Sunday, October 2, 2016

* မိမိကိုယ်ကို ဆန်းစစ်ကြည့်ခြင်း .....

ဆယ်ကျော်သက်အရွယ်
ကောင်လေး တစ်ယောက်ဟာ
စတိုးဆိုင်တစ်ဆိုင်ရဲ့ ငွေရှင်းကောင်တာနားက
တယ်လီဖုန်းရုံကိုသွားပြီး ဖုန်းဆက်ဖို့
ဖုန်းနံပါတ်နှိပ်လိုက်တယ် ...။

စတိုးဆိုင်ပိုင်ရှင်က သတိထားမိပြီး
ဘာပြောသလဲဆိုတာ နားထောင်နေသတဲ့ ...

ကောင်လေး :
``အန်တီ .. အန်တီ့အိမ်ရှေ့ မြက်ခင်းကို
ရိတ်ပေးဖို့ လူများလိုအပ်သလား သိချင်လို့ပါ"

အမျိုးသမီးကြီး : (တစ်ဘက်မှပြော)
"အန်တီ့မှာ မြက်ခင်းရိတ်ပေးနေကျသူ
ရှိပါတယ်ကွယ်"

ကောင်လေး : "ကျွန်တော် အန်တီ့ဆီမှာ
လုပ်နေကျသူကို ပေးရတဲ့ အခကြေးငွေရဲ့
တစ်ဝက်ပဲယူပါ့မယ်ခင်ဗျာ .."

အမျိုးသမီးကြီး : "အန်တီ့ဆီမှာ
အမြဲလုပ်ပေးနေကျသူရဲ့ လုပ်ကိုင်ပုံကို
အန်တီအရမ်းစိတ်တိုင်းကျလို့ပါ သားရယ်"

ကောင်လေး : (ဇွဲမလျှော့သေးပဲ) "အန်တီရယ်၊
ကျွန်တော် အန်တီ့အိမ်မှာ မြက်ရိတ်ပေးမယ့်အပြင်
အခကြေးငွေမယူပဲ လှည်းကျင်းပေးမယ် ဆိုရင်ရော
ခင်ဗျာ"

အမျိုးသမီးကြီး : " ကျေးဇူးတင်ပါတယ်ကွယ် ...
အန်တီတကယ်မလိုအပ်လို့ပါ"

ကောင်လေးဟာအပြုံးနဲ့ ဖုန်းပြန်ချလိုက်တယ် ..။
အကုန်လုံးကို နားထောင်နေတဲ့
စတိုးဆိုင်ပိုင်ရှင်ဟာ ကောင်လေးနားကို
လျှောက်သွားသတဲ့ ..။

စတိုးဆိုင်ပိုင်ရှင် : "သားကိုလက်ခံတယ်တဲ့လား"

ကောင်လေး : "မလိုသေးဘူးပြောပါတယ် ဦးလေး"

စတိုးဆိုင်ပိုင်ရှင် : "အင်း ... သားရဲ့
စိတ်ဓာတ်လေးကိုတော့ ဦးလေးသဘောကျတယ် ..။
သားလိုချင်ရင် အဲလိုအလုပ်မျိုး တခြားဆီမှာရအောင်
ဦးလေး ကူညီပေးပါ့မယ်"

ကောင်လေး : "ကျေးဇူးတင်ပါတယ် ဦးလေး ..
ဒါပေမယ့် မလိုပါဘူးခင်ဗျာ"

စတိုးဆိုင်ပိုင်ရှင် : "ဟေ ... မင်း အခုပဲ
အလုပ်လိုချင်နေတာ မဟုတ်ဘူးလား"

ကောင်လေး : "မဟုတ်ပါဘူး ခင်ဗျာ ..။
ကျွန်တော်ရပြီးသားအလုပ်တစ်ခုမှာ
ကျွန်တော့ရဲလုပ်ဆောင်ခဲ့နိုင်မှုကို ပြန်ပြီး
စစ်ဆေးနေတာပါ ..။
အခု ကျွန်တော်ဖုန်းဆက်ခဲ့တဲ့
အန်တီ့အိမ်မှာ ကျွန်တော် အလုပ်လုပ်နေတာပါ။

Credit To Original Writer

(ဒါဟာ မိမိရဲ့တန်ဖိုးကို မိမိကိုယ်တိုင်
ဆန်းစစ်ခြင်းလို့ ခေါ်ပါတယ်)

Credit &လူဗိုလ်ဟူသည်

* ယုံကြည်မှု၏ အခြားတစ်ဖက်၌ .....
* အဇာတသတ်သည် ဘုရားကိုမယုံ
ဒေဝဒတ်ကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* စိဉ္စမာနသည်
ဘုရားကိုမယုံ
တိတ္ထိဆရာများကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* ရှင်မဟာမောဂ္ဂလာာန်အလောင်းသည်
မိဘများကိုမယုံ
မယားကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* စောလူးမင်းသည်
ကျန်စစ်သားကိုမယုံ
ငရမန်ကန်းကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* နတ်ရှင်နောင်သည်
ကိုယ့်လူမျိုးကိုမယုံ
ဘာသာခြားငစင်ကာကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူသည်။
* ပုဂံမင်းသည်
ကိုယ့်လူမျိုးကိုမယုံ
ဘာသာခြား ကုလားဘိုင်ဆပ်ကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* သီပေါမင်းသည်
ပညာရှိအမတ်များကိုမယုံ
စုဖုရားလတ်ကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* ဂဠုန်ဦးစောသည်
ဗိုလ်ချုပ်အောင်ဆန်းကိုမယုံ
အင်္ဂလိပ်ကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
အရှင်တိလောကဘိဝံသု အင်းစိန်ု
ရွာမပရိယတ္တိစာသင်တိုက်
(အစဉ်ထာဝရခိုင်မြဲသောအားဖြင့် အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်ပါ၏ အရှင်သူမြတ်တို့ဘုရား)

* ယုံကြည်မှု၏ အခြားတစ်ဖက်၌ .....
* အဇာတသတ်သည် ဘုရားကိုမယုံ
ဒေဝဒတ်ကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* စိဉ္စမာနသည်
ဘုရားကိုမယုံ
တိတ္ထိဆရာများကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* ရှင်မဟာမောဂ္ဂလာာန်အလောင်းသည်
မိဘများကိုမယုံ
မယားကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* စောလူးမင်းသည်
ကျန်စစ်သားကိုမယုံ
ငရမန်ကန်းကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* နတ်ရှင်နောင်သည်
ကိုယ့်လူမျိုးကိုမယုံ
ဘာသာခြားငစင်ကာကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူသည်။
* ပုဂံမင်းသည်
ကိုယ့်လူမျိုးကိုမယုံ
ဘာသာခြား ကုလားဘိုင်ဆပ်ကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* သီပေါမင်းသည်
ပညာရှိအမတ်များကိုမယုံ
စုဖုရားလတ်ကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
* ဂဠုန်ဦးစောသည်
ဗိုလ်ချုပ်အောင်ဆန်းကိုမယုံ
အင်္ဂလိပ်ကိုယုံခြင်းကြောင့်
ပျက်စီးဆုံးရှုံးခဲ့ရဘူးသည်။
အရှင်တိလောကဘိဝံသု အင်းစိန်ု
ရွာမပရိယတ္တိစာသင်တိုက်
(အစဉ်ထာဝရခိုင်မြဲသောအားဖြင့် အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်ပါ၏ အရှင်သူမြတ်တို့ဘုရား)

