Thursday, January 21, 2016

1 + 1 = 1



1 + 1 = 1

ဘ၀ဆိုတာ “ဘ” နှင့်စပြီး “၀”နှင့် ဆုံးတဲ့ အက္ခရာ နှစ်လုံးသာရှိသလို လက်တွေ့ဘ၀မှာလည်း “မွေး” နှင့်စပြီး “သေ” နှင့်ဆုံးတဲ့ အက္ခရာ နှစ်လုံးသာရှိပါတယ်။ ယင်း နှစ်လုံးမှ ကိုယ်ပိုင်အဖြစ် ရနိုင်တာက “ကံ” တစ်ခုတည်းပါ။ ကုသိုလ်ကံ စုမိသူတို့ အမြတ်ရကြပြီး အကုသိုလ်ကံ စုမိသူတို့မှာ အရှုံးကြီး ရှုံးရပါ လိမ့်မယ်။
ခက်တာက အမြတ်ကို လိုချင်ပေမဲ့ မြတ်တဲ့အလုပ်ကို မလုပ်နိုင်ကြဘူး။ အရှုံးကို မလိုချင်ပေမဲ့ ရှုံးတဲ့ အလုပ်ကိုပဲ ပျော်မွေ့နှစ်သက်နေကြခြင်းပါ။ ကိုယ့်ကိုယ်ကို “အရှုံးသမား” လား။ “မြတ်သမား”လားဆိုတာ စဉ်းစားသင့်ပြီ။
အရှင်ဧသက (Dec 27, 2011)

အဖေ့သောကကို ဖြေဖျောက်ပေးသော သားလိမ္မာ



·         အဖေ့သောကကို ဖြေဖျောက်ပေးသော သားလိမ္မာ
အဖေလုပ်သူဟာ အဖိုးရဲ့မြေပုံရှေ့မှာထိုင်ပြီး ၀မ်းနည်းစွာ ငိုကြွေးနေပါတယ်။ ဒါကို သားဖြစ်သူ သုဇာတက မြင်တော့ အဖေရဲ့ သောကဖြေဖျောက်ဖို့အတွက် ပညာပေးရပါတော့တယ်။
သုဇာတဟာ နွားသေကြီးတစ်ကောင်ရှေ့မှာ ထိုင်ပြီး စိမ်းစိုတဲ့မြတ်ကို ကိုင်ကာ ငိုကြွေးနေလိုက်ပါတယ်။
“သား၊ မင်းဟာ အရူးလိုပဲ စိမ်းစိုတဲ့မြတ်ကို ရိတ်ပြီး အသက်ကင်းနေတဲ့နွားအိုကြီးကို စားပါ စားပါလို့ ဘာလို့ပြောနေတာလဲ။ မင်းကျွေးတဲ့မြတ်ကြောင့်၊ မင်းတိုက်တဲ့ရေကြောင့် နွားဟာ ပြန်ထမလာနိုင်ပါဘူး။ တကယ်တော့ မင်းဟာ အခြားပညာမဲ့သူတွေလိုပဲ တယ်မိုက်တဲ့ကောင်ပဲ။”
“အဖေ၊ ဒီနွားမှာ မျက်စိ၊ ခြေ၊ ကိုယ်၊ ဦးခေါင်း၊ အမြီး အရင်တိုင်းတည်နေဆဲပါ။ ဒါကြောင့် အသက်ရှင်ကာ ပြန်ထလာနိုင်သေးတယ်။ ဒါပေမယ့် အဖိုးရဲ့ ဦးခေါင်း၊ ခြေ၊ လက်၊ အရိုး အားလုံး မတွေ့ရတော့ပါဘူး။ မြေပုံစု၌ ငိုနေသော အဖေသည်သာလျှင် ပိုပြီး ပညာမဲ့ပြီး မိုက်သည်မဟုတ်ပါလော။”
ဒီတော့မှ အဖေလုပ်သူလည်း သတိဝင်လာပြီး “ထောပတ်ဖြင့် သွန်းလောင်းထားပြီး ရဲရဲတောက်နေတဲ့ မီးကို ရေနဲ့ သွန်းလောင်းလိုက်သလို ထို့တူ သားဟာ ငါ့ရဲ့ အပူသောကကို ငြိမ်းအေးစေပြီတကား။
သား၊ အဖေ သောကငြိမ်းသွားပါပြီ။ သားရဲ့ တရားစကားကို ကြားလိုက်ရလို့ အဖေမပူဆွေးတော့ပါဘူး။ မငိုကြွေးတော့ပါဘူး။”
မြတ်စွာဘုရားရှင်သည် ထိုအကြောင်းကို သိတော်မူပြီး အောက်ပါအတိုင်း မိန့်တော်မူပါတယ်။
“သုဇာတဟာ ဖခင်ရဲ့ သောကကို ငြိမ်းအေးစေသလို ထို့အတူ သနားစောက်ရှောက်တတ်သော ပညာ-ရှိဟာ အဖေရဲ့သောက၊ အခြားသောသူတွေရဲ့သောကကို ငြိမ်းအေးအောင် ပြုလုပ်ကြကုန်၏။”
ဒါကို ကြည့်ပြီး မိမိတို့အားလုံးဟာ ၀မ်းနည်းလို့ ငိုမယ့်အစား လမ်းခွဲရခြင်းရဲ့ သဘောတရားကို သိအောင်လုပ်။ သောကခလုပ်မထိအောင် သတိနဲ့ဆင်ခြင်။ အမှန်သဘောကို မြင်ရင်ဖြင့် အပူပင် ရင်မှာမတောက်တော့ပဲ အေးချမ်းသောအရသာစစ်ကို ခံစားရပါလိမ့်မယ်။
ဒါကြောင့် အားလုံးပဲ သေခြင်းတရားကို ဥာဏ်နဲ့ဆင်ခြင်ပြီး သောကမဖြစ်အောင် ကိုယ့်ကိုယ်ကို ဆုံးမနိုင် ကြပါစေ။

