Thursday, January 21, 2016

* ထိုသုံးချက် အချိတ်အဆက်မိလိုသော် .....



* ထိုသုံးချက် အချိတ်အဆက်မိလိုသော် .....
*        မသိသည်ကို သိလိုက်ရာ၌ သတိသည် အညှာ အခရာတည်း။ မမိသည်ကို မိလိုရာ၌လည်း သတိ သည်သာ အညှာ အခရာတည်း။
တိုင်းပြည်၏ အခြေအနေကို အခြေအနေမှန်အတိုင်း သိလိုသော ထောက်လှန်းရေးသမားသည် အခြေ-အနေမှန် ဖန်တီးတတ်ရာ နေရာဌာနများသို့ သွားရောက်ထောက်လှမ်းရ၏။ မသင်္ကာစရာတွေ့ ထိုတွေ့ရာ သူ၏နောက် ခြေရာကောက်၍ မျက်ခြည်မပြတ် စောင့်ကြပ် ထောက်လှမ်းရ၏။ ထိုဖန်တီးရှင်က အကွက် စိပ်စိပ် အမူအရာပြလျှင် ထို ထောက်လှမ်းရေးသမားကလည်း အကွက်စိပ်စိပ်ပင် မှတ်ချက်ရေးရ၏။
ထိုဖန်တီးရှင်က အကယ်တိတိ အကွက်ကျဲကျဲ ခြေလှမ်းကြဲကြီးဖြင့် အမူအရာပြခဲ့လျှင်လည်း ထို ထောက်လှမ်းရေးသမားကလည်း သူ့ဟန်ပန်အတိုင်းလျှင် မှတ်ချက်ရေးရ၏။
ထိုဖန်တီးရှင် မည်သူ့မည်သူ့အိမ် ၀င်သည်။ ဘယ်အချိန် ဘယ်နေရာမှာ ရောက်ရှိနေသည်။ ဤသို့လျှင် ထိုဖန်ဆင်းရှင် ပြုကျင့်သမျှ အမူအကျင့်အားလုံးကိုလျှင် ကွင်းဆက်မပြတ် မှတ်ချက်ရေးထားရ၏။ ထိုဖန်ဆင်းရှင် ပျောက်ကွယ်သွားပြီ။ သို့မဟုတ် တိမ်းရှောင်သွားပြီ။
ထိုထောက်လှမ်းရေးသမား မလိုက်တော့။ သူ့လူပ်ရှားမူ မှတ်တမ်းများကို သေချာစေ့ငှ လေ့လာသုံးသပ်ပြီး ပုံစံဖော်ကြည့်၏ မှတ်ချက်အားလုံးက ပုံစံဖော်ထုတ်ပေးလိုက်ပြီ။ လက်စသတ်တော့ လုပ်ကြံမူမှန်သမျှ ဒင်းလက်ချက်ကိုး၊ ထိုင်ထောက်လှမ်းရေးသမား သိရပြီ။ တစ်ဖန် ရဲအမူထမ်းသမားသည်လည်း အမူတွေ မိမိပိုင် နယ်ပယ်ထဲ ညစဉ်မပြတ် ရက်ဆက်ပေါ်နေချေရာ -
မူခင်းလိုက်အရာရှိသည် ဒုစရိုက်မူများ ကျူးလွန်လေ့ရှိသော ရာဇ၀င် မှတ်တမ်းဝင်များ ကျက်စားရာသို့ သွားရောက်လေ့လာနေရာ တွေ့လိုက်ရသည် ထိုသူနှစ်ယောက်။
