Tuesday, October 25, 2016

* ကိုယ်ချင်းစာတရား .....


* ကိုယ်ချင်းစာတရား .....
 
*ရေခဲမုန့် ဘယ်လောက်လဲ
*500
*ဒီထက် ဈေးပေါတာမရှိဘူးလား
*ရှိတယ်။300 တန် ရှိတယ်။

ရေ ခဲမုန့်ရောင်းနေတဲ့ကောင် လေးက စိတ်မရှည်သလိုပြောလိုက်တယ်။
ရေခဲမုန့်ဝယ်တဲ့ကောင် လေးကိုကြည့်လိုက်တော့ ၁၃ နှစ် အရွယ် ကောင်လေးတယောက်။
ငွေကြေးတတ်နိုင် တဲ့ အသိုင်းအဝိုင်းကမှန်းသိသာပါတယ်။

ဒါပေမယ့် ကပ်စီးအိုးထင် ပါရဲ့။ ဈေးပေါတာကို မေးနေတယ်ဆိုတော့။
မဆီမဆိုင် ဘေးကနေ ကျွန်မ အကဲဖြတ်နေမိတယ် ။

ရေခဲမုန့်ရောင်းတဲ့ကောင်လေးကတော့ ခပ်နွမ်းနွမ်းရယ်ပါ။
နောက် အရောင်းအဝယ်ကတည့်သွားပါတယ်။

ကောင်လေးက 300 တန်ရေခဲမုန့်ကိုယူလိုက်တယ်။
ပြီးတော့ ဘောင်းဘီအိတ်ထဲက 500 တန်တရွက် ထုတ်ပေးတယ်။

ပြီးတော့ ကောင် လေးကစကားတခွန်းပြောတယ်။
ရော့ 500 ။200 ကိုပြန်မအမ်းနဲ့ မင်းယူလိုက်တော့ ငါတို့ကစားနေချိန်မှာ
မင်းက ဈေးရောင်းနေရတော့ ငါ ကိုယ်ချင်းစာပါတယ်။
ငါရတဲ့ မုန့်ဖိုးကို
တခုခုမဝယ်စားရင် လည်း အမေက ငါ့ကိုဆူလိမ့်မယ်။
ဒါ့ကြောင့် ငါကဈေးပေါတာကိုမေးပြီးဝယ်စားတာပါ။
မင်းလည်း 200 ဖိုးလောက်
ရေခဲမုန့်စားခြင် စားပေါ့။
ဒါမှမဟုတ်တခုခု ဝယ်စားပေါ့

ကျွန်မ နဲနဲလေးရှက်သွားတယ်။
မျှဝေပေးတယ်ဆိုတာကိုလည်း
ကျွန်မ ခုမှသဘောပေါက်လိုက်မိတယ်………
ပြီးတော့ ကိုယ်ချင်းစာတယ်ဆိုတာကိုရောပေါ့…………………………
…………………
ငြိမ်းလဲ့***(အမှတ် တရ-1)

………………………………………
မူရင်းက ဒီလိုရေးပါတယ်။

waiter: what do you want.?
boy : how much a cone ice cream costs.
waiter :Rs.15/

Then the boy check his pocket &asked cost of small cone .
lrrited waiter angrily said :Rs .12/

boy ordered a small cone had it paid bill&left.
the waiter picked the bill he see the boy left Rs.3/ as tip for him.

* အဆိုးဆုံးလေးများ .....


* အဆိုးဆုံးလေးများ .....

၁။ အခမ်းတကာ အခမ်းထဲမှာ မေတ္တာခမ်းတာ အဆိုးဆုံးဖြစ်၏။
၂။ အပြစ်တကာ အပြစ်ထဲမှာ အပြစ်မြင်တာ အဆိုးဆုံးဖြစ်၏။
၃။ အကွဲတကာ အကွဲထဲမှာ စိတ်ဝမ်းကွဲတာ အဆိုးဆုံးဖြစ်၏။
၎။ အလွဲတကာ အလွဲထဲမှာ နားလည်မှုလွဲတာ အဆိုးဆုံးဖြစ်၏။
၅။ အမွဲတကာ အမွဲထဲမှာ အသိဥာဏ်မွဲတာ အဆိုးဆုံးဖြစ်၏။
၆။ အကန်းတကာ အကန်းထဲမှာ ကျေးဇူးကန်းတာ အဆိုးဆုံးဖြစ်၏။
၇။ အရှုံးတကာ အရှုံးထဲမှာ လူဖြစ်ရှုံးတာ အဆိုးဆုံးဖြစ်၏။
၈။ အပျက်တကာ အပျက်ထဲမှာ ဘ၀ပျက်တာ အဆိုးဆုံးဖြစ်၏။
၉။ အမဲ့တကာ အမဲ့ထဲမှာ သိက္ခာမဲ့တာ အဆိုးဆုံးဖြစ်၏။
၁၀။ အဆိုးတကာ အဆိုးထဲမှာ ကိုယ်ချင်းစာတရား မရှိတာ အဆိုးဆုံးဖြစ်၏။

