရာဖြစ်ခဲ့ရင်
မကြည့်ပဲ နေလိုက်ပါ။
.
အကယ်၍
သင် မသိတဲ့ အကြောင်းအရာ ဖြစ်ခဲ့ရင်
မပြောပဲ နေလိုက်ပါ။
.
အကယ်၍
သင် နဲ့အမြင်မတူတဲ့အရာ ဖြစ်ခဲ့ရင်
အပြစ်မတင်ပဲ နေလိုက်ပါ။
.
အကယ်၍
သင် နားမလည်တဲ့အရာ ဖြစ်ခဲ့ရင်
မဝေဖန်ပဲ နေလိုက်ပါ။
.
အကယ်၍
သင့်မှာ မရှိ သေးတဲ့ အရာ ဖြစ်ခဲ့ရင်
မမုန်းပဲ နေလိုက်ပါ။
.
အကယ်၍
သင့်မှာ ရှိနေသေးတဲ့အရာ ဖြစ်ခဲ့ရင်
တန်ဖိုးထား ဂရုစိုက်လိုက်ပါ။
.
တန်ဖိုးရှိလှတဲ့
သင့် ရဲ့ စိတ်ထား
သင့် ရဲ့ အချိန်
သင့် ရဲ့ အနာဂတ်အတွက်…
.
တန်ဖိုးမရှိတဲ့ အမြင်
တန်ဖိုးမရှိတဲ့ စိတ်ထားတွေနဲ့
သင့် ရဲ့ အနာဂတ်အတွက်
အဖိုးတန်အချိန်တွေကို
မဖြုန်းတီးလိုက် ပါနဲ့…
.
.
ငြိမ်းလဲ့

* လုပ်ငန်းအောင်မြင်ကြောင်း နည်းလမ်းငါးသွယ် ......


* လုပ်ငန်းအောင်မြင်ကြောင်း နည်းလမ်းငါးသွယ် ......

၁။ စစ်မှန်သော ယုံကြည်ချက် ခိုင်မြဲရမည်၊
၂။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာရမည်၊
၃။ လှည့်စားမှု, ကောက်ကျစ်မှုကင်းရမည်၊
၎။ အားထုတ်အပ်သော ၀ီရိယရှိရမည်၊
၅။ အသိပညာရှိရမည်။


* ဒီနည်းလမ်းငါးသွယ်နဲ့ ပြည့်စုံမယ်ဆိုရင် မအောင်မြင်, မတိုးတက်သူရယ်လို့ မရှိနိုင်ပါဘူး။ ဒီနည်းလမ်းငါးသွယ်ကို စနစ်တကျ ပိုမိုပီပြင်အောင် စွမ်းဆောင်နိုင်မယ်ဆိုရင် ဗောဓိဥာဏ်ကိုတောင် ရရှိနိုင်ပါတယ်။
 
* ဒီနည်းလမ်းငါးသွယ်ထဲက နံပါတ် (၁) “စစ်မှန်သော ယုံကြည်ချက် ခိုင်မြဲရမည်”ဆိုတဲ့ အချက်မှာ -
(၁) ဘာသာရေးယုံကြည်ချက်၊
(၂) လူမှုရေးယုံကြည်ချက်၊
(၃) စီးပွားရေးယုံကြည်ချက်၊
(၄) သင်ကြားရေး (ပညာ) ယုံကြည်ချက်၊
(၅) ကျန်းမာရေးယုံကြည်ချက်...ဆိုပြီး ငါးချက်လောက် ပြောချင်ပါတယ်။


* အဲဒီအထဲက ဘာသာရေးယုံကြည်ချက်မှာလဲ -
(၁) ပသာဒသဒ္ဓါ - မြင်ကြားယုံကြည်မှု (သို့) ပကတိယုံကြည်မှု (သို့) သာမာန်ယုံကြည်မှုပေါ့။ မြင်လိုက်ရတဲ့ အဖြူ, အမဲ စသည်အပေါ်မှာ အဖြူ, အမဲပါပဲလို့ သာမာန်ပဲ လက်ခံယုံကြည်ထားတာ၊ ကြားလိုက်ရတဲ့ တရားသံ, သီချင်းသံအပေါ်မှာလဲ တရားသံ, သီချင်းသံပါပဲလို့ သာမာန်ပဲ လက်ခံယုံကြည်ထားတာ။ ဒါကို ပသာဒသဒ္ဓါလို့ ခေါ်ပါတယ်။ ဒီယုံကြည်မှုဟာ မခိုင်မြဲပါဘူး။

(၂) ပသန္နသဒ္ဓါ - ကြည်လင်တဲ့ ယုံကြည်မှု၊ ဖြစ်စဉ်တစ်ခုကို အကြောင်းအကျိုးနဲ့တကွ လက်ခံယုံကြည်မှုမျိုးပေါ့....။ အချိုပင်စိုက်ရင် အချိုသီး သီးမယ်။ အခါးပင်စိုက်ရင် အခါးသီး သီးမယ်...ဆိုတဲ့ ကြောင်းကျိုးဆက်နွှယ်တဲ့ ယုံကြည်မှုမျိုးကို ဆိုလိုတာပါ။
(၃) သြကပ္ပနသဒ္ဓါ - သက်ဝင်ယုံကြည်မှု၊ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးနှင့်တကွ ကံ, ကံရဲ့ အကျိုးအပေါ်မှာ ထဲထဲဝင်ဝင် မမှိတ်မသုံ ယုံကြည်မှုမျိုးပါ။ မျက်ကန်းယုံကြည်မှုမျိုး မဟုတ်ပါ။ အဲဒီဂုဏ်သတ္တိတွေကို ကိုယ်ကိုယ်တိုင် ခံစားလိုက်ရသလို ယုံကြည်သွားတာမျိုး။ ဒါကို သြကပ္ပနသဒ္ဓါ - လို့ ခေါ်ပါတယ်။ သူ့ကြတော့ ခိုင်မြဲလာပါတယ်။ ဒီလိုယုံကြည်မှုကို ရှိလာပြီဆိုရင် ပတ်ဝန်းကျင်က ဖျက်ဆီးလို့ မရတော့ပါဘူး။

(၄) အာဂမသဒ္ဓါ - အစဉ်လိုက်လာတဲ့ ယုံကြည်မှု၊ မနေ့က ယုံကြည်မှု ဒီနေ့ထိပါလာတာ၊ မနှစ်က ယုံကြည်မှု ဒီနေ့ထိ ပါလာတာ၊ အရင်ဘ၀က ယုံကြည်မှု ဒီဘ၀ထိ ပါလာတာ။ ပိုမိုခိုင်မြဲလာတဲ့ ယုံကြည်မှုပါ။ ဒီယုံကြည်မှုကတော့ အရိယာတန်းဝင် ပုဂ္ဂိုလ်များ ဖြစ်လေ့ရှိပါတယ်။
(၅) အဓိဂမသဒ္ဓါ...။ ဒါကိုတော့ မဂ်ရယုံကြည်မှုလို့ ဘာသာပြန်ချင်ပါတယ်။ ဘာကြောင့်လဲ...?။ တစ်မဂ်တစ်ဖိုလ်ရမှ ဖြစ်ပေါ်တဲ့ တကယ့် ယုံကြည်မှုအစစ်အမှန်ဖြစ်လို့ပါပဲ။

* ဘာသာရေးယုံကြည်မှုအရ ဒီယုံကြည်ချက်ငါးချက်နဲ့ ပြည့်စုံမှသာလျှင် စစ်မှန်တဲ့ ဘာသာရေးကို တွေ့ရှိလက်ခံနိုင်မှာ ဖြစ်ပါတယ်။ ဒါမှ မဟုတ်ရင် မိရိုးဖလာ ယုံကြည်မှုပဲဖြစ်ပြီး တည်တန့်ခိုင်မြဲတဲ့ ယုံကြည်မှုဆိုတာ ဖြစ်မလာနိုင်ပါဘူး။ တည်တန့်ခိုင်မြဲတဲ့ ယုံကြည်မှုမှ မရှိကြသေးရင် ဘာသာရေး အခြေခံဟာလည်း မမြဲပါဘူး။ စစ်မှန်တဲ့ ဘာသာရေးကို မတွေ့ရှိသေးဘူးလို့ ဆိုလိုရမှာ ဖြစ်ပါတယ်။

* နံပါတ် (၂) လူမှုရေးယုံကြည်ချက်မှာ -
မိမိကိုယ်ကို ယုံကြည်မှုနှင့် ပတ်ဝန်းကျင်အပေါ် ယုံကြည်မှု-ဟု နှစ်မျိုးပြောချင်ပါသည်။ “မိမိကိုယ်ကို ယုံကြည်မှု”ဆိုတာမှာ
မိမိရဲ့ ယုံကြည်မှု စွမ်းအား၊
အားထုတ်မှုစွမ်းအား၊
ထိမ်းချုပ်နိုင်မှု သတိစွမ်းအား၊ တည်ကြည်လေးနက်မှုစွမ်းအား၊ ခွဲခြားဝေဖန်နိုင်မှုစွမ်းအား..ဆိုတဲ့ ဒီစွမ်းအားငါးပါးရဲ့ အပေါ်မှာ ယုံကြည်မှုကို ဆိုလိုတာပါ။ ထို့အတူ ပတ်ဝန်းကျင်ရဲ့ ဒီစွမ်းအားငါးပါးအပေါ်မှာလည်း ယုံကြည်ရပါလိမ့်မယ်။


* ဒီလို မိမိနှင့် ပတ်ဝန်းကျင်ရဲ့အပေါ်မှာ စွမ်းအားငါးချက် ထားနိုင်ပြီဆိုရင် ပတ်ဝန်းကျင်နှင့် မိမိနှင့် ညှိရပါလိမ့်အုန်းမည်။ ညီရပါလိမ့်အုန်းမည်။ ညှိရမဲ့ ညီရမဲ့အရာတွေက ဘာတွေလဲ ...ဆိုရင် -
သဒ္ဓါ - ယုံကြည်မှု၊
သီလ - ကျင့်ကျင့်တရား၊
စာဂ - မျှဝေခံစားမှု၊
ပညာ - အတတ် ပညာ, အသိပညာ။
ဒီလေးချက် တူညီရပါ့မယ်။ ဒီလေးချက် တူညီမှ မိမိနှင့် ပတ်ဝန်းကျင် ဆက်ဆံလို့ ရပါလိမ့်မယ်။ ဒါမှ မဟုတ်ရင် ပေါင်းသင်းဆက်ဆံလို့ မရပါဘူး။ ပေါင်းသင်း ဆက်ဆံလို့ မရခြင်းသည်ပင်လျှင် လူမှုရေးယုံကြည်ချက် ပျက်ပြားခြင်းတစ်မျိုးပါပဲ....။


* နံပါတ် (၃) စီးပွားရေးယုံကြည်ချက်အရ - “အသက်မွေးမှု၊ တစ်ခုပညာ၊ ကိုယ်စီပါရမည်”-ဟု ဆိုသလို လူတိုင်းမှာ ကိုယ်ပိုင်စီးပွားရေး အသီးသီး ရှိကြပါတယ်။ မိမိရဲ့ ကိုယ်ပိုင်စီးပွားရေး အပေါ်မှာ “ဖြစ်ကိုဖြစ်ရမယ်”ဆိုတဲ့ ယုံကြည်ချက်ထားဖို့ လိုပါတယ်။ ဒါဟာ အရေးကြီးတဲ့ အချက်ပါ။

* အဲဒီ ယုံကြည်ချက်ရှိလာရင် စီးပွားရေး (သို့) ကြီးပွားရေးနည်းလမ်းလေးသွယ်ထဲက ပထမ ဥဋ္ဌာနသမ္ပဒါ-ဖြစ်လာပါတယ်။ ဥဋ္ဌာနသမ္ပဒါ...ဆိုတာ ထကြွလုံ့လ၀ီရိယရှိမှုကို ပြောတာပါ။ ဒီထကြွလုံ့လ၀ီရိယရှိမှသာလျှင် ကြီးပွားနိုင်ပါတယ်။ အိပ်နေတဲ့ ခြင်္သေ့ရဲ့ ပါးစပ်ထဲကို ဘယ်သားကောင်မှ ၀င်လာရိုး ထုံးစံ မရှိပါဘူး။ ဒါကြောင့် ပြည့်စုံမှုမှန်သမျှဟာ ၀ီရိယနဲ့ ကင်းရိုးထုံးစံ မရှိပါဘူး။

* တစ်ချို့ချို့သောပုဂ္ဂိုလ်တွေရဲ့ ၀ီရိယဟာ ကောက်ရိုးမီးလိုပဲ ၀ုန်းကနဲတောက်ပြီး ငြိမ်းသွား တတ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲ...ဆိုရင် ယုံကြည်မှု မခိုင်မြဲလို့ပါပဲ။ ယုံကြည်မှုခိုင်မြဲမှ သာလျှင် ၀ီရိယလည်း တည်မြဲပါတယ်။ ဒါကြောင့် စီးပွားရေးမှာလည်း ယုံကြည်ချက်ခိုင်မြဲဖို့ လိုပါတယ်။

