နည်းနည်းလေးတော့ ပြောချင်တယ်
========================
အာဂုမ်ကျက်ရတဲ့ ပညာရေးစနစ်တွေထဲမှာ မြန်မာပြည် ဘုန်းကြီးပညာရေးစနစ်လောက် ရက်ရက်စက်စက် အာဂုမ်ကျက်ရတာ ရှိမယ် မထင်ဘူး။
ဥပမာ…သဒ္ဒါကျမ်းစသင်ပြီဆို ကတည်းက….
အတ္ထော အက္ခရသညာတော။
အတ္ထော- အနက်ကို၊ အက္ခရသညာတော-အက္ခရာတို့ဖြင့်သာ ကောင်းစွာသိအပ် မှတ်အပ်၏။ တဲ့။
“အနက်” ဆိုတာ အဓိပ္ပါယ်ကို ပြောတာလား၊ အမဲရောင်ကို ပြောတာလား မကွဲပြားသေးတဲ့အရွယ်၊ “အက္ခရာ” ဆိုတာ ကကြီး ခခွေးကို ပြောတာလား၊ ကောင်မလေးနာမည်ကို ပြောတာလား ၀ိုးတိုးဝါးတား ဖြစ်ဆဲအရွယ်မှာပဲ ကျက်လိုက်ရတဲ့ အာဂုမ်စာတွေဆိုတာ ဘာသာတိုင်း ဘာသာတိုင်း အတန်းတိုင်း အတန်းတိုင်း ပါပဲ။ မေးလာလို့ကတော့ စက်သေနတ်များပစ်ချလိုက်သလို မထစ်မငေါ့ မရပ်မနား ဖြေနိုင်ရမယ်ဟဲ့ လို့ ဆိုပြီး နေ့မနား ညမနား စာတွေအံခဲ့ကြရတယ်။ စာအံရဖန် များတော့ ညနေပိုင်းဆို ဗိုက်တွေဆာ၊ လေတွေထ။ ဒီလိုနဲ့ အစာအိမ်နာရောဂါ၊ လေနာရောဂါတွေကို အသက်ကြီးသည်အထိ အမွေခံသွားကြတဲ့ သူငယ်ချင်းတွေဆိုတာကလည်း မနည်းဘူး။ ဘုန်းကြီးများ ရောဂါမဖြစ်လိုက်နဲ့။ ဖြစ်လိုက်ရင် အစာအိမ်နဲ့ဆီးရောဂါသည်က များတယ်။
ရောဂါဘယတွေ ရအောင်ထိ ကျက်ရ အံရ ဆို အဆိုအမိန့်တွေ ကလည်း ကြည့်ဦးလေ။“ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးသို့” တဲ့ ။ “လွှသွားပမာ ကျောက်ထက်စာသို့” တဲ့။ “အာဂုမ်ရမှ အာဂလူ” တဲ့။
အဲသလို နှစ်ပေါင်းများစွာ ကျွတ်ကျွတ်ကြေအောင် ၀ါးလာခဲ့ရလို့များလားတော့ ပြောတတ်ဘူး။ “တွေးခေါ်စဉ်းစားကြည့်ခြင်း” ဆိုတဲ့ သွားတွေကတော့ တဖြေးဖြေး ယိုင်နဲ့ပြီး ပြုန်းတီးလာတယ်။ ထက်မြက်သင့်သလောက် မထက်မြက်တော့ဘူး။ အပျင်းဆုံးအလုပ် မလုပ်ချင်ဆုံး အလုပ်ကို ပြောပါဆိုရင် အဲဒီ စဉ်းစားတွေးခေါ်ရတဲ့ အလုပ်မျိုး ဖြစ်လာတယ်။ ခေါင်းပူခံ မစဉ်းစားချင်ကြတော့ဘူး။ စာလုပ်တာကအစ စဉ်းစားရမည့် စာဆို မလုပ်ချင်ဘူး။ အလွတ်ကျက်ရမည့်စာဆို လာထား တရေးနိုးထမေးတောင် ဖြေနိုင်အောင် ကျက်ပစ်လိုက်မယ် ဆိုတာမျိုး။
