Tuesday, June 14, 2016

* နည်းနည်း​လေး​တော့ ​ပြောချင်​တယ်​ .....

နည်းနည်းလေးတော့ ပြောချင်တယ်
========================

အာဂုမ်ကျက်ရတဲ့ ပညာရေးစနစ်တွေထဲမှာ မြန်မာပြည် ဘုန်းကြီးပညာရေးစနစ်လောက် ရက်ရက်စက်စက် အာဂုမ်ကျက်ရတာ ရှိမယ် မထင်ဘူး။

ဥပမာ…သဒ္ဒါကျမ်းစသင်ပြီဆို ကတည်းက….

အတ္ထော အက္ခရသညာတော။

အတ္ထော- အနက်ကို၊ အက္ခရသညာတော-အက္ခရာတို့ဖြင့်သာ ကောင်းစွာသိအပ် မှတ်အပ်၏။ တဲ့။

“အနက်” ဆိုတာ အဓိပ္ပါယ်ကို ပြောတာလား၊ အမဲရောင်ကို ပြောတာလား မကွဲပြားသေးတဲ့အရွယ်၊  “အက္ခရာ” ဆိုတာ ကကြီး ခခွေးကို ပြောတာလား၊ ကောင်မလေးနာမည်ကို ပြောတာလား ၀ိုးတိုးဝါးတား ဖြစ်ဆဲအရွယ်မှာပဲ  ကျက်လိုက်ရတဲ့ အာဂုမ်စာတွေဆိုတာ ဘာသာတိုင်း ဘာသာတိုင်း အတန်းတိုင်း အတန်းတိုင်း ပါပဲ။ မေးလာလို့ကတော့ စက်သေနတ်များပစ်ချလိုက်သလို မထစ်မငေါ့ မရပ်မနား  ဖြေနိုင်ရမယ်ဟဲ့ လို့ ဆိုပြီး နေ့မနား ညမနား စာတွေအံခဲ့ကြရတယ်။ စာအံရဖန် များတော့ ညနေပိုင်းဆို ဗိုက်တွေဆာ၊ လေတွေထ။ ဒီလိုနဲ့  အစာအိမ်နာရောဂါ၊ လေနာရောဂါတွေကို  အသက်ကြီးသည်အထိ အမွေခံသွားကြတဲ့ သူငယ်ချင်းတွေဆိုတာကလည်း မနည်းဘူး။ ဘုန်းကြီးများ ရောဂါမဖြစ်လိုက်နဲ့။ ဖြစ်လိုက်ရင် အစာအိမ်နဲ့ဆီးရောဂါသည်က များတယ်။
 ရောဂါဘယတွေ ရအောင်ထိ ကျက်ရ အံရ ဆို အဆိုအမိန့်တွေ ကလည်း ကြည့်ဦးလေ။“ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးသို့” တဲ့ ။ “လွှသွားပမာ ကျောက်ထက်စာသို့” တဲ့။ “အာဂုမ်ရမှ အာဂလူ” တဲ့။

အဲသလို နှစ်ပေါင်းများစွာ ကျွတ်ကျွတ်ကြေအောင် ၀ါးလာခဲ့ရလို့များလားတော့ ပြောတတ်ဘူး။ “တွေးခေါ်စဉ်းစားကြည့်ခြင်း” ဆိုတဲ့  သွားတွေကတော့ တဖြေးဖြေး ယိုင်နဲ့ပြီး ပြုန်းတီးလာတယ်။ ထက်မြက်သင့်သလောက် မထက်မြက်တော့ဘူး။ အပျင်းဆုံးအလုပ် မလုပ်ချင်ဆုံး အလုပ်ကို ပြောပါဆိုရင်  အဲဒီ စဉ်းစားတွေးခေါ်ရတဲ့ အလုပ်မျိုး ဖြစ်လာတယ်။ ခေါင်းပူခံ မစဉ်းစားချင်ကြတော့ဘူး။ စာလုပ်တာကအစ စဉ်းစားရမည့် စာဆို မလုပ်ချင်ဘူး။ အလွတ်ကျက်ရမည့်စာဆို လာထား တရေးနိုးထမေးတောင်  ဖြေနိုင်အောင် ကျက်ပစ်လိုက်မယ် ဆိုတာမျိုး။