* လူဟူသည် ......



* လူဟူသည် ......

* ''ချစ်သား အာနန္ဒာ၊ မိတ်ဆွေကောင်း ဟူသည် ယခုလောက အတွက်သာ မဟုတ် သံသရာမှ လွတ်-မြောက်၍ နိဗ္ဗာန် ရောက်သည့် တိုင်အောင် အကျိုးဆောင် နိုင်၏''ဟူ၍ မိတ်ကောင်း ဆွေမွန်နှင့် ဆက်စပ် ၍ မြတ်ဗုဒ္ဓက ဟောကြားတော် မူသည်။ 

* လူသည် မည်သူနှင့်မျှ ပေါင်းသင်း ဆက်ဆံခြင်း မပြုဘဲ မနေနိုင်၊ မရနိုင်သော သတ္တဝါ ဖြစ်သည်။ တစ်ဦးကို တစ်ဦး အပြန်အလှန် မှီခို၊ ကျေးဇူး ပြုခြင်းဖြင့် မိမိဘဝ၊ မိမိ၏ အသိုင်းအဝိုင်း တည်မြဲစေရန် ကြိုးစားအားထုတ် ရသည်သာ ဖြစ်သည်။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုသလို တစ်ဦးနှင့် တစ်ဦး အပြန် အလှန် ကျေးဇူးပြုပြီး ဆက်ဆံ နေထိုင်နိုင်မှ မိမိနှင့် မိမိ ပတ်ဝန်းကျင်သည် အဓွန့်ရှည် တည်မြဲ နေနိုင်မည် ဖြစ်သည်။
 