ထိုသို့တွေ့ရာ၌ ၎င်းတို့နောက် ခြေရာကောက်၍ မျက်ခြေမပြတ် လိုက်လံရူကြည့်နေ၏။ ၎င်းတို့သည် ဈေးထဲ ရွှေပန်းတိမ်ဆိုင် စသည်များလည်း သွားကြ၏။ ၎င်းကိုလည်း မျက်ခြည်ပြတ်မခံ လိုက်လံ-မှတ်သားနေ၏။ ၎င်းတို့သည် အရက်ဆိုင်သို့လည်း ၀င်ကြ၏။ ၎င်းကိုလည်း နောက်ယောင်ခံကာ လိုက်လံမှတ်သား၏။ ၎င်းတို့သည် ဖဲဝိုင်းစသည် ကစားဝိုင်းများသို့လည်း လိုက်လံကစားကြ၏။ ၎င်းကိုလည်း စေ့စေ့စပ်စပ် လေ့လာမှတ်သား၏။ ထိုသို့ ၎င်းတို့နှစ်ယောက် သွားအတူ၊ လာအတူ၊ အမူအကျင့်များနှင့်တကွ သုံးစွဲကြပုံ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လေသောအခါ -
“လက်စသတ်တော့ ဓားမြဆိုတာ ဒင်းတို့ပဲကိုး” ထိုရဲ အမူမှန် သံကွဲသွားပြီ။
သည်ဥပမာအတူသာလျှင် - လူပ်ရှားတိုင်းမှာ မှတ်ချက်ပါသောအားဖြင့် မျက်စိနှစ်လုံး ပွင့်လာချိန်မှသည် မှိတ်အံ့ဆဲဆဲ အချိန်ထိ လူပ်ရှားနေသမျှ ကိုယ်အမူအရာ၊ နူတ်အမူအရာ၊ စိတ်အမူအရာအားလုံးတို့ကို -
(က) မကောင်းမူ ပြုကျင့်နေဆဲ ယင်းမကောင်းမူမှ မကောင်းပုံ ပေါ်လွင်ထင်ရှားလာအောင် သတိ လက်မလွတ် အမှတ်သွင်းလျက်က ပြုကျင့်ပါလေ။
(ခ) တစ်ဖန် ကောင်းမူ ပြုကျင့်နေဆဲ ထိုကောင်းမူ၏ ကောင်းနေပုံများကို ကွင်းကွင်းကွက်ကွက် ထင်ရှားလာအောင် သတိပင်းလျက် အမှတ်သွင်း ပြုကျင့်ပါလေ။
၎င်းတို့မှ ဆက်သွယ်လာသော ကြည့်မူ၊ နားထောင်မူ၊ နမ်းရူတ်မူ၊ စားသုံးမူ၊ ထိတွေ့မူ၊ တွေးတော ကြံစည်မူ အားလုံးတို့ကိုလည်း သူ့အမူ ပေါ်ပေါက်လာသော နေရာဒေသသို့ကပ် စေ့စေ့စပ်စပ် မှတ်ချက်ယူ ပါလေ။
ယုတ်ညံ့မူ ဖြစ်သဖြင့် မျက်နှာ မလွှဲသင့်၊ အမူပေါ်လျှင် အရာဝင်ရစမြဲပင် မဟုတ်လော။
မြင့်မြတ်မူဖြစ်သဖြင့် ခေါင်းမလွှဲသင့်၊ အမူသည် အမူသာဖြစ်၍ စစ်ရစမြဲပင် မဟုတ်လော။