ဒီလိုနဲ့ ငယ်ငယ်တုန်းက ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးခဲ့တဲ့ စာတွေက ဆရာဘ၀ ပြန်လည်ပို့ချဖို့ အကြိမ်ကြိမ်အခါခါ စဉ်းစားကြည့်ခါမှသာ "သြော်..ဒီလိုပါလား" လို့  ကြီးမှ နားလည်သဘောပါက်လာရတာတွေလည်း ရှိတယ်။  ဒီတော့မှ   သဘောပေါက်အောင် စဉ်းစားရမည့်စာတွေကိုလည်း  အလွတ်ကျက်လာခဲ့မိတာပါလား ဆိုတာ ကိုယ့်ကိုယ်ကို သတိထားမိလာတယ်။

“ငါ အဲဒီတုန်းက အခု နားလည်သဘောပေါက်သလောက် ငါးဆယ်ရာခိုက်နှုံး လောက်  သဘောပေါက်ရင်ကို စာမေးပွဲမှာ သိပ်မပင်မပန်းဘဲ အေးအေးဆေးဆေး သက်သက်သာသာ အောင်ခဲ့မှာ သေချာတယ်” ….ဆိုတဲ့ အတွေးလေးတွေက လည်း ၀င်ရောက်လာတတ်တယ်။  အောင်မြင်တာနဲ့ ပေးဆပ်ရတာက မညီမျှဘူးလို့ ခံစားလာရတယ်။ "ပါဝါမျက်မှန်အထူကြီးနဲ့ ရရှိထားတဲ့ဘွဲ့တံဆိပ်ကြီးကို ပြန်လဲလို့ရရင် လဲပစ်လိုက်ချင်တယ်" ဆိုတဲ့ ဘုန်းကြီးတစ်ပါးရဲ့ ခံစားချက်ကိုလည်း စာနာမိတယ်။

မြန်မာစကားအပါအ၀င် ဘာသာစကားငါးမျိုးလောက်ကို ကောင်းကောင်းပြောတတ်တဲ့ မိတ်ဆွေ နိုင်ငံခြားသား ဘုန်းကြီးတစ်ပါးကတော့ မြန်မာဘုန်းကြီးတွေ အခြားဘာသာစကား များများ မပြောတတ်ကြတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ဒီလို သုံးသပ်ပြတယ်။

“အရှင်ဘုရားတို့ မြန်မာဘုန်းကြီး အများစုရဲ့ ဥာဏ်ရည် ဥာဏ်သွေးက တပည့်တော်တို့အောက် မရောက်ပါဘူး…။ ဘာသာစကားသင်တဲ့နေရာမှာ များများ မထူးချွန်တာက အရှင်ဘုရားတို့ ဦးဏှောက်တွေက  ငယ်စဉ်ကတည်းက အာဂုမ်ကျက်တဲ့ဘက်မှာ အလွန်အကျွံ အသုံးပြုခဲ့ရတာတွေများတော့ အရွယ်မရောက်ခင် ပင်ပန်းလွန်းပြီး ဘာသာစကားဘက်မှာ အားနည်းသွားပုံပေါ်ပါသတဲ့”……။

သူပြောတာလဲ စဉ်းစားစရာပါပဲ။ ငယ်ငယ်က မြန်မာနိုင်ငံပရိယတ္တိပညာရေးစနစ်အတိုင်း အာဂုမ်များများ ကျက်လာရတဲ့ ဘုန်းကြီးအများစုဟာ အခြားဘာသာစကားတွေထဲက  အင်္ဂလိပ်ဘာသာစကားတစ်ခုကိုတောင် မနည်း ခါးတောင်းကျိုက် ကြိုးစားလေ့လာကြရတာ များတယ်။ ဒါတောင်မှ ကမ္ဘာ့အဆင့်နဲ့ တန်းဝင်အောင် ပြောနိုင် ဆိုနိုင် ရေးနိုင်တဲ့ ဘုန်းကြီးဆိုတာ လက်ချိုးရေလို့ရအောင်ကို ခပ်ရှားရှားရယ်။