● စိတ်ညစ်ရင် အာရုံပြောင်းပါ●

* တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ကိုရင်တိဿ 
ဆိုတဲ့ကိုရင်တစ်ပါး ရှိခဲ့ဖူးပါတယ်။
ဒီလိုနဲ
့ တစ်နေ့ မှာ စိတ်ညစ်စရာ အာရုံတစ်ခုနဲ့ တွေ့ ပြီး လူထွက်ချင်လာပါသတဲ့။
ကိုရင် တိဿက သူစိတ်ညစ်လို့  လူထွက်ချင်တဲ့အကြောင်းကို ဆရာဘုန်းကြီးကို သွားလျှောက်ပါတယ်။
ဒီတော့ ဆရာဘုန်းကြီးက
"အင်း အာရုံကြောင့် ဖြစ်တဲ့စိတ်ဟာ အမြဲတမ်း အဆိုးဘက်ကိုချည်း ယိမ်းမနေဘူး၊
အာရုံကြောင့် ဖြစ်တဲ့စိတ်ကို အာရုံနဲ့ပဲ ပြန်ကုပေးမှ။ လူဆိုတာ အာရုံသစ်ကို အခြေတည်ပြီး ပျော်ရွှင်တတ်ကြတယ်။
ဒါကြောင့်
အာရုံသစ်တစ်ခု ပြောင်းပေးလိုက်မှပဲ" ဆိုပြီး တွေးမိပုံရပါတယ်။
ဒါကြောင့် ဆရာဘုန်းကြီးက
"ကောင်းပြီ ငါ့တပည့်၊ လူထွက်ဖို့  ဆုံးဖြတ်ပြီးရင်လည်း ငါတို့ မတားလိုဘူး။
ဒါပေမယ့်
ငါတို့ နေတဲ့ ကျောင်းဟာ ချိုးရေ အလွန်ရှားတယ်။ ငါ့တပည့် လူမထွက်ခင် ငါတို့ကို ရေပေါရာ စိတ္တရတောင်ကို ပို့ပေးခဲ့ပါဦး" လို့  မိန့် လိုက်ပါတယ်။
ကိုရင်တိဿ က လည်း ဆရာဘုန်းကြီးပြောတဲ့အတိုင်း သူ့ဆရာကို စိတ္တရတောင်ကို ပို့ ပေးရှာပါတယ်။ စိတ္တရတောင်ရောက်တော့ ဆရာဘုန်းကြီးက ဘယ်လိုထပ်မိန်ပြန်သလဲဆိုတော့
"ငါ့တပည့်ရယ်၊ ဒီစိတ္တရတောင်တွေမှာ ရှိတဲ့ ကျောင်းတွေဟာ သံဃာပိုင်
သံဃိကကျောင်းတွေကွဲ့ ၊ သံဃိကကျောင်းဆိုတော့ နေတာထိုင်တာ အစစအရာရာ ဆင်ခြင်နေရတယ်။ သိပ်လွတ်လပ်မှု မရှိဘူးပေါ့။
ဒါ့ကြောင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းလေးတစ်ကျောင်းတော့
လိုချင်တယ်၊ ဖြစ်နိုင်ရင် စီစဉ်ပေးခဲ့ပါဦးကွယ်"လို့  ဆက်မိန့် ပါတယ်။
ကိုရင်တိဿ ကလည်း လူထွက်ခါနီး
ဆရာသမားကို နောက်ဆုံးပြုပေးခြင်းဆိုတဲ့ အသိနဲ့  တက်တက်ကြွကြွနဲ့ပဲပြုပေးရှာပါတယ်။
ကိုရင်တိဿ ဆောက်ပေးဖို့ စိတ်ကူးတဲ့ ကျောင်းကလေးက သူတို့ သီဟိုဠ်ခေတ်က ကမ္မဋ္ဌာန်း ဘုန်းကြီးတွေ အကြိုက် လှိုဏ်ဂူကျောင်း ပုံစုံလေးပါ။ ဒါကြောင့် ကိုရင်တိဿလည်း ဆရာဘုန်းကြီး ကမ္မဋ္ဌာန်း အားထုတ်ဖို့ အဆင်ပြေမယ့် ကျောင်းပုံစံကို စိတ်ကူးနဲ့ ဦးစွာ
သေချာစိတ်စားပါတယ်။ ပြီးတော့မှ ဥတုသုံးပါးနဲ့လည်း သင့်တော်မယ့် တောင်ခြေတစ်ခုမှာ လှိုဏ်ခေါင်းစတူးပါတယ်။
အံ့သြဖို့ ကောင်းတာက
ကိုရင်တိဿ ဟာ နောက်ဆုံး အခွင့်အရေးဆိုတဲ့ နှလုံးသွင်းနဲ့  အလုပ်သုံးခုကို တစ်ပြိုင်နက်တည်း လုပ်နေတာပါပဲ။
သူတစ်ပြိုင်နက် လုပ်နေတဲ့ အလုပ်က ကမ္မဋ္ဌာန်းကျောင်းအတွက် လှိုဏ်ဂူတူးတာရယ်၊ ဆရာဘုန်းကြီးဆီမှာ သင်ခဲ့တဲ့ သံယုတ္တနိကာယ်ကျမ်းကြီးကို ရွတ်ဖတ်သရဇ္ဈယ်နေတာရယ်၊ တေဇောကသိုဏ်းကို
ရှုမှတ်ပွားများနေတာရယ်ပါ။
ထပ်ပြီး အံ့သြဖို့ ကောင်းတာက ကမ္မဋ္ဌာန်းလှိုဏ်ဂူ ပြီးစီးတဲ့နေ့မှာပဲ သံယုတ္တ နိကာယ်ကျမ်း ရွတ်ဆိုသရဇ္ဈယ်မှု ပြီးဆုံးသွားသလို ပွားများနေဆဲ
တေဇောကသိုဏ်းဟာလည်း အပ္ပနာဈာန်အဆင့်ထိ ရောက်လာခဲ့တာပါပဲ။ (၀ိပဿနာအဆင့်ထိ မရောက်သေးဘူးပေါ့)
ကိုရင်တိဿလည်း အားရ၀မ်းသာနဲ့ ကျောင်းဆောင် ပြီးသွားပြီဖြစ်တဲ့အကြောင်း ဆရာဘုန်းကြီးကိုသွားလျှောက်ပါတယ်။
ဒီတော့ ဆရာဘုန်းကြီးက လှိုဏ်ဂူကျောင်းဆောင်ကလေးကို ကြည့်ပြီး ဘယ်လိုထပ်မိန့် ပြန်သလဲဆိုတော့ -
"အို .. ကောင်းလိုက်တဲ့ လှိုဏ်ဂူလေးပါလား၊
ငါတို့ တော်တော်သဘောကျပါတယ်ကွယ်။
ငါ့တပည့် ပင်ပင်ပန်းပန်းနဲ့ လုပ်ထားတဲ့ လှိုဏ်ဂူလေးဆိုတော့ ငါ့တပည့်က ဒီနေ့ တစ်ရက်တော့ အရင်နေလိုက်ပါဦး၊
ပြီးတော့ ငါ့တပည့်က လူထွက်သွားရင် ရဟန်းတရားနဲ့ ဝေးသွားမှာဆိုတော့ ငါတို့ ပေးထားတဲ့ ကမ္မဋ္ဌာန်းနည်းလေးနဲ့လည်း စွမ်းနိုင်သလောက် ဒီလှိုဏ်ဂူလေးထဲမှာ ရှုမှတ်ပွားများလိုက်ပါဦး" လို့  ဆက်မိန့့် လိုက်ပြန်တယ်။
ကိုရင်တိဿလည်း ဆရာ့စကားအတိုင်း မိမိပြုလုပ်ထားတဲ့ လှိုဏ်ဂူထဲမှာပဲ တရားရှုမှတ်မှုကို စပါတယ်။ လှိုဏ်ဂူလေးကလည်း အသစ် လှလှလေး၊ ရာသီဥတုကလည်း သာယာ၊ ဒီတော့ ကိုရင်တိဿရဲ့ စိတ်မှာ ၀မ်းမြောက်မှု ပီတိတွေ ဖြစ်လာပါတယ်။ ပြီးတော့ တေဇောကသိုဏ်းပွားပြီး အပ္ပနာဈာန်အထိလည်း ရထားတာဆိုတော့ ပီတိနဲ့ ရထားတဲ့
အပ္ပနာဈာန်ကို အခြေခံပြီး တရားအားထုတ်လိုက်တာ အရဟတ္တဖိုလ်တည်ပြီး ရဟန္တာဖြစ်သွားပါတော့တယ်။
ဒီတော့မှ ဆရာ့ကျေးဇူးကို သိပြီး ဆရာရှိရာအရပ်ကိုမှန်းပြီး ဦးချပြီးတော့ "သြော် စိတ်ဆိုတာ အမြဲတမ်း အဆိုးဘက်ကိုချည်း ယိမ်းမနေပါလား။ အာရုံပြောင်းလိုက်တာနဲ့ 
ဘ၀တစ်ဆစ်ချိုးပြီး အမြင့်ဆုံး ပန်းတိုင်တစ်ခုကို မထင်မှတ်ဘဲ ရောက်သွားပါလား"လို့  ဆင်ခြင်မိလိုက်ပါသတဲ့။
ကဲ ... စာဖတ်သူတို့ ရော ..
စိတ်ညစ်ရင် စိတ်ညစ်တဲ့ အတိုင်း မထားပါနဲ့ ။
လောကပြစ်၊ ဓမ္မပြစ် မဖြစ်စေတဲ့
ကိုယ်နှစ်သက်ရာ အာရုံသစ်တစ်ခုခုကို
ပြောင်းလိုက်ပါနော်....။
ကျမ်းကိုး
မူလပဏ္ဏသအဋ္ဌကထာ(ပ)တွဲ၊စာမျက်နှာ (၃၉၅)
ရဝေနွယ် အင်းမ