ဒီလိုနဲ့ ငယ်ငယ်တုန်းက ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးခဲ့တဲ့ စာတွေက ဆရာဘ၀ ပြန်လည်ပို့ချဖို့ အကြိမ်ကြိမ်အခါခါ စဉ်းစားကြည့်ခါမှသာ "သြော်..ဒီလိုပါလား" လို့ ကြီးမှ နားလည်သဘောပါက်လာရတာတွေလည်း ရှိတယ်။ ဒီတော့မှ သဘောပေါက်အောင် စဉ်းစားရမည့်စာတွေကိုလည်း အလွတ်ကျက်လာခဲ့မိတာပါလား ဆိုတာ ကိုယ့်ကိုယ်ကို သတိထားမိလာတယ်။
“ငါ အဲဒီတုန်းက အခု နားလည်သဘောပေါက်သလောက် ငါးဆယ်ရာခိုက်နှုံး လောက် သဘောပေါက်ရင်ကို စာမေးပွဲမှာ သိပ်မပင်မပန်းဘဲ အေးအေးဆေးဆေး သက်သက်သာသာ အောင်ခဲ့မှာ သေချာတယ်” ….ဆိုတဲ့ အတွေးလေးတွေက လည်း ၀င်ရောက်လာတတ်တယ်။ အောင်မြင်တာနဲ့ ပေးဆပ်ရတာက မညီမျှဘူးလို့ ခံစားလာရတယ်။ "ပါဝါမျက်မှန်အထူကြီးနဲ့ ရရှိထားတဲ့ဘွဲ့တံဆိပ်ကြီးကို ပြန်လဲလို့ရရင် လဲပစ်လိုက်ချင်တယ်" ဆိုတဲ့ ဘုန်းကြီးတစ်ပါးရဲ့ ခံစားချက်ကိုလည်း စာနာမိတယ်။
မြန်မာစကားအပါအ၀င် ဘာသာစကားငါးမျိုးလောက်ကို ကောင်းကောင်းပြောတတ်တဲ့ မိတ်ဆွေ နိုင်ငံခြားသား ဘုန်းကြီးတစ်ပါးကတော့ မြန်မာဘုန်းကြီးတွေ အခြားဘာသာစကား များများ မပြောတတ်ကြတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ဒီလို သုံးသပ်ပြတယ်။
“အရှင်ဘုရားတို့ မြန်မာဘုန်းကြီး အများစုရဲ့ ဥာဏ်ရည် ဥာဏ်သွေးက တပည့်တော်တို့အောက် မရောက်ပါဘူး…။ ဘာသာစကားသင်တဲ့နေရာမှာ များများ မထူးချွန်တာက အရှင်ဘုရားတို့ ဦးဏှောက်တွေက ငယ်စဉ်ကတည်းက အာဂုမ်ကျက်တဲ့ဘက်မှာ အလွန်အကျွံ အသုံးပြုခဲ့ရတာတွေများတော့ အရွယ်မရောက်ခင် ပင်ပန်းလွန်းပြီး ဘာသာစကားဘက်မှာ အားနည်းသွားပုံပေါ်ပါသတဲ့”……။
သူပြောတာလဲ စဉ်းစားစရာပါပဲ။ ငယ်ငယ်က မြန်မာနိုင်ငံပရိယတ္တိပညာရေးစနစ်အတိုင်း အာဂုမ်များများ ကျက်လာရတဲ့ ဘုန်းကြီးအများစုဟာ အခြားဘာသာစကားတွေထဲက အင်္ဂလိပ်ဘာသာစကားတစ်ခုကိုတောင် မနည်း ခါးတောင်းကျိုက် ကြိုးစားလေ့လာကြရတာ များတယ်။ ဒါတောင်မှ ကမ္ဘာ့အဆင့်နဲ့ တန်းဝင်အောင် ပြောနိုင် ဆိုနိုင် ရေးနိုင်တဲ့ ဘုန်းကြီးဆိုတာ လက်ချိုးရေလို့ရအောင်ကို ခပ်ရှားရှားရယ်။