အရှင်သီလာစာရ
မြတောင်ကျောင်း
ရေနံချောင်းမြို့
၂၆.၁၀.၂၀၁၆

* ဘ၀ပုံဖော်နည်း (၇) မျိုး



* ဘ၀ ပုံဖော်နည်း (၇) မျိုး .....
၁။ ဘ၀ကိုစိတ်ကောင်းစိတ်မြတ်လေးဖြင့် ပုံဖော်ရမယ်။
၂။ ကောင်းသောစကားလေးတွေဖြင့် ပုံဖော်ရမယ်။
၃။ ကောင်းသော အလုပ်များဖြင့် ပုံဖော်ရမယ်။
၎။ ရန်ငြိုးအာဃာတ မဖက်ကိုယ်ချင်းစာတရားသက်သက်ဖြင့် ပုံဖော်ရမယ်။
၅။ ငါဟူသော အစွဲအလမ်း ဥပါဒါန်တရားမထား ဓမ္မသဘောဖြင့် ပုံဖော်ရမယ်။
၆။ ဘယ်သူမပြု မိမိပြုထားသောအမှုဆိုသောသဘောတရားကို လက်ကိုင်ထားပြီး ပုံဖော်ရမယ်။
၇။ ကောင်းမြတ်သောအကြံဖြင့် ဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်အောင် ပုံဖော်ရမယ်။

22.10.2016

* ခေါင်းဆောင်ကောင်းရှိဖို့လိုတယ် ....


* ခေါင်းဆောင်ကောင်းရှိဖို့လိုတယ် .....

* လောကမှာ လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် ခေါင်းဆောင်ကသိပ်အရေးကြီးတယ်။ ခေါင်းဆောင်ကောင်းရှိမှ နိုင်ငံ လူမျိုး ဘာသာ သာသနာ တိုးတက်ကြီးပွားမှာ ခုတော့ ခေါင်းဆောင်ကောင်းကရှားပြီး မိမိတို့ကောင်းစားရေးကိုသာ ရှေ့ရှုနေကြသူတွေ ပေါများလှတဲ့ခေတ်အခါ ဖြစ်နေတယ်။

* ဒါကြောင့် မိမိတို့မိသားစု မိမိတို့ ပတ်ဝန်းကျင်ကို တကယ် ကြင်နာတယ်၊ လေးစားတယ်ဆိုရင် မိမိကိုယ်တိုင်လဲ ခေါင်းဆောင်ကောင်းဖြစ်အောင် ကြိုးစားဖို့လိုနေပြီ။ လူတိုင်းဟာ ခေါင်းဆောင်တွေချည်ပါပဲ မိမိ မိသားစုကိုသော်လည်းကောင်း မိမိပတ်ဝန်းကျင်ကိုသော်လည်းကောင်း မိမိ ကိုယ်ကိုမိမိသော်လည်းကောင်း ခေါင်းဆောင်နေကြရတာပါ။

* လူတိုင်းက ခေါင်းဆောင်ဖြစ်နေပေမဲ့ ခေါင်းဆောင်ကောင်းတယောက် ပေါ်ထွက်လာဖို့
ကျတော့ ခက်နေပြန်ရော။ ဘာကြောင့်လဲ မိမိရဲ့အတ္တကိုရှေ့တန်းတင်နေချင်ကြလို့ပါပဲ။ မိမိရဲ့အတ္တကို ရှေ့တန်းတင်နေသမျှတော့ ခေါင်းဆောင်ကောင်းတယောက် ပေါ်ထွက်ဖို့ဆိုတာ ဘုရားပွင့်တာထက်တောင် ခက်ခဲနေလိမ့်အုံးမယ်။


* လောကကြီးပွားဖို့ တိုးတက်ဖို့အတွက် ခေါင်းဆောင်က သိပ်အရေးပါတယ်။ ခေါင်းဆောင်မကောင်းရင် အရာရာပျက်စီးတတ်တယ်ဆိုတာကို မြတ်ဘုရားက ခုလိုမိန့်ထားတာတွေ့ရပါတယ်။

* ရဟန်းတို့ ... ဘုရင်မင်းတို့ တရားမစောင့်သောအခါ မှူးမတ်တို့သည်လည်း တရားမစောင့်ကုန်။
မှူးမတ်တို့တရားမစောင့်သောအခါ ပုဏ္ဏား သူကြွယ်တို့သည်လည်း တရားမစောင့်ကုန်။


* ပုဏ္ဏား သူကြွယ်တို့ တရားမစောင့်သောအခါ နိဂုံးဇနပုဒ် နေသူတို့လည်း တရားမစောင့်ကုန်။
နိဂုံး ဇနပုဒ်နေသူတို့ တရားမစောင့်သောအခါ နေလတို့သည် မညီမညွှတ်လှည့်လည်ကုန်၏။


* နေလတို့ မညီမညွှတ်လှည့်လည်သောအခါ နက္ခတ်တာရာအပေါင်းတို့ မညီမညွှတ်လှည့် လည်ကုန်၏။ နက္ခတ်တာရာအပေါင်းတို့ မညီမညွတ်လှည့်လည်သောအခါ ညဥ့်နေ့တို့သည် မညီမညွှတ်ဖြစ်ကုန်၏။

* ညဥ့်နေ့တို့ မညီမညွတ်ဖြစ်ကုန်သော် လနှင့် လခွဲတို့သည် မညီမညွတ်ဖြစ်ကုန်၏။
လနှင့်လခွဲတို့ မညီမညွတ်ဖြစ်သောအခါ ဥတု၊ နှစ်တို့သည် မညီမညွတ်ဖြစ်ကုန်၏။


* ဥတု နှစ်တို့ မညီမညွတ်ဖြစ်ကုန်သော် လေတို့သည်မညီမညွတ် တိုက်ကုန်၏။ လမ်းမှန်မတိုက်ကုန်။ လေတို့မညီမညွတ် လမ်းမှန်မတိုက်သောအခါ နတ်တို့အမျက်ထွက်ကုန်၏။