သီရိလင်္ကာမှာတုန်းက  စာအုပ်ကြီးကိုင်ပြီး စာကျက်နေတဲ့ကိုယ်ကို သီဟိုဠ်ဘုန်းကြီးတွေက အထူးအဆန်းသတ္တ၀ါတစ်ယောက်လို ကြည့်တာ ခံရဖူးတယ်။ စင်္ကာပူနိုင်ငံမှာလည်း ကလေးတွေ စာကျက်တာ ကိုယ်ဖြင့် တစ်ခါမှ မတွေ့မိဖူး။ စာမကျက်လို့ မတော်ဘူးလို့များ မထင်လိုက်နဲ့။ စင်္ကာပူက ကလေးတွေ တော်ကြတယ်။ တော်တာမှ ရွာထဲတင် တော်ကြတာမဟုတ်ဘူး။ ကမ္ဘာထဲထိ ပေါက်မြောက်အောင်ကို တော်ကြတာ။  အဲဒါတွေအားလုံးရဲ့ အဖြေကို ရှာကြည့်တော့  ပညာရေးစနစ်ပါပဲ။

ဒီနှစ် ဆယ်တန်းစာမေးပွဲကို ထူးချွန်းစွာ အောင်မြင်ကြတဲ့ ကလေးတွေရဲ့ ကြိုးစားမှုကို အသိအမှတ် ပြုကြရမယ်။ သူတို့လေးတွေရဲ့ အောင်မြင်မှုတွေကို လှိုက်လှိုက်လှဲလှဲ  ချီးကြူးကြရမယ်။ ဒါဟာ သူ့တို့အတွက် အားဆေးတစ်ခွက်ပါပဲ။  ဒါပေမဲ့ အဲဒီအတွက် သူတို့လေးတွေ ပေးဆပ်ခဲ့ရတဲ့ ပညာရေးစနစ်ကိုတော့ အားကျသင့်မှ အားကျ ရမယ်။ အားပေးသင့်မှ ပေးရမယ်။ အတုယူသင့်မှ ယူရပါမယ်။ သေသေချာချာ စဉ်းစားကြရမယ်။

လူပညာရေးစနစ်မှာ တက္ကသိုလ်ဝင်တန်းဆိုတာ ဘ၀ရဲ့အချိုးအကွေ့တစ်ခုဖြစ်သလို ဘုန်းကြီး ပညာရေးစနစ်မှာလည်း ပထမကြီးတန်းဆိုတာ ဘ၀ရဲ့ အချိုးအကွေ့တစ်ခုလို့ ဆိုနိုင်တယ်။

အဲသလို အချိုးအကွေ့တစ်ခုအတွက်သာ ကုန်ရမည့် အင်အားတွေကို တစ်ဘ၀စာလုံးအတွက် မကျန်လောက်အောင်အထိ ဖြုန်းတီးအားထုတ်ပစ်ရတဲ့ ပညာရေးစနစ်မျိုးဆိုရင်တော့ အားကျသင့်မှ အားကျရမယ်။ အားပေးသင့်မှ အားပေးရမယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ကလေးတွေရဲ့ အနာဂတ်ခရီးဆိုတာ မိုင်ပေါင်းများစွာ အရှည်ကြီး ကျန်ရှိနေသေးတယ်လေ။

လူ့ဘ၀ဆိုတာ ပညာရေးတစ်ခုတည်းနဲ့ ရပ်တည်နေရတာမဟုတ်ပါဘူး။ အရေးပေါင်းများစွာနဲ့ ရပ်တည်နေကြရတယ်ဆိုတာ သဘောပေါက်ခဲ့ရင်…

အသိအမှတ်ပြုသင့်တာရယ်၊ ချီးကြူးသင့်တာရယ်၊ အားပေးသင့်တာရယ် ဆိုတဲ့ ဒီသုံးခုကိုတော့ လုံးထွေး ရောမပစ်ဘဲ ကွဲကွဲ ပြားပြား နားလည်ဖို့တော့ လိုမယ် ထင်ပါတယ်။

ရေကြည်ချမ်းမြ (Singapore)

13.06.2016

* ဆရာ​တော်​​ဗုဒ်​၏ ရာဖဝင်​တွင်​​သော စကားများ .....