* ဒုတိယ,က အာရက္ခသမ္ပဒါပါ။ ထိမ်းသိမ်းစောင့်ရှောက်မှုပေါ့။ တစ်ချို့ချို့ပုဂ္ဂိုလ်တွေဟာ ကုန်းရုန်းရှာတယ်၊ ဗရမ်းဗတာသုံးတယ်။ ဒါဆိုရင် အာရက္ခသမ္ပဒါမဖြစ်တော့ပါဘူး၊ အာရက္ခသမ္ပဒါ မဖြစ်ရင် စီးပွားရေး, ကြီးပွားရေးဟာ ပျက်ဆီးသွားတတ်ပါတယ်။ “အိတ်ပေါက်နဲ့ ဖားကောက်”သလိုပေါ့ဗျာ....။

* တတိယ,က သမဇီဝိတာပါ ...
သမဇီဝိတာ...ဆိုတာက ၀င်ငွေ ထွက်ငွေ မျှတအောင် သုံးစွဲရမယ်လို့ ဆိုတာပေါ့...။ ဒါကို ဥပမာပြရရင် လွှဲပေါက်မရှိတဲ့ ရေကန်ဟာ တာကျိုးတတ်သလို, ကန်သင်း (ကန်ဘောင်) မရှိတဲ့ ရေကန်ဟာလည်း ရေမတည်တတ်သလိုပါပဲ...။ “စီးတဲ့ရေ ဆယ်တဲ့ ကန်သင်း”ဆိုသလိုပေါ့....။


* စတုတ္ထကြီးပွားရေးလမ်းစဉ်ကတော့ အလိုအပ်ဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒါကတော့ ကလျာဏမိတ္တတာပါ။ ကလျာဏမိတ္တတာ...ဆိုတာ မိတ်ဆွေကောင်းရှိရမယ်လို့ ဆိုလိုတာပါ။ “မိတ်ဆွေ ကောင်းရှိရင် အကျိုးအားလုံးပြည့်စုံတယ်”လို့လည်း မြတ်ဗုဒ္ဓဟောကြားခဲ့ပါတယ်။ မြတ်ဗုဒ္ဓရဲ့ ဒီစကားကို ထောက်သောအားဖြင့် မိတ်ဆွေကောင်းဆိုတာ မရှိမဖြစ်လိုအပ်တဲ့ ကြီးပွားရေးလမ်းစဉ်တစ်ခု ဖြစ်ပါတယ်။ အားလုံးပြန်ချုပ်ပြီး ပြောရရင် ဒီစီးပွားရေး, ကြီးပွားရေးလမ်းစဉ်လေးရပ်ဟာ စီးပွားရေးယုံကြည်ချက်တွေပါပဲဗျာ...။

* သင်ကြားရေး (ပညာရေး) ယုံကြည်ချက်....အရ ဆရာနဲ့ တပည့် လိုက်လျောညီထွေမှုရှိဘို့ အလွန်လိုအပ်ပါတယ်။ အပေးအယူညီမျှရမယ်လို့ ပြောရင် ပိုမှန်မလား မသိဘူး။ အပေး အယူဆိုတဲ့ နေရာမှာ ဆရာဘက်က ၀ါသနာ, စေတနာ, အနစ်နာ, စံနမူနာ...ဆိုတဲ့ “နာ” လေးနာကို ပေးနိုင်ရပါလိမ့်မယ်။ ဒီ “နာ”လေးနာကို ဆရာ,က ပေးနိုင်မှသာလျှင် တပည့်ဆီက ကိုယ်လိုချင်တာကို ရနိုင်ပါလိမ့်မယ်။

* ဒီအထဲက ၀ါသနာ, စေတနာကို အထူးပြောစရာ မလိုပေမဲ့ အနစ်နာနဲ့ စံနမူနာကို နည်းနည်း ပြောချင်ပါတယ်။ “အနစ်နာ”ဆိုတဲ့အပိုင်းမှာ တာဝန်ပိုင်းမှာ အနစ်နာခံမှုနဲ့ ရပိုင်ခွင့်မှာ အနစ်နာမှု ....ဆိုပြီး နှစ်မျိုးပြောချင်ပါတယ်။
 
* ရှင်းပြပါ့မယ်။ တာဝန်ပိုင်းမှာ အနစ်နာခံမှုဆိုတာ ဥပမာ...သန့်ရှင်းရေးတစ်ခုဆိုပါတော့။ သန့်ရှင်းရေးလုပ်တဲ့ အခါ အမှိုက်ပုံသုံးပုံထားမယ်။ ဒါကို ဆရာ,က တစ်ပုံ၊ တပည့်က တစ်ပုံရှင်းလိုက်မယ်။ တစ်ပုံ ကျန်နေတယ်။ ကျန်တဲ့တစ်ပုံကို ငါက ဆရာပဲ တပည့်ကို အရှင်းခိုင်းလိုက်မယ်...ဆိုတဲ့ အတွေးမျိုး မတွေးပဲ။ “ငါက ဆရာပဲ၊ ငါက ပိုပြီး တာဝန်ရှိတယ်”ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ကျန်တဲ့ အမှိုက်တစ်ပုံကို ဆရာကိုယ်တိုင် ရှင်းလိုက်တယ်။ ဒါဟာ တာဝန်ပိုင်းမှာ “အနစ်နာခံမှု”ပါပဲ....။

* ရပိုင်ခွင့်မှာ အနစ်နာခံမှု...ဆိုတာကြတော့ ဥပမာ လွယ်တာပြောရရင်... ထမင်းဝိုင်းတစ်ပွဲရဲ့ ဟင်းပန်းကန်ထဲမှာ အသားဟင်းသုံးဖတ်ပဲ ကျန်တော့တယ်။ ဒီအချိန်မှာ “ငါလူကြီး ဇွန်းကြီးကြီးနဲ့ ခတ်မယ်”ဆိုတဲ့ စိတ်ဓာတ်မျိုး မမွေးပဲ။ “ငါက ဆရာပဲ...၊ တပည့်ကို ငဲ့ညှာရမှာပေါ့”ဆိုတဲ့ အတွေးနဲ့ တပည့်ကို နှစ်ဖတ်ကျွေးပြီး ကိုယ်က တစ်ဖတ်ပဲစားလိုက်တာ။ ဒါဟာ “ရပိုင်ခွင့်”မှာ အနစ်နာခံမှုပါ။

* စံနမူနာ...ဆိုတဲ့ အပိုင်းမှာတော့ တပည့်ကို အရက်မသောက်နဲ့လို့ ဆုံးမပြီးရင် ကိုယ်တိုင်လည်း အရက်နဲ့ကင်းအောင် နေလိုက်တာ။ လုံးဝ မနေနိုင်လို့ သောက်ခဲ့ရင်တောင် မမြင်ကွယ်ရာမှာပေါ့။ ဒါဟာ စံနမူနာပါပဲ...။ ချဲ့တွေးကြည့်ပေါ့....။

* ဒီ “နာ”လေးနာကို ပေးနိုင်ရင် တပည့်ဆီကလည်း ကိုယ်လိုချင်တာ ရယူနိုင်ပါတယ်။ ရအောင် ယူရပါလိမ့်မယ်။ ဆရာက တပည့်ဆီက ဘာလိုချင်သလဲ....။ တပည့်ကရော ဆရာ့ကို ဘာပေး နိုင်သလဲ....။ ဒါက ရှင်းရှင်းလေးပါ။ “ပီတိ”ပေါ့။ တပည့်နဲ့ဆက်နွှယ်တဲ့ ပီတိကို ဆရာတိုင်း ငတ်မွတ်ကြပါတယ်။ ငြင်းလို့မရတဲ့ ငတ်မွတ်မှုပါ။

* ဆရာများ ငတ်မွတ်နေတဲ့ ပီတိကို တပည့်များက ဘာတွေနဲ့ ဖော်စပ်ပေးရမလဲ...ဆိုရင် အမယ်လေးမျိုးနဲ့ ဖော်စပ်ရပါလိမ့်မယ်။ အဲဒီအမယ်လေးမျိုးကတော့ - ဆရာများ သင်ပေးတဲ့ အတတ်ပညာတွေကို တပည့်များက......
၁။ ဓာတာ - နှုတ်တက်အာဂုံ ဆောင်နိုင်ရမယ်၊
၂။ ၀စသာပရိစိတာ - နှုတ်ဖြင့် အဖန်ဖန် ရွတ်ဖတ် နိုင်ရမယ်၊
၃။ မနသာနုပက္ခိတာ - စိတ်ဖြင့် ဆင်ခြင်မှတ်သား နိုင်ရမယ်၊
၎။ ဒိဋ္ဌိယာသုပ္ပဋိဝိဒ္ဓါ - ကိုယ်ပိုင်ဥာဏ်ဖြင့် ထိုးထွင်းသိမြင် နိုင်ရမယ်....ဒီအမယ်လေးမျိုးနဲ့ ဖော်စပ်နိုင်ရင် ဆရာများ ငတ်မွတ်နေတဲ့ ပီတိကို တပည့်များက ပေးနိုင်ပါတယ်။ ဒါကို အောင်မြင်မှုလို့ လောက,က သတ်မှတ်ပါတယ်။ ဒါတွေဟာ ဆရာနဲ့ တပည့်တို့ရဲ့ သင်ကြားရေးယုံကြည်ချက်တွေပါပဲ......။


* ကျန်းမာရေးယုံကြည်ချက်အနေနဲ့တော့ ပကတိဝိရောဓိနဲ့ ဗျာဓိဝိရောဓိတို့ကို ခွဲခြားပြီး သိရပါလိမ့်မယ်။ ပကတိဝိရောဓိ...ဆိုတာက ပင်ကိုကတည်းက မိမိရဲ့ ခန္ဓာဖွဲ့စည်းမှုနဲ့ မတည့်တဲ့ ဆေးဝါးဓာတ်စာပါ။ ဆိုကြပါတော့... ၀မ်းလျှောနေတယ်ဆိုရင် သာလာဆတ်ကို များသောအားဖြင့် သုံးကြမှာပါ။ ဒါပေမဲ့ မိမိရဲ့ ခန္ဓာဖွဲ့စည်းမှုက သာလာဆတ်အုပ်စုနဲ့ မတည့်ဘူး...ဆိုရင် သာလာဆတ်အုပ်စု ဆေးမှန်သမျှနဲ့ မတည့်ပါဘူး။

* နောက်တစ်ခု ဗျာဓိဝိရောဓိ...ဆိုတာ မိမိမှာ ဖြစ်နေတဲ့ အနာရောဂါနဲ့ မတည့်တဲ့ ဆေးဝါးဓာတ်စာပါ။ ဥပမာ ၀မ်းလျှောနဲ့သူ ပဲဟင်းစားမိသလိုပေါ့။ ဘာပဲဖြစ်ဖြစ် “ဘေသဇ္ဇေ ၀ိဟိတေ”-စသော ဗုဒ္ဓဒေသနာအရ မိမိရောဂါနှင့် သင့်တင့်လျှောက်ပတ်စွာ စီရင်ထားတဲ့ဆေးကို ဆေးစွမ်းအင်နဲ့ ကိုယ်ခံအား စွမ်းအားမျှအောင် သုံးစွဲတတ်ဖို့ပါပဲ...။

* အဲဒီလို မျှတအောင် မသုံးစွဲတတ်ရင်တော့ ဆေးသည်ပင်လျှင် အဆိပ်ဖြစ်သွားတတ်ပါတယ်။ အနာနဲ့ဆေး တည့်ကျပေမဲ့ မျှတအောင် မသုံးနိုင်လို့ လောကကို လက်ပြသွားသူတွေဟာ ဒုနဲ့ဒေးပါပဲ...

* ဒါကြောင့် အားလုံးကို ပြောချင်တာက အချိန်, အရပ်ဒေသ, စွမ်းရည်သတ္တိ, လုပ်ဆောင် ချက်များနဲ့ လိုက်လျှောညီထွေတဲ့ ယုံကြည်ချက်များ မွေးမြူကြပါလို့ တိုက်တွန်းပါတယ်ဗျာ......။
အရှင်သီလာစာရ
မြတောင်ကျောင်း
ရေနံချောင်း
(၈.၁၂.၁၂ - အမျိုးသားနေ့)

* ကိုယ်ချင်းစာတရား .....


* ကိုယ်ချင်းစာတရား .....
 