ကျွန်တော့်ကို အမေသတ်ခဲ့တယ်
-----

ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ကတော့ ကျွန်တော့်အမေရဲ့ မျှော်လင့်ချက်တွေ အားလုံး တစ်စစီ ကွဲကြေသွားတဲ့နေ့ပါပဲ ။

ကျွန်တော် ဆေးတက္ကသိုလ်တက်ဖို့ အမှတ်မမှီခဲ့ဘူး ။ ( ဂုဏ်ထူး ၄ ခုပဲပါတာဆိုတော့ အမှတ်ကို ခန့်မှန်းတွက်ဆလို့ ရသွားပြီ )
အမေ ငိုပါတယ် ။ တော်တော်နာနာကျင်ကျင်ငိုပါတယ် ။ အကြာကြီးပဲ ။ ပြီးတော့ `` ငါက နင့်ကို ဆရာဝန်ဖြစ်စေချင်လွန်းလို့ တစ်သက်လုံးကုန်းရုန်းပြီး ပိုက်ဆံရှာခဲ့တာ ။ ငါ မစားရက်မသုံးရက် စုဆောင်းပြီး နင့်ကို ကျောင်းထားပေးခဲ့တာ , အခုတော့ နင်က ငါ့ကို ကောင်းကောင်းကြီး ကျေးဇူးဆပ်လိုက်ပြီပေါ့ ... ဟုတ်လား "
ကျွန်တော်သိလိုက်ပြီ ။ အမေ့သားအစစ်က ကျွန်တော့်မှ မဟုတ်ဘဲ ။ အမေ့အာရုံထဲမှာ စိတ်ကူးနဲ့ဖန်တီးထားတဲ့ ဒေါက်တာဇော်ဇော် ( ဒါမှမဟုတ် ) ဆေးကျောင်းသား ဇော်ဇော်ပဲ ။

အမေရယ် ... ကျွန်တော်အစစ်ကြီးက ဒီမှာပါဗျာ ။ ကျွန်တော့်မှာမရှိတဲ့ အရည်အချင်းတွေ , ကျွန်တော်ဖန်တီးယူလို့မရတဲ့ ဂုဏ်ထူးအဆင့်တွေအတွက် ကျွန်တော့်ကို အပြစ်မတင်ပါနဲ့လားဗျာ ။
အဲဒီအစား .... ကျွန်တော့်မှာ တကယ်ရှိနေတဲ့ အရည်အချင်းကောင်းလေးတွေကို မေမေ နည်းနည်းလောက် အသိအမှတ်ပြုပေးပါလားဟင် ။ ကျွန်တော် ဆေးလိပ်လည်း မသောက်တက်ဘူး , အရက်လည်း မသောက်ဘူး , ကျောင်းလည်းး မပြေးဘူး , ရည်းစားလည်း မထားဘူး , ရန်လည်း မဖြစ်ဘူး , ညဉ့်နက်သန်းခေါင်လည်း လျှောက်မလည်ဘူး ။
အဲဒါတွေကို မေမေ အသိအမှတ်မပြုဘူးလားဟင် ။ ကျွန်တော်ဟာ မွေးရကျိုးမနပ်တဲ့ သားမိုက်ပဲလားဟင် ။
ကျွန်တော့်ကို ဆရာဝန်ဖြစ်စေချင်တာ ကျွန်တော့်ဘဝရှေ့ရေး ဖြောင့်ဖြူးဖို့အတွက်ပါလို့ မေမေ ပြောကောင်းပြောချင်ပါလိမ့်မယ် ... ကျွန်တော် သိပါတယ် ။

ဒါပေမယ့် .... မေမေရယ်
လူတစ်ယောက်ဘဝမှာ အောင်အောင်မြင်မြင်ရပ်တည်ဖို့ဆိုရင် တကယ်လိုအပ်တာက စိတ်ဓာတ်ခိုင်မာအောင် လေ့ကျင့်ပေးရမှာလေ ။ လောကဓံကို ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်နေပျော်အောင် သင်ပေးရမှာလေ ။
` ဆရာဝန်ဖြစ်ရေး ' ဆုဖလားပွဲမှာ ပြိုင်မြင်းတစ်ကောင်လို ကြိမ်နဲ့ရိုက်ပြီး ဝင်ပြေးခိုင်းရတာမျိုး မဟုတ်ဘူး ။
အမေက ကျွန်တော့်ကို ကြိုးစားအောင် တွန်းအားတွေ နေ့တိုင်းပေးတယ် ။ ကျွန်တော် နေ့တိုင်းမပျော်ဘူး ။ ခြေလက်အင်္ဂါ မရှိ / ဆုံးရှူံးတဲ့လူတွေ လောကကြီးကို ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်ပျော်ရွှင်နေချိန်မှာ ကျွန်တော်ကတော့ လပတ်စာမေးပွဲမှာ အဆင့် ( ၂ ) ဖြစ်ရတာကို ကမ္ဘာပျက်သလောက် ဖြစ်နေတယ် ။
မိဘကျေးဇူးကြီးမားပုံတွေ ပြောတာ ကြားရလွန်းအားကြီးတော့ ကျွန်တော့်ကိုယ်ကျွန်တော် တာဝန်မကျေတဲ့ သားဆိုးသားမိုက်တစ်ယောက်လို ခံစားလာရတယ် ။

အမေ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ထပ်တလဲလဲ ညဉ်းတွားသံ ကြားရဖန်များလာတော့ ကျွန်တော့်ကိုယ်ကျွန်တော် မုန်းတီးစက်ဆုပ်လာတယ် ။ ကျွန်တော့်ရဲ့ အသက်ရှင်မှုကိုလည်း ရွံလာတယ် ။ ငါ ဘာလို့ ရှင်သန်နေရတာလဲ ။
ကျွန်တော်က ဇွတ်အတင်း အခွင့်အရေးယူပြီး `` မေမေ့ဆီမှာ ကျွန်တော် လူလာဖြစ်ပါရစေ , ကျွန်တော့်ကို မွေးပေးပါ " လို့ တောင်းဆိုခဲ့တာမှ မဟုတ်ဘဲ ။ အဖေ သေသွားလို့ အမေတစ်ယောက်တည်း ရုန်းကန်ရတာဟာလည်း ကျွန်တော့် ပယောဂကြောင့်မှ မဟုတ်ဘဲ ။
မေမေရယ် ........ ။

ကျွန်တော်တို့ဟာ မတော်တဆ ဆုံစည်းကြရတဲ့သူတွေပါလေ ။ မေမေ့မေတ္တာတရားဟာ နက်ရှိုင်းလွန်းလှပါတယ် ။
ဒါပေမယ့် အဲဒါကို အကြောင်းပြုပြီး စကားလုံးတွေနဲ့ ကျွန်တော့်စိတ်ကို နာကျင်ထိရှအောင်လုပ်တာ များလွန်းသွားပြီ ထင်တယ် ... မေမေရယ် ။

---------------------

ကျွန်တော့်ဘဝရဲ့ ပထမဆုံးချစ်သူကို စက်မှုတက္ကသိုလ် စတုတ္ထနှစ်မှာ ဆုံစည်းခဲ့ရတာ ဖြစ်ပါတယ် ။
တက္ကသိုလ်ကျောင်းသားတစ်ယောက် ရည်းစားထားတာဟာ တကယ့်ကို သမရိုးကျကိစ္စတစ်ခုပါ ။ ဒါပေမယ့် ကျွန်တော့်အတွက်ကျတော့ အဲဒီလို မဟုတ်ခဲ့ဘူး ။ နေ့စဉ်နဲ့အမျှ မတော်တဆ ပေါက်ကွဲမသွားအောင် ဗုံးတစ်လုံးကို လျှျှိ့ဝှက်ထိန်းသိမ်းနေသလို ခံစားရတယ် ။
ကျွန်တော့်မှာ ချစ်သူရှိနေပြီဆိုတဲ့အကြောင်း ဖုံးဖိထားချင်တယ် ။ ဘယ်မှမသိအောင် အမှောင်ချထားချင်တယ် ။ အမေ သိသွားရင် ပြသနာတက်လိမ့်မယ်ဆိုတာ ကျွန်တော် အလိုလိုသိပြီး စိုးရိမ်နေတယ် ။