ဆရာတော်ဦးဗုဓ်၏ ရာဇဝင်တွင်ကျန်ခဲ့သောစကားများ
     အပိုင်း( ၁)
-------------------------------------------------------
            ဆရာတော်ဦးဗုဓ်ဟူသော အမည်ကိုအတော် များများကြားဖူး ကြပါလိမ့်မည်။
သို့သော်လောကနီတိ ၊
 ယနေ့ကျွန်ုပ်တို့  ရပ်ရွာအတွင်း တွေ့မြင်နေရသော  ဓမ္မစကြာဝတ်ရွတ် အဖွဲ့သားများ၏
“ဘိက္ခူနံ ပဉ္စ၀ဂ္ဂီနံ ဣသိပတန နာမကေ” အစချီသော ဓမ္မစကြာပါဠိအား ဆရာတော် ဦးဗုဓ်မှ ဓမ္မစကြာကို ကြည်ညိုလွန်း၍
နိဿယ ပြန်ဆိုကာထည့်သွင်းရေးသားခဲ့သည် ဆိုသည်ကို
သိရှိသူနည်းပါးပါလိမ့်မည်။ ဆရာတော်ဦးဗုဓ်သည် မြန်မာနိုင်ငံ ပရိယတ္တိပညာရေး သမိုင်းတွင် လယ်တီဆရာတော် အပါအ၀င်ပေါ့ စာအတတ်ဆုံးပုဂ္ဂိုလ်အဖြစ် ပညာရှင်အသီးသီးမှ  အသိအမှတ် ပြုထားသော ဆရာတော်ဖြစ်သည် ။
ထို့ကြောင့် ဗုဓ်စ၊
ဗုဓ်လယ်၊ ဗုဓ်ဆုံး ဟူ၍ဂုဏ်ပြု ပူဇော် ကြလေသည်။
အဓိပ္ပါယ်မှာ ဗုဓ်စသည်
ဗုဒ္ဓဘုရား၊
ဗုဓ်လယ်ကား အရှင်မဟာ ဗုဒ္ဓဃောသ
ဖြစ်၍  ဘုရားဟောပါဠိတော်များ၏ အဖွင့်ဖြစ်သော အဋ္ဌကထာ များအား  ရေးသားခဲ့သည့် သီရိဓမ္မာသောကမင်းပေါ်ပြီးနောက်ပိုင်းမှာ ပေါ်ထွန်းခဲ့သော မထေရ်ဖြစ်သည်။အဋ္ဌကထာဆိုသည်မှာ ဘုရားဟော ပါဠိတော်များကို  ဥာဏ်နုသူများ လေ့လာကျက်မှတ်သည့်အခါ မရှင်းမလင်း ဖြစ်သဖြင့် ဋီကာ အနုဋီကာ၊
မဓုဋီကာ  ထပ်ဆင့်ဖွင့် ဆိုကာ သက်တော် (၅၅)နှစ်အတွင်း ကျမ်းစာ(၆၀)ကျော် အနက် နိဿယကျမ်း(၄၅)ကျမ်းတိတိ အဓိက ထားပြုစုကာ နောင်းခေတ် စာသင်သားများ မပင်မပန်း၊ ချမ်းချမ်းသာသာ သင်ယူနိုင်ရန် ရေးသားခဲ့သူမှာ ဗုဓ်ဆုံး ဆရာတော်ဦးဗုဓ်ပင် ဖြစ်ပါသည်။