* နတ်တို့အမျက်ထွက်ကုန်သော် မိုးကောင်းစွာမရွာသွန်း။ မိုးကောင်းစွာမရွာသွန်းသော် ကောက်တို့သည် အမှည့်မညီညွတ်ကုန်။ ရဟန်းတို့ အမှည့်မညီညွတ်သော ကောက်တို့ကို စားသုံးသူတို့သည် အသက်တိုကုန်၏။ အဆင်းမလှကုန်။ အားနည်းကုန်၏။ အနာများကုန်၏။ ပျက်စီးကြကုန်၏လို့မိန့်ထားခဲ့ တယ်။

* ခုမြတ်ဘုရား ဟောခဲ့တဲ့အတိုင်း လောကကြီးက ဖြစ်နေပြီလေ လူတွေအနာရောဂါတွေ ထူပြောလာတယ်၊ သက်တမ်းတွေ တိုလာတယ်၊ အခြေခံအကြောင်းတရား လိုက်ရှာကြည့်တော့ ခေါင်းဆောင်မကောင်းလို့ပါပဲ။

*နိုင်ငံ ကမ္ဘာတလောကလုံး တိုးတက်စေဖို့ချမ်းသာစေဖို့အတွက်ဆိုရင် ခေါင်းဆောင်ကောင်းက လိုတာ အသေချာပါပဲ။ ဒါကြောင့် မိမိကိုယ်တိုင်လည်း ခေါင်းဆောင်တယောက်မို့ မိမိတို့မိသားစု ပတ်ဝန်းကျင်၊ မိမိတို့ ဘဝကို ကောင်းစားအောင် မိမိတို့ လိုချင်လှတဲ့ဆန္ဒကို လျော့ချ၊ အတ္တကို ဘေးဖယ်၊ ကြင်နာမှုတွေလက်ဝယ်ထား မေတ္တာတရားကိုရှေးရှု ယောနိသော မနသိကာရကို ရှေးတန်းတင်ကာ လောကကိုဆက်ဆံမယ်ဆိုရင် သင်လဲ ခေါင်းဆောင်းကောင်းတယောက်ဖြစ်မှာ အသေချာပါပဲ။

* တစတစ ကြိုးစားရာကနေ တလောကလုံးကို အကျိုးပြုနိုင်တာမို့ ဒီနေ့ကစလို့ သင်ခေါင်းဆောင်ကောင်းတယောက်ဖြစ်အောင် ကြိုးစားပြီးနေထိုင်မယ်ဆိုရင် ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာ ကိုယ့်နေထိုင်ရာ ကမ္ဘာလောကကြီးအေးချမ်းပြီပေါ့။
(ဓမ္မစမ်းရေ)

* အနေကဇာတင် .....


* အနေကဇာတင် ....

* ရှေးလွန်ခဲ့ပြီးသော နှစ်ပေါင်း (၂၅၀၀)ကျော် - ကဆုန်လပြည့်နေ့ရဲ့ ညတစ်ညမှာပေါ့။ မိုးတိမ်ကင်းစင်တဲ့ ကောင်းကင်ပြင်ကြီးမှာလည်း လပြည့်ဝန်းကြီးဟာ ကြယ်ပေါင်းစုံ ၀န်းရံခလို့ ထွန်းလင်းတောက်ပနေလေရဲ့။ ဒီလို သာယာလှပ ကြယ်ပေါင်းခတဲ့ ကဆုန်လပြည့်ညချမ်း တစ်ခုမှာ “မဇ္ဈိမဒေသ” ရဲ့ တောအုပ်တစ်ခုမှာရှိတဲ့ ဗောဓိပင်ပျိုအောက်မှာ အလွန်လှပ တင့်တယ်ခန့်ညားတဲ့ ရဟန်းပျိုတစ်ပါးဟာ မြက်ကဗ္ဗလာ အခင်းပြင်ပေါ်မှာ အေးချမ်းတိတ်ဆိတ်စွာ တရားရှုမှတ်နေလေရဲ့။

* သူဟာ သာမန်အညတြပုဂ္ဂိုလ်တစ်ဦးတော့ မဟုတ်ပေဘူး။ သူဟာ တိုင်းပြည်တစ်ပြည်ရဲ့ အိမ်ရှေ့မင်းသား တစ်ဦးဖြစ်ပြီး မကြာမှီ ရှင်ဘုရင်တစ်ပါး ဖြစ်လာမယ့် ပုဂ္ဂိုလ်လည်းဖြစ်တယ်။ သူ့မှာ အလွန်ပြည့်စုံတဲ့ လောကီစည်းစိမ်တွေလည်း ရှိသူဖြစ်တယ်။ အလွန်မြတ်နိုး မွေ့လျော်ဖွယ်ကောင်းတဲ့ ချစ်ဇနီးတစ်ဦးလည်း ရှိသူဖြစ်တယ်။ များပြားလှတဲ့ အချွေအရံအသင်းအပင်းတွေ ၊ မောင်းမမိဿံ တွေလည်း ရှိသူဖြစ်တယ်။ သူနဲ့တစ်နေ့တည်း မွေးဖွားလာတဲ့ (၀မ်းကွဲ) ညီတော်/ညီမတော်ပေါင်း မြောက်များစွာ ရှိသူလည်းဖြစ်တယ်။ ညီတော်/ညီမတော် အားလုံးရဲ့ ချစ်ကြောက်ရိုသေ ခန့်ညားမှုကိုလည်း ရရှိထားသူဖြစ်တယ်။