စိုးရိမ်စိတ်ဆိုတာ ကျွန်တော်နဲ့ နေသားတကျ ဖြစ်နေပါပြီ ။ ဘာကိုမဆို အကြောင်းမရှိဘဲ ကျွန်တော် စိုးရိမ်နေလေ့ရှိတာ ကြာပါပြီ ။
အဲဒါ .... ထင်ထင်ရှားရှား တောက်ပလင်းလက်လာတဲ့ ကျွန်တော့်ကိုယ်ခန္ဓာထဲက စိတ္တဇပါပဲ ။
နောက်ဆုံး .... ကျွန်တော့်ချစ်သူကတောင် ကျွန်တော်မူပျက်နေတာကို ကြည့်ပြီး ရိပ်မိလာလို့ `` မောင် ... ဘာဖြစ်နေတာလဲ , ဘာလို့ ဒီလောက်တောင် ပုန်းလျှိုးကွယ်လျှိုး လုပ်နေရတာလဲ " လို့ ဗြောင်ဖွင့်မေးယူရတဲ့အထိပါ ။

နောက်တော့ ကျွန်တော် စိုးရိမ်တဲ့အတိုင်းပါပဲ ။ အဲဒီစာသင်နှစ် မကုန်ခင်မှာ ကျွန်တော့်အိမ်ကလူတွေက ကျွန်တော့်မှာ ချစ်သူရှိနေမှန်း သိသွားကြပါတယ် ။
အဲဒီတရားစီရင်ခန်းမြင်ကွင်းကို ခုထိ ကျွန်တော် ကောင်းကောင်းကြီး မှတ်မိနေတုန်းပဲ ရှိပါသေးတယ် ။ အမေက ဘာစကားမှမပြောဘဲ တရှုံ့ရှုံ့နဲ့ အကြာကြီးငိုနေတယ် ။ ဦးလေးတွေ , ကြီးဒေါ်တွေကတော့ .... `` မင်းအမေက နောက်အိမ်ထောင်မပြုဘဲ မင်းကို ပြုစုကျွေးမွေး ကျောင်းထားပေးခဲ့တာ , မင်းက အခုတော့ ပညာတောင်မစုံခင် ရည်းစားထားရတာနဲ့ ... ဘာနဲ့ .... "
ဟော ... လာပြန်ပြီ ။ ကျွန်တော့်အမေ နောက်အိမ်ထောင်မပြုတဲ့ကိစ္စ ။ ဒါဟာ သူတို့အတွက် သေချာပေါက် ` နိုင်ဖဲ ' တစ်ချပ် ဖြစ်ခဲ့တယ် ။ ကျွန်တော့်အတွက် သေချာပေါက် ` ကျေးဇူးအကြွေး ' ဖြစ်ခဲ့တယ် ။
ဖြစ်ခဲ့တယ် ။
ကျွန်တော့်အမေ ဖြစ်ခဲ့တာတွေဟာ .... ` ကျွန်တော့်အတွက် ' ဖြစ်ခဲ့တယ် ။ နောက်တစ်နေ့မှာပဲ ချစ်သူကို ကျွန်တော် လမ်းခွဲခဲ့ပါတော့တယ် ။

------------

`` ကျွန်မမှာ ဘာချို့ယွင်းချက်ရှိလို့လဲ " တဲ့ ။
တစ်ဖက်သတ် လမ်းခွဲခံရတဲ့ ချစ်သူက မကျေမနပ်နဲ့ ကျွန်တော့်ကို မေးတယ် ။
မင်းမှာ ဘာချို့ယွင်းချက်မှ မရှိပါဘူး ။ ငါ့မှာတော့ စိတ်ရောဂါရှိတယ် ။ ငါ ဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူး ။ ငါ ဘယ်တော့မှ သားသမီးတစ်ယောက်ရဲ့ အဖေ မလုပ်တော့ဘူး ။
တစ်စုံတစ်ယောက်ကို သူ့အလိုဆန္ဒမပါဘဲ လူ့လောကထဲ ခေါ်ဆောင်လာပြီးတော့မှ `` မင်းကို ငါချစ်တယ် , ဒါကြောင့် မင်း ငါ့အလိုဆန္ဒအတိုင်းနေပေးရမယ် " လို့လည်း အကြမ်းမဖက်ချင်ဘူး ။
ကျွန်တော့်ဘဝမှာ ရင်ဆိုင်ဖြတ်သန်းရမယ့် ခါးသီးမှုတွေဟာ ကျွန်တော့်ဝေစုပါ ။ ဒါကို ကလေးအပေါ် ပုံချပြီး `` သားကြောင့် ဖေဖေ ဒါတွေ နာကျင်ခဲ့ရတယ် , သားကြောင့် ဖေဖေ ဒါတွေ စွန့်လွှတ်ခဲ့ရတယ် " လို့ သားသမီးကို စိတ်အနာတရဖြစ်အောင် မလုပ်ချင်ဘူး ။ အားလုံးဟာ တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာတွေပေးနေကြတာ ။
အားးးး .... ရှူပ်တယ် ။

ဥမကွဲ သိုက်မပျက်ဖြစ်အောင် တစ်ယောက်လက်ကိုတစ်ယောက် အပြန်အလှန်ကြိုးတုပ်ချည်နှောင်ထားတဲ့ မိသားစုဆိုတာကြီးကို မလိုချင်တော့ဘူး ။
ကျွန်တော့်ဦးနှောက်တွေဟာ အဲဒီကတည်းကစပြီး ဒိန်ချဉ်လို ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့တာပါ ။ တချို့လူတွေကတော့ ဝေဖန်ကောင်းဝေဖန်ကြမယ် ။

`` မင်းလိုမျိုး စဉ်းစားလို့ကတော့ ကမ္ဘာမှာ လူတွေ ဘယ်မွေးဖွားလာကြမှာလဲ ။ လောကကြီး ပျက်စီးသွားမှာပေါ့ " လို့ ။ ဟုတ်ပါတယ် ။ ခင်ဗျားတို့ မှန်ပါတယ် ။ ပုံပျက်ပန်းပျက်ဖြစ်နေတာက ကျွန်တော်တစ်ယောက်တည်းပါ ။
ဒါပေမယ့် ဘာတက်နိုင်မှာလဲဗျာ ။ စိတ္တဇဆိုတာက ( မှန်တာတွေ မှားတာတွေနဲ့ မဆိုင်ဘဲ ) သူ့ဘာသာသူ ရှိနေတဲ့ အရှိတရားပဲလေ ။
ကျောခိုင်းလှည့်ထွက်ခါနီးမှာ ချစ်သူက တစ်ခွန်းပဲ ပြောသွားတယ် ။
`` ရှင်က အရူးပဲ "

------------------

ညနေက ကျွန်တော့်ကို ပြန်ငုံ့ကြည့်နေတယ် ။
လမ်းထိပ်ဆီကို ကျွန်တော် လျှောက်လာတော့ ကျောင်းဆင်းချိန်နဲ့ တိုးနေလို့ ကလေးတွေ လမ်းဖြတ်ကူးတာကို စောင့်နေရသေးတယ် ။ အဖြူအစိမ်းဝတ်စုံနဲ့ ကလေးလေးတွေဟာ ကျောင်းကြိုကားတွေရှိရာဆီကို သွားနေကြတယ် ။ မုန့်သည်တွေဆီကို သွားနေကြတယ် ။ လာစောင့်နေကြတဲ့ သူတို့ရဲ့ မိဘတွေဆီကို သွားနေကြတယ် ။
ကျွန်တော်ရပ်နေတဲ့ ဗန်ဒါပင်နားမှာ အဖေဖြစ်တဲ့သူက သူ့သားချာတိတ်လေးကို ပြောနေတယ် ။
`` မင်းဘေးခုံက ဖြိုးဝေက သင်္ချာမှာ ၁၀၀ ရတယ်ဆို , မင်းက ၈၉ တဲ့ ။ မင်းကို ဖြိုးဝေ ချေး ( ချီး ) ကျွေးဖို့ကောင်းတယ် "
အဆူခံနေရတဲ့ ချာတိတ်လေးက မျက်လုံးလေး ကလယ်ကလယ်နဲ့ သူ့အဖေကို ပြန်မော့ကြည့်နေတယ် ။

`` သြော် ... ကလေးရဲ့စိတ်ကို အနာတရဖြစ်အောင် လုပ်နေပြန်ပေါ့ ........ " လို့ ကျွန်တော် တွေးလိုက်တယ် ။
အဲဒီလူဟာ ကိုယ့်လက်ထဲမှာ ပွင့်နေတဲ့ ပန်းကို ဘာပန်းမှန်းသိအောင် မကြိုးစားချင်ဘူး ။ အလကားလူ ။ ကိုယ့်လက်ထဲမှာ စံပယ်ပွင့်လေး မွှေးဖြူဖြူစင်နေပါလျက်နဲ့ .....