*ရေခဲမုန့် ဘယ်လောက်လဲ
*500
*ဒီထက် ဈေးပေါတာမရှိဘူးလား
*ရှိတယ်။300 တန် ရှိတယ်။

ရေ ခဲမုန့်ရောင်းနေတဲ့ကောင် လေးက စိတ်မရှည်သလိုပြောလိုက်တယ်။
ရေခဲမုန့်ဝယ်တဲ့ကောင် လေးကိုကြည့်လိုက်တော့ ၁၃ နှစ် အရွယ် ကောင်လေးတယောက်။
ငွေကြေးတတ်နိုင် တဲ့ အသိုင်းအဝိုင်းကမှန်းသိသာပါတယ်။

ဒါပေမယ့် ကပ်စီးအိုးထင် ပါရဲ့။ ဈေးပေါတာကို မေးနေတယ်ဆိုတော့။
မဆီမဆိုင် ဘေးကနေ ကျွန်မ အကဲဖြတ်နေမိတယ် ။

ရေခဲမုန့်ရောင်းတဲ့ကောင်လေးကတော့ ခပ်နွမ်းနွမ်းရယ်ပါ။
နောက် အရောင်းအဝယ်ကတည့်သွားပါတယ်။

ကောင်လေးက 300 တန်ရေခဲမုန့်ကိုယူလိုက်တယ်။
ပြီးတော့ ဘောင်းဘီအိတ်ထဲက 500 တန်တရွက် ထုတ်ပေးတယ်။

ပြီးတော့ ကောင် လေးကစကားတခွန်းပြောတယ်။
ရော့ 500 ။200 ကိုပြန်မအမ်းနဲ့ မင်းယူလိုက်တော့ ငါတို့ကစားနေချိန်မှာ
မင်းက ဈေးရောင်းနေရတော့ ငါ ကိုယ်ချင်းစာပါတယ်။
ငါရတဲ့ မုန့်ဖိုးကို
တခုခုမဝယ်စားရင် လည်း အမေက ငါ့ကိုဆူလိမ့်မယ်။
ဒါ့ကြောင့် ငါကဈေးပေါတာကိုမေးပြီးဝယ်စားတာပါ။
မင်းလည်း 200 ဖိုးလောက်
ရေခဲမုန့်စားခြင် စားပေါ့။
ဒါမှမဟုတ်တခုခု ဝယ်စားပေါ့

ကျွန်မ နဲနဲလေးရှက်သွားတယ်။
မျှဝေပေးတယ်ဆိုတာကိုလည်း
ကျွန်မ ခုမှသဘောပေါက်လိုက်မိတယ်………
ပြီးတော့ ကိုယ်ချင်းစာတယ်ဆိုတာကိုရောပေါ့…………………………
…………………
ငြိမ်းလဲ့***(အမှတ် တရ-1)

………………………………………
မူရင်းက ဒီလိုရေးပါတယ်။

waiter: what do you want.?
boy : how much a cone ice cream costs.
waiter :Rs.15/

Then the boy check his pocket &asked cost of small cone .
lrrited waiter angrily said :Rs .12/

boy ordered a small cone had it paid bill&left.
the waiter picked the bill he see the boy left Rs.3/ as tip for him.

* အဆိုးဆုံးလေးများ .....


* အဆိုးဆုံးလေးများ .....

၁။ အခမ်းတကာ အခမ်းထဲမှာ မေတ္တာခမ်းတာ အဆိုးဆုံးဖြစ်၏။
၂။ အပြစ်တကာ အပြစ်ထဲမှာ အပြစ်မြင်တာ အဆိုးဆုံးဖြစ်၏။
၃။ အကွဲတကာ အကွဲထဲမှာ စိတ်ဝမ်းကွဲတာ အဆိုးဆုံးဖြစ်၏။
၎။ အလွဲတကာ အလွဲထဲမှာ နားလည်မှုလွဲတာ အဆိုးဆုံးဖြစ်၏။
၅။ အမွဲတကာ အမွဲထဲမှာ အသိဥာဏ်မွဲတာ အဆိုးဆုံးဖြစ်၏။
၆။ အကန်းတကာ အကန်းထဲမှာ ကျေးဇူးကန်းတာ အဆိုးဆုံးဖြစ်၏။
၇။ အရှုံးတကာ အရှုံးထဲမှာ လူဖြစ်ရှုံးတာ အဆိုးဆုံးဖြစ်၏။
၈။ အပျက်တကာ အပျက်ထဲမှာ ဘ၀ပျက်တာ အဆိုးဆုံးဖြစ်၏။
၉။ အမဲ့တကာ အမဲ့ထဲမှာ သိက္ခာမဲ့တာ အဆိုးဆုံးဖြစ်၏။
၁၀။ အဆိုးတကာ အဆိုးထဲမှာ ကိုယ်ချင်းစာတရား မရှိတာ အဆိုးဆုံးဖြစ်၏။

အရှင်သီလာစာရ
မြတောင်ကျောင်း
ရေနံချောင်းမြို့
၂၆.၁၀.၂၀၁၆

* ဘ၀ပုံဖော်နည်း (၇) မျိုး



* ဘ၀ ပုံဖော်နည်း (၇) မျိုး .....
၁။ ဘ၀ကိုစိတ်ကောင်းစိတ်မြတ်လေးဖြင့် ပုံဖော်ရမယ်။
၂။ ကောင်းသောစကားလေးတွေဖြင့် ပုံဖော်ရမယ်။
၃။ ကောင်းသော အလုပ်များဖြင့် ပုံဖော်ရမယ်။
၎။ ရန်ငြိုးအာဃာတ မဖက်ကိုယ်ချင်းစာတရားသက်သက်ဖြင့် ပုံဖော်ရမယ်။
၅။ ငါဟူသော အစွဲအလမ်း ဥပါဒါန်တရားမထား ဓမ္မသဘောဖြင့် ပုံဖော်ရမယ်။
၆။ ဘယ်သူမပြု မိမိပြုထားသောအမှုဆိုသောသဘောတရားကို လက်ကိုင်ထားပြီး ပုံဖော်ရမယ်။
၇။ ကောင်းမြတ်သောအကြံဖြင့် ဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်အောင် ပုံဖော်ရမယ်။

22.10.2016

* ခေါင်းဆောင်ကောင်းရှိဖို့လိုတယ် ....


* ခေါင်းဆောင်ကောင်းရှိဖို့လိုတယ် .....

* လောကမှာ လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် ခေါင်းဆောင်ကသိပ်အရေးကြီးတယ်။ ခေါင်းဆောင်ကောင်းရှိမှ နိုင်ငံ လူမျိုး ဘာသာ သာသနာ တိုးတက်ကြီးပွားမှာ ခုတော့ ခေါင်းဆောင်ကောင်းကရှားပြီး မိမိတို့ကောင်းစားရေးကိုသာ ရှေ့ရှုနေကြသူတွေ ပေါများလှတဲ့ခေတ်အခါ ဖြစ်နေတယ်။

* ဒါကြောင့် မိမိတို့မိသားစု မိမိတို့ ပတ်ဝန်းကျင်ကို တကယ် ကြင်နာတယ်၊ လေးစားတယ်ဆိုရင် မိမိကိုယ်တိုင်လဲ ခေါင်းဆောင်ကောင်းဖြစ်အောင် ကြိုးစားဖို့လိုနေပြီ။ လူတိုင်းဟာ ခေါင်းဆောင်တွေချည်ပါပဲ မိမိ မိသားစုကိုသော်လည်းကောင်း မိမိပတ်ဝန်းကျင်ကိုသော်လည်းကောင်း မိမိ ကိုယ်ကိုမိမိသော်လည်းကောင်း ခေါင်းဆောင်နေကြရတာပါ။

* လူတိုင်းက ခေါင်းဆောင်ဖြစ်နေပေမဲ့ ခေါင်းဆောင်ကောင်းတယောက် ပေါ်ထွက်လာဖို့
ကျတော့ ခက်နေပြန်ရော။ ဘာကြောင့်လဲ မိမိရဲ့အတ္တကိုရှေ့တန်းတင်နေချင်ကြလို့ပါပဲ။ မိမိရဲ့အတ္တကို ရှေ့တန်းတင်နေသမျှတော့ ခေါင်းဆောင်ကောင်းတယောက် ပေါ်ထွက်ဖို့ဆိုတာ ဘုရားပွင့်တာထက်တောင် ခက်ခဲနေလိမ့်အုံးမယ်။


* လောကကြီးပွားဖို့ တိုးတက်ဖို့အတွက် ခေါင်းဆောင်က သိပ်အရေးပါတယ်။ ခေါင်းဆောင်မကောင်းရင် အရာရာပျက်စီးတတ်တယ်ဆိုတာကို မြတ်ဘုရားက ခုလိုမိန့်ထားတာတွေ့ရပါတယ်။

* ရဟန်းတို့ ... ဘုရင်မင်းတို့ တရားမစောင့်သောအခါ မှူးမတ်တို့သည်လည်း တရားမစောင့်ကုန်။
မှူးမတ်တို့တရားမစောင့်သောအခါ ပုဏ္ဏား သူကြွယ်တို့သည်လည်း တရားမစောင့်ကုန်။


* ပုဏ္ဏား သူကြွယ်တို့ တရားမစောင့်သောအခါ နိဂုံးဇနပုဒ် နေသူတို့လည်း တရားမစောင့်ကုန်။
နိဂုံး ဇနပုဒ်နေသူတို့ တရားမစောင့်သောအခါ နေလတို့သည် မညီမညွှတ်လှည့်လည်ကုန်၏။


* နေလတို့ မညီမညွှတ်လှည့်လည်သောအခါ နက္ခတ်တာရာအပေါင်းတို့ မညီမညွှတ်လှည့် လည်ကုန်၏။ နက္ခတ်တာရာအပေါင်းတို့ မညီမညွတ်လှည့်လည်သောအခါ ညဥ့်နေ့တို့သည် မညီမညွှတ်ဖြစ်ကုန်၏။

* ညဥ့်နေ့တို့ မညီမညွတ်ဖြစ်ကုန်သော် လနှင့် လခွဲတို့သည် မညီမညွတ်ဖြစ်ကုန်၏။
လနှင့်လခွဲတို့ မညီမညွတ်ဖြစ်သောအခါ ဥတု၊ နှစ်တို့သည် မညီမညွတ်ဖြစ်ကုန်၏။


* ဥတု နှစ်တို့ မညီမညွတ်ဖြစ်ကုန်သော် လေတို့သည်မညီမညွတ် တိုက်ကုန်၏။ လမ်းမှန်မတိုက်ကုန်။ လေတို့မညီမညွတ် လမ်းမှန်မတိုက်သောအခါ နတ်တို့အမျက်ထွက်ကုန်၏။

* နတ်တို့အမျက်ထွက်ကုန်သော် မိုးကောင်းစွာမရွာသွန်း။ မိုးကောင်းစွာမရွာသွန်းသော် ကောက်တို့သည် အမှည့်မညီညွတ်ကုန်။ ရဟန်းတို့ အမှည့်မညီညွတ်သော ကောက်တို့ကို စားသုံးသူတို့သည် အသက်တိုကုန်၏။ အဆင်းမလှကုန်။ အားနည်းကုန်၏။ အနာများကုန်၏။ ပျက်စီးကြကုန်၏လို့မိန့်ထားခဲ့ တယ်။

* ခုမြတ်ဘုရား ဟောခဲ့တဲ့အတိုင်း လောကကြီးက ဖြစ်နေပြီလေ လူတွေအနာရောဂါတွေ ထူပြောလာတယ်၊ သက်တမ်းတွေ တိုလာတယ်၊ အခြေခံအကြောင်းတရား လိုက်ရှာကြည့်တော့ ခေါင်းဆောင်မကောင်းလို့ပါပဲ။

*နိုင်ငံ ကမ္ဘာတလောကလုံး တိုးတက်စေဖို့ချမ်းသာစေဖို့အတွက်ဆိုရင် ခေါင်းဆောင်ကောင်းက လိုတာ အသေချာပါပဲ။ ဒါကြောင့် မိမိကိုယ်တိုင်လည်း ခေါင်းဆောင်တယောက်မို့ မိမိတို့မိသားစု ပတ်ဝန်းကျင်၊ မိမိတို့ ဘဝကို ကောင်းစားအောင် မိမိတို့ လိုချင်လှတဲ့ဆန္ဒကို လျော့ချ၊ အတ္တကို ဘေးဖယ်၊ ကြင်နာမှုတွေလက်ဝယ်ထား မေတ္တာတရားကိုရှေးရှု ယောနိသော မနသိကာရကို ရှေးတန်းတင်ကာ လောကကိုဆက်ဆံမယ်ဆိုရင် သင်လဲ ခေါင်းဆောင်းကောင်းတယောက်ဖြစ်မှာ အသေချာပါပဲ။

* တစတစ ကြိုးစားရာကနေ တလောကလုံးကို အကျိုးပြုနိုင်တာမို့ ဒီနေ့ကစလို့ သင်ခေါင်းဆောင်ကောင်းတယောက်ဖြစ်အောင် ကြိုးစားပြီးနေထိုင်မယ်ဆိုရင် ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာ ကိုယ့်နေထိုင်ရာ ကမ္ဘာလောကကြီးအေးချမ်းပြီပေါ့။
(ဓမ္မစမ်းရေ)

* အနေကဇာတင် .....


* အနေကဇာတင် ....