* သူဟာ “စင်္ကြာဝတေးမင်း” လို့ ခေါ်တဲ့ “တိုင်းနိုင်ငံအားလုံးမှာ ရှိတဲ့ - မင်း, အားလုံးတို့ရဲ့ ရှင်ဘုရင်” အဖြစ်ကို ရရှိမည့်သူလို့လည်း ပုဏ္ဏားတော်တွေရဲ့ နိမိတ်ဖတ်ခြင်း ခံထားရသူလည်းဖြစ်တယ်။ သူဟာ ဖခင်ဖြစ်သူ သုဒ္ဓေါဓနမင်းကြီးရဲ့ မျှော်လင့်ခြင်း အိပ်မက်လည်းဖြစ်တယ်။ သုဒ္ဓေါဓနမင်းကြီးဟာ သူ့သားတော်ရဲ့ “စင်္ကြာဝတေးမင်း” အဖြစ်ကို မြင်တွေ့လိုတဲ့ အာသီသတွေနဲ့ ဆာလောင်မွတ်သိပ်နေရရှာသူလည်းဖြစ်တယ်။

* ဒါပေမယ့် “သိဒ္ဓတ္တ” လို့ခေါ်တဲ့ မင်းသားငယ်ကတော့ ဒီလောကီစည်းစိမ်တွေကို ငြီးငွေ့မုန်းတီးစ, ပြုနေပါပြီ။ သူဟာ “မွေးဖွားခြင်း နဲ့ သေဆုံးခြင်း” ဆိုတဲ့ ကာလတိုတိုလေးအတွင်းမှာ “ အမှန်တရားဆိုတာ ဘာလဲ”ဆိုတာကိုသာ ရှာဖွေသိချင်စိတ် ပြင်းပြလို့သာ နေပါတော့တယ်။ လူတွေ မှန်တယ်ထင်နေတဲ့ အရာအားလုံးဟာ မှားယွင်းနေကြတယ်ဆိုတာတော့ သူသိတယ်။ ဒါပေမယ့် ဘာက အမှန်တရားလည်း ဆိုတာကိုတော့ သူ မသိနိုင်ဘူး ဖြစ်နေတယ်။
.
* နောက်ဆုံးတော့ သူဟာ လောကကြီးရဲ့ အမှန်တရားကို သိဖို့အတွက် သူဟာ ဆရာရှာဖို့ သူဆုံးဖြတ်လိုက်တယ်။ သူဒီလို ဆုံးဖြတ်ချက် ချလိုက်တဲ့ နေ့မှာဘဲ သူ့အတွက် အလွန်ခက်ခဲတဲ့ ကိစ္စတစ်ခုပေါ် ပေါက်လာပါတယ်။ အဲဒါကတော့ သူ့ရဲ့ ရှုမငြီးတဲ့ ကြင်ယာတော်ဖြစ်သူဟာ သားတော်လေးတစ်ပါး ဖွားမြင်ကြောင်း သတင်းရောက်ရှိလို့ လာပါတယ်။ ရုတ်တရက်တော့ သူဟာ တွေဝေသွားခဲ့ပေမယ့် ဒီကိစ္စဟာ သူ့ကို “အမှန်တရား” ရှာထွက်ဖို့ မြန်မြန် ဆော်သြလိုက်သလိုပါဘဲ။ ကြာလာရင် သားကလေးအပေါ် သံယောဇဉ်တွေ များသည်ထက် များလာရင် ခက်ရတော့မယ်လေ။
.
* ဒါကြောင့် သားတော်လေးဖွားမြင်တဲ့နေ့ရဲ့ ညဖက်မှာဘဲ သူဟာ ရွှေနန်းတော်ကြီးကို စွန့်ခွာဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ သူဟာ နောက်ဆုံးကြည့်ခြင်းအနေနဲ့ မိဖုရားဖြစ်သူရဲ့ နန်းတော်ကို ညဖက်မှာ တိတ်တဆိတ်သွားရောက်ပြီး ချစ်ဇနီးနဲ့ သားတော်လေးရဲ့ အပြစ်ကင်းစွာ အိပ်ပျော်နေခြင်းကို နောက်ဆုံးအနေနဲ့ ကြည့်ရှုသွားခဲ့ပါတယ်။

* ဒီအချိန်မှာသာမန်ပုထုဇဉ်မျှသာ ရှိသေးတဲ့ သိဒ္ဓတ္တရဲ့ အသည်းနှလုံးတွေဟာ ကြေကွဲပျက်သုန်းလုမတတ် ဖြစ်ခဲ့ရချိန်လည်း ဖြစ်ပါလိမ့်မယ်။
သိပ်မကြာခင်မှာဘဲ တိတ်ဆိတ်လှတဲ့ ညဥ့်နက်နက်မှာ အသက်(၂၉)နှစ်သာ ရှိသေးတဲ့ မင်းသားငယ်ဟာ ဖွားဖက်တော် ကျွန်ယုံ “မောင်ဆန်” နဲ့ အတူတစ်ကွ ရွှေနန်းတော်ကြီးနဲ့ စိမ်းစည်ဥစ္စာအားလုံးကို ကျောခိုင်းထွက်ခွာခဲ့ကြပါတော့တယ်။