* မမေ့သော အမေ့တရား ………



* မမေ့သော အမေ့တရား ………
အဘိက္ကမေထ ကလျာဏေ၊ ပါပံ စိတ္တံနိဝါရယေ၊
ဒန္ဓဉ္စိကရောတော ပုညံ၊ ပါပသ္မိံ ရမတိမနော။
ပါပံ စိတ္တံ၊ မကောင်းစိတ်ကို။ နိဝါရယေ၊ တားမြစ်ထားလိုက်ပါဦး။ ကလျာဏေ၊ ကောင်းရာ၌ကား။ အဘိက္က - မေထ၊ သူ့ထက်ဦး၍ ရှေ့တစ်ဆင့် တိုးပေးလိုက်ပါဦး။ မနော၊ စိတ်မည်သည်။ ပါပသ္မိ ၊ မကောင်းရာ ဘက်၌သာ။ ရမတိ၊ မွေ့လျော်ရိုးထုံးစံရှိ၏။ ဟိယသ္မာ၊ အကြင်မကောင်းရာ ပျော်မျိုးစိတ်ကြောင့်။ ပုညံ၊ ကောင်းရာကို။ ဒန္ဓံ၊ တုံ့ဆိုင်းဆိုင်း။ ကရောတော၊ ပြုကျင့်လေ့ရှိသူအား။ ပါပံစိတ္တံ၊ မကောင်းစိတ်သည်။ နိဝါရယေ၊ တားမြစ်ရာ၏။ (ဓမ္မပဒ)
မကောင်းရာမှ ကောင်းရာသို့ စိတ်ရွှေ့ပြောင်းပေးရေးကိစ္စသည် ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပေးရ-သည်ထက် အထားခက်လှ၏။
မေ့စိတ်ကို မမေ့စိတ်အဖြစ် ပြုပြင်ပေးရေးကိစ္စသည်လည်း မြင်းမိုရ်တောင် ဇောက်ထိုးထားပေးရေးထက် ပို၍ ခက်၏
လောက၌ မေ့စေတတ်သောအရာတွင် ဘိန်း၊ အရက်စသည့် မူးယစ်ဆေးဝါးများမှအစ၊ တို့ဆေး၊ ခပ်ဆေး၊ မေ့ဆေး၊ ထုံဆေး အများအစားပင် တီထွင်ဖော်စပ်ထားခြင်း ရှိကြပါသော်လည်း၊ သတိရဆေး ဖော်စပ်-ထားခြင်းကား နည်းပါးလှချေ၏။ အဘယ်ကြောင့်ဆိုသော ပင်ကိုသဘာဝဖြင့် ပျော်ရွှင်ခြင်း၊ ချမ်းမြေ့ခြင်း အလျင်း ကင်းဆိတ်နေသော ဤလောကထဲ၌ -
ဆင်းရဲဒဏ် မခံနိုင်သူတို့ များပြားနေသောကြောင့်တည်း။ အပျော်တို့ဖြင့် လောကကြီးကို ပြင်ဆင်ပေးလိုကြသောကြောင့်တည်း။ ထိုနှစ်ဦးစလုံး ကိုယ့်ဘ၀ ကိုယ်မေ့ပစ်လိုက်ကြ၏။ ပတ်ဝန်းကျင်-ကိုလည်း မေ့ပစ်လိုက်ကြ၏။ အချိန်ကိုလည်း မေ့ပစ်လိုကြ၏။ သို့မဟုတ် -
လောကကြီးကို အလျားလိုက် ခုန်ကျော်လိုက်ခြင်း။
ထိုနှစ်ဦးစလုံး ကိုယ့်ဘ၀ ကိုယ်သတိရနေမည်ကို ကြောက်ရွံ့ကြ၏။ ပတ်ဝန်းကျင်အပေါ် အမှတ်ရနေ မည်ကိုလည်း ကြောက်ရွံ့ကြ၏။ အချိန်နှင့်တကွ မိမိပြုကျင့်နေသော မကောင်းမူကိုလျှင် သတိပြုလိုကြပြီ။ ထိုနှစ်ဦးမျိုး ဤလောကလူသားထဲဝယ် အဘယ်မျှ များပြားနေသနည်း၊ ယနေ့ရှိလူတစ်ရာလျှင် ၎င်းတို့ သန္ဓေပေးထားသော မျိုးစေ့တို့ကိုပါ ထည့်သွင်းရေတွက်သော် ရာကျော်မည်သာတည်း။
ထိုသူတို့ကို -
သတိရှိရှိ နေကြစမ်းပါ၊ ကိုယ့်အကြောင်း ကိုယ်သိကြစမ်းပါ။ ဤသို့ သတိပေးသော် ထိုသတိပေးသူသာ မောပေလိမ့်မည်။ သို့ကြောင့် မေ့စိတ်သို့ ပြောင်းလဲရေးကိစ္စသည် မြင်းမိုရ်တောင်ကို ဇောက်ထိုးထားခိုင်း ရသည်ထက် ပို၍ ခက်လှ၏ဆိုသော ငါတို့စကား လွန်အံ့မထင်ပြီ။
စင်စစ် မေ့မေ့နေတတ်သော အလေ့သည် သတ္တ၀ါဖြစ်စမှသည် ယနေ့တိုင် အမွေစား၊ အမွေခံအဖြစ် ကမ္ဘာ့ ကမ္ဘာနှင့်ချီ၍ ပါလာသော ရိုးတွင်းအောင်းဗီဇသတ္တိမျိုး ဖြစ်နေလေရာ အိမ်ရှင်အရာ၌ တည်နေပြီး ဖြစ်၏။ ရူမှတ်မူအလေ့အကျင့်ကား အိမ်ရှင်အရာ၌ တည်နေအောင် သွေးယူရမည်ဖြစ်ရကား ဧည့်သည်အရာ၌ သာ ရှိချေသေး၏။ တစ်ဖန် အမေ့ကြားမှ ပေါက်ဖွားရမည် ဖြစ်သဖြင့်လည်း အမေ့နှင့် မမေ့သည် မိခင်နှင့် သားပမာသာ ဖြစ်နေပါ၏။
သို့ကြောင့် - အမှတ်ရစေမူ၊ မမေ့သတိ ပြုစုပျိုးထောင်ရာ၌ -
မပျင်းမရိ ဇွဲလုံ့လ၊ ခွန်အားရှိမှ သတိအား ကြီးထွားနိုင်ချေမည်။ အပျင်း အဖျာင်းတို့၏ အရာကား မဟုတ် ပြီ။ ရဲတင်းခြင်း၊ စိတ်ရှည်ခြင်း၊ စိတ်ပါလက်ပါရှိခြင်းနှင့် ပြည့်ဝမှသာ အောင်နိုင်ရချေသည်။ ပျော့ညံ့သူ၊ စိတ်တိုသူ၊ စိတ်မ၀င်စားလေသူများနှင့် လားလားမျှ မသက်ဆိုင်ပြီ။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