`` မင်းက ဘာလို့ အရောင် မနီတာလဲ , မင်းမှာ ဘာလို့ဆူးတွေ မပါတာလဲ , မင်းကို နှင်းဆီပန်းရဲ့ ချေး ( ချီး ) ကျွေးဖို့ကောင်းတယ် " လို့ ဆူပူမာန်မဲနေတယ် ။
ကလေးအတွက်ရော , အဖေလုပ်တဲ့လူအတွက်ပါ ကျွန်တော် ရိုးရိုးသားသား ဝမ်းနည်းနေမိတယ် ။

----------

လမ်းမပေါ်မှာ အဖြူအစိမ်းဝတ်စုံနဲ့ ကလေးလေးတွေ ထွက်လာကြပြီ ။ သူတို့ ပျော်ရွှင်ခုန်ပေါက်မနေကြဘူး ။ သူတို့ဆူညံမြူးတူးမနေကြဘူး ။
သူတို့ သေဆုံးနေကြပါတယ် ။
ကလေးလေးတွေဟာ အသက်မဲ့လျက်သား လမ်းလျှောက်နေကြတာပါ ။
သူတို့ရဲ့ နှလုံးသားတည့်တည့်မှာ `` မိဘတွေရဲ့ တောင်းဆိုမှု " ကျည်ဆန်ရာတွေနဲ့ .. ။

မင်းခိုက်စိုးစန်

Tuesday, June 14, 2016

* နည်းနည်း​လေး​တော့ ​ပြောချင်​တယ်​ .....

နည်းနည်းလေးတော့ ပြောချင်တယ်
========================

အာဂုမ်ကျက်ရတဲ့ ပညာရေးစနစ်တွေထဲမှာ မြန်မာပြည် ဘုန်းကြီးပညာရေးစနစ်လောက် ရက်ရက်စက်စက် အာဂုမ်ကျက်ရတာ ရှိမယ် မထင်ဘူး။

ဥပမာ…သဒ္ဒါကျမ်းစသင်ပြီဆို ကတည်းက….

အတ္ထော အက္ခရသညာတော။

အတ္ထော- အနက်ကို၊ အက္ခရသညာတော-အက္ခရာတို့ဖြင့်သာ ကောင်းစွာသိအပ် မှတ်အပ်၏။ တဲ့။

“အနက်” ဆိုတာ အဓိပ္ပါယ်ကို ပြောတာလား၊ အမဲရောင်ကို ပြောတာလား မကွဲပြားသေးတဲ့အရွယ်၊  “အက္ခရာ” ဆိုတာ ကကြီး ခခွေးကို ပြောတာလား၊ ကောင်မလေးနာမည်ကို ပြောတာလား ၀ိုးတိုးဝါးတား ဖြစ်ဆဲအရွယ်မှာပဲ  ကျက်လိုက်ရတဲ့ အာဂုမ်စာတွေဆိုတာ ဘာသာတိုင်း ဘာသာတိုင်း အတန်းတိုင်း အတန်းတိုင်း ပါပဲ။ မေးလာလို့ကတော့ စက်သေနတ်များပစ်ချလိုက်သလို မထစ်မငေါ့ မရပ်မနား  ဖြေနိုင်ရမယ်ဟဲ့ လို့ ဆိုပြီး နေ့မနား ညမနား စာတွေအံခဲ့ကြရတယ်။ စာအံရဖန် များတော့ ညနေပိုင်းဆို ဗိုက်တွေဆာ၊ လေတွေထ။ ဒီလိုနဲ့  အစာအိမ်နာရောဂါ၊ လေနာရောဂါတွေကို  အသက်ကြီးသည်အထိ အမွေခံသွားကြတဲ့ သူငယ်ချင်းတွေဆိုတာကလည်း မနည်းဘူး။ ဘုန်းကြီးများ ရောဂါမဖြစ်လိုက်နဲ့။ ဖြစ်လိုက်ရင် အစာအိမ်နဲ့ဆီးရောဂါသည်က များတယ်။
 ရောဂါဘယတွေ ရအောင်ထိ ကျက်ရ အံရ ဆို အဆိုအမိန့်တွေ ကလည်း ကြည့်ဦးလေ။“ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးသို့” တဲ့ ။ “လွှသွားပမာ ကျောက်ထက်စာသို့” တဲ့။ “အာဂုမ်ရမှ အာဂလူ” တဲ့။

အဲသလို နှစ်ပေါင်းများစွာ ကျွတ်ကျွတ်ကြေအောင် ၀ါးလာခဲ့ရလို့များလားတော့ ပြောတတ်ဘူး။ “တွေးခေါ်စဉ်းစားကြည့်ခြင်း” ဆိုတဲ့  သွားတွေကတော့ တဖြေးဖြေး ယိုင်နဲ့ပြီး ပြုန်းတီးလာတယ်။ ထက်မြက်သင့်သလောက် မထက်မြက်တော့ဘူး။ အပျင်းဆုံးအလုပ် မလုပ်ချင်ဆုံး အလုပ်ကို ပြောပါဆိုရင်  အဲဒီ စဉ်းစားတွေးခေါ်ရတဲ့ အလုပ်မျိုး ဖြစ်လာတယ်။ ခေါင်းပူခံ မစဉ်းစားချင်ကြတော့ဘူး။ စာလုပ်တာကအစ စဉ်းစားရမည့် စာဆို မလုပ်ချင်ဘူး။ အလွတ်ကျက်ရမည့်စာဆို လာထား တရေးနိုးထမေးတောင်  ဖြေနိုင်အောင် ကျက်ပစ်လိုက်မယ် ဆိုတာမျိုး။

ဒီလိုနဲ့ ငယ်ငယ်တုန်းက ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးခဲ့တဲ့ စာတွေက ဆရာဘ၀ ပြန်လည်ပို့ချဖို့ အကြိမ်ကြိမ်အခါခါ စဉ်းစားကြည့်ခါမှသာ "သြော်..ဒီလိုပါလား" လို့  ကြီးမှ နားလည်သဘောပါက်လာရတာတွေလည်း ရှိတယ်။  ဒီတော့မှ   သဘောပေါက်အောင် စဉ်းစားရမည့်စာတွေကိုလည်း  အလွတ်ကျက်လာခဲ့မိတာပါလား ဆိုတာ ကိုယ့်ကိုယ်ကို သတိထားမိလာတယ်။

“ငါ အဲဒီတုန်းက အခု နားလည်သဘောပေါက်သလောက် ငါးဆယ်ရာခိုက်နှုံး လောက်  သဘောပေါက်ရင်ကို စာမေးပွဲမှာ သိပ်မပင်မပန်းဘဲ အေးအေးဆေးဆေး သက်သက်သာသာ အောင်ခဲ့မှာ သေချာတယ်” ….ဆိုတဲ့ အတွေးလေးတွေက လည်း ၀င်ရောက်လာတတ်တယ်။  အောင်မြင်တာနဲ့ ပေးဆပ်ရတာက မညီမျှဘူးလို့ ခံစားလာရတယ်။ "ပါဝါမျက်မှန်အထူကြီးနဲ့ ရရှိထားတဲ့ဘွဲ့တံဆိပ်ကြီးကို ပြန်လဲလို့ရရင် လဲပစ်လိုက်ချင်တယ်" ဆိုတဲ့ ဘုန်းကြီးတစ်ပါးရဲ့ ခံစားချက်ကိုလည်း စာနာမိတယ်။

မြန်မာစကားအပါအ၀င် ဘာသာစကားငါးမျိုးလောက်ကို ကောင်းကောင်းပြောတတ်တဲ့ မိတ်ဆွေ နိုင်ငံခြားသား ဘုန်းကြီးတစ်ပါးကတော့ မြန်မာဘုန်းကြီးတွေ အခြားဘာသာစကား များများ မပြောတတ်ကြတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ဒီလို သုံးသပ်ပြတယ်။

“အရှင်ဘုရားတို့ မြန်မာဘုန်းကြီး အများစုရဲ့ ဥာဏ်ရည် ဥာဏ်သွေးက တပည့်တော်တို့အောက် မရောက်ပါဘူး…။ ဘာသာစကားသင်တဲ့နေရာမှာ များများ မထူးချွန်တာက အရှင်ဘုရားတို့ ဦးဏှောက်တွေက  ငယ်စဉ်ကတည်းက အာဂုမ်ကျက်တဲ့ဘက်မှာ အလွန်အကျွံ အသုံးပြုခဲ့ရတာတွေများတော့ အရွယ်မရောက်ခင် ပင်ပန်းလွန်းပြီး ဘာသာစကားဘက်မှာ အားနည်းသွားပုံပေါ်ပါသတဲ့”……။