* မိတ်ကောင်းဆွေမွန် ဆိုသော သဘောကို လောက နီတိက ''အကြင် အဆွေခင်ပွန်း တို့သည် အနာ ရောဂါ နှိပ်စက် သောအခါ ၌လည်းကောင်း၊ ငတ်မွတ် ခေါင်းပါးသော ကာလ၌ လည်းကောင်း၊ မိမိနှင့် အတူ ရှိကုန်၏။ ထိုမိတ်ဆွေ ခင်ပွန်းတို့သည် မိတ်ဆွေစစ် မည်ကုန်၏''ဟု ဖွင့်ဆိုပါသည်။ 

* မိတ်ကောင်း မိတ်မြတ် များကို ရှာဖွေရာတွင် အပေါ်ယံ ဥပဓိရုပ်ကို ကြည့်ရုံမျှဖြင့် လုံလောက်မှုမရှိဘဲ အတွင်းစိတ်သဘော ကိုလည်း စောကြောလေ့လာအပ်ကြောင်းကို ကျေးဇူးရှင် မန်လည် ဆရာတော် ဘုရားကြီးက မဃဒေဝ လင်္ကာသစ် ကြီးတွင် ''လူဟုဆိုက၊ ရုပ်ကိုမကြည့်၊ စိတ်ကိုကြည့်လော့၊ သူ၏သဘော၊ လိုက်လျော ပေါင်းသင်း၊ နှီးနှောခြင်းဖြင့်၊ မကင်းဥာဏ၊ နှိုင်းချင့်ဆရှင့်၊ ရှေးကချစ်ခင်၊ ကျွမ်းဝင်မိတ်ဟောင်း၊ ငယ်ပေါင်း ငယ်ချစ်၊ ကောင်းဆုံးဖြစ်၏''ဟု လမ်းညွှန် ဖော်ပြခဲ့သည်။

* မိတ်ကောင်း ဆွေမွန်တို့၏ မြတ်နိုးဖွယ်ရာ ဂုဏ် အရည်အချင်း များထဲတွင် အကြောင်း တစ်ခုခုကြောင့် ဆင်းရဲဒုက္ခ ရောက်ရချိန်၌ လိုအပ်သော အကူအညီကို ပေးနိုင်သော အရည်အချင်း တစ်ရပ်သည်လည်း အပါအဝင် ဖြစ်သည်။ မိတ်ဆွေစစ် မိတ်ဆွေကောင်း တို့ထံတွင် မိမိ အကျိုးကို လိုလားခြင်း၊ ယုံကြည် စိတ်ချရခြင်း၊ အကူအညီ လိုအပ်ချိန်တွင် အကူအညီ ရခြင်း၊ ကောင်းရာ မွန်ရာကို ညွှန်ပြတတ်ခြင်း စသော စိတ်ကောင်းစိတ်မြတ် တို့နှင့်တကွ တစ်ပါးသူ အကျိုးကို လိုလားသော ပရဟိတ စိတ်အသွင်ကို ကြည်လင်စွာ တွေ့မြင်နိုင်သည်။

* မြန်မာ တစ်မျိုးသားလုံး တရိုတသေ လိုက်နာကျင့်သုံး လျက်ရှိသော မင်္ဂလာ တရား (၃၈) ပါးတွင် မြတ် ဗုဒ္ဓက ''အသေဝနာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ'' ဟူသော မင်္ဂလာ တရား နှစ်ပါးကို ဟောကြား ညွှန်ပြခဲ့ရာ မိတ်ဆွေကောင်းတို့၏ တန်ဖိုးနှင့်ကျေးဇူး ကြီးမားပုံကို ထင်ရှားစွာ သိမြင်နိုင်သည်။ မိတ်ကောင်း ဆွေမွန်တို့၏ ကျေးဇူးတရားမှာ တန်ဖိုးကြီးမားသည်နှင့်အမျှ မိမိတို့ ကိုယ်တိုင်ကလည်း မိတ်ဆွေစစ်အင်္ဂါရပ်များနှင့် ပြည့်စုံရန် ပျိုးထောင်လေ့ကျင့်နေရန် လိုအပ်သည်။ 