* နယ်ကျယ်ကို ကျဉ်းမြောင်းစေမည့် ထိုသတိ



* နယ်ကျယ်ကို ကျဉ်းမြောင်းစေမည့် ထိုသတိ
* မေ့သူ၌ အချဲ့နှင့် အလှည့်တို့၏ လှည့်စားခြင်း ခံနေရရာ နယ်ကျယ်၏။ သို့ကြောင့် ခရီးရှည်၏။
သတိသည်ကား -
ထိုနယ်ကျယ်အားလုံးကိုပင် နယ်ကျဉ်းအဖြစ်သို့ ပြောင်းလဲပေးပြီး ခရီးတာ တိုအောင်ပြုပြင် ပေးပါမည်။ ခရီးတာ တိုသော်လည်း မပင်မပမ်း၊ ခရီးလမ်းလည်း ဆုံးစေပါမည်။ ထိုသတိသည် အမှားကို ပလပ်၍ အမှန်ကိုသာ အမှတ်ပေးပါမည်။ ထိုသတိသည် အမှန်အမှတ်ရတိုင်းလည်း ဟုတ်မဟုတ် စိစစ်သုံသပ်ပေး ပါမည်။
သိဆိုသော် -
ထိုသတိ လက်ကိုင်ရှိသင့်သည် အောက်သို့ရောက်စေမည့် အမှောက်သမားဘ၀ မဟုတ် အထက်သို့ ဆန်စေမည့် အလှန်သမားများ ဖြစ်ရမည် ဧကန်တည်း။ အောက်စာစားမည့် အမှားသမားလည်း မဟုတ်၊ အထက်စာစားမည့် အမှန်သမားသာ ဖြစ်ရမည် ဧကန်တည်း။ အမှောက်ကား အောက်ကြည့်ကြည့်၍ အောက်သိသာ သိချမ့်မည်။ အလှန်ကား အထက်ကြည်ကြည့်၍ အထက်သိသာ ရှိချိမ့်မည်။ တစ်ဖန် အမှားကား အလျားလိုက် သွားသဖြင့် နားစရာမရှိ ဖြစ်ချိမ့်မည်။ အမှန်ကား ကန့်လန့်ကူးသဖြင့် ကမ်းနဖူး အထူးတွေ့ချိမ့်မည်။
ထိုနှစ်စား မည်သို့ခြားနားပါသနည်း။
မေ့ရာမှဖြစ်သော အမှောက်တရား၊ အမှားတရားများသည် တစ်ဖက်ဆီသို့ မိမိစိတ်မျက်စိ မှိတ်လွတ်ပေး ထားရာမှ ဖြစ်၏။ တစ်ဖက်အာရုံ၏ အရိပ်စဉ် အမျှင်တန်းမျှကိုပင် ပုံဖမ်းလျက်က၊ ပမာပိတ်ကားတွင် ရောင်စုံဆေးများဖြင့် မူန်းခြယ်ထားသော မင်းသမီး ရုပ်ပုံလွှာကို ကြည့်၍ မဘယ်သူပဲ၊ ကိုယ်ကြည့်လိုက်ရာ မင်းသမီး ရုပ်ပုံလွှာကို ကား မကိုင်မိ၊ မထိမိ၊ အောက်ခံရှိ ပိတ်သား၏ အနုအကြမ်းကိုသာ ကိုင်တွယ် သုံးသပ်ရဘိသို့၊ မှန်းမိရာမှ စတင်၏။ တစ်ဖန် အာရုံရှင်၏ ၀တ္ထုရုပ်ကို ခံစား၊ အမည်ကို မှတ်သား ထားမိရာမှ အမေ့ရ၏။
အစွဲကြီးသော အအိပ်သမား၊ အိပ်မက်ဆန်းများ မက်တတ်သည်။ ထိုအမည်ကို ဆင်ခြင်၊ အမည်၌ ခင်မင် ပြီး၊ အမည်ပေါ်တွင် အစွဲဝင်လျက်ရှိသော ထို အမေ့သမားအား - အချိုစား၊ အချိုကား ပျောက်၊ ထန်းလျှက်ကား မပျောက်တော့သောအခါ၊ အချိုစား၊ အချိုကား ပျောက်၊ ကြက်ကား မပျောက်တော့သော အခါ -
အမှားကြား အမှန်ထင်လာစေသောအားဖြင့် ထန်းလျှက်၊ ကြက်စသည့် အမည်ဆန်းများက အသိပေး လာကြလေပြီ။ ထိုအမည်ဆန်းများသည် ရုပ်စွဲမဟုတ်၊ စိတ်စွဲ၊ တကယ့်အရှိမဟုတ်၊ အမည်မှည့်အာရုံ၊ သို့ကြောင့် ပျောက်ပျက်ခဲ၏။ ထိုအစွဲ စိတ်အလုပ်လုပ် စိတ်သရုပ်ဖော်ရာ နှလုံးထဲနှင့်တကွ အသည်းပြင် သည်းခြေစသည်များအထိ အစွဲရိပ်နှင့် ကပ်လျက်က ခိုနေတတ်ကြရာ - စိတ်ထလေ အရိပ်ပြလေ ဖြစ်နေ တော့သည်။ စိတ်ကစားလေ ဆန်းပြားလေလည်း ဖြစ်နေတတ်သည်။ လူတို့အာရုံထဲ အစွဲလွန်သဖြင့် ညအိပ်မက်ခန်း ခပ်ဆန်းဆန်းပမာ ရှိ၏။ ထို စိတ်စွဲလမ်း၊ အာရုံဆန်းများကြောင့် - အမြတ်တစ်ခုမှ ကြက်ပဲ၊ ၀က်ပဲ စသည့် အမည်ဆန်းများ မိုးမဆုံး၊ လေမဆုံးပြီ။ အကြားတစ်ခုမှလည်း ထိုထိုအမည်ဆန်းများ မီးခိုး မဆုံး မိုးမဆုံးတော့ပြီ။ သည့်အတူ အခြားတစ်ခုတစ်ခုမှလည်း ပင်လယ်ပြင်တစ်ဖက်ကမ်းပမာ မျှော်မဆုံးပြီ။