ဆရာတော်ဦးဗုဓ်အား
 မြန်မာပြည်၌ စာအတတ်ဆုံးဟု သတ်မှတ်ရခြင်းမှာ ဆရာတော်၏ နောက်ခံသမိုင်းတစ်ခုတည်းကို ကြည့်ပြီး ပြောကြသည်  မဟုတ် ဆရာတော် ပြုစုခဲ့သော ကျမ်းစာများ၏ အတိမ်အနက်ကိုကြည့်ပြီး ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။
ဤမျှနှင့်မကပါ
 မြန်မာ့သမိုင်းတလျှောက်တွင် အထက်မြက်ဆုံး မိဖုရားကြီး ဖြစ်သောနန်းမတော်မယ်နု ၏နောက်ဆုံးခန်းမှ "#မိနု သူ့ကြွေးရှိလျှင် ဆပ်ရမည်" ဟူသောစကားတစ်ခွန်းသည် မယ်နုသေပွဲဝင်ရာ၌ စိုးစဉ်းမျှ ကြောက်ရွံ့စိတ်မရှိအောင် အကြီးမားဆုံး စိတ်ခွန်အားပေးနိုင်ခဲ့သည်။  
            ဆရာတော်ဦးဗုဓ်သည် ပညာဉာဏ်ကြီးမားသူ ပီပီ ပါဠိစာပေ ကျမ်းဂန်ဖတ်ခြင်း၊
 ကျမ်းပြုခြင်းတို့ကိုသာ မွေ့လျော်ကာ ဆိတ်ဆိတ်နေရခြင်း ကိုနှစ်သက်သည်။ အရည်အပြုံးနည်းပြီး ဩဝါဒပေးရာတွင် ဖွဲ့နွဲ့မပြောသလို အပိုမဆလာအလုပ်တို့ကို လုံးဝမနှစ်သက်ဘဲ လွန်စွာစကားနည်းသူဖြစ်သည်။ စာပေအသိတရားမရှိသူဒုန်းဝေးသူဆိုလျှင် ဘုရင်ဖြစ်စေ လေကုန်ခံမပြောဘဲ ဘုပြောတတ်သဖြင့် လူတိုင်းမဆိုထားနှင့်ဘုရင်ပင် ဆရာတော်နှင့်စကားပြော ရမည်ကို လန့်သည်။

ဆရာတော်သည်
အကြောင်းကြီးငယ်ကိစ္စများ ပြသနာ ဖြေရှင်းရာတွင်လည်း ဗုဒ္ဓဆိုဆုံးမသော ကျမ်းဂန်ရှုထောင့်မှသာ မဏ္ဍိုင်ယူကာ ဆုံးဖြတ်ဖြေရှင်းသဖြင့် အမှားမရှိသလို လူလေးစားခံရသည်။
ဆရာတော် လက်ကိုင်ထားပြီး
ကိုယ်တိုင်လည်း ကျင့်သုံးသော အယူဆတစ်ခုမှာ
“ ဘယ်သူ ကဲ့ရဲ့ ကဲ့ရဲ့၊ ဘုရား မကဲ့ရဲ့အောင်နေ ” ဖြစ်သည် ။

              ဆရာတော်ဦးဗုဓ်သည် အထက်ဗဒုံ(အလုံ) ကျေးလက် ညောင်ကန် ရွာသာခေါင်အရပ်နေ ယာပိုင်ရှင်ဦးအို၊ ဒေါ်မွှေး တို့က (၁၁၄၉) ခုနှစ် ၊  နယုန်လပြည့်ကျော် (၅) ရက် အင်္ဂါနေ့တွင် ဖွားမြင် ခဲ့သည်။
လငပုပ်ဖမ်းချိန်မှာ မွေးသဖြင့် မောင်ပုပ်ဟုမှည့်ခေါ်သော်လည်း လက်ဦးဆရာ ဆရာတော် ဦးသာပုံက
ဗုဓသဒ္ဒါ ကိုထောက်ထားပြီးမောင်ဗုဓ်ဟုအမည်ပေးသည်။ ဆရာတော်ဦးဗုဓ်ပထမဘွဲ့တံဆိပ်တော်မှာ စက္ကိန္ဒာဘိ ဓဇမဟာ မဟာဓမ္မရာဇဂုရု ဖြစ်ပြီး ဒုတိယဘွဲတော်မှာ စက္ကိန္ဒာဘိ  သီရိသဒ္ဓမ္မဓဇမဟာ ဓမ္မရာဇဂုရု ဖြစ်သည်။     ဘွဲ့တော်အမည်ထက် လူအမည်နင့်သာ ထင်ရှားသည်။