* ခရီးမိုင်ပေါင်းများစွာ မြင်းစီးထွက်ခွာလာခဲ့ပြီး “အနော်မာ” လို့ခေါ်တဲ့ တိုးတိတ်ညင်သာစွာ စီးဆင်းနေတဲ့ မြစ်ကလေးတစ်စင်းရဲ့ သောင်ကမ်းပါး အရောက်မှာတော့ “သိဒ္ဓတ္တ” ဟာ သူရဲ့ ဆံတော်တွေ၊ မင်းဝတ်တန်းဆာတွေ အားလုံးကို စွန့်ပယ်ပြီး တစ်ကိုယ်တည်း တောအရပ်ကို ၀င်ရောက်ခဲ့ပါတော့တယ်။

* အဲဒီနောက်မှာတော့ အမှန်တရားကို ရှာဖွေလိုတဲ့ “ရဟန်းငယ်” တစ်ပါးဟာ တစ်တောဝင် တစ်တောင်ထွက်နဲ့ ဆရာအရှာထွက်ခဲ့ရာမှာ တစ်ခုသော တောအုပ်အရပ်မှာ “အာဠာရ” နဲ့ “ဥဒက” လို့ခေါ်တဲ့ ရသေ့နှစ်ပါးကို တွေ့ပါတော့တယ်။ သူတို့ထံမှာ တလှည့်စီ တပည့်ခံပြီး ကျင့်ကြံအားထုတ်ပါတော့တယ်။ ဒါပေမယ့် သူရှာနေတဲ့ အမှန်တရားကိုတော့ မတွေ့ရပါဘူး။

* နောက်တော့ သူဟာ နှလုံးမွေ့လျော်ဖွယ်ကောင်းတဲ့ “ဥရုဝေလ” ခေါ်တဲ့ တောအုပ်ကလေးကို တွေ့တော့ ဒီအရပ်မှာဘဲ အမှန်တရားကို တွေ့အောင် ရှာတော့အံ့လို့ အကြံဖြစ်ပြီး အင်မတန်ပြင်းထန်လှတဲ့ “ဒုက္ကရစရိယာ” လို့ခေါ်တဲ့ အကျင့်ကို ကျင့်ပြီး အမှန်တရားကို ဆက်ပြီး ရှာပါတယ်။ ဒီလို ပြင်းပြင်းထန်ထန် ကျင့်ကြံရင်းနဲ့ (၆)နှစ်ဆိုတဲ့ အချိန်ကာလကို လွန်မြောက်သွားခဲ့ပါတယ်။

* ဒါပေမယ့် “သူ” အမှန်တရားကို မတွေ့ရသေးပါဘူး။
(၆)နှစ်လောက် ပြင်းထန်တဲ့ အကျင့်တွေကို ကျင့်သော်ငြားလည်း အမှန်တရားကို မတွေ့နိုင်သေးတဲ့ “သိဒ္ဓတ္တ”ဟာ ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ်ရပါတော့တယ်။ နောက်ဆုံးတော့ သူဟာ “အမှန်တရား” ကို ရှာဖွေတဲ့နေရာမှာ “လွန်ကဲသော ဆန္ဒ နဲ့ ခန္ဓာကိုယ်ကို ညှင်းဆဲသော အကျင့်” များဟာ မှားယွင်းကြောင်း သိမြင်လာပါတယ်။ “အလယ်အလတ် မျှတသော ဆန္ဒ နဲ့ ၀ီရိယ” တို့ကို ချိန်ညှိပြီး “မဇ္ဈိမလမ်းစဉ်” နဲ့သာအမှန်တရားကို ရှာဖွေလို့ရမှာဖြစ်ကြောင်း သူနားလည်သွားခဲ့ပါတယ်။

* ဒီလို နားလည်သွားတဲ့နောက်မှာ သူဟာ အရိုးပြိုင်းပြိုင်းထပြီး ယိမ်းယိုင်ပြိုလဲလုလု ဖြစ်နေတဲ့ သူ့ခန္ဓာကို ပြန်ပြီး အားမွေးရပါတော့တယ်။ အစာငတ်၊ ရေငတ်နဲ့ ကျင့်ရတဲ့ ကျင့်စဉ်တွေကို စွန့်လွှတ်လိုက်ပြီး အစာအဟာရတွေကို ပြန်လည်သုံးဆောင်လိုက်တဲ့ အချိန်မှာ သူ့အနားမှာ ၀တ်ကြီးဝတ်ငယ်ပြုစုနေတဲ့ “ပဉ္စ၀ဂ္ဂီ (၅)ဦး” ခေါ်တဲ့ အခြံအရံ(၅)ဦးဟာ “သိဒ္ဓတ္တ” မင်းသား အကျင့်ဖောက်လေပြီ။ ဘုရားမဖြစ်တော့ပြီ´´ဟု အထင်လွဲကာ သူ့ကို စွန့်ခွာ သွားကြပါတော့တယ်။

* ဒီဖြစ်ရပ်အတွက် သိဒ္ဓတ္တအဖို့ ထူးပြီး တုန်လှုပ်စရာ မရှိပါဘူး။ သူဟာ အရာအားလုံးကို စွန့်ပစ်ပြီးခဲ့ပါပြီ။ စွန့်လွှတ်ခြင်းဟာ သူ့အတွက် မတုန်လှုပ်နိုင်သလို စွန့်ပယ်ခံရခြင်းဟာလည်း သူ့အဖို့ တုန်လှုပ်စရာမရှိတော့ပါဘူး။ သူဟာ ဆက်ပြီး အားမွေးပါတယ်။ ကိုယ်ခန္ဓာ အားအင်ပြည့်ဖြိုး လာချိန်မှာတော့ သူဟာ“ဥရုဝေဠ” တောအုပ်ကလေးကို စွန့်ခွာပြီး (အတိတ်ပါရမီရဲ့ လမ်းညွှန်မှုနဲ့) သူမွေးဖွားတဲ့ နေ့မှာဘဲ အပင်ပေါက်လာခဲ့တဲ့ (ဖွားဘက်တော်) ``ဗောဓိပင်ပျို´´ လေးရှိရာ အရပ်ဆီကို ထွက်ခွာလာခဲ့ပါတယ်။