* သို့ဖြစ်ရာ '' ပေးကမ်း ချီးမြှင့်၊ ကိုယ်နှင့် ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ ကျင့်လေ မိတ်သဟာ'' ဆိုသည့် သိင်္ဂါလောဝါဒသုတ်လာ ဆုံးမစကားအတိုင်း မိမိတို့ကိုယ်၌ကလည်း အဆွေ ခင်ပွန်းကောင်းများ ဖြစ်အောင် ကြိုးစား ကျင့်ကြံကာ လောကလူသား အကျိုး ဆတိုးရွက်ဆောင် သွားကြရမည် ဖြစ်ပါကြောင်း။

* ဣဋ္ဌသုတ်



* ဣဋ္ဌသုတ်
၄၃။ ထိုအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည် ဒါယကာ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သည် ဖြစ်၍လောက၌ ရခဲသော တရားတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ဒါယကာ အသက်ရှည်ခြင်းသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်၍ လောက၌ ရခဲ၏၊ အဆင်း လှခြင်းသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်၍ လောက၌ ရခဲ၏၊ ချမ်းသာခြင်းသည် အလိုရှိအပ်နှစ် သက်အပ် မြတ်နိုးအပ်၍ လောက၌ ရခဲ၏၊ အခြံအရံများခြင်းသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်၍ လောက၌ ရခဲ၏၊ နတ်ပြည်တို့သည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်၍ လောက၌ ရခဲကုန်၏။
ဒါယကာ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်၍ လောက၌ ရခဲသော တရားတို့သည် ဤငါးမျိုး တို့တည်း။
ဒါယကာ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်၍ လောက၌ ရခဲသော ဤတရားငါးမျိုးတို့ကို (နှုတ်ဖြင့်) တောင့်တခြင်းဟူသော အကြောင်းကြောင့်လည်းကောင်း၊ (စိတ်ဖြင့်) တောင့်တခြင်းဟူသော-အကြောင်းကြောင့်လည်းကောင်း ရ၏ဟု ငါမဆို။
ဒါယကာ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်၍ လောက၌ ရခဲသော ဤတရားငါးမျိုးတို့ကို (နှုတ်ဖြင့်) တောင့်တခြင်းဟူသော အကြောင်းကြောင့်သော်လည်းကောင်း၊ (စိတ်ဖြင့်)့ တောင့်တခြင်း-ဟူသော အကြောင်းကြောင့်သော်လည်းကောင်း ရသည်ဖြစ်ခဲ့မူ ဤလောက၌ အဘယ်သူသည် အဘယ် သို့သော အရာ မှ ယုတ်လျော့နိုင်တော့အံ့နည်း။