* ရှေးလွန်ခဲ့ပြီးသော နှစ်ပေါင်း (၂၅၀၀)ကျော် - ကဆုန်လပြည့်နေ့ရဲ့ ညတစ်ညမှာပေါ့။ မိုးတိမ်ကင်းစင်တဲ့ ကောင်းကင်ပြင်ကြီးမှာလည်း လပြည့်ဝန်းကြီးဟာ ကြယ်ပေါင်းစုံ ၀န်းရံခလို့ ထွန်းလင်းတောက်ပနေလေရဲ့။ ဒီလို သာယာလှပ ကြယ်ပေါင်းခတဲ့ ကဆုန်လပြည့်ညချမ်း တစ်ခုမှာ “မဇ္ဈိမဒေသ” ရဲ့ တောအုပ်တစ်ခုမှာရှိတဲ့ ဗောဓိပင်ပျိုအောက်မှာ အလွန်လှပ တင့်တယ်ခန့်ညားတဲ့ ရဟန်းပျိုတစ်ပါးဟာ မြက်ကဗ္ဗလာ အခင်းပြင်ပေါ်မှာ အေးချမ်းတိတ်ဆိတ်စွာ တရားရှုမှတ်နေလေရဲ့။

* သူဟာ သာမန်အညတြပုဂ္ဂိုလ်တစ်ဦးတော့ မဟုတ်ပေဘူး။ သူဟာ တိုင်းပြည်တစ်ပြည်ရဲ့ အိမ်ရှေ့မင်းသား တစ်ဦးဖြစ်ပြီး မကြာမှီ ရှင်ဘုရင်တစ်ပါး ဖြစ်လာမယ့် ပုဂ္ဂိုလ်လည်းဖြစ်တယ်။ သူ့မှာ အလွန်ပြည့်စုံတဲ့ လောကီစည်းစိမ်တွေလည်း ရှိသူဖြစ်တယ်။ အလွန်မြတ်နိုး မွေ့လျော်ဖွယ်ကောင်းတဲ့ ချစ်ဇနီးတစ်ဦးလည်း ရှိသူဖြစ်တယ်။ များပြားလှတဲ့ အချွေအရံအသင်းအပင်းတွေ ၊ မောင်းမမိဿံ တွေလည်း ရှိသူဖြစ်တယ်။ သူနဲ့တစ်နေ့တည်း မွေးဖွားလာတဲ့ (၀မ်းကွဲ) ညီတော်/ညီမတော်ပေါင်း မြောက်များစွာ ရှိသူလည်းဖြစ်တယ်။ ညီတော်/ညီမတော် အားလုံးရဲ့ ချစ်ကြောက်ရိုသေ ခန့်ညားမှုကိုလည်း ရရှိထားသူဖြစ်တယ်။

* သူဟာ “စင်္ကြာဝတေးမင်း” လို့ ခေါ်တဲ့ “တိုင်းနိုင်ငံအားလုံးမှာ ရှိတဲ့ - မင်း, အားလုံးတို့ရဲ့ ရှင်ဘုရင်” အဖြစ်ကို ရရှိမည့်သူလို့လည်း ပုဏ္ဏားတော်တွေရဲ့ နိမိတ်ဖတ်ခြင်း ခံထားရသူလည်းဖြစ်တယ်။ သူဟာ ဖခင်ဖြစ်သူ သုဒ္ဓေါဓနမင်းကြီးရဲ့ မျှော်လင့်ခြင်း အိပ်မက်လည်းဖြစ်တယ်။ သုဒ္ဓေါဓနမင်းကြီးဟာ သူ့သားတော်ရဲ့ “စင်္ကြာဝတေးမင်း” အဖြစ်ကို မြင်တွေ့လိုတဲ့ အာသီသတွေနဲ့ ဆာလောင်မွတ်သိပ်နေရရှာသူလည်းဖြစ်တယ်။

* ဒါပေမယ့် “သိဒ္ဓတ္တ” လို့ခေါ်တဲ့ မင်းသားငယ်ကတော့ ဒီလောကီစည်းစိမ်တွေကို ငြီးငွေ့မုန်းတီးစ, ပြုနေပါပြီ။ သူဟာ “မွေးဖွားခြင်း နဲ့ သေဆုံးခြင်း” ဆိုတဲ့ ကာလတိုတိုလေးအတွင်းမှာ “ အမှန်တရားဆိုတာ ဘာလဲ”ဆိုတာကိုသာ ရှာဖွေသိချင်စိတ် ပြင်းပြလို့သာ နေပါတော့တယ်။ လူတွေ မှန်တယ်ထင်နေတဲ့ အရာအားလုံးဟာ မှားယွင်းနေကြတယ်ဆိုတာတော့ သူသိတယ်။ ဒါပေမယ့် ဘာက အမှန်တရားလည်း ဆိုတာကိုတော့ သူ မသိနိုင်ဘူး ဖြစ်နေတယ်။
.
* နောက်ဆုံးတော့ သူဟာ လောကကြီးရဲ့ အမှန်တရားကို သိဖို့အတွက် သူဟာ ဆရာရှာဖို့ သူဆုံးဖြတ်လိုက်တယ်။ သူဒီလို ဆုံးဖြတ်ချက် ချလိုက်တဲ့ နေ့မှာဘဲ သူ့အတွက် အလွန်ခက်ခဲတဲ့ ကိစ္စတစ်ခုပေါ် ပေါက်လာပါတယ်။ အဲဒါကတော့ သူ့ရဲ့ ရှုမငြီးတဲ့ ကြင်ယာတော်ဖြစ်သူဟာ သားတော်လေးတစ်ပါး ဖွားမြင်ကြောင်း သတင်းရောက်ရှိလို့ လာပါတယ်။ ရုတ်တရက်တော့ သူဟာ တွေဝေသွားခဲ့ပေမယ့် ဒီကိစ္စဟာ သူ့ကို “အမှန်တရား” ရှာထွက်ဖို့ မြန်မြန် ဆော်သြလိုက်သလိုပါဘဲ။ ကြာလာရင် သားကလေးအပေါ် သံယောဇဉ်တွေ များသည်ထက် များလာရင် ခက်ရတော့မယ်လေ။
.
* ဒါကြောင့် သားတော်လေးဖွားမြင်တဲ့နေ့ရဲ့ ညဖက်မှာဘဲ သူဟာ ရွှေနန်းတော်ကြီးကို စွန့်ခွာဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ သူဟာ နောက်ဆုံးကြည့်ခြင်းအနေနဲ့ မိဖုရားဖြစ်သူရဲ့ နန်းတော်ကို ညဖက်မှာ တိတ်တဆိတ်သွားရောက်ပြီး ချစ်ဇနီးနဲ့ သားတော်လေးရဲ့ အပြစ်ကင်းစွာ အိပ်ပျော်နေခြင်းကို နောက်ဆုံးအနေနဲ့ ကြည့်ရှုသွားခဲ့ပါတယ်။

* ဒီအချိန်မှာသာမန်ပုထုဇဉ်မျှသာ ရှိသေးတဲ့ သိဒ္ဓတ္တရဲ့ အသည်းနှလုံးတွေဟာ ကြေကွဲပျက်သုန်းလုမတတ် ဖြစ်ခဲ့ရချိန်လည်း ဖြစ်ပါလိမ့်မယ်။
သိပ်မကြာခင်မှာဘဲ တိတ်ဆိတ်လှတဲ့ ညဥ့်နက်နက်မှာ အသက်(၂၉)နှစ်သာ ရှိသေးတဲ့ မင်းသားငယ်ဟာ ဖွားဖက်တော် ကျွန်ယုံ “မောင်ဆန်” နဲ့ အတူတစ်ကွ ရွှေနန်းတော်ကြီးနဲ့ စိမ်းစည်ဥစ္စာအားလုံးကို ကျောခိုင်းထွက်ခွာခဲ့ကြပါတော့တယ်။

* ခရီးမိုင်ပေါင်းများစွာ မြင်းစီးထွက်ခွာလာခဲ့ပြီး “အနော်မာ” လို့ခေါ်တဲ့ တိုးတိတ်ညင်သာစွာ စီးဆင်းနေတဲ့ မြစ်ကလေးတစ်စင်းရဲ့ သောင်ကမ်းပါး အရောက်မှာတော့ “သိဒ္ဓတ္တ” ဟာ သူရဲ့ ဆံတော်တွေ၊ မင်းဝတ်တန်းဆာတွေ အားလုံးကို စွန့်ပယ်ပြီး တစ်ကိုယ်တည်း တောအရပ်ကို ၀င်ရောက်ခဲ့ပါတော့တယ်။

* အဲဒီနောက်မှာတော့ အမှန်တရားကို ရှာဖွေလိုတဲ့ “ရဟန်းငယ်” တစ်ပါးဟာ တစ်တောဝင် တစ်တောင်ထွက်နဲ့ ဆရာအရှာထွက်ခဲ့ရာမှာ တစ်ခုသော တောအုပ်အရပ်မှာ “အာဠာရ” နဲ့ “ဥဒက” လို့ခေါ်တဲ့ ရသေ့နှစ်ပါးကို တွေ့ပါတော့တယ်။ သူတို့ထံမှာ တလှည့်စီ တပည့်ခံပြီး ကျင့်ကြံအားထုတ်ပါတော့တယ်။ ဒါပေမယ့် သူရှာနေတဲ့ အမှန်တရားကိုတော့ မတွေ့ရပါဘူး။

* နောက်တော့ သူဟာ နှလုံးမွေ့လျော်ဖွယ်ကောင်းတဲ့ “ဥရုဝေလ” ခေါ်တဲ့ တောအုပ်ကလေးကို တွေ့တော့ ဒီအရပ်မှာဘဲ အမှန်တရားကို တွေ့အောင် ရှာတော့အံ့လို့ အကြံဖြစ်ပြီး အင်မတန်ပြင်းထန်လှတဲ့ “ဒုက္ကရစရိယာ” လို့ခေါ်တဲ့ အကျင့်ကို ကျင့်ပြီး အမှန်တရားကို ဆက်ပြီး ရှာပါတယ်။ ဒီလို ပြင်းပြင်းထန်ထန် ကျင့်ကြံရင်းနဲ့ (၆)နှစ်ဆိုတဲ့ အချိန်ကာလကို လွန်မြောက်သွားခဲ့ပါတယ်။

* ဒါပေမယ့် “သူ” အမှန်တရားကို မတွေ့ရသေးပါဘူး။
(၆)နှစ်လောက် ပြင်းထန်တဲ့ အကျင့်တွေကို ကျင့်သော်ငြားလည်း အမှန်တရားကို မတွေ့နိုင်သေးတဲ့ “သိဒ္ဓတ္တ”ဟာ ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ်ရပါတော့တယ်။ နောက်ဆုံးတော့ သူဟာ “အမှန်တရား” ကို ရှာဖွေတဲ့နေရာမှာ “လွန်ကဲသော ဆန္ဒ နဲ့ ခန္ဓာကိုယ်ကို ညှင်းဆဲသော အကျင့်” များဟာ မှားယွင်းကြောင်း သိမြင်လာပါတယ်။ “အလယ်အလတ် မျှတသော ဆန္ဒ နဲ့ ၀ီရိယ” တို့ကို ချိန်ညှိပြီး “မဇ္ဈိမလမ်းစဉ်” နဲ့သာအမှန်တရားကို ရှာဖွေလို့ရမှာဖြစ်ကြောင်း သူနားလည်သွားခဲ့ပါတယ်။

* ဒီလို နားလည်သွားတဲ့နောက်မှာ သူဟာ အရိုးပြိုင်းပြိုင်းထပြီး ယိမ်းယိုင်ပြိုလဲလုလု ဖြစ်နေတဲ့ သူ့ခန္ဓာကို ပြန်ပြီး အားမွေးရပါတော့တယ်။ အစာငတ်၊ ရေငတ်နဲ့ ကျင့်ရတဲ့ ကျင့်စဉ်တွေကို စွန့်လွှတ်လိုက်ပြီး အစာအဟာရတွေကို ပြန်လည်သုံးဆောင်လိုက်တဲ့ အချိန်မှာ သူ့အနားမှာ ၀တ်ကြီးဝတ်ငယ်ပြုစုနေတဲ့ “ပဉ္စ၀ဂ္ဂီ (၅)ဦး” ခေါ်တဲ့ အခြံအရံ(၅)ဦးဟာ “သိဒ္ဓတ္တ” မင်းသား အကျင့်ဖောက်လေပြီ။ ဘုရားမဖြစ်တော့ပြီ´´ဟု အထင်လွဲကာ သူ့ကို စွန့်ခွာ သွားကြပါတော့တယ်။

* ဒီဖြစ်ရပ်အတွက် သိဒ္ဓတ္တအဖို့ ထူးပြီး တုန်လှုပ်စရာ မရှိပါဘူး။ သူဟာ အရာအားလုံးကို စွန့်ပစ်ပြီးခဲ့ပါပြီ။ စွန့်လွှတ်ခြင်းဟာ သူ့အတွက် မတုန်လှုပ်နိုင်သလို စွန့်ပယ်ခံရခြင်းဟာလည်း သူ့အဖို့ တုန်လှုပ်စရာမရှိတော့ပါဘူး။ သူဟာ ဆက်ပြီး အားမွေးပါတယ်။ ကိုယ်ခန္ဓာ အားအင်ပြည့်ဖြိုး လာချိန်မှာတော့ သူဟာ“ဥရုဝေဠ” တောအုပ်ကလေးကို စွန့်ခွာပြီး (အတိတ်ပါရမီရဲ့ လမ်းညွှန်မှုနဲ့) သူမွေးဖွားတဲ့ နေ့မှာဘဲ အပင်ပေါက်လာခဲ့တဲ့ (ဖွားဘက်တော်) ``ဗောဓိပင်ပျို´´ လေးရှိရာ အရပ်ဆီကို ထွက်ခွာလာခဲ့ပါတယ်။

