Tuesday, February 2, 2016

* ပရိတ်ရွတ်ဖတ် နာကြားကြမယ်ဆိုရင် …..

* ပရိတ်ရွတ်ဖတ် နာကြားကြမယ်ဆိုရင် …..

* ပရိတ်ဆိုတာ ရွတ်ဖတ်သူ နာကြားသူအပေါင်းကို ဘေးအပေါင်း မှ စောင့်ရှောက်ပေးတတ်သော သဘောတရားရှိ၏။ ထိုကဲ့သို့ ဘေးအပေါင်းမှ စောင့်ရှောက်ပေးနိုင်ရန်အတွက် စနစ်တကျ ရွတ်ဖတ်တတ် နာကြားတတ်ဖို့တော့ လိုအပ်၏။ ထိုအချက်များကို လက်လှမ်းမီသမျှ လေ့လာကြည့်သောအခါ -
ဦးစွာပထမ ရတနသုတ်တော်၌ ပရိတ်ဒေသနာ မရွတ်ဖတ် မနာကြားခင် -
၁။ သဗ္ဗေပိ မေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ - ဗုဒ္ဓ၏ ဂုဏ်တော်များကို ဥာဏ်စွမ်းရှိသမျှ ဆင်ခြင်ရမည်။
၂။ ကာရုညစိတ္တံ ဥပဌပေတွာ - ကရုဏာစိတ်ကို ဖြစ်စေ၍ ရွတ်ဖတ်ရ, နာကြားရမည်ဆိုသည့် အချက်-နှစ်ချက်ကို လေ့လာတွေ့ရှိရသည်။
ဟုတ်၏။ ကရုဏာစိတ်သည် သူတပါး၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်ပေးတတ်သော သဘော -လက္ခဏာ ရှိ၏။ ကရုဏာနှင့်ယှဉ်သော စိတ်သည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော ဘေးကို ဖျောက်-ဖျက်တတ်၏။ မိမိ၌ ကရုဏာစိတ်သည်ပင် ထိုမျှလောက် စွမ်းနိုင်လျှင် ဗုဒ္ဓ၏ ဂုဏ်တော်များ မိမိမှာ ထုံမွှမ်း ထားမူကား အဘယ်မှာ ဆိုဖွယ်ရာ ရှိမည်နည်း …..
ထိုမှတဖန် ပရိတ်ရွတ်ဖတ်သူများသည် -
၁။ အနက်သဒ္ဒါကို သုတ်သင်၍ ကောင်းစွာသင်ယူထားခြင်း၊
၂။ ပုဒ် ဗျည်းတို့ကို မယုတ်စေမူ၍ ပြည့်စုံအောင် လေ့လာကျက်မှတ်ထားခြင်း၊
၃။ လာဘ်လာဘကို မငဲ့ကွက်မူ၍ မေတ္တာတရားရှေ့ထားခြင်း - ဆိုသည့် အင်္ဂါအချက်အလက်များကို ပါထိကအဋ္ဌကထာ အာနာနာဋိကသုတ် (၁၄၉) အဖွင့်မှာ လေ့လာတွေ့ရှိရပါသည်။
ထို့အပြင် နာကြားသူများဘက်မှလည်း -
၁။ မာတုဃာတကအစရှိသည့် ပဉ္စာနန္တရိယကံမှ ကင်းလွတ်ခြင်း၊
၂။ နတ္ထိကဒိဋ္ဌိစသော နိယကမိစ္ဆာဒိဋ္ဌိကံမှ ကင်းလွတ်ခြင်း၊
၃။ ပရိတ်ဒေသနာကို ယုံကြည်သက်ဝင်သည့် သဒ္ဓါတရားရှိခြင်း - ဆိုသည့် အင်္ဂါအချက်များနှင့် ပြည့်စုံရမည်ဖြစ်ကြောင်း မိလိန္ဒပဥှာ (၁၅၅) တို့မှာ လေ့လာတွေ့ရှိရပါသည်။
သို့ဖြစ်၍ ပရိတ်ဒေသနာ ရွတ်ဖတ်မှု နာကြားမှု မင်္ဂလာများ ပြီးပြည့်စုံ၍ အကျိုးသက်ရောက်မှု ရှိရလေအောင် နှစ်ဦးနှစ်ဖက် ရှိသင့်သည့် အင်္ဂါ အချက်အလက်များ ပြည့်စုံအောင် ကြိုးစားပြီးသကာလ ရွတ်ဖတ်ကြ, နာယူကြပါစို့ တိုက်တွန်းတင်ပြလိုက်ရပါကြောင်း …..


* တံ ဟိ ဘယာဒီဟိ တာယနတော ရက္ခနတော ပရိတ္တန္တိ ၀ုတ္တံ။
* ပရိတ္တံ ကရောန္တေန ကာရုဏိကစိတ္တေနေ၀ ကာတဗ္ဗံ၊ န နိက္ကာရုဏိက-စိတ္တေနာတိ အဟာ ကာရုညစိတ္တန္တိ အာဒိ။
* အထ ၀ါ ကရုဏာယ ပရဒုက္ခပနယနလက္ခဏတ္တာ တာယ သမ္ပယုတ္တစိတ္တံ ဒုက္ခုပါယံ ဘယံ ၀ိနာသေတီတိ အဓိပ္ပာယေနဟ ကာရုညစိတ္တန္တိ အာဒိ။
* တတ္ထ ကာရုညစိတ္တန္တိ နိယုတ္တံ မာနသံ၊ ဥပဋ္ဌပေတွာတိ ပ၀တ္တေတွာ ဘဏာမ။
* ယဉ္စ ရတနသုတ္တံ တိဝိဓံ ဘယံ ခိပ္ပံ သီဃံ အန္တရဓာပေသိ ၀ိနာသေတိ။


 
(ပရိတ္တဋီကာ - ၃၇၊ ပါထိကဋ္ဌကထာ အာဋာနာဋိယသုတ်အဖွင့် ၁၄၉၊ မိလိန္ဒပဥှာ -၁၅၅တို့မှ ထုတ်နှုတ်တင်ပြပါသည်။ အမှားပါရင် ခွင့်လွှတ်နားလည် ဖြည့်စွက်စေလိုပါသည်။)
(ဆက်လက်ကြိုးစား တင်ပြချင်ပါသေးသည်၊ 2.2.2016)

No comments:

Post a Comment