* ဒီ ဗောဓိပင်ပျိုလေး ပေါက်ရောက်ရာ အရပ်ဒေသဟာ သာမန်ညောင်ည အရပ်တစ်ခုတော့ မဟုတ်ပေဘူး။ ဒီနေရာဟာ “မဇ္ဈိမ” ဒေသရဲ့ အလယ်ဗဟို တည့်တည့်အရပ်လည်း ဖြစ်တယ်။ ရှေးယခင့်ယခင် ဘုရား(၃)ဆူပွင့်တော်မူရာ “တစ်ထပ်တည်းကျတဲ့” နေရာလည်းဖြစ်တယ်။ တုနှိုင်းမယှဉ်သာသော မြင့်မြတ်မှုအပေါင်း ခညောင်းရာ နေရာဌာန ဖြစ်ပေတယ်။ “မဇ္ဈိမဒေသ” ရဲ့ “ဗဟိုချက်မဏ္ဍိုင်” နေရာလည်း ဖြစ်ပေတယ်။ ဒီနေရာမှာဘဲ ဘုရားအလောင်းတော်ဟာ “မဇ္ဈိမ” အကျင့်နဲ့ မကြာခင် ဘုရားအဖြစ်ကို ရောက်ရတော့မယ်။ အဲဒီနေ့ဟာ ကဆုန်လပြည့်နေ့ဘဲ ဖြစ်ပါတော့တယ်။

* အခုလို ကဆုန်လပြည့်နေ့ရဲ့ ညချမ်းချိန်ခါလေးမှာ ဗုဒ္ဓအလောင်းတော်ဟာ “မဟာဗောဓိပင်ပျို” ရဲ့အောက်မှာ အရှေ့အရပ်ကို မျက်နှာမူကာ “သောတ္တိယ” မြက်ထမ်းသမားထံမှ အလှူခံရအပ်သော မြက်အခင်းကဗ္ဗလာကို ထိုင်စရာအမှတ်ပြုပြီး “အာနာပါန” ကမ္မဌာန်းဘာဝနာကို စတင် စီးဖြန်းပါတော့တယ်။

* တက်သစ်စ လပြည့်ဝန်းကြီးဟာ အရှေ့အရပ်ကနေ တရိပ်ရိပ် တက်လာချိန် ၊ ကြယ်ပေါင်းစုံ ၀န်းရံခလို့ အေးမြတဲ့လေညင်းကလည်း တသုန်သုန်နဲ့ တိုက်ခတ်နေပါတယ်။ ကမ္ဘာလောကကြီးတစ်ခုလုံးဟာ မကြာမှီ အချိန်ပိုင်းအတွင်း “ဗုဒ္ဓ” လို့ခေါ်တဲ့ အနှိုင်းမဲ့ မဟာလူသားတစ်ဦး ဖြစ်ထွန်း ပေါ်ပေါက်လာတော့မှာကို သိနေသကဲ့သို့ . . အတုမရှိ ငြိမ်းချမ်းသာယာမှု အပေါင်းနဲ့ ပြည့်စုံနေပါတော့တယ်။

* ဒီအချိန်မှာဘဲ အလောင်းတော်ဟာ ခန္ဓမာန် , မစ္စုမာန် , ကိလေသမာန် , အဘိသင်္ခါရမာန် , ဒေ၀ပုတ္တမာန် . . တည်းဟူသော “မာန်(၅)ပါး” ကို အောင်မြင်တော်မူလျှက် ညဉ့်ဦးယံ အချိန်တွင် “ပုဗ္ဗေနိဝါသဉာဏ်”၊ သန်းခေါင်ယံတွင် “ဒိဗ္ဗစက္ခုဉာဏ်”၊ မိုးသောက်ယံတွင် “သဗ္ဗညုတဉာဏ်” တို့ကို ရရှိလျှက် လူတွင်စင်စစ် “ဗုဒ္ဓဘုရားအဖြစ်” သို့ ရောက်တော်မူခဲ့ပါတယ်။
အဲဒီနှစ်ကတော့ မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ၊ ရက်ကား ကဆုန်လပြည့်နေ့ ၊ နေ့ကား ဗုဒ္ဓဟူးနေ့ဖြစ်ပြီး စန်းသည် ၀ိသာခါနက္ခတ်နှင့် စန်းယှဉ်နေသော အခါပင် ဖြစ်ပါတော့တယ်။

* ဒီလို ဘုရားအဖြစ်ကို ရတော်မူ , ရောက်တော်မူပြီ ဆိုတာနဲ့ ဗုဒ္ဓဘုရားရှင်ဟာ အောက်ပါ ဂါထာကို ကျူးရင့်တော် မူပါတော့တယ်။ အဲဒီဂါထာကတော့ -
“အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ၊
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာဇာတိ ပုနပ္ပုနံ။
ဂဟကရက ဒိဋ္ဌောသိ ၊ ပုန ဂေဟံ နကာဟသိ၊
သဗ္ဗာတေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ ၊ တဏှာနံ ခယမဇ္ဈဂါ”ဆိုတဲ့ ဂါထာပဲ ဖြစ်ပါတော့တယ်။