* ဒီ ဗောဓိပင်ပျိုလေး ပေါက်ရောက်ရာ အရပ်ဒေသဟာ သာမန်ညောင်ည အရပ်တစ်ခုတော့ မဟုတ်ပေဘူး။ ဒီနေရာဟာ “မဇ္ဈိမ” ဒေသရဲ့ အလယ်ဗဟို တည့်တည့်အရပ်လည်း ဖြစ်တယ်။ ရှေးယခင့်ယခင် ဘုရား(၃)ဆူပွင့်တော်မူရာ “တစ်ထပ်တည်းကျတဲ့” နေရာလည်းဖြစ်တယ်။ တုနှိုင်းမယှဉ်သာသော မြင့်မြတ်မှုအပေါင်း ခညောင်းရာ နေရာဌာန ဖြစ်ပေတယ်။ “မဇ္ဈိမဒေသ” ရဲ့ “ဗဟိုချက်မဏ္ဍိုင်” နေရာလည်း ဖြစ်ပေတယ်။ ဒီနေရာမှာဘဲ ဘုရားအလောင်းတော်ဟာ “မဇ္ဈိမ” အကျင့်နဲ့ မကြာခင် ဘုရားအဖြစ်ကို ရောက်ရတော့မယ်။ အဲဒီနေ့ဟာ ကဆုန်လပြည့်နေ့ဘဲ ဖြစ်ပါတော့တယ်။

* အခုလို ကဆုန်လပြည့်နေ့ရဲ့ ညချမ်းချိန်ခါလေးမှာ ဗုဒ္ဓအလောင်းတော်ဟာ “မဟာဗောဓိပင်ပျို” ရဲ့အောက်မှာ အရှေ့အရပ်ကို မျက်နှာမူကာ “သောတ္တိယ” မြက်ထမ်းသမားထံမှ အလှူခံရအပ်သော မြက်အခင်းကဗ္ဗလာကို ထိုင်စရာအမှတ်ပြုပြီး “အာနာပါန” ကမ္မဌာန်းဘာဝနာကို စတင် စီးဖြန်းပါတော့တယ်။

* တက်သစ်စ လပြည့်ဝန်းကြီးဟာ အရှေ့အရပ်ကနေ တရိပ်ရိပ် တက်လာချိန် ၊ ကြယ်ပေါင်းစုံ ၀န်းရံခလို့ အေးမြတဲ့လေညင်းကလည်း တသုန်သုန်နဲ့ တိုက်ခတ်နေပါတယ်။ ကမ္ဘာလောကကြီးတစ်ခုလုံးဟာ မကြာမှီ အချိန်ပိုင်းအတွင်း “ဗုဒ္ဓ” လို့ခေါ်တဲ့ အနှိုင်းမဲ့ မဟာလူသားတစ်ဦး ဖြစ်ထွန်း ပေါ်ပေါက်လာတော့မှာကို သိနေသကဲ့သို့ . . အတုမရှိ ငြိမ်းချမ်းသာယာမှု အပေါင်းနဲ့ ပြည့်စုံနေပါတော့တယ်။

* ဒီအချိန်မှာဘဲ အလောင်းတော်ဟာ ခန္ဓမာန် , မစ္စုမာန် , ကိလေသမာန် , အဘိသင်္ခါရမာန် , ဒေ၀ပုတ္တမာန် . . တည်းဟူသော “မာန်(၅)ပါး” ကို အောင်မြင်တော်မူလျှက် ညဉ့်ဦးယံ အချိန်တွင် “ပုဗ္ဗေနိဝါသဉာဏ်”၊ သန်းခေါင်ယံတွင် “ဒိဗ္ဗစက္ခုဉာဏ်”၊ မိုးသောက်ယံတွင် “သဗ္ဗညုတဉာဏ်” တို့ကို ရရှိလျှက် လူတွင်စင်စစ် “ဗုဒ္ဓဘုရားအဖြစ်” သို့ ရောက်တော်မူခဲ့ပါတယ်။
အဲဒီနှစ်ကတော့ မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ၊ ရက်ကား ကဆုန်လပြည့်နေ့ ၊ နေ့ကား ဗုဒ္ဓဟူးနေ့ဖြစ်ပြီး စန်းသည် ၀ိသာခါနက္ခတ်နှင့် စန်းယှဉ်နေသော အခါပင် ဖြစ်ပါတော့တယ်။

* ဒီလို ဘုရားအဖြစ်ကို ရတော်မူ , ရောက်တော်မူပြီ ဆိုတာနဲ့ ဗုဒ္ဓဘုရားရှင်ဟာ အောက်ပါ ဂါထာကို ကျူးရင့်တော် မူပါတော့တယ်။ အဲဒီဂါထာကတော့ -
“အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ၊
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာဇာတိ ပုနပ္ပုနံ။
ဂဟကရက ဒိဋ္ဌောသိ ၊ ပုန ဂေဟံ နကာဟသိ၊
သဗ္ဗာတေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ ၊ တဏှာနံ ခယမဇ္ဈဂါ”ဆိုတဲ့ ဂါထာပဲ ဖြစ်ပါတော့တယ်။

* အဓိပ္ပါယ်ကတော့ ``ဟယ် ... တဏှာယောက်ျား လက်သမား ၊ အကျွန်ုပ်သည် သင်၏ ခန္ဓာအိမ်ဆောက်ခြင်းကို သံသရာတလျှောက်လုံး (မသိဆိုးဝါးစွာ) အကြိမ်ကြိမ် ခံခဲ့ရပေပြီ။ ယခုမူ ငါသည် သင့်အား မဂ်လေးတန် ပုဆိန်လက်နက်ဖြင့် ခုတ်ဖြတ်သုတ်သင်နိုင်ပြီ ဖြစ်၍ ငါအား သင်၏ ခန္ဓာအိမ်ဆောက်ခြင်းအမှုကို မပြုစေနိုင်တော့ပြီ။ ငါသည်ကား တဏှာအပေါင်းတို့၏ လွတ်ကင်းရာ ၊ သေခြင်းကင်းရာ ပြုပြင်စီရင်ခံရခြင်းကင်းရာ “အမတ” နိဗ္ဗာန်သို့ဆိုက်ရောက်လေပြီ” ဟု ဆိုလိုပါတယ်။

* ဒါကြောင့်မို့ ``ဘုရားအနေကဇာ တင်တယ်´´ဆိုတာ ဗုဒ္ဓဘုရားအလောင်းတော် ဘုရားအဖြစ်သို့ ရောက်တော်မူသည့်အခါ ၀မ်းမြောက်ဝမ်းသာ ကျူးရင့်တဲ့ဂါထာကို “ဘုရားဖြစ်ပြီ” ဟူသည့် အထိမ်းအမှတ်အနေဖြင့် ပြန်လည် ရွတ်ဆိုကြခြင်း ဖြစ်ပါတယ်။ “အနေကဇာတိ သံသာရံ . . ဆိုတဲ့ စကားအစ စာလုံးကို ယူပြီး “အနေကဇာ” တင်တယ်ဆိုပြီး သုံးနှုံးကြတာဖြစ်ပါတယ်။
ဒါကို “ဗုဒ္ဓဘိသေက မင်္ဂလာ” လို့လည်း ခေါ်ကြပါတယ်။

* အစီအစဉ် ...
(၁) အနေကဇာတိ သံသာရံ . . . အစချီတဲ့ ဥဒါန်း ဂါထာ
(၂) ‘‘အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ’’စသော ပဋိစ္စသမုပ္ပါဒ အပြန်အလှန်
(၃) ‘‘ယထာ ဟဝေ ပါတုဘ၀န္တိ’’ သုံးဂါထာ။
(၄) ‘‘ဟေတုပစ္စယော’’ စသော ပဌာန်း ၂၄ ပစ္စည်း ဥဒ္ဒေသ
(၅) “ဘုရား ဂုဏ်တော် (၉)ပါး
(၆) ‘‘ ဇယန္တော ဗောဓိယာ မူလေ’’ စသော ပုဗ္ဗဏှသုတ် အဆုံးသတ်နဲ့ ကျကျနန ရှိခိုးပြီး သဒ္ဓါတရား ပွားများပြီး ရှိခိုးလေ့ရှိပါတယ်။

* ဂုဏ် .....


* တချို့က ခေတ်မီပစ္စည်းတွေပေါ်သမျှ
သုံးနိုင်မှ ဂုဏ်ရှိတယ်ထင်ကြတယ်။

* တချို့က ရာထူးဂုဏ်ဝါတွေကြီးမှ
ဂုဏ်ရှိတယ်ထင်ကြတယ်။

* တချို့က ပိုက်ဆံပေါ ရုပ်ချော လှုနိုင်
ပေးကမ်းနိုင်မှ ဂုဏ်ရှိတယ်ထင်ကြတယ်။

* ကိုယ့်အတွက်တော့ စိတ်ဓါတ်ဖြူစင်
ရိုးသားပြီးကိုယ်ကျင့်တရားကောင်းသူ
ရဲ့ရေကြည်ကြည်လေးတစ်ခွက်က
လည်းဂုဏ်ရှိတာပါပဲလို့။

ဆရာလေး မပဏီတဉာဏီ
25.10.2016

* မရှုစိမ့်သူ ....


* မရှုစိမ့်သူ ....

* ဘယ်သောအခါမှ သူတပါးကောင်းစားတာကို မမြင်လိုဘူး။ သူတပါးကောင်းစားရင် ကောင်းစားသလောက် စိတ်သောက ရောက်နေသူ၊ သူတပါးပျက်စီးရာပျက်စီးကြောင်းကို အမြဲကြံစည် လုပ်ေ
ဆာင်နေသူ၊ သူကား အခြားသူ မဟုတ်။ မာန်နတ် ....


* ခုလည်းကြည့်လေ။ မြတ်ဗုဒ္ဓသည် ပဉ္စသာလာ ပုဏ္ဏားရွာသို့ ကြွရောက်လာ၏။ အကြောင်းမဲ့တော့ မဟုတ်။ လောက သူတော်ကောင်းတို့မည်သည် ပေးဆပ်မှုကိုသာလျှင် အစဉ်ရှေးရှုလျက်ရှိ၏။ ခုလည်း မြတ်ဗုဒ္ဓသည် ပဉ္စသာလာရွာသူ သတိုးသမီးငါးရာတို့၏ သောတာပတ္တိမဂ်ရအံ့သော အကြောင်းဥပနိဿယကြောင့် ဤရွာသို့ ကြွရောက် သီတင်းသုံးနေခြင်း ဖြစ်၏။

* သူတော်ကောင်းတို့သည် ပေးဆပ်မှုကို အစဉ်ရှေးရှုသလောက် သူယုတ်မာတို့သည်ကား သူတပါးပျက်စီးမှုကိုသာ အစဉ်ကြံတွေး ဖျက်ဆီးလျက်ရှိ၏။ ဤသည်မှာ လောက သဘာဝဖြစ်၏။

* တစ်နေ့ နက္ခတ်ပွဲသဘင်နေ့၌ ပဉ္စသာလာရွာသူ သတိုးသမီးငါးရာဟာ မြစ်ဆိပ်သွား၊ ရေချိုး၊ တန်ဆာဆင်ပြီး ပြန်အလာ မြတ်ဗုဒ္ဓလည်း ရွာသို့ ဆွမ်းခံကြွတော်မူလာ၏။ ဒီအချိန်မှာပဲ မာန်နတ်သည် တစ်ရွာလုံး သတိလွတ်စေ၍ မြတ်ဗုဒ္ဓ ဆွမ်းမရအောင် နှောက်ယှက်တော့၏။ မြတ်ဗုဒ္ဓလည်း ဆွမ်းခံရွာမှ ဖဲ၍ ရွာတံခါး၌ ခေတ္တ သီတင်းနေ၏။

* ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့အလုပ်သည်လည်း လူယုတ်မာတို့၏ စရိုက်တစ်မျိုးဟု ထင်သည်။ အဘယ်ကြောင့်ဆိုသော် မာန်နတ်သည် မြတ်ဗုဒ္ဓသီတင်းသုံးရာ ရွာတံခါးခုံသို့ လာ၍ `` သမဏ ... ဆွမ်း ရခဲ့ရဲ့လား?၊ ဒီအချိန်ဆို ဆာလောင်မှုဒုက္ခတွေ နှိပ်စက်နေမှာပေါ့နော်´´ဟု ခနဲ့သလိုလို ရွဲ့သလိုလိုနဲ့ လျှောက်၏။

* မြတ်ဗုဒ္ဓလည်း ``ပါပိမ - ယုတ်မာသော မာန်နတ် ... သင့်လုပ်ရပ်ကို ငါ မသိ မဟုတ်၊ သိ၏။ ယနေ့ ငါ ဆွမ်းတစ်ဇွန်းမျှ မရသော်လည်း အာဘဿရာဗြဟ္မာများကဲ့သို့ ပီတိ, သုခတည်းဟူသော အစာအာဟာရဖြင့် အချိန်ကို လွန်မြောက်စေအံ့´´ဟု မိန့်၍ -
``သုသုခံ ဝတ ဇီဝါမ၊ ယေသံ နော နတ္ထိ ကိဉ္စနံ။
ပီတိဘက္ခာ ဘဝိဿာမ၊ ဒေဝါ အာဘဿရာ ယထာ´´ ဟူသော ဂါထာကို မိန့်တော်မူပါတယ်။


* အဓိပ္ပာယ်ကား - ``စိုးရိမ်ကြောင့်ကြစရာ တစ်စုံတစ်ခုမျှ မရှိတော့သည့်အတွက် ငါဘုရားတို့သည် အလွန်ချမ်းသာစွာ အသက်မွေးနေကြရကုန်၏။ အာဘဿရာဗြဟ္မာများသည် နှစ်သက်မှု ပီတိအစာကို အမှီပြုကာ နေကြရသကဲ့သို့ ငါဘုရားတို့သည်လည်း နှစ်သက်မှု ပီတိအစာကို အမှီပြုကာ နေထိုင်ရကုန်အံ့´´ဟူသည်တည်း။

* ဟုတ်၏။ ရောင့်ရဲမှုသည် အမြတ်ဆုံးသော ဥစ္စာဖြစ်၏။ ရောင့်ရဲနိုင်သူအဖို့ မပြည့်စုံမှုဟူသည် အဘယ်မှာ ရှိအံ့နည်း။ ထို့အတူ မရောင့်ရဲတတ်သူအဖို့ကလည်း မည်မျှပင် ရှိစေ, ရစေကာမူ အလိုပြည့်ဝပြီဟူ၍ ဘယ်သောအခါမှ မရှိနိုင်ပေ။ လိုမြဲ လိုနေမည်သာ။ ထိုအလိုမပြည့်ဝမှုသည်ပင်လျှင် မိမိဘဝ ပျက်စီးခြင်း၏ အကြောင်းတစ်မျိုး မဟုတ်လော .....