သူပြောတာလဲ စဉ်းစားစရာပါပဲ။ ငယ်ငယ်က မြန်မာနိုင်ငံပရိယတ္တိပညာရေးစနစ်အတိုင်း အာဂုမ်များများ ကျက်လာရတဲ့ ဘုန်းကြီးအများစုဟာ အခြားဘာသာစကားတွေထဲက  အင်္ဂလိပ်ဘာသာစကားတစ်ခုကိုတောင် မနည်း ခါးတောင်းကျိုက် ကြိုးစားလေ့လာကြရတာ များတယ်။ ဒါတောင်မှ ကမ္ဘာ့အဆင့်နဲ့ တန်းဝင်အောင် ပြောနိုင် ဆိုနိုင် ရေးနိုင်တဲ့ ဘုန်းကြီးဆိုတာ လက်ချိုးရေလို့ရအောင်ကို ခပ်ရှားရှားရယ်။

သီရိလင်္ကာမှာတုန်းက  စာအုပ်ကြီးကိုင်ပြီး စာကျက်နေတဲ့ကိုယ်ကို သီဟိုဠ်ဘုန်းကြီးတွေက အထူးအဆန်းသတ္တ၀ါတစ်ယောက်လို ကြည့်တာ ခံရဖူးတယ်။ စင်္ကာပူနိုင်ငံမှာလည်း ကလေးတွေ စာကျက်တာ ကိုယ်ဖြင့် တစ်ခါမှ မတွေ့မိဖူး။ စာမကျက်လို့ မတော်ဘူးလို့များ မထင်လိုက်နဲ့။ စင်္ကာပူက ကလေးတွေ တော်ကြတယ်။ တော်တာမှ ရွာထဲတင် တော်ကြတာမဟုတ်ဘူး။ ကမ္ဘာထဲထိ ပေါက်မြောက်အောင်ကို တော်ကြတာ။  အဲဒါတွေအားလုံးရဲ့ အဖြေကို ရှာကြည့်တော့  ပညာရေးစနစ်ပါပဲ။

ဒီနှစ် ဆယ်တန်းစာမေးပွဲကို ထူးချွန်းစွာ အောင်မြင်ကြတဲ့ ကလေးတွေရဲ့ ကြိုးစားမှုကို အသိအမှတ် ပြုကြရမယ်။ သူတို့လေးတွေရဲ့ အောင်မြင်မှုတွေကို လှိုက်လှိုက်လှဲလှဲ  ချီးကြူးကြရမယ်။ ဒါဟာ သူ့တို့အတွက် အားဆေးတစ်ခွက်ပါပဲ။  ဒါပေမဲ့ အဲဒီအတွက် သူတို့လေးတွေ ပေးဆပ်ခဲ့ရတဲ့ ပညာရေးစနစ်ကိုတော့ အားကျသင့်မှ အားကျ ရမယ်။ အားပေးသင့်မှ ပေးရမယ်။ အတုယူသင့်မှ ယူရပါမယ်။ သေသေချာချာ စဉ်းစားကြရမယ်။

လူပညာရေးစနစ်မှာ တက္ကသိုလ်ဝင်တန်းဆိုတာ ဘ၀ရဲ့အချိုးအကွေ့တစ်ခုဖြစ်သလို ဘုန်းကြီး ပညာရေးစနစ်မှာလည်း ပထမကြီးတန်းဆိုတာ ဘ၀ရဲ့ အချိုးအကွေ့တစ်ခုလို့ ဆိုနိုင်တယ်။

အဲသလို အချိုးအကွေ့တစ်ခုအတွက်သာ ကုန်ရမည့် အင်အားတွေကို တစ်ဘ၀စာလုံးအတွက် မကျန်လောက်အောင်အထိ ဖြုန်းတီးအားထုတ်ပစ်ရတဲ့ ပညာရေးစနစ်မျိုးဆိုရင်တော့ အားကျသင့်မှ အားကျရမယ်။ အားပေးသင့်မှ အားပေးရမယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ကလေးတွေရဲ့ အနာဂတ်ခရီးဆိုတာ မိုင်ပေါင်းများစွာ အရှည်ကြီး ကျန်ရှိနေသေးတယ်လေ။

လူ့ဘ၀ဆိုတာ ပညာရေးတစ်ခုတည်းနဲ့ ရပ်တည်နေရတာမဟုတ်ပါဘူး။ အရေးပေါင်းများစွာနဲ့ ရပ်တည်နေကြရတယ်ဆိုတာ သဘောပေါက်ခဲ့ရင်…

အသိအမှတ်ပြုသင့်တာရယ်၊ ချီးကြူးသင့်တာရယ်၊ အားပေးသင့်တာရယ် ဆိုတဲ့ ဒီသုံးခုကိုတော့ လုံးထွေး ရောမပစ်ဘဲ ကွဲကွဲ ပြားပြား နားလည်ဖို့တော့ လိုမယ် ထင်ပါတယ်။

ရေကြည်ချမ်းမြ (Singapore)

13.06.2016

* ဆရာ​တော်​​ဗုဒ်​၏ ရာဖဝင်​တွင်​​သော စကားများ .....

ဆရာတော်ဦးဗုဓ်၏ ရာဇဝင်တွင်ကျန်ခဲ့သောစကားများ
     အပိုင်း( ၁)
-------------------------------------------------------
            ဆရာတော်ဦးဗုဓ်ဟူသော အမည်ကိုအတော် များများကြားဖူး ကြပါလိမ့်မည်။
သို့သော်လောကနီတိ ၊
 ယနေ့ကျွန်ုပ်တို့  ရပ်ရွာအတွင်း တွေ့မြင်နေရသော  ဓမ္မစကြာဝတ်ရွတ် အဖွဲ့သားများ၏
“ဘိက္ခူနံ ပဉ္စ၀ဂ္ဂီနံ ဣသိပတန နာမကေ” အစချီသော ဓမ္မစကြာပါဠိအား ဆရာတော် ဦးဗုဓ်မှ ဓမ္မစကြာကို ကြည်ညိုလွန်း၍
နိဿယ ပြန်ဆိုကာထည့်သွင်းရေးသားခဲ့သည် ဆိုသည်ကို
သိရှိသူနည်းပါးပါလိမ့်မည်။ ဆရာတော်ဦးဗုဓ်သည် မြန်မာနိုင်ငံ ပရိယတ္တိပညာရေး သမိုင်းတွင် လယ်တီဆရာတော် အပါအ၀င်ပေါ့ စာအတတ်ဆုံးပုဂ္ဂိုလ်အဖြစ် ပညာရှင်အသီးသီးမှ  အသိအမှတ် ပြုထားသော ဆရာတော်ဖြစ်သည် ။
ထို့ကြောင့် ဗုဓ်စ၊
ဗုဓ်လယ်၊ ဗုဓ်ဆုံး ဟူ၍ဂုဏ်ပြု ပူဇော် ကြလေသည်။
အဓိပ္ပါယ်မှာ ဗုဓ်စသည်
ဗုဒ္ဓဘုရား၊
ဗုဓ်လယ်ကား အရှင်မဟာ ဗုဒ္ဓဃောသ
ဖြစ်၍  ဘုရားဟောပါဠိတော်များ၏ အဖွင့်ဖြစ်သော အဋ္ဌကထာ များအား  ရေးသားခဲ့သည့် သီရိဓမ္မာသောကမင်းပေါ်ပြီးနောက်ပိုင်းမှာ ပေါ်ထွန်းခဲ့သော မထေရ်ဖြစ်သည်။အဋ္ဌကထာဆိုသည်မှာ ဘုရားဟော ပါဠိတော်များကို  ဥာဏ်နုသူများ လေ့လာကျက်မှတ်သည့်အခါ မရှင်းမလင်း ဖြစ်သဖြင့် ဋီကာ အနုဋီကာ၊
မဓုဋီကာ  ထပ်ဆင့်ဖွင့် ဆိုကာ သက်တော် (၅၅)နှစ်အတွင်း ကျမ်းစာ(၆၀)ကျော် အနက် နိဿယကျမ်း(၄၅)ကျမ်းတိတိ အဓိက ထားပြုစုကာ နောင်းခေတ် စာသင်သားများ မပင်မပန်း၊ ချမ်းချမ်းသာသာ သင်ယူနိုင်ရန် ရေးသားခဲ့သူမှာ ဗုဓ်ဆုံး ဆရာတော်ဦးဗုဓ်ပင် ဖြစ်ပါသည်။