* အဓိပ္ပါယ်ကတော့ ``ဟယ် ... တဏှာယောက်ျား လက်သမား ၊ အကျွန်ုပ်သည် သင်၏ ခန္ဓာအိမ်ဆောက်ခြင်းကို သံသရာတလျှောက်လုံး (မသိဆိုးဝါးစွာ) အကြိမ်ကြိမ် ခံခဲ့ရပေပြီ။ ယခုမူ ငါသည် သင့်အား မဂ်လေးတန် ပုဆိန်လက်နက်ဖြင့် ခုတ်ဖြတ်သုတ်သင်နိုင်ပြီ ဖြစ်၍ ငါအား သင်၏ ခန္ဓာအိမ်ဆောက်ခြင်းအမှုကို မပြုစေနိုင်တော့ပြီ။ ငါသည်ကား တဏှာအပေါင်းတို့၏ လွတ်ကင်းရာ ၊ သေခြင်းကင်းရာ ပြုပြင်စီရင်ခံရခြင်းကင်းရာ “အမတ” နိဗ္ဗာန်သို့ဆိုက်ရောက်လေပြီ” ဟု ဆိုလိုပါတယ်။

* ဒါကြောင့်မို့ ``ဘုရားအနေကဇာ တင်တယ်´´ဆိုတာ ဗုဒ္ဓဘုရားအလောင်းတော် ဘုရားအဖြစ်သို့ ရောက်တော်မူသည့်အခါ ၀မ်းမြောက်ဝမ်းသာ ကျူးရင့်တဲ့ဂါထာကို “ဘုရားဖြစ်ပြီ” ဟူသည့် အထိမ်းအမှတ်အနေဖြင့် ပြန်လည် ရွတ်ဆိုကြခြင်း ဖြစ်ပါတယ်။ “အနေကဇာတိ သံသာရံ . . ဆိုတဲ့ စကားအစ စာလုံးကို ယူပြီး “အနေကဇာ” တင်တယ်ဆိုပြီး သုံးနှုံးကြတာဖြစ်ပါတယ်။
ဒါကို “ဗုဒ္ဓဘိသေက မင်္ဂလာ” လို့လည်း ခေါ်ကြပါတယ်။

* အစီအစဉ် ...
(၁) အနေကဇာတိ သံသာရံ . . . အစချီတဲ့ ဥဒါန်း ဂါထာ
(၂) ‘‘အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ’’စသော ပဋိစ္စသမုပ္ပါဒ အပြန်အလှန်
(၃) ‘‘ယထာ ဟဝေ ပါတုဘ၀န္တိ’’ သုံးဂါထာ။
(၄) ‘‘ဟေတုပစ္စယော’’ စသော ပဌာန်း ၂၄ ပစ္စည်း ဥဒ္ဒေသ
(၅) “ဘုရား ဂုဏ်တော် (၉)ပါး
(၆) ‘‘ ဇယန္တော ဗောဓိယာ မူလေ’’ စသော ပုဗ္ဗဏှသုတ် အဆုံးသတ်နဲ့ ကျကျနန ရှိခိုးပြီး သဒ္ဓါတရား ပွားများပြီး ရှိခိုးလေ့ရှိပါတယ်။

* ဂုဏ် .....


* တချို့က ခေတ်မီပစ္စည်းတွေပေါ်သမျှ
သုံးနိုင်မှ ဂုဏ်ရှိတယ်ထင်ကြတယ်။

* တချို့က ရာထူးဂုဏ်ဝါတွေကြီးမှ
ဂုဏ်ရှိတယ်ထင်ကြတယ်။

* တချို့က ပိုက်ဆံပေါ ရုပ်ချော လှုနိုင်
ပေးကမ်းနိုင်မှ ဂုဏ်ရှိတယ်ထင်ကြတယ်။

* ကိုယ့်အတွက်တော့ စိတ်ဓါတ်ဖြူစင်
ရိုးသားပြီးကိုယ်ကျင့်တရားကောင်းသူ
ရဲ့ရေကြည်ကြည်လေးတစ်ခွက်က
လည်းဂုဏ်ရှိတာပါပဲလို့။

ဆရာလေး မပဏီတဉာဏီ
25.10.2016

* မရှုစိမ့်သူ ....


* မရှုစိမ့်သူ ....

* ဘယ်သောအခါမှ သူတပါးကောင်းစားတာကို မမြင်လိုဘူး။ သူတပါးကောင်းစားရင် ကောင်းစားသလောက် စိတ်သောက ရောက်နေသူ၊ သူတပါးပျက်စီးရာပျက်စီးကြောင်းကို အမြဲကြံစည် လုပ်ေ
ဆာင်နေသူ၊ သူကား အခြားသူ မဟုတ်။ မာန်နတ် ....