* သို့ဖြစ်ပါ၍ စာချစ်သူ ဓမ္မမိတ်ဆွေတို့ အနေဖြင့်လည်း မိမိဘဝ မပျက်စီးရလေအောင် ``သန္တုဋ္ဌိမင်္ဂလာ´´ဟု ဆိုအပ်သော ``ရောင့်ရဲတင်းတိမ်နိုင်မှုမင်္ဂလာ´´နဲ့ ပြည့်စုံအောင် နေထိုင်သင့်ပါကြောင်း တင်ပြလိုက်ရပါသတည်း ......

အရှင်သီလာစာရ
မြတောင်ကျောင်း
ရေနံချောင်း
25.10.2016

* ဓမ္မပဒအဋ္ဌကထာ၊ ဒုတိယအုပ်၊ စာ - ၁၆၇ ပါ၊ သုခဝဂ်၊ မာရဝတ္ထုကို ကြည်ညိုပူဇော်သည်။

ယှဉ်ပြိုင်မှု .....

* ယှဉ်ပြိုင်မှု .....
* သူ့ကို သွားယှဉ်လိုက်လို့
ကိုယ် လိုက်မမီတဲ့အရာတွေ
တွေ့လိုက်တဲ့အခါ
ဝမ်းနည်းကြေကွဲမှုတွေက
ရင်ဘတ်ကို ကပ်ကပ်လာတယ် .....

* သူ့ကို သွားယှဉ်လိုက်လို့
ကိုယ့်မမီတဲ့အရာတွေ
တွေ့လိုက်ရတဲ့အခါ
ဆောင့်ကြွား မောက်မာမှုတွေက
ရင်ဘတ်ကို ဆောင့်ဆောင့် တိုးနေလေနဲ့ ....

* ကိုယ့်ကိုယ်ကို ပြန်ယှဉ်ကြည့်လိုက်တော့မှ
ပိုနေတာ တစ်ခု
လိုနေတာ တစ်ခု
တွေ့လိုက်ရတယ် ....

* အင်း ....
ခုမှ
ပိုနေတာကို တင်းတင်းဆုပ်ပြီး
လိုနေတာကို အတင်းလိုက်ဆွဲနေမိပါရောလား .....


ရေနံ့သာ - မောင်သီ (25.10.2016)

Saturday, October 22, 2016

သူငယ်ချင်း


* သူငယ်ချင်းဆိုတာ အေးအတူ ပူအမျှ မျှဝေခံစားတတ်သူမျိုးကို ဆိုလိုတာပါ။

Sunday, October 2, 2016

* မိမိကိုယ်ကို ဆန်းစစ်ကြည့်ခြင်း .....

ဆယ်ကျော်သက်အရွယ်
ကောင်လေး တစ်ယောက်ဟာ
စတိုးဆိုင်တစ်ဆိုင်ရဲ့ ငွေရှင်းကောင်တာနားက
တယ်လီဖုန်းရုံကိုသွားပြီး ဖုန်းဆက်ဖို့
ဖုန်းနံပါတ်နှိပ်လိုက်တယ် ...။

စတိုးဆိုင်ပိုင်ရှင်က သတိထားမိပြီး
ဘာပြောသလဲဆိုတာ နားထောင်နေသတဲ့ ...

ကောင်လေး :
``အန်တီ .. အန်တီ့အိမ်ရှေ့ မြက်ခင်းကို
ရိတ်ပေးဖို့ လူများလိုအပ်သလား သိချင်လို့ပါ"

အမျိုးသမီးကြီး : (တစ်ဘက်မှပြော)
"အန်တီ့မှာ မြက်ခင်းရိတ်ပေးနေကျသူ
ရှိပါတယ်ကွယ်"

ကောင်လေး : "ကျွန်တော် အန်တီ့ဆီမှာ
လုပ်နေကျသူကို ပေးရတဲ့ အခကြေးငွေရဲ့
တစ်ဝက်ပဲယူပါ့မယ်ခင်ဗျာ .."

အမျိုးသမီးကြီး : "အန်တီ့ဆီမှာ
အမြဲလုပ်ပေးနေကျသူရဲ့ လုပ်ကိုင်ပုံကို
အန်တီအရမ်းစိတ်တိုင်းကျလို့ပါ သားရယ်"

ကောင်လေး : (ဇွဲမလျှော့သေးပဲ) "အန်တီရယ်၊
ကျွန်တော် အန်တီ့အိမ်မှာ မြက်ရိတ်ပေးမယ့်အပြင်
အခကြေးငွေမယူပဲ လှည်းကျင်းပေးမယ် ဆိုရင်ရော
ခင်ဗျာ"

အမျိုးသမီးကြီး : " ကျေးဇူးတင်ပါတယ်ကွယ် ...
အန်တီတကယ်မလိုအပ်လို့ပါ"

ကောင်လေးဟာအပြုံးနဲ့ ဖုန်းပြန်ချလိုက်တယ် ..။
အကုန်လုံးကို နားထောင်နေတဲ့
စတိုးဆိုင်ပိုင်ရှင်ဟာ ကောင်လေးနားကို
လျှောက်သွားသတဲ့ ..။

စတိုးဆိုင်ပိုင်ရှင် : "သားကိုလက်ခံတယ်တဲ့လား"

ကောင်လေး : "မလိုသေးဘူးပြောပါတယ် ဦးလေး"

စတိုးဆိုင်ပိုင်ရှင် : "အင်း ... သားရဲ့
စိတ်ဓာတ်လေးကိုတော့ ဦးလေးသဘောကျတယ် ..။
သားလိုချင်ရင် အဲလိုအလုပ်မျိုး တခြားဆီမှာရအောင်
ဦးလေး ကူညီပေးပါ့မယ်"

ကောင်လေး : "ကျေးဇူးတင်ပါတယ် ဦးလေး ..
ဒါပေမယ့် မလိုပါဘူးခင်ဗျာ"

စတိုးဆိုင်ပိုင်ရှင် : "ဟေ ... မင်း အခုပဲ
အလုပ်လိုချင်နေတာ မဟုတ်ဘူးလား"

ကောင်လေး : "မဟုတ်ပါဘူး ခင်ဗျာ ..။
ကျွန်တော်ရပြီးသားအလုပ်တစ်ခုမှာ
ကျွန်တော့ရဲလုပ်ဆောင်ခဲ့နိုင်မှုကို ပြန်ပြီး
စစ်ဆေးနေတာပါ ..။
အခု ကျွန်တော်ဖုန်းဆက်ခဲ့တဲ့
အန်တီ့အိမ်မှာ ကျွန်တော် အလုပ်လုပ်နေတာပါ။

Credit To Original Writer

(ဒါဟာ မိမိရဲ့တန်ဖိုးကို မိမိကိုယ်တိုင်
ဆန်းစစ်ခြင်းလို့ ခေါ်ပါတယ်)

Credit &လူဗိုလ်ဟူသည်

* ယုံကြည်မှု၏ အခြားတစ်ဖက်၌ .....
* အဇာတသတ်သည် ဘုရားကိုမယုံ
ဒေဝဒတ်ကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* စိဉ္စမာနသည်
ဘုရားကိုမယုံ
တိတ္ထိဆရာများကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* ရှင်မဟာမောဂ္ဂလာာန်အလောင်းသည်
မိဘများကိုမယုံ
မယားကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* စောလူးမင်းသည်
ကျန်စစ်သားကိုမယုံ
ငရမန်ကန်းကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* နတ်ရှင်နောင်သည်
ကိုယ့်လူမျိုးကိုမယုံ
ဘာသာခြားငစင်ကာကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူသည်။
* ပုဂံမင်းသည်
ကိုယ့်လူမျိုးကိုမယုံ
ဘာသာခြား ကုလားဘိုင်ဆပ်ကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* သီပေါမင်းသည်
ပညာရှိအမတ်များကိုမယုံ
စုဖုရားလတ်ကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* ဂဠုန်ဦးစောသည်
ဗိုလ်ချုပ်အောင်ဆန်းကိုမယုံ
အင်္ဂလိပ်ကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
အရှင်တိလောကဘိဝံသု အင်းစိန်ု
ရွာမပရိယတ္တိစာသင်တိုက်
(အစဉ်ထာဝရခိုင်မြဲသောအားဖြင့် အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်ပါ၏ အရှင်သူမြတ်တို့ဘုရား)

* ယုံကြည်မှု၏ အခြားတစ်ဖက်၌ .....
* အဇာတသတ်သည် ဘုရားကိုမယုံ
ဒေဝဒတ်ကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* စိဉ္စမာနသည်
ဘုရားကိုမယုံ
တိတ္ထိဆရာများကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* ရှင်မဟာမောဂ္ဂလာာန်အလောင်းသည်
မိဘများကိုမယုံ
မယားကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* စောလူးမင်းသည်
ကျန်စစ်သားကိုမယုံ
ငရမန်ကန်းကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* နတ်ရှင်နောင်သည်
ကိုယ့်လူမျိုးကိုမယုံ
ဘာသာခြားငစင်ကာကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူသည်။
* ပုဂံမင်းသည်
ကိုယ့်လူမျိုးကိုမယုံ
ဘာသာခြား ကုလားဘိုင်ဆပ်ကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* သီပေါမင်းသည်
ပညာရှိအမတ်များကိုမယုံ
စုဖုရားလတ်ကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* ဂဠုန်ဦးစောသည်
ဗိုလ်ချုပ်အောင်ဆန်းကိုမယုံ
အင်္ဂလိပ်ကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
အရှင်တိလောကဘိဝံသု အင်းစိန်ု
ရွာမပရိယတ္တိစာသင်တိုက်
(အစဉ်ထာဝရခိုင်မြဲသောအားဖြင့် အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်ပါ၏ အရှင်သူမြတ်တို့ဘုရား)

