Tuesday, February 2, 2016

* ဒုက္ခဖြေနည်း ရှာဖွေကြပါစို့ ….

* ဒုက္ခဖြေနည်း ရှာဖွေကြပါစို့ ….

* အကျွန်ုပ်တို့သည်ကား ပုထုဇဉ်လူသားများဖြစ်ကြ၏။
* ပုထုဇဉ်ဟူသည် “ပုထုကိလေသေ ဇနေတီတိ ပုထုဇ္ဇနော”တဲ့။ “ကိလေသာထူပြောသူ”ဟု အဓိပ္ပာယ်ရ တယ်။ ထို့ကြောင့် ဒုက္ခပေါင်းစုံနှင့် ကြုံတွေ့ကြရ၏။ ထိုသို့ဒုက္ခပေါင်းစုံရှိကြသော်လည်း အချုပ်အားဖြင့် သမုတိဒုက္ခ - မျက်မြင်ဆင်းရဲနှင့် ပရမတ္ထဒုက္ခ - မြင်နိုင်ခဲ့သောဆင်းရဟူ၍ နှစ်မျိုးသာရှိ၏။ ထိုသို့သော ဒုက္ခများကို ဘယ်လူသား ဘယ်သတ္တ၀ါမှ မခံစားချင်ကြ။ ထို့ကြောင့် ကြုံလာသမျှကို ဒုက္ခများကို မိမိတို့ ကိုးကွယ်ရာ ယုံကြည်ရာ ဘာသာတရားအလျောက် အတွေ့အကြုံအလျောက် ဖြေရှင်းကြ၏။ ပြေပျောက်သည်လည်းရှိ၏။ မပြေပျောက်သည်က များ၏။

* အဘယ်ကြောင့်နည်း …..
* ဖြေရှင်းနည်း မမှန်သောကြောင့် ဖြစ်၏။ နည်းစနစ်မှန်လျှင် အဘယ်မှာ မပြေပျောက်ဘဲရှိအံ့နည်း။ သို့ဆိုသော် စစ်မှန်သောနည်းစနစ်ကို အဘယ်မှာ ရှာရမည်နည်း။ မိမိတို့ ကိုးကွယ်ရာ ဘာသာ တရားနှင့် ထိုထိုသော ပညာရှိများထံမှ ဖြစ်၏။ ဘာသာတရားနှင့် ပညာရှင်များသည် အသိပညာကို မွေးဖွားပေး၏။ ထိုအသိပညာသည် သမုတိဒုက္ခ - မျက်မြင်ဆင်းရဲကိုလည်း ဖြေရှင်းပေး၏။ ပရမတ္ထဒုက္ခ - မြင်နိုင်ခဲသော ရုပ်နာမ်ဆင်းရဲကိုလည်း ဖြေရှင်းပေး၏။

* ဥပမာ - ပစ္စည်းဥစ္စာ အသုံးအဆောင်ဆင်းရဲမှုကို -
၁။ ဥဋ္ဌာနသမ္ပဒါ - တရားနှင့်ယှဉ်သော ကြိုးစားရှာဖွေမှု၊
၂။ အာရက္ခသမ္ပဒါ - ရှာဖွေရရှိထားသည့် ချွေးနည်းစာများကို မပျောက်ပျက်အောင် ထိမ်းသိမ်းနိုင်မှု၊
၃။ သမဇီဝိတာ - ၀င်ငွေထွက်ငွေ မျှတအောင် သုံးစွဲတတ်မှု၊
၎။ ကလျာဏမိတ္တတာ - မိတ်ကောင်းဆွေကောင်းရှိမှု - ဟူသော အင်္ဂါလေးချက်နှင့် ဖြေရှင်းပေးနိုင်၏။

* မြင်နိုင်ခဲသော ရုပ်နာမ်ဆင်းရဲကို အာနာပါနဿတိဘာဝနာကို အခြေခံ၍ ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို မြင်သော ၀ိပဿနာဘာဝနာနည်းဖြင့် ဖြေရှင်းနိုင်၏။
* ထို့ကြောင့် အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ ကြုံတွေ့နေရသောဒုက္ခများကို ဖြေရှင်းပေးနိုင်သော အသိပညာ (နည်းစနစ်) ကို မဖြစ်မနေ ရှာဖွေကြရမည်ဖြစ်၏။ ထိုအသိပညာ နည်းစနစ်သည် မိမိတို့ ကိုးကွယ်ရာ ဘာသာတရားနှင့် ပညာရှိများထံမှ ရရှိနိုင်မည်ဖြစ်၏။
* သို့ဖြစ်၍ ဒုက္ခဖြေရှင်းနည်း အသိပညာနှင့် နည်းစနစ်များကို မိမိတို့ ကိုးကွယ်ရာ ဘာသာတရားနှင့် ပညာရှိများထံမှ ဘာသာဝင်ကောင်းတစ်ယောက် ပီသစွာဖြင့် ကြိုးစားရှာဖွေကြပါစို့ဟု တိုက်တွန်းရင်း -
* ဘာသာတရားကို လေးစားမြတ်နိုးစွာဖြင့် ….
ရေနံ့သာ-မောင်သီ
သုခီ အတ္တာနံ ပရိဟရန္တု

No comments:

Post a Comment