ထိုအမေ့သား နယ်ကျယ်ကြီးရဲ့အကြား ဖားရှာရချေပြီ။ ထိုနယ်ကျယ်ကို ကျဉ်းစေလိုသော် -
၁။ သူ့ဘက်သို့ လိုက်မှတ်နေမည့်အစား၊ ကိုယ့်ဘက်ကသာ မှတ်ရပါမည်။
၂။ သူ့အကြောင်း စိတ်ဝင်စားနေမည့်အစား ကိုယ့်အကြောင်း စိတ်ဝင်စားနေရပါမည်။
၃။ အမည်ပေါ် စိတ်မေးတင်မည့်အစား အမည်ကိုကျော်၍ သူ့ဇာတိရုပ်အပေါ် ဉာဏ်ကျက်စားပေးရပါမည်။
ထိုသုံးမျိုးတို့တွင် -
(၁) အမေ့သားတိုင်း၊ အာရုံ၏ တိုက်ဆွဲဆွဲရာဘက်သို့ စိတ်မှင်သက်ကာ မက်ပြီး ပါသွားလေ့ ရှိတတ်မြဲ ဖြစ်ရာ အမှတ်ရမူသည်လည်း သူ့ဘက်မှနေ၍ချည်းသာ အမှတ်ပေးရလေ့ ရှိ၏။ မိမိမျက်စိဘက်မှသာ မြင်သည် သို့သော် ကြက်ပါဟူ၍တည်း။ မိမိနားဘက်မှသာ ကြားသည် သို့သော် ကြက်ဟူ၍တည်း။
ထိုမှတ်ချက်များသည် မှတ်ချက်မှားဟူ၍သာ သင်နားလည်ထားပါလေ။ အဘယ်ကြောင့်ဆိုသော် အမြင်သည် ကြက်ကမဟုတ်၊ မိမိဘက်ကသာ၊ ကြက်သည်လည်း ကြက်မဟုတ်၊ အဆင်း၊ အသံစသည် တို့၏ အရိပ်အယောင်မျှသာ ဖြစ်နေခြင်းကြောင့်ပါတည်း။
သင် မယုံကိုင်ကြည့် ကြက်မထိမိ၊ ရုပ်ဝတ္ထုချင်းသာ ထိမိမည်။
ထိုသို့ သူ့ဘက်ချည်း စိုက်၊ လိုက်မှတ်နေမိခြင်းကြောင့် အမြင်တစ်ခုတည်းကပင် ကြက်ဟူ၍ လည်းကောင်း၊ ဘဲဟူ၍လည်းကောင်း၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်ဟူ၍လည်ေးကာင်း စသည်စသည့် သဘာဝ ၀တ္ထုရုပ် တစ်ခုတစ်ခု မြင်တိုင်းမြင်တိုင်း ထိုသဘာဝ ၀တ္ထုရုပ်ကို လူလူချင်း အသိပေးရာ လဲလှယ်ရာတို့၌ နားလည်ရန် ထားရှိပေးထားသည့် သညာသိအမည်စွဲများကိုချည်းသာ အမှတ်မိနေရကား နယ်စည်းခြား ၍ပင် မရတော့ပြီ။ ထိုသူမှ နယ်မကျယ် ဘယ်သူ ကျယ်ပါအံ့နည်း။
သည့်အတူ အကြားတစ်ခုတည်းမှာပင် အမျိုးမျိုး၊ အနံ့တစ်ခုတည်းမှပင် အမျိုးမျိုး၊ အရသာတစ်ခု တည်းမှပင် အမျိုးမျိုး၊ အတွေ့တစ်ခုတည်းမှပင် အမျိုးမျိုး၊ ထိုအမျိုးမျိုးတို့ ကြီးစိုးနေရချေရာ အတွေးတစ်ခု တည်းမှပင် ထိုအမျိုးမျိုးကို တိုးပွားလာချေရာ ထိုသူ ယုန်၌ပေါလေ၊ ခွေးမောလေပမာ ဖြစ်ရရှာပြီ။ ထိုနယ်ကျယ်တို့ကို ကျဉ်းစေလိုသော် မိမိဘက်ကသာနေ၍ အမြင်ကို အမြင်အတိုင်းလျှင် မြင်သည်ဟူ၍ မှတ်ချက်ပေးပါလေ၊ အကြားကိုလည်း အကြားအတိုင်းလျှင် ကြားသည်ဟူ၍သာ မှတ်ချက်ပေးပါလော။
ထိုအခါ အမြင်သည် အမြင်ဖြင့်သာ ရပ်တန့်သွားပါလိမ့်မည်။ အကြား စသည်သည်လည်း အကြား စသည် ဖြင့်သာ လမ်းဆုံးသွားပါလိမ့်မည်။ ဘာမြင်မြင် အမြင်သည် အမြင်သာဖြစ်၍ အမှန်မှတ် ဆိုရပါသည်။ အကြား စသည်များလည်း အကြားသည် အကြားသာ၊ အနံ့သည် အနံ့သာ၊ အရသာ၌ အချိုသည် အချိုသာ၊ အချဉ်သည် အချဉ်သာ၊ အတွေ့ အထိ၌လည်း၊ အနုသည် အနုသာ၊ အကြမ်းသည်လည်း အကြမ်းသာ၊ အတွေး၌ကား ကြံသိမူသည် ကြံသိနေရုံမျှသာ ဖြစ်ကြလေရကား ဘာမှတ်မှတ် အမှတ်မမှား တော့ပါပြီ။ လူတိုင်းလျှင် အိပ်မောကျနေစဉ်မှတစ်ပါး အမှတ်များ ရှိကြ၏။ ထိုအမှတ် သူ့ ဘက်မှ ကိုယ့်ဘက်ထားလိုက်သော် လမ်းတည့်သွားပြီ။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