● စိတ်ညစ်ရင် အာရုံပြောင်းပါ●

* တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ကိုရင်တိဿ 
ဆိုတဲ့ကိုရင်တစ်ပါး ရှိခဲ့ဖူးပါတယ်။
ဒီလိုနဲ
့ တစ်နေ့ မှာ စိတ်ညစ်စရာ အာရုံတစ်ခုနဲ့ တွေ့ ပြီး လူထွက်ချင်လာပါသတဲ့။
ကိုရင် တိဿက သူစိတ်ညစ်လို့  လူထွက်ချင်တဲ့အကြောင်းကို ဆရာဘုန်းကြီးကို သွားလျှောက်ပါတယ်။
ဒီတော့ ဆရာဘုန်းကြီးက
"အင်း အာရုံကြောင့် ဖြစ်တဲ့စိတ်ဟာ အမြဲတမ်း အဆိုးဘက်ကိုချည်း ယိမ်းမနေဘူး၊
အာရုံကြောင့် ဖြစ်တဲ့စိတ်ကို အာရုံနဲ့ပဲ ပြန်ကုပေးမှ။ လူဆိုတာ အာရုံသစ်ကို အခြေတည်ပြီး ပျော်ရွှင်တတ်ကြတယ်။
ဒါကြောင့်
အာရုံသစ်တစ်ခု ပြောင်းပေးလိုက်မှပဲ" ဆိုပြီး တွေးမိပုံရပါတယ်။
ဒါကြောင့် ဆရာဘုန်းကြီးက
"ကောင်းပြီ ငါ့တပည့်၊ လူထွက်ဖို့  ဆုံးဖြတ်ပြီးရင်လည်း ငါတို့ မတားလိုဘူး။
ဒါပေမယ့်
ငါတို့ နေတဲ့ ကျောင်းဟာ ချိုးရေ အလွန်ရှားတယ်။ ငါ့တပည့် လူမထွက်ခင် ငါတို့ကို ရေပေါရာ စိတ္တရတောင်ကို ပို့ပေးခဲ့ပါဦး" လို့  မိန့် လိုက်ပါတယ်။
ကိုရင်တိဿ က လည်း ဆရာဘုန်းကြီးပြောတဲ့အတိုင်း သူ့ဆရာကို စိတ္တရတောင်ကို ပို့ ပေးရှာပါတယ်။ စိတ္တရတောင်ရောက်တော့ ဆရာဘုန်းကြီးက ဘယ်လိုထပ်မိန်ပြန်သလဲဆိုတော့
"ငါ့တပည့်ရယ်၊ ဒီစိတ္တရတောင်တွေမှာ ရှိတဲ့ ကျောင်းတွေဟာ သံဃာပိုင်
သံဃိကကျောင်းတွေကွဲ့ ၊ သံဃိကကျောင်းဆိုတော့ နေတာထိုင်တာ အစစအရာရာ ဆင်ခြင်နေရတယ်။ သိပ်လွတ်လပ်မှု မရှိဘူးပေါ့။
ဒါ့ကြောင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းလေးတစ်ကျောင်းတော့
လိုချင်တယ်၊ ဖြစ်နိုင်ရင် စီစဉ်ပေးခဲ့ပါဦးကွယ်"လို့  ဆက်မိန့် ပါတယ်။
ကိုရင်တိဿ ကလည်း လူထွက်ခါနီး
ဆရာသမားကို နောက်ဆုံးပြုပေးခြင်းဆိုတဲ့ အသိနဲ့  တက်တက်ကြွကြွနဲ့ပဲပြုပေးရှာပါတယ်။
ကိုရင်တိဿ ဆောက်ပေးဖို့ စိတ်ကူးတဲ့ ကျောင်းကလေးက သူတို့ သီဟိုဠ်ခေတ်က ကမ္မဋ္ဌာန်း ဘုန်းကြီးတွေ အကြိုက် လှိုဏ်ဂူကျောင်း ပုံစုံလေးပါ။ ဒါကြောင့် ကိုရင်တိဿလည်း ဆရာဘုန်းကြီး ကမ္မဋ္ဌာန်း အားထုတ်ဖို့ အဆင်ပြေမယ့် ကျောင်းပုံစံကို စိတ်ကူးနဲ့ ဦးစွာ
သေချာစိတ်စားပါတယ်။ ပြီးတော့မှ ဥတုသုံးပါးနဲ့လည်း သင့်တော်မယ့် တောင်ခြေတစ်ခုမှာ လှိုဏ်ခေါင်းစတူးပါတယ်။
အံ့သြဖို့ ကောင်းတာက
ကိုရင်တိဿ ဟာ နောက်ဆုံး အခွင့်အရေးဆိုတဲ့ နှလုံးသွင်းနဲ့  အလုပ်သုံးခုကို တစ်ပြိုင်နက်တည်း လုပ်နေတာပါပဲ။
သူတစ်ပြိုင်နက် လုပ်နေတဲ့ အလုပ်က ကမ္မဋ္ဌာန်းကျောင်းအတွက် လှိုဏ်ဂူတူးတာရယ်၊ ဆရာဘုန်းကြီးဆီမှာ သင်ခဲ့တဲ့ သံယုတ္တနိကာယ်ကျမ်းကြီးကို ရွတ်ဖတ်သရဇ္ဈယ်နေတာရယ်၊ တေဇောကသိုဏ်းကို
ရှုမှတ်ပွားများနေတာရယ်ပါ။
ထပ်ပြီး အံ့သြဖို့ ကောင်းတာက ကမ္မဋ္ဌာန်းလှိုဏ်ဂူ ပြီးစီးတဲ့နေ့မှာပဲ သံယုတ္တ နိကာယ်ကျမ်း ရွတ်ဆိုသရဇ္ဈယ်မှု ပြီးဆုံးသွားသလို ပွားများနေဆဲ
တေဇောကသိုဏ်းဟာလည်း အပ္ပနာဈာန်အဆင့်ထိ ရောက်လာခဲ့တာပါပဲ။ (၀ိပဿနာအဆင့်ထိ မရောက်သေးဘူးပေါ့)
ကိုရင်တိဿလည်း အားရ၀မ်းသာနဲ့ ကျောင်းဆောင် ပြီးသွားပြီဖြစ်တဲ့အကြောင်း ဆရာဘုန်းကြီးကိုသွားလျှောက်ပါတယ်။
ဒီတော့ ဆရာဘုန်းကြီးက လှိုဏ်ဂူကျောင်းဆောင်ကလေးကို ကြည့်ပြီး ဘယ်လိုထပ်မိန့် ပြန်သလဲဆိုတော့ -
"အို .. ကောင်းလိုက်တဲ့ လှိုဏ်ဂူလေးပါလား၊
ငါတို့ တော်တော်သဘောကျပါတယ်ကွယ်။
ငါ့တပည့် ပင်ပင်ပန်းပန်းနဲ့ လုပ်ထားတဲ့ လှိုဏ်ဂူလေးဆိုတော့ ငါ့တပည့်က ဒီနေ့ တစ်ရက်တော့ အရင်နေလိုက်ပါဦး၊
ပြီးတော့ ငါ့တပည့်က လူထွက်သွားရင် ရဟန်းတရားနဲ့ ဝေးသွားမှာဆိုတော့ ငါတို့ ပေးထားတဲ့ ကမ္မဋ္ဌာန်းနည်းလေးနဲ့လည်း စွမ်းနိုင်သလောက် ဒီလှိုဏ်ဂူလေးထဲမှာ ရှုမှတ်ပွားများလိုက်ပါဦး" လို့  ဆက်မိန့့် လိုက်ပြန်တယ်။
ကိုရင်တိဿလည်း ဆရာ့စကားအတိုင်း မိမိပြုလုပ်ထားတဲ့ လှိုဏ်ဂူထဲမှာပဲ တရားရှုမှတ်မှုကို စပါတယ်။ လှိုဏ်ဂူလေးကလည်း အသစ် လှလှလေး၊ ရာသီဥတုကလည်း သာယာ၊ ဒီတော့ ကိုရင်တိဿရဲ့ စိတ်မှာ ၀မ်းမြောက်မှု ပီတိတွေ ဖြစ်လာပါတယ်။ ပြီးတော့ တေဇောကသိုဏ်းပွားပြီး အပ္ပနာဈာန်အထိလည်း ရထားတာဆိုတော့ ပီတိနဲ့ ရထားတဲ့
အပ္ပနာဈာန်ကို အခြေခံပြီး တရားအားထုတ်လိုက်တာ အရဟတ္တဖိုလ်တည်ပြီး ရဟန္တာဖြစ်သွားပါတော့တယ်။
ဒီတော့မှ ဆရာ့ကျေးဇူးကို သိပြီး ဆရာရှိရာအရပ်ကိုမှန်းပြီး ဦးချပြီးတော့ "သြော် စိတ်ဆိုတာ အမြဲတမ်း အဆိုးဘက်ကိုချည်း ယိမ်းမနေပါလား။ အာရုံပြောင်းလိုက်တာနဲ့ 
ဘ၀တစ်ဆစ်ချိုးပြီး အမြင့်ဆုံး ပန်းတိုင်တစ်ခုကို မထင်မှတ်ဘဲ ရောက်သွားပါလား"လို့  ဆင်ခြင်မိလိုက်ပါသတဲ့။
ကဲ ... စာဖတ်သူတို့ ရော ..
စိတ်ညစ်ရင် စိတ်ညစ်တဲ့ အတိုင်း မထားပါနဲ့ ။
လောကပြစ်၊ ဓမ္မပြစ် မဖြစ်စေတဲ့
ကိုယ်နှစ်သက်ရာ အာရုံသစ်တစ်ခုခုကို
ပြောင်းလိုက်ပါနော်....။
ကျမ်းကိုး
မူလပဏ္ဏသအဋ္ဌကထာ(ပ)တွဲ၊စာမျက်နှာ (၃၉၅)
ရဝေနွယ် အင်းမ

ကျွန်တော့်ကို အမေသတ်ခဲ့တယ်
-----

ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ကတော့ ကျွန်တော့်အမေရဲ့ မျှော်လင့်ချက်တွေ အားလုံး တစ်စစီ ကွဲကြေသွားတဲ့နေ့ပါပဲ ။

ကျွန်တော် ဆေးတက္ကသိုလ်တက်ဖို့ အမှတ်မမှီခဲ့ဘူး ။ ( ဂုဏ်ထူး ၄ ခုပဲပါတာဆိုတော့ အမှတ်ကို ခန့်မှန်းတွက်ဆလို့ ရသွားပြီ )
အမေ ငိုပါတယ် ။ တော်တော်နာနာကျင်ကျင်ငိုပါတယ် ။ အကြာကြီးပဲ ။ ပြီးတော့ `` ငါက နင့်ကို ဆရာဝန်ဖြစ်စေချင်လွန်းလို့ တစ်သက်လုံးကုန်းရုန်းပြီး ပိုက်ဆံရှာခဲ့တာ ။ ငါ မစားရက်မသုံးရက် စုဆောင်းပြီး နင့်ကို ကျောင်းထားပေးခဲ့တာ , အခုတော့ နင်က ငါ့ကို ကောင်းကောင်းကြီး ကျေးဇူးဆပ်လိုက်ပြီပေါ့ ... ဟုတ်လား "
ကျွန်တော်သိလိုက်ပြီ ။ အမေ့သားအစစ်က ကျွန်တော့်မှ မဟုတ်ဘဲ ။ အမေ့အာရုံထဲမှာ စိတ်ကူးနဲ့ဖန်တီးထားတဲ့ ဒေါက်တာဇော်ဇော် ( ဒါမှမဟုတ် ) ဆေးကျောင်းသား ဇော်ဇော်ပဲ ။

အမေရယ် ... ကျွန်တော်အစစ်ကြီးက ဒီမှာပါဗျာ ။ ကျွန်တော့်မှာမရှိတဲ့ အရည်အချင်းတွေ , ကျွန်တော်ဖန်တီးယူလို့မရတဲ့ ဂုဏ်ထူးအဆင့်တွေအတွက် ကျွန်တော့်ကို အပြစ်မတင်ပါနဲ့လားဗျာ ။
အဲဒီအစား .... ကျွန်တော့်မှာ တကယ်ရှိနေတဲ့ အရည်အချင်းကောင်းလေးတွေကို မေမေ နည်းနည်းလောက် အသိအမှတ်ပြုပေးပါလားဟင် ။ ကျွန်တော် ဆေးလိပ်လည်း မသောက်တက်ဘူး , အရက်လည်း မသောက်ဘူး , ကျောင်းလည်းး မပြေးဘူး , ရည်းစားလည်း မထားဘူး , ရန်လည်း မဖြစ်ဘူး , ညဉ့်နက်သန်းခေါင်လည်း လျှောက်မလည်ဘူး ။
အဲဒါတွေကို မေမေ အသိအမှတ်မပြုဘူးလားဟင် ။ ကျွန်တော်ဟာ မွေးရကျိုးမနပ်တဲ့ သားမိုက်ပဲလားဟင် ။
ကျွန်တော့်ကို ဆရာဝန်ဖြစ်စေချင်တာ ကျွန်တော့်ဘဝရှေ့ရေး ဖြောင့်ဖြူးဖို့အတွက်ပါလို့ မေမေ ပြောကောင်းပြောချင်ပါလိမ့်မယ် ... ကျွန်တော် သိပါတယ် ။

ဒါပေမယ့် .... မေမေရယ်
လူတစ်ယောက်ဘဝမှာ အောင်အောင်မြင်မြင်ရပ်တည်ဖို့ဆိုရင် တကယ်လိုအပ်တာက စိတ်ဓာတ်ခိုင်မာအောင် လေ့ကျင့်ပေးရမှာလေ ။ လောကဓံကို ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်နေပျော်အောင် သင်ပေးရမှာလေ ။
` ဆရာဝန်ဖြစ်ရေး ' ဆုဖလားပွဲမှာ ပြိုင်မြင်းတစ်ကောင်လို ကြိမ်နဲ့ရိုက်ပြီး ဝင်ပြေးခိုင်းရတာမျိုး မဟုတ်ဘူး ။
အမေက ကျွန်တော့်ကို ကြိုးစားအောင် တွန်းအားတွေ နေ့တိုင်းပေးတယ် ။ ကျွန်တော် နေ့တိုင်းမပျော်ဘူး ။ ခြေလက်အင်္ဂါ မရှိ / ဆုံးရှူံးတဲ့လူတွေ လောကကြီးကို ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်ပျော်ရွှင်နေချိန်မှာ ကျွန်တော်ကတော့ လပတ်စာမေးပွဲမှာ အဆင့် ( ၂ ) ဖြစ်ရတာကို ကမ္ဘာပျက်သလောက် ဖြစ်နေတယ် ။
မိဘကျေးဇူးကြီးမားပုံတွေ ပြောတာ ကြားရလွန်းအားကြီးတော့ ကျွန်တော့်ကိုယ်ကျွန်တော် တာဝန်မကျေတဲ့ သားဆိုးသားမိုက်တစ်ယောက်လို ခံစားလာရတယ် ။