ဒါယကာ အရိယာတပည့်သည် အသက်ရှည်ခြင်းကို အလိုရှိသည်ဖြစ်၍ အသက်ရှည်ခြင်းကို (နှုတ်ဖြင့်) တောင့်တခြင်းငှါလည်းကောင်း၊ (စိတ်ဖြင့်) နှစ်သက်ခြင်းငှါလည်းကောင်း မထိုက်၊ ဒါယကာ အသက်ရှည် ခြင်း၏ အကြောင်းကြောင့်လည်း အသက်ရှည်လိုသော အရိယာတပည့်သည် အသက်ရှည်ခြင်းကို ဖြစ်စေတတ်သည့် အကျင့်ကို ကျင့်ရမည်။ မှန်၏၊ ထိုအရိယာတပည့်သည် ကျင့်အပ်သော အသက်ရှည် ခြင်းကိုဖြစ်စေတတ်သည့် အကျင့်သည် အသက်ရှည်ရန် ဖြစ်၏၊ ထိုသူသည် နတ်သက်ရှည်ခြင်းကို သော်လည်းကောင်း၊ လူသက်ရှည်ခြင်းကိုသော်လည်းကောင်း ရနိုင်၏။
ဒါယကာ အရိယာတပည့်သည် အဆင်းလှခြင်းကို အလိုရှိသည်ဖြစ်၍ အဆင်းလှခြင်းကို (နှုတ်ဖြင့်) တောင့်တခြင်းငှါလည်းကောင်း၊ (စိတ်ဖြင့်) နှစ်သက်ခြင်းငှါလည်းကောင်း မထိုက်၊ ဒါယကာအဆင်းလှခြင်း ၏ အကြောင်းကြောင့်လည်း အဆင်းလှလိုသော အရိယာတပည့်သည် အဆင်းလှခြင်းကိုဖြစ်စေ တတ်သည့် အကျင့်ကို ကျင့်ရမည်။ မှန်၏၊ ထိုအရိယာတပည့်သည် ကျင့်အပ်သောအဆင်းလှခြင်းကို ဖြစ်စေတတ်သည့် အကျင့်သည် အဆင်းလှရန် ဖြစ်၏၊ ထိုသူသည်နတ်အဆင်းလှခြင်းကိုသော် လည်းကောင်း၊ လူအဆင်း လှခြင်းကိုသော်လည်းကောင်း ရနိုင်၏။
ဒါယကာ အရိယာတပည့်သည် ချမ်းသာကို အလိုရှိသည်ဖြစ်၍ ချမ်းသာကို (နှုတ်ဖြင့်) တောင့်တခြင်းငှါ လည်းကောင်း၊ (စိတ်ဖြင့်) နှစ်သက်ခြင်းငှါလည်းကောင်း မထိုက်၊ ဒါယကာ ချမ်းသာခြင်း၏အကြောင်း ကြောင့်လည်း ချမ်းသာကိုလိုသော အရိယာတပည့်သည် ချမ်းသာကို ဖြစ်စေတတ်သည့် အကျင့်ကို ကျင့်ရမည်။ မှန်၏၊ ထိုအရိယာတပည့်သည် ကျင့်အပ်သော ချမ်းသာစေတတ်သော အကျင့်သည်ချမ်းသာ ကို ရခြင်းငှါ ဖြစ်၏၊ ထိုသူသည် နတ်ချမ်းသာကိုသော်လည်းကောင်း၊ လူချမ်းသာကိုသော်လည်းကောင်း ရနိုင်၏။