* ခုလည်းကြည့်လေ။ မြတ်ဗုဒ္ဓသည် ပဉ္စသာလာ ပုဏ္ဏားရွာသို့ ကြွရောက်လာ၏။ အကြောင်းမဲ့တော့ မဟုတ်။ လောက သူတော်ကောင်းတို့မည်သည် ပေးဆပ်မှုကိုသာလျှင် အစဉ်ရှေးရှုလျက်ရှိ၏။ ခုလည်း မြတ်ဗုဒ္ဓသည် ပဉ္စသာလာရွာသူ သတိုးသမီးငါးရာတို့၏ သောတာပတ္တိမဂ်ရအံ့သော အကြောင်းဥပနိဿယကြောင့် ဤရွာသို့ ကြွရောက် သီတင်းသုံးနေခြင်း ဖြစ်၏။

* သူတော်ကောင်းတို့သည် ပေးဆပ်မှုကို အစဉ်ရှေးရှုသလောက် သူယုတ်မာတို့သည်ကား သူတပါးပျက်စီးမှုကိုသာ အစဉ်ကြံတွေး ဖျက်ဆီးလျက်ရှိ၏။ ဤသည်မှာ လောက သဘာဝဖြစ်၏။

* တစ်နေ့ နက္ခတ်ပွဲသဘင်နေ့၌ ပဉ္စသာလာရွာသူ သတိုးသမီးငါးရာဟာ မြစ်ဆိပ်သွား၊ ရေချိုး၊ တန်ဆာဆင်ပြီး ပြန်အလာ မြတ်ဗုဒ္ဓလည်း ရွာသို့ ဆွမ်းခံကြွတော်မူလာ၏။ ဒီအချိန်မှာပဲ မာန်နတ်သည် တစ်ရွာလုံး သတိလွတ်စေ၍ မြတ်ဗုဒ္ဓ ဆွမ်းမရအောင် နှောက်ယှက်တော့၏။ မြတ်ဗုဒ္ဓလည်း ဆွမ်းခံရွာမှ ဖဲ၍ ရွာတံခါး၌ ခေတ္တ သီတင်းနေ၏။

* ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့အလုပ်သည်လည်း လူယုတ်မာတို့၏ စရိုက်တစ်မျိုးဟု ထင်သည်။ အဘယ်ကြောင့်ဆိုသော် မာန်နတ်သည် မြတ်ဗုဒ္ဓသီတင်းသုံးရာ ရွာတံခါးခုံသို့ လာ၍ `` သမဏ ... ဆွမ်း ရခဲ့ရဲ့လား?၊ ဒီအချိန်ဆို ဆာလောင်မှုဒုက္ခတွေ နှိပ်စက်နေမှာပေါ့နော်´´ဟု ခနဲ့သလိုလို ရွဲ့သလိုလိုနဲ့ လျှောက်၏။

* မြတ်ဗုဒ္ဓလည်း ``ပါပိမ - ယုတ်မာသော မာန်နတ် ... သင့်လုပ်ရပ်ကို ငါ မသိ မဟုတ်၊ သိ၏။ ယနေ့ ငါ ဆွမ်းတစ်ဇွန်းမျှ မရသော်လည်း အာဘဿရာဗြဟ္မာများကဲ့သို့ ပီတိ, သုခတည်းဟူသော အစာအာဟာရဖြင့် အချိန်ကို လွန်မြောက်စေအံ့´´ဟု မိန့်၍ -
``သုသုခံ ဝတ ဇီဝါမ၊ ယေသံ နော နတ္ထိ ကိဉ္စနံ။
ပီတိဘက္ခာ ဘဝိဿာမ၊ ဒေဝါ အာဘဿရာ ယထာ´´ ဟူသော ဂါထာကို မိန့်တော်မူပါတယ်။


* အဓိပ္ပာယ်ကား - ``စိုးရိမ်ကြောင့်ကြစရာ တစ်စုံတစ်ခုမျှ မရှိတော့သည့်အတွက် ငါဘုရားတို့သည် အလွန်ချမ်းသာစွာ အသက်မွေးနေကြရကုန်၏။ အာဘဿရာဗြဟ္မာများသည် နှစ်သက်မှု ပီတိအစာကို အမှီပြုကာ နေကြရသကဲ့သို့ ငါဘုရားတို့သည်လည်း နှစ်သက်မှု ပီတိအစာကို အမှီပြုကာ နေထိုင်ရကုန်အံ့´´ဟူသည်တည်း။

* ဟုတ်၏။ ရောင့်ရဲမှုသည် အမြတ်ဆုံးသော ဥစ္စာဖြစ်၏။ ရောင့်ရဲနိုင်သူအဖို့ မပြည့်စုံမှုဟူသည် အဘယ်မှာ ရှိအံ့နည်း။ ထို့အတူ မရောင့်ရဲတတ်သူအဖို့ကလည်း မည်မျှပင် ရှိစေ, ရစေကာမူ အလိုပြည့်ဝပြီဟူ၍ ဘယ်သောအခါမှ မရှိနိုင်ပေ။ လိုမြဲ လိုနေမည်သာ။ ထိုအလိုမပြည့်ဝမှုသည်ပင်လျှင် မိမိဘဝ ပျက်စီးခြင်း၏ အကြောင်းတစ်မျိုး မဟုတ်လော .....

* သို့ဖြစ်ပါ၍ စာချစ်သူ ဓမ္မမိတ်ဆွေတို့ အနေဖြင့်လည်း မိမိဘဝ မပျက်စီးရလေအောင် ``သန္တုဋ္ဌိမင်္ဂလာ´´ဟု ဆိုအပ်သော ``ရောင့်ရဲတင်းတိမ်နိုင်မှုမင်္ဂလာ´´နဲ့ ပြည့်စုံအောင် နေထိုင်သင့်ပါကြောင်း တင်ပြလိုက်ရပါသတည်း ......

အရှင်သီလာစာရ
မြတောင်ကျောင်း
ရေနံချောင်း
25.10.2016

* ဓမ္မပဒအဋ္ဌကထာ၊ ဒုတိယအုပ်၊ စာ - ၁၆၇ ပါ၊ သုခဝဂ်၊ မာရဝတ္ထုကို ကြည်ညိုပူဇော်သည်။