အမေ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ထပ်တလဲလဲ ညဉ်းတွားသံ ကြားရဖန်များလာတော့ ကျွန်တော့်ကိုယ်ကျွန်တော် မုန်းတီးစက်ဆုပ်လာတယ် ။ ကျွန်တော့်ရဲ့ အသက်ရှင်မှုကိုလည်း ရွံလာတယ် ။ ငါ ဘာလို့ ရှင်သန်နေရတာလဲ ။
ကျွန်တော်က ဇွတ်အတင်း အခွင့်အရေးယူပြီး `` မေမေ့ဆီမှာ ကျွန်တော် လူလာဖြစ်ပါရစေ , ကျွန်တော့်ကို မွေးပေးပါ " လို့ တောင်းဆိုခဲ့တာမှ မဟုတ်ဘဲ ။ အဖေ သေသွားလို့ အမေတစ်ယောက်တည်း ရုန်းကန်ရတာဟာလည်း ကျွန်တော့် ပယောဂကြောင့်မှ မဟုတ်ဘဲ ။
မေမေရယ် ........ ။

ကျွန်တော်တို့ဟာ မတော်တဆ ဆုံစည်းကြရတဲ့သူတွေပါလေ ။ မေမေ့မေတ္တာတရားဟာ နက်ရှိုင်းလွန်းလှပါတယ် ။
ဒါပေမယ့် အဲဒါကို အကြောင်းပြုပြီး စကားလုံးတွေနဲ့ ကျွန်တော့်စိတ်ကို နာကျင်ထိရှအောင်လုပ်တာ များလွန်းသွားပြီ ထင်တယ် ... မေမေရယ် ။

---------------------

ကျွန်တော့်ဘဝရဲ့ ပထမဆုံးချစ်သူကို စက်မှုတက္ကသိုလ် စတုတ္ထနှစ်မှာ ဆုံစည်းခဲ့ရတာ ဖြစ်ပါတယ် ။
တက္ကသိုလ်ကျောင်းသားတစ်ယောက် ရည်းစားထားတာဟာ တကယ့်ကို သမရိုးကျကိစ္စတစ်ခုပါ ။ ဒါပေမယ့် ကျွန်တော့်အတွက်ကျတော့ အဲဒီလို မဟုတ်ခဲ့ဘူး ။ နေ့စဉ်နဲ့အမျှ မတော်တဆ ပေါက်ကွဲမသွားအောင် ဗုံးတစ်လုံးကို လျှျှိ့ဝှက်ထိန်းသိမ်းနေသလို ခံစားရတယ် ။
ကျွန်တော့်မှာ ချစ်သူရှိနေပြီဆိုတဲ့အကြောင်း ဖုံးဖိထားချင်တယ် ။ ဘယ်မှမသိအောင် အမှောင်ချထားချင်တယ် ။ အမေ သိသွားရင် ပြသနာတက်လိမ့်မယ်ဆိုတာ ကျွန်တော် အလိုလိုသိပြီး စိုးရိမ်နေတယ် ။

စိုးရိမ်စိတ်ဆိုတာ ကျွန်တော်နဲ့ နေသားတကျ ဖြစ်နေပါပြီ ။ ဘာကိုမဆို အကြောင်းမရှိဘဲ ကျွန်တော် စိုးရိမ်နေလေ့ရှိတာ ကြာပါပြီ ။
အဲဒါ .... ထင်ထင်ရှားရှား တောက်ပလင်းလက်လာတဲ့ ကျွန်တော့်ကိုယ်ခန္ဓာထဲက စိတ္တဇပါပဲ ။
နောက်ဆုံး .... ကျွန်တော့်ချစ်သူကတောင် ကျွန်တော်မူပျက်နေတာကို ကြည့်ပြီး ရိပ်မိလာလို့ `` မောင် ... ဘာဖြစ်နေတာလဲ , ဘာလို့ ဒီလောက်တောင် ပုန်းလျှိုးကွယ်လျှိုး လုပ်နေရတာလဲ " လို့ ဗြောင်ဖွင့်မေးယူရတဲ့အထိပါ ။

နောက်တော့ ကျွန်တော် စိုးရိမ်တဲ့အတိုင်းပါပဲ ။ အဲဒီစာသင်နှစ် မကုန်ခင်မှာ ကျွန်တော့်အိမ်ကလူတွေက ကျွန်တော့်မှာ ချစ်သူရှိနေမှန်း သိသွားကြပါတယ် ။
အဲဒီတရားစီရင်ခန်းမြင်ကွင်းကို ခုထိ ကျွန်တော် ကောင်းကောင်းကြီး မှတ်မိနေတုန်းပဲ ရှိပါသေးတယ် ။ အမေက ဘာစကားမှမပြောဘဲ တရှုံ့ရှုံ့နဲ့ အကြာကြီးငိုနေတယ် ။ ဦးလေးတွေ , ကြီးဒေါ်တွေကတော့ .... `` မင်းအမေက နောက်အိမ်ထောင်မပြုဘဲ မင်းကို ပြုစုကျွေးမွေး ကျောင်းထားပေးခဲ့တာ , မင်းက အခုတော့ ပညာတောင်မစုံခင် ရည်းစားထားရတာနဲ့ ... ဘာနဲ့ .... "
ဟော ... လာပြန်ပြီ ။ ကျွန်တော့်အမေ နောက်အိမ်ထောင်မပြုတဲ့ကိစ္စ ။ ဒါဟာ သူတို့အတွက် သေချာပေါက် ` နိုင်ဖဲ ' တစ်ချပ် ဖြစ်ခဲ့တယ် ။ ကျွန်တော့်အတွက် သေချာပေါက် ` ကျေးဇူးအကြွေး ' ဖြစ်ခဲ့တယ် ။
ဖြစ်ခဲ့တယ် ။
ကျွန်တော့်အမေ ဖြစ်ခဲ့တာတွေဟာ .... ` ကျွန်တော့်အတွက် ' ဖြစ်ခဲ့တယ် ။ နောက်တစ်နေ့မှာပဲ ချစ်သူကို ကျွန်တော် လမ်းခွဲခဲ့ပါတော့တယ် ။

------------

`` ကျွန်မမှာ ဘာချို့ယွင်းချက်ရှိလို့လဲ " တဲ့ ။
တစ်ဖက်သတ် လမ်းခွဲခံရတဲ့ ချစ်သူက မကျေမနပ်နဲ့ ကျွန်တော့်ကို မေးတယ် ။
မင်းမှာ ဘာချို့ယွင်းချက်မှ မရှိပါဘူး ။ ငါ့မှာတော့ စိတ်ရောဂါရှိတယ် ။ ငါ ဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူး ။ ငါ ဘယ်တော့မှ သားသမီးတစ်ယောက်ရဲ့ အဖေ မလုပ်တော့ဘူး ။
တစ်စုံတစ်ယောက်ကို သူ့အလိုဆန္ဒမပါဘဲ လူ့လောကထဲ ခေါ်ဆောင်လာပြီးတော့မှ `` မင်းကို ငါချစ်တယ် , ဒါကြောင့် မင်း ငါ့အလိုဆန္ဒအတိုင်းနေပေးရမယ် " လို့လည်း အကြမ်းမဖက်ချင်ဘူး ။
ကျွန်တော့်ဘဝမှာ ရင်ဆိုင်ဖြတ်သန်းရမယ့် ခါးသီးမှုတွေဟာ ကျွန်တော့်ဝေစုပါ ။ ဒါကို ကလေးအပေါ် ပုံချပြီး `` သားကြောင့် ဖေဖေ ဒါတွေ နာကျင်ခဲ့ရတယ် , သားကြောင့် ဖေဖေ ဒါတွေ စွန့်လွှတ်ခဲ့ရတယ် " လို့ သားသမီးကို စိတ်အနာတရဖြစ်အောင် မလုပ်ချင်ဘူး ။ အားလုံးဟာ တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာတွေပေးနေကြတာ ။
အားးးး .... ရှူပ်တယ် ။

ဥမကွဲ သိုက်မပျက်ဖြစ်အောင် တစ်ယောက်လက်ကိုတစ်ယောက် အပြန်အလှန်ကြိုးတုပ်ချည်နှောင်ထားတဲ့ မိသားစုဆိုတာကြီးကို မလိုချင်တော့ဘူး ။
ကျွန်တော့်ဦးနှောက်တွေဟာ အဲဒီကတည်းကစပြီး ဒိန်ချဉ်လို ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့တာပါ ။ တချို့လူတွေကတော့ ဝေဖန်ကောင်းဝေဖန်ကြမယ် ။

`` မင်းလိုမျိုး စဉ်းစားလို့ကတော့ ကမ္ဘာမှာ လူတွေ ဘယ်မွေးဖွားလာကြမှာလဲ ။ လောကကြီး ပျက်စီးသွားမှာပေါ့ " လို့ ။ ဟုတ်ပါတယ် ။ ခင်ဗျားတို့ မှန်ပါတယ် ။ ပုံပျက်ပန်းပျက်ဖြစ်နေတာက ကျွန်တော်တစ်ယောက်တည်းပါ ။
ဒါပေမယ့် ဘာတက်နိုင်မှာလဲဗျာ ။ စိတ္တဇဆိုတာက ( မှန်တာတွေ မှားတာတွေနဲ့ မဆိုင်ဘဲ ) သူ့ဘာသာသူ ရှိနေတဲ့ အရှိတရားပဲလေ ။
ကျောခိုင်းလှည့်ထွက်ခါနီးမှာ ချစ်သူက တစ်ခွန်းပဲ ပြောသွားတယ် ။
`` ရှင်က အရူးပဲ "

------------------

ညနေက ကျွန်တော့်ကို ပြန်ငုံ့ကြည့်နေတယ် ။
လမ်းထိပ်ဆီကို ကျွန်တော် လျှောက်လာတော့ ကျောင်းဆင်းချိန်နဲ့ တိုးနေလို့ ကလေးတွေ လမ်းဖြတ်ကူးတာကို စောင့်နေရသေးတယ် ။ အဖြူအစိမ်းဝတ်စုံနဲ့ ကလေးလေးတွေဟာ ကျောင်းကြိုကားတွေရှိရာဆီကို သွားနေကြတယ် ။ မုန့်သည်တွေဆီကို သွားနေကြတယ် ။ လာစောင့်နေကြတဲ့ သူတို့ရဲ့ မိဘတွေဆီကို သွားနေကြတယ် ။
ကျွန်တော်ရပ်နေတဲ့ ဗန်ဒါပင်နားမှာ အဖေဖြစ်တဲ့သူက သူ့သားချာတိတ်လေးကို ပြောနေတယ် ။
`` မင်းဘေးခုံက ဖြိုးဝေက သင်္ချာမှာ ၁၀၀ ရတယ်ဆို , မင်းက ၈၉ တဲ့ ။ မင်းကို ဖြိုးဝေ ချေး ( ချီး ) ကျွေးဖို့ကောင်းတယ် "
အဆူခံနေရတဲ့ ချာတိတ်လေးက မျက်လုံးလေး ကလယ်ကလယ်နဲ့ သူ့အဖေကို ပြန်မော့ကြည့်နေတယ် ။

`` သြော် ... ကလေးရဲ့စိတ်ကို အနာတရဖြစ်အောင် လုပ်နေပြန်ပေါ့ ........ " လို့ ကျွန်တော် တွေးလိုက်တယ် ။
အဲဒီလူဟာ ကိုယ့်လက်ထဲမှာ ပွင့်နေတဲ့ ပန်းကို ဘာပန်းမှန်းသိအောင် မကြိုးစားချင်ဘူး ။ အလကားလူ ။ ကိုယ့်လက်ထဲမှာ စံပယ်ပွင့်လေး မွှေးဖြူဖြူစင်နေပါလျက်နဲ့ .....

`` မင်းက ဘာလို့ အရောင် မနီတာလဲ , မင်းမှာ ဘာလို့ဆူးတွေ မပါတာလဲ , မင်းကို နှင်းဆီပန်းရဲ့ ချေး ( ချီး ) ကျွေးဖို့ကောင်းတယ် " လို့ ဆူပူမာန်မဲနေတယ် ။
ကလေးအတွက်ရော , အဖေလုပ်တဲ့လူအတွက်ပါ ကျွန်တော် ရိုးရိုးသားသား ဝမ်းနည်းနေမိတယ် ။

----------

လမ်းမပေါ်မှာ အဖြူအစိမ်းဝတ်စုံနဲ့ ကလေးလေးတွေ ထွက်လာကြပြီ ။ သူတို့ ပျော်ရွှင်ခုန်ပေါက်မနေကြဘူး ။ သူတို့ဆူညံမြူးတူးမနေကြဘူး ။
သူတို့ သေဆုံးနေကြပါတယ် ။
ကလေးလေးတွေဟာ အသက်မဲ့လျက်သား လမ်းလျှောက်နေကြတာပါ ။
သူတို့ရဲ့ နှလုံးသားတည့်တည့်မှာ `` မိဘတွေရဲ့ တောင်းဆိုမှု " ကျည်ဆန်ရာတွေနဲ့ .. ။

မင်းခိုက်စိုးစန်