ဒါယကာ အရိယာတပည့်သည် အခြံအရံကို အလိုရှိသည်ဖြစ်၍ အခြံအရံကို (နှုတ်ဖြင့်) တောင့်တခြင်းငှါ လည်းကောင်း၊ (စိတ်ဖြင့်) နှစ်သက်ခြင်းငှါလည်းကောင်း မထိုက်၊ ဒါယကာ အခြံအရံများခြင်း၏အကြောင်း ကြောင့်လည်း အခြံအရံကိုလိုသော အရိယာတပည့်သည် အခြံအရံကို ဖြစ်စေတတ်သည့် အကျင့်ကို ကျင့်ရမည်။ မှန်၏၊ ထိုအရိယာတပည့်သည် ကျင့်အပ်သော အခြံအရံကိုဖြစ်စေတတ်သည့် အကျင့်သည် အခြံအရံကို ရခြင်းငှါ ဖြစ်၏၊ ထိုသူသည် နတ်အခြံအရံကိုသော်လည်းကောင်း၊ လူအခြံအရံကိုသော် လည်းကောင်း ရနိုင်၏။
ဒါယကာ အရိယာတပည့်သည် နတ်ပြည်သို့ ရောက်လိုသည်ဖြစ်၍ နတ်ပြည်ကို (နှုတ်ဖြင့်) တောင့်တခြင်း ငှါလည်းကောင်း၊ (စိတ်ဖြင့်) နှစ်သက်ခြင်းငှါလည်းကောင်း မထိုက်၊ ဒါယကာ နတ်ပြည်တို့၏အကြောင်း ကြောင့်လည်း နတ်ပြည်ကိုလိုသော အရိယာတပည့်သည် နတ်ပြည်၌ ဖြစ်စေတတ်သည့်အကျင့်ကို ကျင့်ရမည်။ မှန်၏၊ ထိုအရိယာတပည့်သည် ကျင့်အပ်သော နတ်ပြည်၌ ဖြစ်စေတတ်သည့်အကျင့်သည် နတ်ပြည်ကို ရခြင်းငှါ ဖြစ်၏၊ ထိုသူသည် နတ်ပြည်တို့ကို ရနိုင်၏ဟု (မိန့်တော်မူ၏)။
အသက်ရှည်ခြင်းကိုလည်းကောင်း၊ အဆင်းလှခြင်းကိုလည်းကောင်း၊ အခြံအရံများခြင်းကိုလည်းကောင်း၊ ကျော်စောခြင်းကိုလည်းကောင်း၊ နတ်ပြည်သို့ရောက်ခြင်း ကိုလည်းကောင်း၊ မြင့်မြတ်သော အမျိုးရှိ သည်၏ အဖြစ်ကိုလည်းကောင်း၊ အဆင့် ဆင့်မြင့်မြတ်သောမွေ့လျော်ဖွယ်တို့ကိုလည်းကောင်း တောင့်တ သော အမျိုးကောင်း သားသည် (ကောင်းမှုကုသိုလ်တို့၌ မမေ့မလျော့ရာ)။ ကောင်းမှုတို့၌ မမေ့မလျော့ ခြင်းကို ပညာရှိတို့ ချီးမွမ်းကုန်၏၊ မမေ့မလျော့သော ပညာရှိသည်အကျိုးနှစ်ပါးတို့ကို ရနိုင်၏။
မျက်မှောက်ဘဝ၌ ဖြစ်သော အကျိုးစီပွါး၊ တမလွန်ဘဝ၌ ဖြစ်သော အကျိုးစီးပွါးဟူသော အကျိုးနှစ်ပါးကို ရခြင်းကြောင့် ပညာရှိကို ပဏ္ဍိတဟူ၍ ဆိုအပ်၏။ (တတိယသုတ်။)