* မိခင်ဟောင်းနှင့် ပေါင်းမိခြင်း



* မိခင်ဟောင်းနှင့် ပေါင်းမိခြင်း
* ထိုကလေး ပြေးနိုင်လွှားနိုင် ကစားနိုင်လာသောအခါတွင်ကား အမှားကို အမှန်ထင်စေမူ၊ မောဟမိခင်က အစားထိုးဝင်ရောက်လာတော့ရာ -
ထင်ရာမြင်ရာ အဟုတ်ထင်၊ ယောက်ျားလေးဖြစ်က ယောက်ျားလေးအမူအရာဖြင့်၊ မိန်းကလေးဖြစ်က မိန်းကလေးအမူရာဖြင့် ပွဲထုတ်ကစား အိုးပုတ်၊ ချိုးရုပ်ပုံ ဟန်များဖြင့် ကစားစေပြီး ဘ၀ကို မေ့စေ၏။ ဘ၀ကိုကျော် အရုပ်အာရုံပေါ် ပျော်စေ၏။
တောယောက်ျားလေး ထန်းပလပ် မြင်းလုပ်၊ ခြေစုံသုတ် ပြေးကစားရချေ၏။ မြို့ယောက်ျားလေးကိုကား သစ်သားခုံမြင်းလုပ် ကိုယ်တိုင်လူပ်၍ အိမ်တွင်းမှာပင် ကစားစေ၏။ ကိုယ့်ကိုမကြည့်၊ မြင်းရုပ်ကြည့် ဆော့ကစားခွင့်ရလေရာ ထိုကလေး မောရမှန်းပင် မသိတော့ပြီ။
ထိုမှတစ်ဆင့် ဆယ့်ငါး၊ ဆယ့်ခြောက်အရွယ် ရောက်လာသောအခါ - မောဟသည် ခြင်ဆီဖြည့်၊ အရိုးမာ၊ သွေးသားဆူ၊ သူ့အမူရာကို ကြည့်တဲ့ကာ အဟုတ်လူ၊ မတူရာလိင်ဘက် မျက်နှာလှည့်ခိုင်းပြီး ထင်တိုင်းလျှင် အကျဲခိုင်းတော့၏။ အာရုံစုံ အပုံကြား စိတ်ကိုလည်း ပို့လွှတ်ထားစေ၏။ ကိုယ်ခန္ဓာ ကိုယ့်အရှိကိုကား တစိလေးမျှ အသိမပေးပြီ။ ကိုယ့်အကြောင်း ကိုယ့်ကိစ္စ တစ်စလေးမျှ အသိမပေးပြီ။ ကိုယ့်အကြောင်း ကိုယ့်ကိစ္စ တစ်စလေးမျှ မရိပ်မိပြီ။ အရူံးနှင့်အမြတ် တစ်မှတ်ကလေးမျှ အမှတ်မရစေပြီ။
ထို ဆယ့်ငါး၊ ဆယ့်ခြောက်လေးတို့သည် အရွယ်ရိုင်း ဆိုရ၏။
အရွယ်ရိုင်း ကင်ပွန်းတပ်ကြသော်လည်း အရွယ်ကား မရိုင်းပါချေ။ နုပျိုခြင်း၊ လန်းဆန်းခြင်း၊ ပျော်ရွှင် ချမ်းမြေ့ခြင်းများနှင့်အတူ ကလေးရုပ်လည်း မပျောက်သေး၊ အရွယ်ဟိုင်းလည်း မပေါက်သေးသော တက်သွေးလေးများ အထွက်တိုး၊ အလှဖြိုးလေးများချည်း ဖြစ်ကြပါသည်။ ရိုင်းသည်မှာ မသိသော အသိကသာတည်း။ သို့မဟုတ် မမှန်ရာအသိပေး၊ မှန်ရာ ကွယ်ပေးသော အမှောင့်သိကသာတည်း။
ထိုအမှားသိ အလှည့်ခံထားရရှာသော ကလေးငယ်တို့သည်-
(က) မိမိတို့ ကိုးကွယ်ဝတ်ပြုရာ ဘာသာဓလေ့ကို ပင်တိုင်ထား၍လည်းကောင်း၊
(ခ) မိမိတို့ ဆင်းသက်လာရာ လူမျိုးဓလေ့တို့ကို မူကိုင်ထား၍လည်းကောင်း၊
စိတ်ထင် ထင်သလောက် တီထွင်ဆန်းသစ်တတ်ကြချေ၏။ အ၀တ်အစားအရောင်အသွေး ဆင်ယင် ထုံးဖွဲ့မူပုံစံစသည့် လူမြင်ကွင်းပြသကြရမည့်အရာအားလုံး အမူရာဟန်ပန်များနှင့် တကွ တီထွင်ဆန်းသစ် လာကြတော့၏။ ၎င်းတို့မျက်စိထဲ သမာရိုးကျ မြင်နေကျမှ ခွဲထွက်လာသော အမူရာမှန်သမျှကို တုပ ကြတော့မည်။