ထိုမှဆရာ တော်ဦးပိုး ထံပညာသင်ကြားခဲ့ပြန်သည်။ဆရာတော်ဦးပိုးအား ဘကြီးတော်က အင်းဝနေပြည်တော်သို့ ပင့်ဆောင်ကိုးကွယ်ချိန် မဟာအောင်မြေဘုံစံ အုဋ်ကျောင်းကြီးတွင် ကျောင်းထိုင်ခဲ့ပြီး (၁) နှစ်ကြာတွင် ဆရာတော် ဦးပိုးပျံလွန် တော်မူသည်။
ထိုကျောင်း၏ဒကာမမှာ ဘကြီးတော်မင်းရဲ့မိဖုရားခေါင်ကြီး နန်းမတော်မယ်နု ဖြစ်သဖြင့် ကျောင်းထိုင်ရန်တော်ရုံပညာစွမ်းနင့်မဖြစ် ချေ။ မည်သည့်ဆရာတော်ကသာသင့်တော်မည် စူးစမ်းမေးမြန်းချိန်တွင်
"မိုးကြီးချုပ်လို့ ဘုတ် ကြီးမည်၊
 သာသနာ ဓါယမာတစ်ဖန်ထုတ်ဖို့ရန်၊ ရွှေအုတ်မယ့်ဆံထုံး၊နားလှည့်ပါဦး"
ဟူသော   တဘောင်ပေါ်လာခဲ့သည်။ ဆရာတော်ဦးပိုးနေရာ ကျောင်းထိုင်သူသည် ဦးပိုးကဲ့သို့ စာပေကျမ်းဂန် တတ်မြောက်ရမည်ဖြစ်၍ သုဓမ္မာဇရပ်တွင် (၇) ရက်ပတ်လုံးအမေးခံပြီးမှ ကျောင်း နဲ့သင့်လျော် မသင့်လျော် ဆုံးဖြတ်ရမည်ဖြစ်ပါသည်။ ဆရာတော်ဦးဗုဓ်ရဲ့ငယ်ဖော် ဦးဉာဏ်မှ ကျောင်းထိုင်ရန်ပြောသည်ကို "ကိုဉာဏ်၊ မင်းဆရာလုပ်ရတာ စာကြည့်ပျက်တယ်။ ကိစ္စလည်းများတယ်။
မလုပ်လိုဘူး"လို့ ငြင်းပါတယ်။
သို့သော်
ပညာသင် ဆရာတော်ရင်း ဦးပိုးရဲ့တပည့်အများ နဲ့ သီတင်းသုံးဖော်တွေ ကွဲပြားပျက်စီးမယ်၊ ငဲ့ညှာသီးခံပြီး နေပါ၊ ကိုယ့်စာကိုယ်ကြည့်ပြီး နေနိုင်ပါတယ်လို့ လျှောက်မှ လက်ခံခဲ့သည်။
ထိုအခါ သာသနာပိုင် သဲအင်းဆရာတော်ကြီးများသည်
  ဦးဗုဓ်အား ပိဋိကတ်တော်ထဲက အလွန်တရာခဲရာခဲဆစ်ဖြစ်သော အရာဌာန ဂဏ္ဌိပဗ္ဗပြသနာတို့ကို တစ်ခုပြီးတစ်ခုမေးမြန်း တော်မူသောအခါ ဆရာတော်ဦးဗုဓ်က ဆန်း၊ လင်္ကာ ၊ သဒ္ဒါ ၊နေတ္တိနည်းတို့ဖြင့်ဆန်းပြားကျယ်ဝန်းစွာ  ဒိုးဒိုးဒေါက်ဒေါက်ဖြေဆိုပြီး ( ၅ ) ရက်မြောက်တွင် ဆရာတော်ကြီးများလည်း မေးစရာမရှိတော့တဲ့အချိန်မှာ
"ကိုဉာဏ် ငါးရက်ပတ်လုံးမေးတာ မဖြေနိုင်တာမရှိ၊ တပည့်တော်ကများ ပြန်မေးရရင် ဘယ်လိုနေ ကြလိမ့်မသိ"ဆိုသော် အကင်းပါးတဲ့ မူးကြီးမတ်ကြီး များက သဘင်ကို ရုပ်သိမ်း လိုက်လေသည်။
ဆရာတော်ဦးဗုဓ်ကို ရာဇဂုရုဘွဲ့တော်ဆက်ကပ်ပြီး ဘုရင်နဲ့မိဖုရားသီလခံတော့ ဆရာတော်က နှုတ်ပိတ် နေသည်။ ဆရာတော်ဦးသူက "ကိုဗုဓ်တို့က လုပ်ကရော့မဗျ၊ အခုမှစခါရှိသေး၊ ဘာအလိုမကျတယ် မသိဘူး၊ ဖွင့်ဟပြောမှပေါ့" လို့ဆိုပါတယ်။ ဦးဗုဓ်က "ရှိခိုးတယ်ဆိုတာ ကျမ်းဂန်ကတော့ ပဉ္စပတိ ဋ္ဌိတလို့ဆိုတယ်"။
သီလခံသူဘုရင်မှာ ထိခြင်း ငါးပါးနဲ့ မညီဘဲ တံတောင်ဆစ်အောက်တွင် ကတ္တီပါခေါင်း အုံးခံထားသဖြင့် အကင်းပါးသော မိဖုရားမှ ခေါင်းအုံးကိုဆွဲဖယ်လိုက်မှ သီလပေးလေတော့သည်။