ဆရာတော်ဦးဗုဓ်အား
 မြန်မာပြည်၌ စာအတတ်ဆုံးဟု သတ်မှတ်ရခြင်းမှာ ဆရာတော်၏ နောက်ခံသမိုင်းတစ်ခုတည်းကို ကြည့်ပြီး ပြောကြသည်  မဟုတ် ဆရာတော် ပြုစုခဲ့သော ကျမ်းစာများ၏ အတိမ်အနက်ကိုကြည့်ပြီး ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။
ဤမျှနှင့်မကပါ
 မြန်မာ့သမိုင်းတလျှောက်တွင် အထက်မြက်ဆုံး မိဖုရားကြီး ဖြစ်သောနန်းမတော်မယ်နု ၏နောက်ဆုံးခန်းမှ "#မိနု သူ့ကြွေးရှိလျှင် ဆပ်ရမည်" ဟူသောစကားတစ်ခွန်းသည် မယ်နုသေပွဲဝင်ရာ၌ စိုးစဉ်းမျှ ကြောက်ရွံ့စိတ်မရှိအောင် အကြီးမားဆုံး စိတ်ခွန်အားပေးနိုင်ခဲ့သည်။  
            ဆရာတော်ဦးဗုဓ်သည် ပညာဉာဏ်ကြီးမားသူ ပီပီ ပါဠိစာပေ ကျမ်းဂန်ဖတ်ခြင်း၊
 ကျမ်းပြုခြင်းတို့ကိုသာ မွေ့လျော်ကာ ဆိတ်ဆိတ်နေရခြင်း ကိုနှစ်သက်သည်။ အရည်အပြုံးနည်းပြီး ဩဝါဒပေးရာတွင် ဖွဲ့နွဲ့မပြောသလို အပိုမဆလာအလုပ်တို့ကို လုံးဝမနှစ်သက်ဘဲ လွန်စွာစကားနည်းသူဖြစ်သည်။ စာပေအသိတရားမရှိသူဒုန်းဝေးသူဆိုလျှင် ဘုရင်ဖြစ်စေ လေကုန်ခံမပြောဘဲ ဘုပြောတတ်သဖြင့် လူတိုင်းမဆိုထားနှင့်ဘုရင်ပင် ဆရာတော်နှင့်စကားပြော ရမည်ကို လန့်သည်။

ဆရာတော်သည်
အကြောင်းကြီးငယ်ကိစ္စများ ပြသနာ ဖြေရှင်းရာတွင်လည်း ဗုဒ္ဓဆိုဆုံးမသော ကျမ်းဂန်ရှုထောင့်မှသာ မဏ္ဍိုင်ယူကာ ဆုံးဖြတ်ဖြေရှင်းသဖြင့် အမှားမရှိသလို လူလေးစားခံရသည်။
ဆရာတော် လက်ကိုင်ထားပြီး
ကိုယ်တိုင်လည်း ကျင့်သုံးသော အယူဆတစ်ခုမှာ
“ ဘယ်သူ ကဲ့ရဲ့ ကဲ့ရဲ့၊ ဘုရား မကဲ့ရဲ့အောင်နေ ” ဖြစ်သည် ။

              ဆရာတော်ဦးဗုဓ်သည် အထက်ဗဒုံ(အလုံ) ကျေးလက် ညောင်ကန် ရွာသာခေါင်အရပ်နေ ယာပိုင်ရှင်ဦးအို၊ ဒေါ်မွှေး တို့က (၁၁၄၉) ခုနှစ် ၊  နယုန်လပြည့်ကျော် (၅) ရက် အင်္ဂါနေ့တွင် ဖွားမြင် ခဲ့သည်။
လငပုပ်ဖမ်းချိန်မှာ မွေးသဖြင့် မောင်ပုပ်ဟုမှည့်ခေါ်သော်လည်း လက်ဦးဆရာ ဆရာတော် ဦးသာပုံက
ဗုဓသဒ္ဒါ ကိုထောက်ထားပြီးမောင်ဗုဓ်ဟုအမည်ပေးသည်။ ဆရာတော်ဦးဗုဓ်ပထမဘွဲ့တံဆိပ်တော်မှာ စက္ကိန္ဒာဘိ ဓဇမဟာ မဟာဓမ္မရာဇဂုရု ဖြစ်ပြီး ဒုတိယဘွဲတော်မှာ စက္ကိန္ဒာဘိ  သီရိသဒ္ဓမ္မဓဇမဟာ ဓမ္မရာဇဂုရု ဖြစ်သည်။     ဘွဲ့တော်အမည်ထက် လူအမည်နင့်သာ ထင်ရှားသည်။

ထိုမှဆရာ တော်ဦးပိုး ထံပညာသင်ကြားခဲ့ပြန်သည်။ဆရာတော်ဦးပိုးအား ဘကြီးတော်က အင်းဝနေပြည်တော်သို့ ပင့်ဆောင်ကိုးကွယ်ချိန် မဟာအောင်မြေဘုံစံ အုဋ်ကျောင်းကြီးတွင် ကျောင်းထိုင်ခဲ့ပြီး (၁) နှစ်ကြာတွင် ဆရာတော် ဦးပိုးပျံလွန် တော်မူသည်။
ထိုကျောင်း၏ဒကာမမှာ ဘကြီးတော်မင်းရဲ့မိဖုရားခေါင်ကြီး နန်းမတော်မယ်နု ဖြစ်သဖြင့် ကျောင်းထိုင်ရန်တော်ရုံပညာစွမ်းနင့်မဖြစ် ချေ။ မည်သည့်ဆရာတော်ကသာသင့်တော်မည် စူးစမ်းမေးမြန်းချိန်တွင်
"မိုးကြီးချုပ်လို့ ဘုတ် ကြီးမည်၊
 သာသနာ ဓါယမာတစ်ဖန်ထုတ်ဖို့ရန်၊ ရွှေအုတ်မယ့်ဆံထုံး၊နားလှည့်ပါဦး"
ဟူသော   တဘောင်ပေါ်လာခဲ့သည်။ ဆရာတော်ဦးပိုးနေရာ ကျောင်းထိုင်သူသည် ဦးပိုးကဲ့သို့ စာပေကျမ်းဂန် တတ်မြောက်ရမည်ဖြစ်၍ သုဓမ္မာဇရပ်တွင် (၇) ရက်ပတ်လုံးအမေးခံပြီးမှ ကျောင်း နဲ့သင့်လျော် မသင့်လျော် ဆုံးဖြတ်ရမည်ဖြစ်ပါသည်။ ဆရာတော်ဦးဗုဓ်ရဲ့ငယ်ဖော် ဦးဉာဏ်မှ ကျောင်းထိုင်ရန်ပြောသည်ကို "ကိုဉာဏ်၊ မင်းဆရာလုပ်ရတာ စာကြည့်ပျက်တယ်။ ကိစ္စလည်းများတယ်။
မလုပ်လိုဘူး"လို့ ငြင်းပါတယ်။
သို့သော်
ပညာသင် ဆရာတော်ရင်း ဦးပိုးရဲ့တပည့်အများ နဲ့ သီတင်းသုံးဖော်တွေ ကွဲပြားပျက်စီးမယ်၊ ငဲ့ညှာသီးခံပြီး နေပါ၊ ကိုယ့်စာကိုယ်ကြည့်ပြီး နေနိုင်ပါတယ်လို့ လျှောက်မှ လက်ခံခဲ့သည်။
ထိုအခါ သာသနာပိုင် သဲအင်းဆရာတော်ကြီးများသည်
  ဦးဗုဓ်အား ပိဋိကတ်တော်ထဲက အလွန်တရာခဲရာခဲဆစ်ဖြစ်သော အရာဌာန ဂဏ္ဌိပဗ္ဗပြသနာတို့ကို တစ်ခုပြီးတစ်ခုမေးမြန်း တော်မူသောအခါ ဆရာတော်ဦးဗုဓ်က ဆန်း၊ လင်္ကာ ၊ သဒ္ဒါ ၊နေတ္တိနည်းတို့ဖြင့်ဆန်းပြားကျယ်ဝန်းစွာ  ဒိုးဒိုးဒေါက်ဒေါက်ဖြေဆိုပြီး ( ၅ ) ရက်မြောက်တွင် ဆရာတော်ကြီးများလည်း မေးစရာမရှိတော့တဲ့အချိန်မှာ
"ကိုဉာဏ် ငါးရက်ပတ်လုံးမေးတာ မဖြေနိုင်တာမရှိ၊ တပည့်တော်ကများ ပြန်မေးရရင် ဘယ်လိုနေ ကြလိမ့်မသိ"ဆိုသော် အကင်းပါးတဲ့ မူးကြီးမတ်ကြီး များက သဘင်ကို ရုပ်သိမ်း လိုက်လေသည်။
ဆရာတော်ဦးဗုဓ်ကို ရာဇဂုရုဘွဲ့တော်ဆက်ကပ်ပြီး ဘုရင်နဲ့မိဖုရားသီလခံတော့ ဆရာတော်က နှုတ်ပိတ် နေသည်။ ဆရာတော်ဦးသူက "ကိုဗုဓ်တို့က လုပ်ကရော့မဗျ၊ အခုမှစခါရှိသေး၊ ဘာအလိုမကျတယ် မသိဘူး၊ ဖွင့်ဟပြောမှပေါ့" လို့ဆိုပါတယ်။ ဦးဗုဓ်က "ရှိခိုးတယ်ဆိုတာ ကျမ်းဂန်ကတော့ ပဉ္စပတိ ဋ္ဌိတလို့ဆိုတယ်"။
သီလခံသူဘုရင်မှာ ထိခြင်း ငါးပါးနဲ့ မညီဘဲ တံတောင်ဆစ်အောက်တွင် ကတ္တီပါခေါင်း အုံးခံထားသဖြင့် အကင်းပါးသော မိဖုရားမှ ခေါင်းအုံးကိုဆွဲဖယ်လိုက်မှ သီလပေးလေတော့သည်။