၇။ ကာမသုတ်



၇။ ကာမသုတ်
ရဟန်းတို့ ! သတ္တ၀ါတို့သည် များသောအားဖြင့် ကာမဂုဏ်တို့၌ မွေ့လျော် ပျော်ပိုက်ကြသည်၊ မြက်ရိတ် တံစဉ်နှင့် မြက်ထမ်းထမ်းပိုးကို စွန့်ပစ်၍ လူ့ဘောင်ခွါရှောင် ရဟန်းဘောင်သို့ ၀င်ရောက်သော အမျိုးကောင်းသားကို “သဒ္ဓါပဗ္ဗဇိတ အမျိုးကောင်းသား” ဟု ဆိုသင့်သည်။
(မြက်ရိတ် တံစဉ်နှင့် ထမ်းပိုးကို စွန့်ပစ် - ဟု ဟောခြင်းမှာ ဤသုတ်ကို ဟောစဉ်က ပါဝင်သည့် တရားနာပရိသတ်များ နားလည်နိုင်သော အများစု တောင်သူလယ်သမားတို့ကို ဦးတည်ဟောခြင်းသာ ဖြစ်သည်။ မိမိတို့ပိုင်ဆိုင်ရာ မည်သည့်ပစ္စည်းကိုမဆို စွန့်ပစ်ခြင်းကို ဆိုလိုသည်။ (သဒ္ဓါပဗ္ဗဇိတ - ယုံကြည်၍ ရဟန်းပြုသူ)
ထိုသို့ ဆိုသင့်ကြောင်းကား -
မည်သည့် ကာမဂုဏ်မျိုးမဆို ပျိုမျစ်နုနယ် ငယ်ရွယ်သူသာ ရနိုင်သည်၊ အောက်တန်းစား, အလတ်-တန်းစား, အထက်တန်းစား ကာမဂုဏ်ဟူသမျှ “ကာမဂုဏ်” ဟူ၍သာ ခေါ်ဝေါ်ထိုက်သည်။
ပက်လက်အိပ်ကာမျှ ဖြစ်၍ နုနယ် ငယ်ရွယ်သော သူငယ်သည် အထိန်း၏ ပေါ့လျော့မူကြောင့် သစ်သားစကို ဖြစ်စေ, အိုးခြမ်းကွဲကို ဖြစ်စေ မျိုချမိရာသည်၊ ထိုအရာကို အထိန်းသည်သည် အလျင်အမြန် သတိထား ထုတ်ယူရမည်၊ အကယ်၍ လျင်မြန်စွာ ထုတ်ယူရန် မတတ်နိုင်ပါမူ လက်ဝဲ လက်ဖြင့် ဦးခေါင်းကို ကိုင်ကာ လက်ယာလက်ဖြင့် လက်ညှိုးကို ကွေး၍ သွေးပါနိုင်သော်လည်း ထုတ်ယူရမည်။
ထိုသို့ ပြုရကြောင်းမှာ-
ယင်းသို့ မရ ရအောင် ထုတ်ယူရသဖြင့် သူငယ်ကို ညှဉ်းပန်းမူ သည်ကား ရှိပေမည်၊ မရှိ-ဟု ငါမဆို၊ သို့ပင် ရှိလင့်ကစား အကျိုးကို လိုလား၍ အစီးအပွားကို ရှာမှီးတတ်, သနားစောင့်ရှောက်တတ်သော အထိန်းသည်သည် သူငယ်အပေါ် သနားစောင့်ရှောက်သဖြင့် ဤအမူမျိုးကို ပြုလုပ်သင့်သည်သာတည်း။
ထိုသူငယ် ကြီးပြင်းလာ၍ အသိဉာဏ်ရှိလောက်သော အခါ အထန်းသည်သည် ထိုသူငယ်အပေါ် ကြည့်ရူဖွယ်မလို၊ ဤအခါ၌ သူငယ်သည် မိမိကိုယ်ကို စောင့်ရှောက်နိုင်သူ ဖြစ်နေသည်၊ မေ့လျော့ တော့မည်လည်း မဟုတ်ချေ။ ဤအတူသာလျှင် ရဟန်းသည်
၁။ သဒ္ဓါ
၂။ ဟိရီ
၃။ သြတ္တပ္ပ
၎။ ၀ီရိယ
၅။ ပညာတို့ဖြင့် ကုသိုလ်တရားတို့၌ ပြုလုပ်သင့်သည်ကို မပြုလုပ်နိုင်သေးသမျှ ကာလပတ်လုံး ငါဘုရား-သည် ထိုရဟန်းကို စောင့်ရှောက် ထိန်းသိန်းထားရမည်သာတည်း။
ပြုလုပ်သင့်သည်ကို ပြုလုပ်နိုင်သောအခါ၌မူကား ငါဘုရားသည် ထိုရဟန်းအပေါ် ကြည့်ရူဖွယ်မလို၊ ဤအခါ၌ ရဟန်းသည် မိမိကိုယ်ကို စောင့်ရှောက်နိုင်သူ ဖြစ်နေပေပြီ၊ မေ့လျော့တော့မည် မဟုတ်ချေ။
ဆောင် - မသိတတ် ရွယ်၊ ကလေးငယ်၏ လည်ချောင်းရောက်ထ၊ သစ်သားစကို၊ တကွ သွေးနှင့် ထုတ်ယူသင့်သို့၊ မလင့် ပုံတူ၊ ငါးဆူ ခွန်အား၊ မပြည့်ငြားမူ၊ ထိုသည့်သူကို၊ ငါမူ ဘုရား၊ စောင့်ရှောက်ထားသင့်၊ မှတ်ကုန်လင့်လော့။
သတ္တမသုတ် ပြီး၏။