၁။ ၎င်းတို့ သုံးသော အ၀တ်အစားများကို ကြည့်ခြင်းဖြင့် အယဉ်အရိုင်း ကွဲနိုင်သည်။
၂။ ၎င်းတို့ နှစ်သက်သော အရောင်အသွေးများကို ကြည့်၍ စိတ် အနုအကြမ်း သိနိုင်သည်။
၃။ ၎င်းတို့ စားသုံးသော အစာများကိုး ကြည့်၍လည်း ကိုယ်အနု၊ အကြမ်း ခန့်မှန်း၍ ရသည်။
၎။ ၎င်းတို့ သုံးနူန်းသော စကား နားထောင်ခြင်းအားဖြင့် ၎င်းတို့စိတ် ဘယ်ဆီနားမည်အထိ သိနိုင်သည်။
ထိုအရွယ်ရိုင်းလေးများ၏ အမူအကျင့်များကို အရွယ်မရောက်သေးသော နောင်လာ အောက်ပေါက် ကလေးများကလည်း အတုမြင် အတတ်သင်ယူကြပေတော့မည်။ သို့ကြောင့် ထိုအရွယ်ရိုင်းလေးများကို ကာလသား၊ ကာလသမီးလေးများ ဆိုရ၏။ ခေတ်တစ်ခေတ်၏ ဖန်ဆင်းရှင်လေးများ ဖြစ်ခြင်းကြောင့် လည်းကောင်း၊ လူငယ်လူကြီးများ အားလုံး ကြေးမုံသဖွယ် အရိပ်ကြည့်ရမည့်အရွယ် ဖြစ်ခြင်းကြောင့် လည်းကောင်း၊ မျိုးဆက်သစ်သွေး၊ မွေးဖွားပေးကြတော့မည့် အချိန်ကျရောက်နေပြီ ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ခေတ်ကာလ သားသမီးများ ဆိုရချေ၏။
ထိုအရွယ်ရိုင်းလေးများကို မသိသောအသိက သာ၍ပင် မျက်စိကျ၏။ အဘယ်ကြောင့်ဆိုသော် သူခြယ် ချယ်သလို လှယ်၍ရတတ်သောကြောင့်တည်း။
ထိုအရွယ်ရိုင်းလေးများ တစ်နေကုန် ထင်တိုင်းအကျဲခံထားရသဖြင့် ကိုယ်နွမ်းစိတ်ပန်း ဖြစ်လာလေသော အခါ တစ်ရေးတစ်မှိတ် မောဟက သိပ်လှဲပေးလိုက်၏။
တစ်ဖက်၏ လက်ရဲဇက်ရဲ၊ ထင်တိုင်းအကျဲခံထားရသူကိုလည်း၊ ကိုယ့်အကြောင်း ကိုယ်မရိပ်မိစေသော အားဖြင့် ညလျှင် တိတ်ဆိတ် တစ်ရေးမှိတ်စေ၏။
သို့မဟုတ် အာရုံစုံ ပုံဖမ်းမရချိန် နားကြပါလေဦး။
တစ်ဖန် နံနက်မိုးသောက် အလင်းရောက်သဖြင့် နိုးထလာရချိန်ဝယ်၊ အိမ်နေသော်လည်း စိတ်အပြင်ပို့ တို့ပြီး၊ ထိပြီးသား လိုက်လံကာ အတွေးဖြင့် ပုံဖမ်းပေးလျက်က ယနေ့တစ်ရက် ဆက်လက်ရမည်ကို စီစဉ်ပေးထားနေနှင့်၏။
ဤသို့ဖြင့် နေ့စဉ်ရက်ဆက် အာရုံတို့ဘက်ချည်း စိတ်ပို့ထားစေပြီ၊ ကစားစားကျက် ကစားကွက် ဖော်အပေးခံကြရသော ထိုကလေးများတို့ခမျာ -
အတွေးမှားသည် တစ်စတစ်စ ကြီးထွားလာကြပြီ။
အတွေးမှားကြား ပြေားမှား ဆိုမှားလေးများလည်း ညှပ်သွင်းထားလိုက်ကြပြီ။
အတွေးမှားကြား လုပ်မှားကိုင်မှားလေးများလည်း သွင်းပေးထားလိုက်ကြပြီ။
ထိုအခါ ခြေချော်ဖြင့် လက်ချော်အချင်းချင်း ကံပေါ်ကြလေပြီတည်း။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။

* ဒုက္ခဖြေနည်း ရှာဖွေကြပါစို့ ….