☆ဆရာတော်နှင့် နန်းမတော်မယ်နု☆

ဆရာတော်သည်လောကီရေးတွေကင်းသည် စာကြည့်ကျမ်းပြုရာမှ အထိအခိုက်မခံနိုင်သလို ဘုရင်နဲ့မိဖုရားကို ဂရုမစိုက်မျက်နှာသာ မပေးချေ။ အကြောင်းတိုက်ဆိုင်၍ ပြောစရာရှိလျှင် တိုတိုတုတ်တုတ် ထိထိမိမိ ခပ်ပြတ်ပြတ်သာ ပြောလေ့ရှိ ရာအုတ်ကျောင်းတော်ကြီးပေါ် ရောက်ရောက်ချင်း ဇာတိပြတော့သည်။နန်းမတော်မယ်နုမှ ဆွမ်းပို့အပြီး သီလဆောက်ရန် တောင်းပန်သော် စာကြည့်ကျမ်းပြုနေရာကနေ
"ကိုယ့်ဘာသာ ကိုယ်ဆိုပြီး ဆောက်တည်သွား"လို့ မိန့်လေသည်။
တခါတွင်မယ်နုက
"တပည့်တော်မသည် ဤအုတ်ကျောင်းကြီးကို သုံးသိန်းကျော်မျှ အကုန်ကျခံကာ ဆောက်လုပ်လှူပါ သည်။
 ဖလံခုံရွာမှလည်း တစ်သိန်းကျော်တန် လှူဒါန်းပါသည်။
နေ့စဉ်လည်း ပစ္စည်းလေးပါးလှူပါ သည်။
ဤသို့ လှူဒါန်းရသည့်အကျိုးတရားကို ဟောပြောတော်မူပါ" လို့ လျှောက်ပါတယ်။
ဆရာတော်က ကျောင်းအစ်မကို ဖလားနဲ့ရေအပြည့် ခပ်ပြန်သွန်ခိုင်းသည်။

ပြီးမှ "
#သွန်ပစ်လိုက်သောရေသည် လှူ၍ကုန်သောပစ္စည်းနှင့်တူ၏။ ဖလားမှာကပ်၍ ကျန်သောရေသည် အကျိုးရတာနှင့်တူ၏"
လို့ မိန့်ပါတယ်။
ဆိုလိုသည်ကား
#ငွေကြေးသုံးသိန်းသည် ရုပ်တရားသာဖြစ်ပြီး မဏ္ဍပ်တိုင်တက်ခြင်းဖြစ်ကာ၊
ဒါနသည် စိတ်စေတနာအရ အကျိုးပေးခြင်းသာ ဖြစ်လေသည်။
 မယ်နုကျင်းပသော ဘုံကထိန်ပွဲကြီး၌ ဦးဗုဓ်ကို တရားဟောရန် တိုက်တွန်းရာဆရာတော်က `ဟေတု ပစ္စယော´ဟူသော (၂၄) ပစ္စည်း
ဂါထာကို ရွတ်တော်မူကာ ဆိတ်ဆိတ်နေလျှင် ရှင်ဘုရင်ကလည်း
 ရေစက်သွန်းချ အမျှဝေရလေတော့သည်။ထိုအခါ လေးပြင်လေးရပ် ကြွလာတော်မူကြသော ဆရာတော်ကြီးများ က`ဦးဗုဓ်ကို စာတတ်
သည်ဟု ကြည်ညိုလွန်းလှ၍၊ ဧရာမကျောင်းတော်ကြီးကို လှူဒါန်း၍၊ ဧရာမ မိဖုရားကြီးက ဧရာမ ကထိန်ပွဲကြီး ကျင်းပရာမှာတကတဲဗျာ ဟောလိုက်
သည့်တရားက `ဟေတု ပစ္စယောတဲ့ဗျာ´ ဟု ဝိုင်း၍ ပြစ်တင်စကားပြောကြ၏။ ဆရာတော် ဦးဗုဓ် ၏အဖြေကား (ဧရာမ ကျောင်းတော်ကြီး မည်မျှလှူဒါန်းပြီး ဧရာမ မိဖုရားကြီးက ဧရာမကထိန်ပွဲကြီး ကျင်းပရာမှာ ဧရာမ ပဋ္ဌာန်းတရားတော်ကြီး ဟောလိုက်တာ ဘယ်သူက ဘာပြောချင်ကြသေး
သလဲ ) ဟူ၍ဖြစ်ရာ မည်သူမျှပြန်လည် မချေပနိုင်ဘဲ ဆိတ်ဆိတ်နေကြရသည်  

☆ဆရာတော်နှင့်အမတ်ဦးပေါ်ဦး☆
 
 အမတ်ဦးပေါ်ဦးသည်ဘိုးတော်ဘုရားရှိစဉ်ကပင် ပညာရှိအမတ်တစ်ဦး ဖြစ်သလို စကားကြွယ်ဝလွန်းပြီး ဘိုးတော်ဘုရားစိတ်တိုနေသည်ဖြစ်စေ ဟာသဖြင့်အနိုင်ယူလေ့ရှိသူဖြစ်သည်။ ဦးပေါ်ဦးသည် မိမိကိုယ်ကိုယုံကြည် သူပီပီ ဦးဗုဓ်၏ စကားနည်းနေမှုကို သွေးတိုးစမ်းလိုသည်နှင့် ဆရာတော်ထံသွားသည်။
ထိုစဉ် ဆရာတော်သည် ရေကန်ဘေးတံမြက်စည်း လှဲနေသည်။
ဦးပေါ်ဦး။ ။ရေကန်ကြီးကဖြင့် အလွန်ကောင်းပါ
ပေသည်ဘုရား။
ဦးဗုဓ် ။ ။အေး.....ကောင်းတယ်။
ဦးပေါ်ဦး။ ။ရေကလည်း အလွန်ကြည်တယ်။
ဦးဗုဓ် ။ ။အေး.....ကြည်တယ်။
ဦးပေါ်ဦး။ ။ဤရေကန်ကြီး မည်မျှနက်ပါသနည်း
ဘုရား။
ဦးဗုဓ် ။ ။ငါ......မသိဘူး။
ဦးပေါ်ဦး ။ ။ဆရာတော် သီတင်းသုံးတော်မူသော
ကျောင်းတိုက်အတွင်း ဖြစ်၍ နီးသည့်
အတွက် သိလိမ့်မည် ထင်မှတ်၍
လျှောက်မိပါသည် ဘုရား။
 ဦးဗုဓ် ။ ။နီးတိုင်း သိရမည်ဆိုလျှင်မင်းနှုတ်
ခမ်းမွှေး ဘယ်နှပင်ရှိလဲ။
ဦးပေါ်ဦး။ ။သတိမထားမိ၍ ဘယ်နှပင်ရှိကြောင်း
မသိပါ ဘုရား။
ဦးဗုဓ် ။ ။မင်းနှုတ်ခမ်းမွှေး ဘယ်နှပင်ရှိသည်
ဟုမသိဘဲ ဤရေကန်၏ အတိမ်
အနက်ကိုကော ငါသိနိုင်မလား။
ဟုမျက်နှာတည်ဖြင့် ကြည့်၍မေးလေရာ စကားတတ်လှသောပညာရှိ အမတ်ကြီးသည် ရှေ့သို့ စကားဆက်မရတော့ဘဲ ဦးချကာပြေးလေသည်။

သုခုမ အလင်းတန်းများ