သီရိလင်္ကာမှာတုန်းက စာအုပ်ကြီးကိုင်ပြီး စာကျက်နေတဲ့ကိုယ်ကို သီဟိုဠ်ဘုန်းကြီးတွေက အထူးအဆန်းသတ္တ၀ါတစ်ယောက်လို ကြည့်တာ ခံရဖူးတယ်။ စင်္ကာပူနိုင်ငံမှာလည်း ကလေးတွေ စာကျက်တာ ကိုယ်ဖြင့် တစ်ခါမှ မတွေ့မိဖူး။ စာမကျက်လို့ မတော်ဘူးလို့များ မထင်လိုက်နဲ့။ စင်္ကာပူက ကလေးတွေ တော်ကြတယ်။ တော်တာမှ ရွာထဲတင် တော်ကြတာမဟုတ်ဘူး။ ကမ္ဘာထဲထိ ပေါက်မြောက်အောင်ကို တော်ကြတာ။ အဲဒါတွေအားလုံးရဲ့ အဖြေကို ရှာကြည့်တော့ ပညာရေးစနစ်ပါပဲ။
ဒီနှစ် ဆယ်တန်းစာမေးပွဲကို ထူးချွန်းစွာ အောင်မြင်ကြတဲ့ ကလေးတွေရဲ့ ကြိုးစားမှုကို အသိအမှတ် ပြုကြရမယ်။ သူတို့လေးတွေရဲ့ အောင်မြင်မှုတွေကို လှိုက်လှိုက်လှဲလှဲ ချီးကြူးကြရမယ်။ ဒါဟာ သူ့တို့အတွက် အားဆေးတစ်ခွက်ပါပဲ။ ဒါပေမဲ့ အဲဒီအတွက် သူတို့လေးတွေ ပေးဆပ်ခဲ့ရတဲ့ ပညာရေးစနစ်ကိုတော့ အားကျသင့်မှ အားကျ ရမယ်။ အားပေးသင့်မှ ပေးရမယ်။ အတုယူသင့်မှ ယူရပါမယ်။ သေသေချာချာ စဉ်းစားကြရမယ်။
လူပညာရေးစနစ်မှာ တက္ကသိုလ်ဝင်တန်းဆိုတာ ဘ၀ရဲ့အချိုးအကွေ့တစ်ခုဖြစ်သလို ဘုန်းကြီး ပညာရေးစနစ်မှာလည်း ပထမကြီးတန်းဆိုတာ ဘ၀ရဲ့ အချိုးအကွေ့တစ်ခုလို့ ဆိုနိုင်တယ်။
အဲသလို အချိုးအကွေ့တစ်ခုအတွက်သာ ကုန်ရမည့် အင်အားတွေကို တစ်ဘ၀စာလုံးအတွက် မကျန်လောက်အောင်အထိ ဖြုန်းတီးအားထုတ်ပစ်ရတဲ့ ပညာရေးစနစ်မျိုးဆိုရင်တော့ အားကျသင့်မှ အားကျရမယ်။ အားပေးသင့်မှ အားပေးရမယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ကလေးတွေရဲ့ အနာဂတ်ခရီးဆိုတာ မိုင်ပေါင်းများစွာ အရှည်ကြီး ကျန်ရှိနေသေးတယ်လေ။
လူ့ဘ၀ဆိုတာ ပညာရေးတစ်ခုတည်းနဲ့ ရပ်တည်နေရတာမဟုတ်ပါဘူး။ အရေးပေါင်းများစွာနဲ့ ရပ်တည်နေကြရတယ်ဆိုတာ သဘောပေါက်ခဲ့ရင်…
အသိအမှတ်ပြုသင့်တာရယ်၊ ချီးကြူးသင့်တာရယ်၊ အားပေးသင့်တာရယ် ဆိုတဲ့ ဒီသုံးခုကိုတော့ လုံးထွေး ရောမပစ်ဘဲ ကွဲကွဲ ပြားပြား နားလည်ဖို့တော့ လိုမယ် ထင်ပါတယ်။
ရေကြည်ချမ်းမြ (Singapore)
13.06.2016
No comments:
Post a Comment