* ဒုက္ခဖြေနည်း ရှာဖွေကြပါစို့ ….

* အကျွန်ုပ်တို့သည်ကား ပုထုဇဉ်လူသားများဖြစ်ကြ၏။
ပုထုဇဉ်ဟူသည် “ပုထုကိလေသေ ဇနေတီတိ ပုထုဇ္ဇနော”တဲ့။ “ကိလေသာထူပြောသူ”ဟု အဓိပ္ပာယ်ရ တယ်။ ထို့ကြောင့် ဒုက္ခပေါင်းစုံနှင့် ကြုံတွေ့ကြရ၏။ ထိုသို့ဒုက္ခပေါင်းစုံရှိကြသော်လည်း အချုပ်အားဖြင့် သမုတိဒုက္ခ - မျက်မြင်ဆင်းရဲနှင့် ပရမတ္ထဒုက္ခ - မြင်နိုင်ခဲ့သောဆင်းရဟူ၍ နှစ်မျိုးသာရှိ၏။ ထိုသို့သော ဒုက္ခများကို ဘယ်လူသား ဘယ်သတ္တ၀ါမှ မခံစားချင်ကြ။ ထို့ကြောင့် ကြုံလာသမျှကို ဒုက္ခများကို မိမိတို့ ကိုးကွယ်ရာ ယုံကြည်ရာ ဘာသာတရားအလျောက် အတွေ့အကြုံအလျောက် ဖြေရှင်းကြ၏။ ပြေပျောက်သည်လည်းရှိ၏။ မပြေပျောက်သည်က များ၏။

* အဘယ်ကြောင့်နည်း …..
ဖြေရှင်းနည်း မမှန်သောကြောင့် ဖြစ်၏။ နည်းစနစ်မှန်လျှင် အဘယ်မှာ မပြေပျောက်ဘဲရှိအံ့နည်း။ သို့ဆိုသော် စစ်မှန်သောနည်းစနစ်ကို အဘယ်မှာ ရှာရမည်နည်း။ မိမိတို့ ကိုးကွယ်ရာ ဘာသာ တရားနှင့် ထိုထိုသော ပညာရှိများထံမှ ဖြစ်၏။ ဘာသာတရားနှင့် ပညာရှင်များသည် အသိပညာကို မွေးဖွားပေး၏။ ထိုအသိပညာသည် သမုတိဒုက္ခ - မျက်မြင်ဆင်းရဲကိုလည်း ဖြေရှင်းပေး၏။ ပရမတ္ထဒုက္ခ - မြင်နိုင်ခဲသော ရုပ်နာမ်ဆင်းရဲကိုလည်း ဖြေရှင်းပေး၏။

* ဥပမာ - ပစ္စည်းဥစ္စာ အသုံးအဆောင်ဆင်းရဲမှုကို -
၁။ ဥဋ္ဌာနသမ္ပဒါ - တရားနှင့်ယှဉ်သော ကြိုးစားရှာဖွေမှု၊
၂။ အာရက္ခသမ္ပဒါ - ရှာဖွေရရှိထားသည့် ချွေးနည်းစာများကို မပျောက်ပျက်အောင် ထိမ်းသိမ်းနိုင်မှု၊
၃။ သမဇီဝိတာ - ၀င်ငွေထွက်ငွေ မျှတအောင် သုံးစွဲတတ်မှု၊
၎။ ကလျာဏမိတ္တတာ - မိတ်ကောင်းဆွေကောင်းရှိမှု - ဟူသော အင်္ဂါလေးချက်နှင့် ဖြေရှင်းပေးနိုင်၏။
မြင်နိုင်ခဲသော ရုပ်နာမ်ဆင်းရဲကို အာနာပါနဿတိဘာဝနာကို အခြေခံ၍ ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို မြင်သော ၀ိပဿနာဘာဝနာနည်းဖြင့် ဖြေရှင်းနိုင်၏။

* ထို့ကြောင့် အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ ကြုံတွေ့နေရသောဒုက္ခများကို ဖြေရှင်းပေးနိုင်သော အသိပညာ (နည်းစနစ်) ကို မဖြစ်မနေ ရှာဖွေကြရမည်ဖြစ်၏။ ထိုအသိပညာ နည်းစနစ်သည် မိမိတို့ ကိုးကွယ်ရာ ဘာသာတရားနှင့် ပညာရှိများထံမှ ရရှိနိုင်မည်ဖြစ်၏။ သို့ဖြစ်၍ ဒုက္ခဖြေရှင်းနည်း အသိပညာနှင့် နည်းစနစ်များကို မိမိတို့ ကိုးကွယ်ရာ ဘာသာတရားနှင့် ပညာရှိများထံမှ ဘာသာဝင်ကောင်းတစ်ယောက် ပီသစွာဖြင့် ကြိုးစားရှာဖွေကြပါစို့ဟု တိုက်တွန်းရင်း -

* ဘာသာတရားကို လေးစားမြတ်နိုးစွာဖြင့် ….
ရေနံ့သာ-မောင်သီ
သုခီ အတ္တာနံ ပရိဟရန္တု