☆ဆရာတော်နှင့် နန်းမတော်မယ်နု☆

ဆရာတော်သည်လောကီရေးတွေကင်းသည် စာကြည့်ကျမ်းပြုရာမှ အထိအခိုက်မခံနိုင်သလို ဘုရင်နဲ့မိဖုရားကို ဂရုမစိုက်မျက်နှာသာ မပေးချေ။ အကြောင်းတိုက်ဆိုင်၍ ပြောစရာရှိလျှင် တိုတိုတုတ်တုတ် ထိထိမိမိ ခပ်ပြတ်ပြတ်သာ ပြောလေ့ရှိ ရာအုတ်ကျောင်းတော်ကြီးပေါ် ရောက်ရောက်ချင်း ဇာတိပြတော့သည်။နန်းမတော်မယ်နုမှ ဆွမ်းပို့အပြီး သီလဆောက်ရန် တောင်းပန်သော် စာကြည့်ကျမ်းပြုနေရာကနေ
"ကိုယ့်ဘာသာ ကိုယ်ဆိုပြီး ဆောက်တည်သွား"လို့ မိန့်လေသည်။
တခါတွင်မယ်နုက
"တပည့်တော်မသည် ဤအုတ်ကျောင်းကြီးကို သုံးသိန်းကျော်မျှ အကုန်ကျခံကာ ဆောက်လုပ်လှူပါ သည်။
 ဖလံခုံရွာမှလည်း တစ်သိန်းကျော်တန် လှူဒါန်းပါသည်။
နေ့စဉ်လည်း ပစ္စည်းလေးပါးလှူပါ သည်။
ဤသို့ လှူဒါန်းရသည့်အကျိုးတရားကို ဟောပြောတော်မူပါ" လို့ လျှောက်ပါတယ်။
ဆရာတော်က ကျောင်းအစ်မကို ဖလားနဲ့ရေအပြည့် ခပ်ပြန်သွန်ခိုင်းသည်။

ပြီးမှ "
#သွန်ပစ်လိုက်သောရေသည် လှူ၍ကုန်သောပစ္စည်းနှင့်တူ၏။ ဖလားမှာကပ်၍ ကျန်သောရေသည် အကျိုးရတာနှင့်တူ၏"
လို့ မိန့်ပါတယ်။
ဆိုလိုသည်ကား
#ငွေကြေးသုံးသိန်းသည် ရုပ်တရားသာဖြစ်ပြီး မဏ္ဍပ်တိုင်တက်ခြင်းဖြစ်ကာ၊
ဒါနသည် စိတ်စေတနာအရ အကျိုးပေးခြင်းသာ ဖြစ်လေသည်။
 မယ်နုကျင်းပသော ဘုံကထိန်ပွဲကြီး၌ ဦးဗုဓ်ကို တရားဟောရန် တိုက်တွန်းရာဆရာတော်က `ဟေတု ပစ္စယော´ဟူသော (၂၄) ပစ္စည်း
ဂါထာကို ရွတ်တော်မူကာ ဆိတ်ဆိတ်နေလျှင် ရှင်ဘုရင်ကလည်း
 ရေစက်သွန်းချ အမျှဝေရလေတော့သည်။ထိုအခါ လေးပြင်လေးရပ် ကြွလာတော်မူကြသော ဆရာတော်ကြီးများ က`ဦးဗုဓ်ကို စာတတ်
သည်ဟု ကြည်ညိုလွန်းလှ၍၊ ဧရာမကျောင်းတော်ကြီးကို လှူဒါန်း၍၊ ဧရာမ မိဖုရားကြီးက ဧရာမ ကထိန်ပွဲကြီး ကျင်းပရာမှာတကတဲဗျာ ဟောလိုက်
သည့်တရားက `ဟေတု ပစ္စယောတဲ့ဗျာ´ ဟု ဝိုင်း၍ ပြစ်တင်စကားပြောကြ၏။ ဆရာတော် ဦးဗုဓ် ၏အဖြေကား (ဧရာမ ကျောင်းတော်ကြီး မည်မျှလှူဒါန်းပြီး ဧရာမ မိဖုရားကြီးက ဧရာမကထိန်ပွဲကြီး ကျင်းပရာမှာ ဧရာမ ပဋ္ဌာန်းတရားတော်ကြီး ဟောလိုက်တာ ဘယ်သူက ဘာပြောချင်ကြသေး
သလဲ ) ဟူ၍ဖြစ်ရာ မည်သူမျှပြန်လည် မချေပနိုင်ဘဲ ဆိတ်ဆိတ်နေကြရသည်  

☆ဆရာတော်နှင့်အမတ်ဦးပေါ်ဦး☆
 
 အမတ်ဦးပေါ်ဦးသည်ဘိုးတော်ဘုရားရှိစဉ်ကပင် ပညာရှိအမတ်တစ်ဦး ဖြစ်သလို စကားကြွယ်ဝလွန်းပြီး ဘိုးတော်ဘုရားစိတ်တိုနေသည်ဖြစ်စေ ဟာသဖြင့်အနိုင်ယူလေ့ရှိသူဖြစ်သည်။ ဦးပေါ်ဦးသည် မိမိကိုယ်ကိုယုံကြည် သူပီပီ ဦးဗုဓ်၏ စကားနည်းနေမှုကို သွေးတိုးစမ်းလိုသည်နှင့် ဆရာတော်ထံသွားသည်။
ထိုစဉ် ဆရာတော်သည် ရေကန်ဘေးတံမြက်စည်း လှဲနေသည်။
ဦးပေါ်ဦး။ ။ရေကန်ကြီးကဖြင့် အလွန်ကောင်းပါ
ပေသည်ဘုရား။
ဦးဗုဓ် ။ ။အေး.....ကောင်းတယ်။
ဦးပေါ်ဦး။ ။ရေကလည်း အလွန်ကြည်တယ်။
ဦးဗုဓ် ။ ။အေး.....ကြည်တယ်။
ဦးပေါ်ဦး။ ။ဤရေကန်ကြီး မည်မျှနက်ပါသနည်း
ဘုရား။
ဦးဗုဓ် ။ ။ငါ......မသိဘူး။
ဦးပေါ်ဦး ။ ။ဆရာတော် သီတင်းသုံးတော်မူသော
ကျောင်းတိုက်အတွင်း ဖြစ်၍ နီးသည့်
အတွက် သိလိမ့်မည် ထင်မှတ်၍
လျှောက်မိပါသည် ဘုရား။
 ဦးဗုဓ် ။ ။နီးတိုင်း သိရမည်ဆိုလျှင်မင်းနှုတ်
ခမ်းမွှေး ဘယ်နှပင်ရှိလဲ။
ဦးပေါ်ဦး။ ။သတိမထားမိ၍ ဘယ်နှပင်ရှိကြောင်း
မသိပါ ဘုရား။
ဦးဗုဓ် ။ ။မင်းနှုတ်ခမ်းမွှေး ဘယ်နှပင်ရှိသည်
ဟုမသိဘဲ ဤရေကန်၏ အတိမ်
အနက်ကိုကော ငါသိနိုင်မလား။
ဟုမျက်နှာတည်ဖြင့် ကြည့်၍မေးလေရာ စကားတတ်လှသောပညာရှိ အမတ်ကြီးသည် ရှေ့သို့ စကားဆက်မရတော့ဘဲ ဦးချကာပြေးလေသည်။

သုခုမ အလင်းတန်းများ